Ch 20
Viewers 1k

အပိုင်း(၂၀) ကောလိပ်ဝင်ခွင့်စာမေးပွဲလား

အိုက်ယား။

အားလုံးက အူကြောင်ကြောင် အလန့်တကြားဖြင့် အချင်းချင်း ကြည့်လိုက်ကြပြီး မျက်ခုံးများကို မတွန့်ဘဲ မနေနိုင်အောင် ဖြစ်သွားကြတော့သည်။

စုန့်ဝေဖျင်ရဲ့ မျက်နှာ ပြောင်းလဲသွားတဲ့ပုံကို ကြည့်ပါအုံး။

လူတစ်ယောက်က အရဲကိုးကာ ပြောလိုက်လေသည်။

“ရှောင်ကျောင်း ဒီဝေဖျင်က ငါတို့နဲ့ နင်နဲ့ကြားမှာ မျက်နှာနှစ်ခု ရှိတယ်ဟ၊ အပြောင်းအလဲကလည်း မြန်လိုက်တာ”

မျက်နှာသေနှင့် ရွှီရှောင်ကျောင်းက ဂရုမစိုက်ချေ။ သို့တိုင် စုန့်ဝေဖျင်က စကားတစ်ခွန်းတည်းနှင့် အခြေအနေကို ငြိမ်သက်သွားအောင် လုပ်နိုင်လေရာ သူမကို လုံခြုံသည့် ခံစားချက်တစ်ခု ပေးနေလေသည်။

သူမက ပြန်ဖြေလိုက်သည်နှင့် ငြိမ်သက်နေသည့်မြင်ကွင်းက တစ်ဖန်လှုပ်ရှားလာတော့မည်ကို သိနေလေသည်။ ထို့ကြောင့် သူမက ရယ်ချင်စိတ်ကို ထိန်းထားလိုက်ပြီး ခပ်တိုးတိုး ချောင်းဟန့်လိုက်ကာ

“ကောင်းပါပြီ၊ ဌာနခွဲစာရေးလည်း ရောက်နေပြီ၊ ပို့ချချက် စတင်ပါတော့မယ်၊ ဒီစိုက်ပျိုးရေးနည်းပညာလက်စွဲကို ကျွန်မတို့ တန်းခွဲ၅ခု ခွဲရလိမ့်မယ်၊ နောက်ဆုံးအတန်းကျရင် ကျွန်မက အားလုံးကို ရွာထဲက လယ်တချို့ဆီ ခေါ်သွားပြီး နေရာမှာပဲ ရှင်းပြပေးမယ်၊ အားလုံးက ဂရုတစိုက် နားထောင်ပြီး ဒီအသိပညာကို သေသေချာချာ လေ့လာဖို့ မျှော်လင့်ပါတယ်၊ ဒါမှ အားလုံးမှာ ပေါများကြွယ်ဝတဲ့ နှစ်တစ်ခု ပိုင်ဆိုင်နိုင်မှာပါ၊ အဲဒါတင်မကသေးပါဘူး၊ ရှင်တို့တွေကလည်း ဒီအသိပညာကို ရှင်တို့ရဲ့ ကိုယ်ပိုင်မြေမှာ ပြန်အသုံးချလို့ရပါတယ်၊ ထွက်ကုန်တက်လာဖို့က ပြဿနာတစ်ခု မဟုတ်တော့ပါဘူး”

သည်အဖွင့်စကားက အားလုံး၏စိတ်အာရုံကို ဖမ်းစားထားလေသည်။ အစကတော့ အားလုံးက သူတို့က နားမလည်တာဖြစ်ဖြစ် တခြားသူများက နားလည်တာဖြစ်ဖြစ် အတူတူပင် ဖြစ်လိမ့်မည်ဟု တွေးထားကြလေသည်။ နောက်ဆုံး သူတို့အားလုံးက အတူတူ အလုပ်သွားနေကြရတာပဲလေ။ ဟုတ်သားပဲ။ ကိုယ်ပိုင်မြေ ရှိသေးတယ်။ မြေကွက်လေး တစ်ကွက် နှစ်ကွက်ဆိုပေမဲ့လည်း သူတို့တွေက အဲဒီမြေပေါ်မှာ မြေပဲစိုက်လို့ရတယ်လေ။ သူတို့တွေ ပိုသီးအောင် လုပ်နိုင်ရင် ဒါက တကယ့်ကို ကိုယ်ပိုင်ဝင်ငွေပဲပေါ့။

“ရဲဘော်ရှောင်ကျောင်း စိတ်မပူပါနဲ့၊ ငါတို့တွေ သေချာပေါက် ဂရုစိုက်ပြီးနားထောင်ပါ့မယ်”

“ဟုတ်တယ် ဟုတ်တယ် ဟုတ်တယ်၊ ရဲဘော်ရှောင်ကျောင်း၊ စလိုက်ကြရအောင်ပါ”

ကျောက်ယန်ယန်က သူမ၏အင်္ကျီထောင့်စွန်းကို ဆွဲဖျစ်နေပြီး စင်ပေါ်က ရွှီရှောင်ကျောင်းကို ကြည့်လိုက်လေသည်။ ခုနက ရွှီရှောင်ကျောင်းအပေါ်ထားးသည့် စုန့်ဝေဖျင်၏ စဥ်းပေးတတ်မှုကို စဥ်းစားမိလိုက်ပြီး သူမသည် ဘေးတွင်ထိုင်နေသည့် ဟန်ကွမ်းဟွေကို ခါးသီးသည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။

မျှော်လင့်မထားဘဲ ဟန်ကွမ်းဟွေက ရွှီရှောင်ကျောင်းကို အရူးအမူးကြည့်နေတော့သည်။

“နင်က ဘာကြည့်နေတာလဲ၊ စုန့်ဝေဖျင်က နင့်ကို သေတော့မတတ် ထိုးနှက်ခဲ့တာကို မေ့သွားပြီလား”

သူတို့သည် လက်ထပ်ပြီးသည်မှာ တစ်နှစ်နီးပါး ရှိပြီဖြစ်သည်။ ကျောက်ယန်ယန်က အစတုန်းကလို အချစ်တွင် ရူးမနေတော့ချေ။ ဟန်ကွမ်းဟွေကို ထိုသို့ တွေ့လိုက်ရသဖြင့် သူမက သူ့ကို ခပ်ကြမ်းကြမ်း ရိုက်လိုက်တော့သည်။

ဟန်ကွမ်းဟွေက မျက်မှောင်ကြုပ်လိုက်ပြီး

“လူတွေအများကြီး ရှိတယ်လေ၊ မင်း ဘာလုပ်နေတာလဲ၊ ယန်ယန် ငါ ပို့ချချက်ကို နားထောင်နေတာ မင်း မတွေ့ဘူးလား”

‘မင်းဟာလေ ဘာလို့များ အဲလောက်တောင်မသိတတ်တာလဲ’ ဟူသည့် ဟန်ကွမ်းဟွေ၏ အမူအရာကြောင့် ကျောက်ယန်ယန်သည် ပိုပြီး မွှန်ထူသွားတော့သည်။

“အင်းပါ အင်းပါ ရွှီရှောင်ကျောင်းက ဘယ်လိုသင်တန်းမျိုး ပေးနိုင်မလဲဆိုတာ ကြည့်ပါအုံးမယ်၊ ရေပုံးတစ်ပုံးတောင် မမ,နိုင်၊ မြေတောင်မတူနိုင်တဲ့လူတစ်ယောက်က စိုက်ပျိုးရေးနည်းပညာအကြောင်း ဘာနားလည်မှာလဲ”

ရွှီရှောင်ကျောင်းသည် လုပ်နိုင်စွမ်းရှိကြောင်း အချက်အလက်များက သက်သေပြလိုက်တော့သည်။ တော်တော်လေး လုပ်နိုင်စွမ်း ရှိပေသည်။

စုန့်ဝေဖျင်၏ နောက်ပိုင်း စကားများထဲတွင် “အဲဒီနေ့က မင်း စတိတ်စင်ပေါ်မှာ ရပ်နေတာ တောက်လျှောက် တောက်ပနေတာပဲ၊ အောက်က လူတွေအများကြီးကလည်း အာရုံစိုက်ပြီး နားထောင်နေကြတာ၊ ငါ့မိန်းမက အရမ်း အံ့ဩစရာကောင်းတာပဲလို့တောင် စဥ်းစားနေတာ”ဟူ၍။

အောက်တွင် ထိုင်နေကြသည့် လူထုအဖွဲ့အဝင်များက အမှန်ပင် အလွန်အလေးအနက်ထားကာ နားထောင်ခဲ့ကြလေသည်။ တစ်သက်လုံး အပင်စိုက်စားလာခဲ့ကြသည့် သူတို့သည် တစ်ခါမှ လယ်မစိုက်ဖူးသည့် ရွှီရှောင်ကျောင်းထက်ပင် အသိနည်းနေလေသည်။ ထိုထက်ဆိုးသည်က သူမ ပြောလိုက်သည့် စကားများက ရှင်းလင်းပြီး လက်တွေ့ကျလွန်းသည်။ ကိုယ်ပိုင်အတွေ့အကြုံကို အခြေခံပြီး သေချာစဥ်းစားနိုင်သရွေ့ ဒါက အမှန်ပင် ပြဿနာဖြစ်နေကြောင်း သတိထားမိကြလိမ့်မည်။ သူတို့သည် အရင်က ထိုအကြောင်းကို မတွေ့ခဲ့သလို အသုံးမချခဲ့ကြသည့် တစ်ချက်ပင်။

ရွာဌာနခွဲစာရေးသည် သူ့စိတ်လှုပ်ရှားမှုကို ဖော်ပြလုနီးနီးဖြစ်နေသာ်လည်း လက်နှင့်ခြေများကတော့ လှုပ်လှုပ်ရှားရှားဖြစ်နေသည်။ သူသည် ခေါင်းတွင်တွင်ညိတ်ရင်း ဆက်တိုက် ထောက်ခံနေလေသည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ ရဲဘော်ရှောင်ကျောင်းပြောသွားတာ အရမ်းရှင်းလင်းတယ်၊ အားလုံးက နားလည်ကြမှာပါ အရေးအကြီးဆုံးက ဒီအသိပညာက အသုံးဝင်နေဖို့ပဲ၊ ဒီနေ့ ပြောသွားတဲ့ သီးနှံအလှည့်ကျစိုက်တာရယ် သီးညှပ်စိုက်ပျိုးတာရယ်နဲ့ပတ်သက်တဲ့ အသိပညာကိုတော့ ငါတို့ ထွက်ကုန်ခေါင်းဆောင်တွေ လာမဲ့နှစ်ရက်အတွင်း အစည်းအဝေးတစ်ခု မြန်မြန်လုပ်ပြီး အသိပညာကို အသုံးချရမယ်လို့ ထင်တယ်၊ ရဲဘော်ရှောင်ကျောင်း နင်က ငါတို့တွေကို ဆက်ပြီး လမ်းညွှန်ပေးရမယ်နော်”

ရွှီရှောင်ကျောင်းသည် ဆရာတစ်ယောက် လုပ်ရသည်က တော်တော်လေး ပျော်စရာကောင်းမှန်း သိလိုက်လေသည်။ သူမက ပြုံးကာ ခေါင်းညိတ်ပြလိုက်ပြီး

“ဟုတ်ကဲ့၊ ကျွန်မအနေနဲ့ ကျွန်မတို့ အပေါင်းအပါတွေကို တာဝန်ယူပေးရတာ အရမ်းဝမ်းသာရပါတယ်”

ရွာဌာနခွဲစာရေးကြီးက ပိုပြီးဝမ်းသာသွားကာ

“ဉာဏ်ပွင့်သွားလိုက်တာ ကြည့်စမ်းပါအုံး၊ ကောင်းပြီ၊ ဒီနေ့ လူထုအဖွဲ့ဝင်နဲ့ ရဲဘော်တွေအများကြီး မတက်ရောက်တာ တွေ့ရတယ်၊ နောက်သင်တန်းအချိန်ကျရင် အားလုံးက အချင်းချင်း ခေါ်ပေးကြပါ၊ ဘာမှလုပ်စရာ မရှိရင် လာခဲ့ကြပါ၊ အသိပညာကို လေ့လာပြီးသွားတာနဲ့ ဒါက မင်းတို့အတွက်ပဲ၊ မင်းတို့တွေ မနစ်နာပါဘူး”

ရွှီရှောင်ကျောင်းအတွက် စုန့်ဝေဖျင် စုစည်းပေးထားသည့် အသေးစိတ်စိုက်ပျိုးရေးစာအုပ်ကို စဥ်းစားလိုက်ပြီး ရွာဌာနခွဲစာရေးက သည်နေ့သည် ပိုပြီး လှပနေသည်ဟု ခံစားလိုက်ရတော့သည်။ အထက်ခေါင်းဆောင်တွေက ပြောထားတယ်လေ။ သူတို့တွေက ရွာထဲမှာ နည်းပညာကို ဖြန့်ဝေပေးရုံတင် မကဘူး ရွာတိုင်းက ပါတီစာရေးတွေကလည်း စုဝေးပြီး သူတို့ကိုယ်ပိုင် လေ့လာချက်တွေကို ဖြန့်ဝေပေးဖို့ လိုအပ်တယ်တဲ့။ ရလဒ်အနေနဲ့ အခြေခံအဖြစ် အဲဒီစာအုပ်သာရှိရင် ဘာပဲဖြစ်ဖြစ် သူကတော့ ခေါင်းဆောင်ရှေ့မှာ မျက်နှာရမှာ ယုံကြည်တယ်။

ထိုသို့စဥ်းစားလိုက်ပြီး ဌာနခွဲစာရေးက အားအင်အပြည့်ဖြစ်သွားကာ

“လာကြ၊ ရဲဘော်ရွှီရှောင်ကျောင်းကို လက်ခုပ်တီးပြီး အားပေးကြစို့၊ နင် အရမ်းကြိုးစားပေးခဲ့တာပဲ၊ ဒါက ငါတို့တပ်ဖွဲ့တစ်ခုလုံးရဲ့ ကြီးမားတဲ့လုပ်ဆောင်ချက်တစ်ခုပဲ”

မိုးခြိမ်းသံလို ကျယ်လောင်သည့် လက်ခုပ်သံကြားတွင် ကျောက်ယန်ယန်က စားပွဲကို ရိုက်လိုက်ပြီး

“ဘာကြီးမားတဲ့ လုပ်ဆောင်ချက်လဲ၊ ဒါက လယ်စိုက်ရုံလေးပဲမလား၊ ဘယ်လောက်ပဲ ကောင်းကောင်း လေ့လာနေပါစေ ရွှံ့ခြေထောက် ဖြစ်နေအုံးမှာပဲ”

သူမ၏အသံက မတိုးချေ။ လက်ခုပ်သံရပ်သွားသည်နှင့်တစ်ပြိုင်နက် သူမသည် နောက်ဆုံးတစ်ခွန်းကို ပြောလိုက်ခြင်းပင်။

“အိုက်ယား ယန်ယန် နင်က ပညာတတ်လူငယ်တစ်ယောက်ဖြစ်သွားပြီဆိုတော့ အခု ငါတို့ လယ်သမားတောသားတွေကို အထင်သေးသွားပြီပေါ့လေ၊ နင် ပညာတတ်လူငယ် ဖြစ်လာတော့ရော လယ်ထဲမဆင်းရလို့လား”

“ဟုတ်ပါ့ ယန်ယန်ရယ်၊ ငါ ပြောချင်လို့ ပြောတာမဟုတ်ပါဘူး၊ မယုံမရှိနဲ့၊ ရှောင်ကျောင်းက နင့်ထက် ပိုတော်တယ်နော်၊ သူ့မှာ အရည်အချင်းရှိပြီး အားလုံးကို သင်ပေးနိုင်တယ်”

“သင်တန်းလုပ်ဖို့ နေနေသာသာ ဟန်ကွမ်းဟွေတောင် ဒါကို မဖြေရှင်းနိုင်တာ သူ့အကြောင်းတော့ ပြောမနေပါနဲ့၊ ကျောင်းတက်ခဲ့တာကိုပဲ ကြည့်မယ်ဆိုရင်တောင် သူ သင်ခဲ့ဖူးတာတွေကိုပဲ သိမှာပေါ့”

ကျောက်ယန်ယန် ရုတ်တရက် ထရပ်လိုက်ပြီး

“ရှင်တို့တွေ၊ ရှင်တို့တွေ အနိုင်ကျင့်နေကြတာ”

“တော်တော့”

ဟန်ကွမ်းဟွေသည် စားပွဲကို ရိုက်လိုက်ပြီး ကျောက်ယန်ယန်ကို ဒေါသကြီး ခပ်စိမ်းစိမ်းကြည့်လိုက်ကာ

“စကားလျှော့ပြော၊ မင်းကိုလည်းကြည့်အုံး၊ မင်းပုံက မိန်းမကြမ်းနဲ့ တူနေပြီ”

“ဘာရယ်၊ ဟန်ကွမ်းဟွေ၊ ရှင် လူမဟုတ်တော့ဘူး၊ နင်က ငါ့ကို မိန်းမကြမ်း လို့ခေါ်တယ်ဟုတ်လား၊ နင်ကရော ကောင်းနေလို့လား”

ရွှီရှောင်ကျောင်းသည် စင်ပေါ်မှနေ၍ ကျောက်ယန်ယန်နှင့် ဟန်ကွမ်းဟွေတို့၏ ရှိုးပွဲကြီးကို ကြည့်နေလေသည်။ ထို့နောက်တွင် သူမရှေ့သို့ ဆန့်ထုတ်လာသည့် လက်တစ်ဖက်ကို မြင်လိုက်ရပြီး လက်ထဲတွင် ကွာစေ့လက်တစ်ဆုပ်ကို ကိုင်ထားသည်။

“ဝါး စုန့်ဝေဖျင် နင် ငါ့ကို နားအလည်ဆုံးပဲ”

သူမ၏အသံက တိုးညင်းသော်လည်း ပျော်ရွှင်နေ၏။ သူမ၏မျက်နှာပေါ်တွင် ကျေနပ်နေသည့် ရုပ်တစ်ခုနှင့် သူမသည် ကွာစေ့ကို ကျွမ်းကျွမ်းကျင်ကျင် ခွာလိုက်လေသည်။ သူမ၏ပါးစပ်ထဲတွင် ဘာစားစရာမှ မရှိခဲ့လျှင် တစ်ခုခုလိုနေမည်ဟု ခံစားနေရအုံးမည်။

အားလုံးက ကျောက်ယန်ယန်ကို တစ်ယောက်ပြီး တစ်ယောက် ဝေဖန်နေသည်ကို ကြားလိုက်ရသဖြင့် ရွှီရှောင်ကျောင်းက ခေါင်းညိတ်လိုက်ပြီး စုန့်ဝေဖျင်ကို လေသံဖြင့် ပြောလိုက်တော့သည်။

“အေးလေနော်၊ သူကဖြင့် လယ်သူမ ဖြစ်ခဲ့တာကို အခုချိန်ထိ လယ်သမားတွေကို အထင်နေသေးတုန်းပဲ၊ ငါ တကယ် နားမလည်တော့ဘူး၊ လယ်စိုက်တာ ဘာဖြစ်လို့လဲ”

“မင်းကရော” စုန့်ဝေဖျင်က သူမကို မေးလိုက်၏။

ရွှီရှောင်ကျောင်းသည် သူမ၏သစ္စာရှိမှုကို ထုတ်ပြရမည့်အချိန် ရောက်လာပြန်သည်ကို သိလိုက်လေသည်။ သူမက ခိုင်မာသည့်အကြည့်တစ်ခုကို ချက်ချင်း ဆောင်ထားလိုက်ပြီး

“ဒါပေါ့ ငါ လယ်စိုက်တာကို ကြိုက်ပါတယ်၊ ငါ နည်းနည်းပျင်းပြီး မလှုပ်ရှားချင်ဘူးဆိုပေမဲ့ ငါ နင်နဲ့အတူတူ လယ်စိုက်ပြီး နင့်နောက်လိုက်ဖို့ ဆန္ဒရှိပါတယ်နော်၊ ရိုးရှင်းတဲ့အစားအသောက်ပဲဖြစ်ဖြစ် ရှားပါးဟင်းလျာပဲဖြစ်ဖြစ် ငါကတော့ ပျော်တယ်၊ ဘာပဲဖြစ်ဖြစ်လေ နင်က ငါ့ကို ကျွေးမွေးမှာပဲကို ဟုတ်တယ်မလား”

စုန့်ဝေဖျင်က သူမကို ပျားရည် လှမ်းပေးလိုက်ပြီး တစ်ငုံလောက်သောက်ဖို့ လက်ဟန်ပြလိုက်လေသည်။ သူက ခေါင်းညိတ်ပြလိုက်ပြီး

“အင်း”

ရွှီရှောင်ကျောင်းက သွားများပေါ်သည်အထိ ပြုံးပြကာ သူ့ကို စိတ်ထဲက ပြန်ပြောလိုက်လေသည်. - စုန့်ဝေဖျင်ရယ် စိတ်မပူပါနဲ့၊ နောက်ပိုင်းနှစ်တွေကစပြီး နင်က အခုလက်ရှိရဲ့နင် မဟုတ်တော့ဘူး။ ရှားပါးဟင်းလျာတွေကလည်း အိပ်မက်တစ်ခုမဟုတ်တော့ဘူး။ ငါ့တစ်ယောက်ထဲကိုသာ ကျွေးမွေးစောင့်ရှောက်ထားလိုက် ငါလိုလူ ဆယ်ယောက်က လုံလောက်တာထက်တောင် ပိုသေးတယ်။

သူမသည် တဖန် စာလေ့လာခြင်းနှင့် ပတ်သက်ပြီး စတင်ငြင်းခုန်နေကြသည့် အောက်လူအားလုံးကို နားထောင်နေလိုက်လေသည်။

တစ်ယောက်က စိုက်ပျိုးရေးနည်းပညာကို လေ့လာခြင်းက အသုံးမဝင်ကြောင်း ပြောသည်။ သူတို့သည် ရွှံ့ခြေထောက်ဖြစ်နေအုံးမည်ပင်။

နောက်တစ်ယောက် ဒါသည် အသိပညာဖြစ်နေ၍ အသုံးဝင်သည်ဟု ဆိုသည်။ အသိပညာ မြင့်မားခြင်းနှင့် နိမ့်ကျခြင်းတွင် ဘာကွာခြားချက်မှာမရှိချေ။ သင်ယူလေ့လာခြင်းက အသုံးဝင်လေသည်။

ရွှီရှောင်ကျောင်း၏အတွေးများက စတင် လွင့်ပျံလာတော့သည်။ စာလေ့လာတာက ဘာလို့ လုံးဝအသုံးမဝင် ဖြစ်ခဲ့တာလဲ။ ဒီနှစ်မှာ အသိပညာကြောင့် လူဘယ်နှစ်ယောက်လောက်တောင်မှာ သူတို့ရဲ့ ပန်းတိုင်တွေ ပြောင်းလဲသွားခဲ့သလဲ။ ဒီနှစ် ကျောင်းသားဘယ်နှစ်ယောက်လောက် ကျောင်းနားလိုက်ရသလဲ။

သေချာပါသည်။ နွေရာသီအပူဒဏ် လျော့သွားပြီး ဆောင်းဦးစတင် အားကောင်းချိန်တွင်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ခေါ်မည့်သတင်းက ရေဒီယို၊ သတင်းစာနှင့် ပါးစပ်သတင်းများတွင် တဖြည်းဖြည်း ပျံ့နှံ့လာခဲ့သည်။

များပြားလှသည့် ပညာတတ်လူငယ်များက စိတ်လှုပ်ရှားသွားကြတော့သည်။ မိန်လင်ရွာက ပညာတတ်လူငယ်များကလည်း ဝမ်းသာကြလေသည်။

“ရှောင်ကျောင်း ရှောင်ကျောင်း၊  အိမ်မှာရှိလား”

ရွှီရှောင်ကျောင်းသည် အိမ်တွင် ပစ္စည်းများ သိမ်းဆည်းနေစက် ကျိုးဖင့်ရှန်း၏ခေါ်သံကို ကြားလိုက်ရလေသည်။

အသံထဲတွင် ရှားရှားပါးပါး စိတ်လှုပ်ရှားမှုများ ပါဝင်နေသည်။

သူမက ပြန်ဖြေလိုက်ပြီး ကျိုးဖင့်ရှန်းက အိမ်ထဲသို့  အလောတကြီး ပြေးဝင်လာသည်ကို တွေ့လိုက်ရတော့သည်။

“ရှောင်ကျောင်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြန်ဖွင့်ပြီတဲ့၊ ငါတို့တွေ ကောလိပ်ဝင်ခွင့်ရသရွေ့ နောက်ကျရင် မြို့ကို ပြန်ရတော့မယ်”

သည်လိုနေ့မျိုး ရောက်လာလိမ့်မည်ကို သိထားပြီးသားပင်။ သို့တိုင် ကျိုးဖင့်ရှန်း၏ စိတ်လှုပ်ရှားသည့် မျက်ကို ကြည့်လိုက်မိချိန်တွင် မရေမတွက်နိုင်သည့်လူများက မည်သို့အောင်ပွဲခံခဲ့ကြသည်ကို ပြန်သတိရသွားတော့သည်။ ရွှီရှောင်ကျောင်းသည် မူဝါဒတစ်ခုက မရေမတွက်နိုင်သည့်လူများ၏ ကံတရားကို အမှန်ပင် ပြောင်းလဲနိုင်ပုံကို ပြန်ပြောင်းတွေးလိုက်မိတော့သည်။

“ဖင့်ရှန်း နင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေသင့်တယ်”

ရွှီရှောင်ကျောင်းက သူမကို ဝမ်းသာအားရပြောပြလိုက်၏။

“နင် ကောလိပ်ဝင်ခွင့် စာမေးပွဲကို သေချာပေါက်အောင်မှာ”

ကျိုးဖင့်ရှန်းက ထိုစကားကို မပြန်ဖြေဘဲ သူမကို မေးလိုက်လေသည်။

“စုန့်ဝေဖျင် အိမ်မှာရှိလား”

ရွှီရှောင်ကျောင်းက ခေါင်းညိတ်ရင်း

“ဒီမှာမရှိဘူး၊ သူ သယ်ယူပို့ဆောင်ရေးအဖွဲ့နဲ့ ခရီးထွက်သွားတယ်၊ နှစ်ရက်လောက်နေရင် ပြန်လာမယ်၊ ဘာကိစ္စရှိလို့လဲ၊ ငါတို့တွေ ကောလိပ်ဝင်ခွင့်စာမေးပွဲအကြောင်း ပြောနေတာမဟုတ်ဘူးလား”

ကျိုးဖင့်ရှန်းက သူမ၏လက်ကို ကိုင်လိုက်ပြီး

“ဟုတ်တယ်၊ ကောလိပ်ဝင်ခွင့်စာမေးပွဲ၊ ရှောင်ကျောင်း ငါ ကောလိပ်ဝင်ခွင့်စာမေးပွဲကို သေချာပေါက် ဝင်ဖြေမှာ၊ ပြီးခဲ့တဲ့နှစ်ကတည်းက နင် ငါ့ကို အများကြီး စာကူကြည့်ပေးခဲ့တယ်၊ ငါ ဒါကို သေချာပေါက် စမ်းကြည့်ရလိမ့်မယ်၊ ငါ ဒီနေ့ လာတာက နင့်ကို မေးမလို့၊ နင်ကရော”

“ငါလား” ရွှီရှောင်ကျောင်းက သူမကိုယ်သူမ လက်ညှိုးပြန်ထိုးပြလိုက်လေသည်။

ကျိုးဖင့်ရှန်းက ခေါင်းညိတ်လိုက်ပြီး

“အင်း နင်လေ”

စုန့်ဝေဖျင် အိမ်မှာ မရှိသည်နှင့် အတော်ဖြစ်သွားသည်။ စုန့်ဝေဖျင်က သူမ ထိုအကြောင်း ပြောမည်ကို တားလိုက်မှာ စိုးရိမ်ခဲ့ခြင်းပင်။ ထို့ကြောင့် သူမက ရွှီရှောင်ကျောင်း လှမ်းဆွဲလိုက်ပြီး ထိုင်ခိုင်းလိုက်ကာ သူမကို နားချတော့သည်။

သည်အချိန်တွင် မြို့ပေါ်၌ လီစန်းထျယ်သည် စုန့်ဝေဖျင်လက်ထဲက စက္ကူအိတ်ကို ကြည့်ပြီး သက်ပြင်းချလိုက်ကာ

“ကောင်လေး၊ မင်း ရူးမိုက်နေတာ မဟုတ်ဘူးလား၊ လူတွေက သူတို့တွေကို တားချင်နေကြတာလေ၊ မင်းကတော့၊ မင်းကတော့ သူ့အတွက် စာအုပ်တွေတောင် ဝယ်ပေးလိုက်သေးတယ်၊ မင်း မစိုးရိမ်ဘူးလား”

သူတို့သည် ခရီးတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲ ဆက်လုပ်မည့်သတင်းကို ကြားလိုက်ကတည်း ကိစ္စအများကြီးကို မျက်မြင်တွေ့ခဲ့ရသည်။ ဒေသတွင်းက လူထုအဖွဲ့အဝင်များနှင့် လက်ထပ်တော့မည့် တချို့ပညာတတ်လူငယ်များက ထိုသတင်းကို ကြားလိုက်သည်နှင့် သူတို့၏စေ့စပ်ပွဲကို ချက်ချင်း ရွှေ့ဆိုင်းလိုက်ကြသည်။ လက်ထပ်ပြီးသားနှင့် ကလေးများရှိကြသည့် တချို့ပညာတတ်လူငယ်များသည် ထိုသတင်းကို ကြားပြီးနောက်တွင် မိသားစုများ၏ ပိတ်လှောင်ခြင်းကို ခံထားရသည်။

စိုးရိမ်မှုမရှိဘဲ သူ၏ပညာတတ်လူငယ်ဇနီးအတွက် ကောလိပ်ဝင်ခွင့်စာမေးပွဲ စာအုပ်များကိုပင် မိုက်မိုက်ကန်းကန်း ဝယ်ပေးခဲ့သည့် စုန့်ဝေဖျင်လို လူကိုတော့ လီစန်းထျယ်သည် ပထမဆုံး တွေ့ခဲ့ဖူးခြင်းပင်။

စုန့်ဝေဖျင်က စကားမပြောသည်ကို တွေ့လိုက်ရသဖြင့် လီစန်းထျယ်သည် ချက်ချင်း သက်ပြင်းချလိုက်ပြီး အားတက်သရော တိုက်တွန်းတော့သည်။

“မိုက်လိုက်တဲ့ကောင်လေး စဥ်းစားကြည့်စမ်း၊ မင်းမိန်းမသာ ကောလိပ်ဝင်ခွင့်ရသွားခဲ့ရင် ကောလိပ်မှာ ကောလိပ်ကျောင်းသားတွေ အများကြီးပဲ၊ မင်းက ဘေးမှာမရှိတော့ သူက သူ့စိတ်ကို မပြောင်းနိုင်ဘူးလား၊ ပြီးတော့ သူ ကောလိပ်ကျောင်းပြီးသွားရင် မြို့မှာ အလုပ်တစ်ခု ရလာလိမ့်မယ်၊ မင်းကတော့ လယ်သမားတစ်ယောက် ဖြစ်နေတုန်းပဲ၊ သူက မင်းကို သဘောကျနိုင်ပါအုံးမလား”

စုန့်ဝေဖျင်က အဝတ်အိတ်ထဲက မာကြောသည့် ဖတ်စာအုပ်အဖုံးကို ဖိထားလိုက်ပြီး သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ကာ

“တတိယအစ်ကိုလီ သူ စာမေးပွဲဖြေချင်တယ်ဆိုရင် ကျွန်တော်ကတော့ သူ့ကို တားမှာမဟုတ်ဘူး”

ထိုသို့ပြောလိုက်ပြီးနောက် သူသည် အိမ်သို့ အမြန်လျှောက်ကာ ပြန်လာစဥ် လီစန်းထျယ်ကတော့ သက်ပြင်းချနေလေသည်။

ရွာလေးသည် ခါတိုင်းလိုပင် တိတ်ဆိတ်နေဆဲ။ စုန့်ဝေဖျင်သည် လမ်းမကြီးအတိုင်း လျှောက်လာခဲ့သည်။ ဖြတ်သွားကြသည့် ရွာသွားများနှင့် ခိုးကြောင်ခိုးဝှက်အကြည့်နှင့် အားလုံးကို ရေရွတ်သံများကို သူသည် လုံးဝ ဂရုမစိုက်ချေ....

သူမ ပြောတဲ့အတိုင်းဆိုရင် ဒီလက်ထပ်ထားတာက အတုအယောင်တစ်ခုပဲလေ။ သူ့မှာ သူမကို တားမြစ်ဖို့ ဘာအကြောင်းပြချက်မှ မရှိဘူး။

ရွှီရှောင်ကျောင်းသည် ကျိုးဖင့်ရှန်းကို လိုက်ပို့ပေးလိုက်ပြီးနောက် ခြံတံခါးဖွင့်သံကို ကြားလိုက်ရလေသည်။

“အိုး ၊ နင် ပြန်လာပြီပဲ၊ နင် နောက်နှစ်ရက်လောက်နေမှ ပြန်လာမယ်လို့ ငါက ထင်ထားတာ”

စုန့်ဝေဖျင် ဝင်လာချိန်တွင် အိမ်နှင့် သိပ်ဝေးဝေးမရောက်သေးသည့် ကျိုးဖင့်ရှန်းကို တွေ့ခဲ့လေသည်။ သူသည် ထိုအကြောင်းကို စဥ်းစားလိုက်သည်နှင့် ကျိုးဖင့်ရှန်းက သူမနှင့် ကောလိပ်ဝင်ခွင့်စာမေးပွဲကိစ္စ လာတိုင်ပင်မှန်း သိလိုက်လေသည်။

“မင်း ကျိုးဖင့်ရှန်းနဲ့ သေသေချာချာ စကားပြောပြီးပြီလား” သူက မေးလိုက်လေသည်။

ရွှီရှောင်ကျောင်းက လက်ဆွဲအိတ်ကို ဇစ်ဖွင့်လိုက်ပြီး ခေါင်းညိတ်လိုက်ကာ

“ပြီးပြီ”

စုန့်ဝေဖျင်က စကားမပြောတော့ဘဲ ကိုယ်ကိုညွတ်လိုက်ကာ ခြင်းထဲတွင် ထုပ်ပိုးထားသည့် စာအုပ်ကို ထုတ်လိုက်လေသည်။ သူက စာအုပ်ကို သူမဆီ လှမ်းပေးလိုက်ပြီး

“ငါ ဒါကို လမ်းမှာဝယ်လာခဲ့တာ၊ တစ်ချက်လောက် ကြည့်လိုက်၊ အသုံးဝင်မှာပါ”

ရွှီရှောင်ကျောင်းက အလွန်ပျော်သွားပြီး

“စုန့်ဝေဖျင် နင် ထပ်ပြီး ရလာပြန်တာလား”

မူဝါဒက ပိုပိုပြီး လျှော့ပေးလာသဖြင့် သယ်ယူပို့ဆောင်ရေးအဖွဲ့သည် လွန်ခဲ့သည့်ခြောက်လအတွင်း ခရီးထွက်သည့်အချိန်တိုင်း သူတို့သည် ပစ္စည်းကောင်းများကို အများကြီးရလာတတ်သည်။ သူတို့သည် ထိုအခိုက်တွင် ချမ်းသာသည့်အိမ်ထောင်စုများ မဟုတ်ကြသော်လည်း သူတို့တွင် အစားအသောက် လုံလောက်သည်။ သည်တစ်ကြိမ်တွင်လည်း သူတို့က ဘာများရလာမည်နည်းဟု သူမက စဥ်းစားလိုက်လေသည်။

စုန့်ဝေဖျင်သည် လက်ဆေးနေချိန်တွင် ရွှီရှောင်ကျောင်းထံမှ တချွတ်ချွတ်အသံများကို ကြားနေရပြီးနောက်တွင် သူမ၏ နူးနူးညံ့ညံ့ရယ်မောသံကို ကြားလိုက်ရတော့သည်။

ရွှီရှောင်ကျောင်းသည် သူမ၏ရွေးချယ်မှုက မှန်ကန်ကြောင်း အမှန်ပင် ခံစားလိုက်ရလေသည်။ စုန့်ဝေဖျင်နောက်သာ လိုက်ရင် အနာဂတ်မှာ ငါလေးကတော့ အရမ်းကို သက်သောင့်သက်သာရှိမှာပဲ။ ကျိုးဖင့်ရှန်းက စုန့်ဝေဖျင် ငါ့ကို တားမှာ စိုးရိမ်နေတာတဲ့လေ။ ဒါပေမဲ့ ရလဒ်ကတော့...။

“ဟယ် စုန့်ဝေဖျင် နင်က ငါ ကောလိပ်ဝင်ခွင့်စာမေးပွဲမှာ သုံးဖို့ ဒါကို ဝယ်လာခဲ့တာလား”

စုန့်ဝေဖျင်က ‘အင်း’တစ်လုံးဖြင့် သူမကို အသိအမှတ်ပြုလိုက်ပြီး

“မင်း စာကြိုးစားနော်”

ရွှီရှောင်ကျောင်းက သူ့နားသို့ လျှောက်သွားလိုက်ပြီး သူမ၏လက်များကို ဖြန့်လိုက်ကာ

“ဒါပေမဲ့ ငါက စာမလုပ်ချင်ဘူးလေ”

စုန့်ဝေဖျင်က သူမကို မော့ကြည့်လိုက်ပြီး ဇဝေဇဝါဖြစ်သွားတော့သည်။

“ငါ ပြောချင်တာကလေ ငါက ကောလိပ်ဝင်ခွင့်စာမေးပွဲကို လုံးဝ မဖြေချင်ဘူးလို့”

တစ်ကြိမ်တွင်တော့ စုန့်ဝေဖျင်သည် အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားပြီး

“မ- မဖြေဘူးဟုတ်လား”

ရွှီရှောင်ကျောင်းက သူ၏ကြောင်အမ်းအမ်း အမူအရာကို အကဲခတ်လိုက်ပြီး ပြုံးပြလိုက်ကာ

“ဟုတ်တယ်၊ ငါ ဝင်ဖြေမှာ မဟုတ်ဘူး”

ငါလေးကို ကိုယ့်ဟာကို တိုးတက်ဖို့ ကောလိပ်မှာ စာလေ့လာစရာမှ မလိုတော့တာ။ ပြီးတော့ ကိုယ်တိုင် တိုးတက်ဖို့ ငါ့ပညာရေးကိုလည်း အသုံးချစရာမှ မလိုတာလေ။ ဟိုးအရင်ကတည်း ငါက ဝင်မဖြေချင်ခဲ့တာ။

စုန့်ဝေဖျင်သည် စားပွဲပေါ်က စီရီထားသည့် စာအုပ်များနှင့် လက်ဆွဲအိတ်ကို ကြည့်လိုက်လေသည်။

“ဒါတွေကရော”

သူမက ကောလိပ်ဝင်ခွင့် စာမေးပွဲအတွင်း စာလေ့လာဖို့ စာအုပ်နဲ့ ပစ္စည်းတချို့ယူပြီး ပြန်ပြောင်းတော့မယ်လို့ ထင်ထားတာပါ။

ရွှီရှောင်ကျောင်းက သူ့အကြည့်နောက် လိုက်ကြည့်လိုက်မိပြီး

“ဪ စာအုပ်တွေက ကျိုးဖင့်ရှန်းအတွက်လေ၊ လက်ဆွဲအိတ်ကတော့ နင် ပြန်လာရင် ဆေးစစ်ပေးဖို့အတွက် အဘွားကို စီရင်စုမြို့ဆီ ခေါ်သွားမယ်လို့ စဥ်းစားထားတာ၊ ရာသီဥတုကလည်း ပိုပြီးအေးလာပြီလေ၊ တပ်ဖွဲ့မှာလည်း လုပ်စရာအများကြီး မရှိဘူးဆိုတော့”

စုန့်ဝဖျင်သည် ခဏလောက် မှင်တက်အံ့ဩသွားပြီးနောက် ပြန်ပြောလိုက်တော့သည်။

“မင်း စာမေးပွဲ ဖြေချင်တယ်ဆိုရင် ငါ သဘောတူပါတယ်”

သူမလို မိန်းကလေးမျိုးက ကျန်တဲ့ဘဝမှာ သူ့လို လယ်သမားတစ်ယောက်နောက် လိုက်မဲ့အစား ကောလိပ်ကျောင်းဝင်းထဲမှာ လွတ်လွတ်လပ်လပ် စာသင်နေသင့်တာလေ။

ရွှီရှောင်ကျောင်းက လက်နောက်ပစ်လိုက်ပြီး သူ့ကို အတည်ပေါက်နှင့် ကြည့်လိုက်ကာ

“နင် မစိုးရိမ်ဘူးလား”

သူမက ပြောလိုက်သည်။

“စုန့်ဝေဖျင် ငါ ကောလိပ်ဝင်ခွင့် အောင်သွားတာနဲ့ ငါ နင့်နောက် မလိုက်တော့မှာကို နင် မစိုးရိမ်ဘူးလား”

စုန့်ဝေဖျင်က သူမကို ကြည့်လိုက်ပြီး

“စိုးရိမ်တယ်”

သူမ ထွက်သွားမှာ စိုးရိမ်တယ်။ သူမ ဘယ်တော့မှ ပြန်မလာမှာကို စိုးတယ်။

ရွှီရှောင်ကျောင်း၏နှလုံးသားထဲတွင် တနည်းနည်းဖြင့် ရှင်းပြလို့မတတ်သည့် စိတ်ခံစားချက်တစ်ခုက ဖျတ်ခနဲလက်သွားလေသည်။ ဒီလူက ကြည့်ရင်သာ အရမ်းသန်မာ အားကိုးရပြီး ဘာမှဂရုမစိုက်ဘဲ ရက်စက်တတ်သလိုနဲ့။ တကယ်တမ်းကျတော့ သူ့စိတ်ထဲမှာလည်း ကိစ္စတွေအများကြီး ရှိနေမှာပဲ။

“စိတ်လျှော့”

သူမက သူ့ပခုံးကို ပုတ်လိုက်ပြီး

“ငါတို့တွေက ငါတို့ရဲ့ကျန်တဲ့ဘဝအတွက် အခန်းဖော်ကောင်းတွေ လုပ်ကြမယ်လို့ အစကတည်း သဘောတူထားတာပဲ၊ ဘာပဲဖြစ်ဖြစ် ငါ အခု နင်နဲ့ နေရတာ အရမ်းကျေနပ်တယ်၊ နင်သာ ငါ့ကို မကျေနပ်ဘူးလို့ မပြောနဲ့နော်”

စုန့်ဝေဖျင်က ခေါင်းညိတ်လိုက်ပြီး

“ကျေနပ်တယ်၊ နောင်တမရဘူးလား”

ရွှီရှောင်ကျောင်းက မျက်ခုံးများကို ပင့်လိုက်ပြီး

“ဘာနောင်တရ ရမှာလဲ၊ ပြီးတော့ ကောလိပ်ဝင်ခွင့်စာမေးပွဲက တစ်နှစ်ထဲရှိတာမှ မဟုတ်တာ၊ နောက်ဆိုရင် ငါ သွားချင်တဲ့အချိန် သွားလို့ရတယ်၊ အဲလိုပြောမှ စုန့်ဝေဖျင် ငါ့အထင်တော့ နင့်အဆင့်နဲ့ဆိုရင် ဝင်ဖြေလိုက်လို့ ရနိုင်တယ်၊ ငါနင့်ကို စာပြပေးမယ်လေ၊ ဒါဆိုရင် နင် တစ်ကြိမ်ထဲနဲ့  အောင်သွားနိုင်တယ်၊ နင် စမ်းကြည့်ချင်လား”

ငါလေးအတွက်တော့ စာမေးပွဲကို စိတ်ဝင်စားဖို့ မဖြစ်နိုင်တော့ဘူးလေ။ ဒါပေမဲ့ စုန့်ဝေဖျင်က ဝင်ဖြေချင်တယ်ဆိုရင်တော့ ငါလေးက အားပေးရမှာပေါ့။

စုန့်ဝေဖျင်က ခေါင်းခါပြလိုက်လေသည်။ သူက ငွေရှာပြီး သူ့မိသားစုနဲ့ သူမကိုပဲ ထောက်ပံ့ပေးချင်တာ။

သူတို့နှစ်ယောက်လုံးသည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို စိတ်မဝင်စားကြပေ။ ထို့ကြောင့် ထိုခေါင်းစဥ်က အခြေခံအားဖြင့် ပြီးဆုံးသွားတော့သည်။ သို့သော်ငြား တခြားသူများ၏ အမြင်တွင်တော့ ရွှီရှောင်ကျောင်း၏ ရွေးချယ်မှုက အမှန်ပင် မိုက်မဲလွန်းနေသည်။

ဝမ်ကွေးယွဲ့သည် ရွှီရှောင်ကျောင်းက ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဖို့ ဆန္ဒမရှိကြောင်းကို ထင်မထားခဲ့ချေ။

“နင်ကတော့ မိုက်မဲတာပဲ၊ နင် ကောလိပ်ရောက်သွားရင် မြို့သူတစ်ယောက် ဖြစ်လာလိမ့်မယ်၊ အဲဒီအခါကျရင် နင် ကောင်းကောင်း စားသောက်နိုင်မှာမလား”

သူမသည် ချီပေါင်ဂါဝန်တစ်ထည်ကို ဝတ်ထားလေသည်။ ဂါဝန်က သူမ၏အသားအရေနှင့် မလိုက်ဖက်သော်လည်း ဂါဝန်လေးက ကြည့်လို့ကောင်းနေသည်။ သူမသည် အခုတော့ ဌာနခွဲစာရေး၏ ဒုတိယသား ဝမ်အားပေါင်နှင့် လက်ထပ်ပြီးဖြစ်ကာ ကောင်းမွန်သည့်ဘဝတစ်ခုတွင် နေထိုင်လေသည်။

“နင်က ဝင်ဖြေချင်လို့လား” ရွှီရှောင်ကျောင်းက သူမကို မေးလိုက်၏။

ဝမ်ကွေးယွဲ့က ချက်ချင်း ရင်နာသွားပြီး အောင့်သက်သက်မျက်နှာထားဖြင့်

“အရင်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ရှိလာလိမ့်မယ်လို့မှ မသိခဲ့တာ၊ ပြီးတော့ ငါ စာမလုပ်ထားဘူး၊ စာမေးပွဲ အောင်မှာ မဟုတ်လောက်ပါဘူး၊ ငါသာ နင်ဆိုရင် သေချာပေါက် စမ်းကြည့်မှာပဲ”

သူမသာ စာမေးပွဲ မအောင်ခဲ့ရင် ဝမ်အားပေါင်နဲ့ အတူတူနေထိုင်ရုံပဲ။ စာမေးပွဲအောင်ခဲ့ရင်တော့ ဒါက နောက်အကြောင်းအရာတစ်ခု ဖြစ်သွားပြီ။

ကျောက်ယန်ယန်သည် ရွှီရှောင်ကျောင်း၏ သတင်းကို ကြားလိုက်ရသောအခါ စိတ်အေးသွားကာ သက်ပြင်းချလိုက်လေသည်။ ရွှီရှောင်ကျောင်းကို စာမေးပွဲ ပေးမဖြေတာ စုန့်ဝေဖျင်ပဲ ဖြစ်ရမယ်။ ဒီလိုဖြစ်မှတော့ သူမက တစ်ဘဝလုံး လယ်ပဲစိုက်နေသင့်တယ်။

သူမသည် ဟန်ကွမ်းဟွေဘေးတွင် ထိုင်ကာ သူ စာလုပ်နေသည်ကို စောင့်ကြည့်နေလိုက်သည်။ သူတို့နှစ်ယောက်လုံး ကောလိပ် ဝင်ခွင့်ရရင် ဘယ်လောက်တောင် ကောင်းလိုက်မလဲ။ ရွာမှာ ဒီလိုကိစ္စတွေလည်း ထပ်ပြီး ရှိလာစရာမလိုတော့ဘူး။

“အစ်ကိုကွမ်းဟွေ ဒီမှာ၊ ဒီသင်္ချာပုစ္ဆာကို ဘယ်လိုဖြေရှင်းရမလဲ မသိလို့၊ ကျေးဇူးပြုပြီး ညီမကို သင်ပေးပါလား”

သူမက ချွဲပျစ်ပျစ်အသံနှင့် ပြောလိုက်လေသည်။

ဟန်ကွမ်းဟွေက မျက်မှောင်ကြုတ်ကာ လှမ်းကြည့်လိုက်ပြီး

“ဘယ်လိုမှတ်ရမလဲ သိတဲ့သူတိုင်း ဒီအလီဇယားကို ဖြေရှင်းနိုင်တယ်၊ မင်က ဂျုနီယာအထက်တန်း ကျောင်းသူတစ်ယောက်လား၊ ယန်ယန် ငါ စာလုပ်နေတာကို မနှောင့်ယှက်စမ်းပါနဲ့၊ နင် စာမေးပွဲ အောင်မှာလဲ မဟုတ်ဘူး၊ ဒီတော့ အလုပ်သွားလုပ်စမ်းပါ၊ အရင်ဆုံး စိတ်အေးအေးနဲ့ လယ်လုပ်နေလိုက်၊ ငါ ကောလိပ်ဝင်ခွင့်အောင်ပြီးရင် ဘွဲ့ရပြီးတဲ့အခါ အလုပ်တစ်ခုရှာပြီး နင် မြို့ပြောင်းလာလို့ရအောင် ငါ ကြည့်စီစဥ်ပေးမယ်”

တကယ်ကို တုံးအလွန်းတာ။ ဟန်ကွမ်းဟွေသည် စိတ်ဆိုးမာန်ဆိုး ဖြစ်နေတော့သည်။ သူသာ ကောလိပ်ကျောင်းသားတစ်ယောက် ဖြစ်ခဲ့ရင် ကျောက်ယန်ယန်နဲ့ ကွာရှင်းဖို့ နည်းလမ်းတစ်ခု ရှာလိမ့်မယ်။ သူနဲ့ ရှောင်ကျောင်းတို့က ကောလိပ်အတူတူ ဝင်ခွင့်ရပြီး အတန်းဖော်တွေဖြစ်လာပြီး နေ့နေ့ ညည အဆင်ပြေနေရင် အကောင်းဆုံးပဲ။

“နင် ဟန်ကွမ်းဟွေ၊ ငတုံးကောင်” ကျောက်ယန်ယန်က သူ့မျက်နှာကို ဖြတ်ရိုက်လိုက်တော့သည်။

“ကျောက်ယန်ယန် အခု နင့်ကိုယ်နင် ပြန်ကြည့်စမ်း၊ ငါ နင့်ကို မိန်းမကြမ်းလို့ ခေါ်တာက နင့်ကို ချီးကျူးနေတာနော်”

သူတို့သည် စာစမလုပ်ခင်မှာပင် နှစ်ယောက်သားက ကြောက်မက်ဖွယ်ရန်ပွဲတစ်ခု ဖြစ်ကြပြန်သည်။ ရွှီရှောင်ကျောင်းက ကောလိပ်ဝင်ခွင့် စာမေးပွဲ မဖြေကြောင်း ကြားလိုက်ပြီးနောက် ရွှီရှောင်ကျောင်းကို တိတ်တိတ်လေး သွားတွေ့ဖို့ ကြိုးစားနေသည့် ဟန်ကွမ်းဟွေအတွက်တော့ ကျောက်ယန်ယန်၏ တားဆီးခြင်း ခံလိုက်ရတော့သည်။ ထိုအကြောင်းကို မည်သူမှ မသိလိုက်ကြပေ။

ဝူချွန်းဟွားသည်လည်း စိတ်ထဲတွင် စနိုးစနှောင့်ဖြစ်နေမိသည်။ တစ်ကိုယ်ကောင်းဆန်တယ်ပဲဆိုဆို သူမကတော့ ရွှီရှောင်ကျောင်းကို ကောလိပ်တက်စေချင်တယ်။ ဒါပေမဲ့ ဒီနှစ်အတွင်းမှာ ရွှီရှောင်ကျောင်းက သူမအပေါ် အရမ်းကောင်းခဲ့တာပဲ။ ပြီးတော့ သူမကလည်း သမီးဖြစ်ကို နေ့တိုင်းတွေ့ရတာ ကျင့်သားရနေပြီ။ သူမသည် တကယ် ကောလိပ်တက်ခဲ့ရင် သားအမိနှစ်ယောက် ဒီလို အပြန်အလှန် ဆက်ဆံရေးကို ဘယ်တော့မှ ထပ်ရတော့မှာမဟုတ်ဘူး။

သူမသည် တစ်ညလုံး ဟိုလှည့်သည်လှည့် ဖြစ်ခဲ့လေသည်။ နောက်တစ်နေ့မနက်ခင်းတွင် စုန့်ဝေဖျင်က မြို့တက်သွားသည့်သတင်းကို ကြားလိုက်ရသည်။ သူမသည် အိပ်မပျော်နိုင်ခဲ့ချေ။

ဒီနှစ်မှာ သူကလည်း သမက်ဖြစ်သူကို ပိုပိုပြီး စိတ်တိုင်းကျလာတယ်။ သူက စကားအများကြီး မပြောပေမဲ့ လုပ်ရည်ကိုင်ရည်ရှိပြီး သမီးဖြစ်သူကိုလည်း ချစ်မြတ်နိုးတယ်။ လင်မယားနှစ်ယောက်ရဲ့ ဘဝလေးက ပိုပိုပြီး အဆင်ပြေလာတာကို တွေ့ရတော့ စိတ်ထဲမှာ ဝမ်းသာနိုင်ခဲ့တယ်လေ။

ဒါပေမဲ့ ငါ့သမီးလေးသာ ကောလိပ်ဝင်ခွင့် ရခဲ့ရင် ဘယ်လိုလုပ်မလဲ။

ဝူချွန်းဟွားသည် ချက်ချင်း ထထိုင်လိုက်လေသည်။ မဖြစ်သေးပါဘူး၊ သူမ သွားမေးမှပဲ ဖြစ်မှာပါ။

စုန့်ဝေဖျင်သည် မနက်အစောကြီးကတည်း ထွက်သွားခဲ့သည်။ ပုံမှန်ဆိုလျှင် တံခါးကို ပိတ်မထားတတ်ချေ။ အကြောင်းမှာ ဝူချွန်းဟွားက အားသည့်အချိန်တွင် မနက်စာလာလုပ်ပေးကာ သူ ပြန်ရောက်လာချိန်တွင် မနက်စာ အသင့်စားနိုင်လေသည်။

စုန့်ဝေဖျင်က ထွက်သွားပြီဖြစ်သဖြင့် ဝူချွန်းဟွားသည် စောင့်စည်းမနေတာ့ချေ။ သူမက သမီးဖြစ်သူ၏ နာမည်ကို နှစ်ခါလောက်ခေါ်လိုက်ပြီးနောက်တွင် ဘာတုံ့ပြန်သံမှ မကြားရချေ။ ထို့ကြောင့် သူမက တံခါးကို တွန်းဖွင့်လိုက်ပြီး အခန်းထဲ ဝင်လိုက်တော့သည်။

သူမသည် လျှောက်ကာဝင်လာရင်း တစ်ယောက်ထဲ စိတ်ထဲတွင် တွေးနေလိုက်လေသည်။ အဲဒီပညာတတ်လူငယ်လေးတွေက နေ့တိုင်း စာလုပ်နေပြီး ငါ့သမီးကတော့ တကယ့်ကို နှလုံးသား ကြီးမားလိုက်တာ။ သူမက နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်နေတာတဲ့လေ။

သို့သော် သူမသည် အနောက်ဘက်ခန်းသို့ ဝင်လာချိန်တွင်တော့ မြင်လိုက်သည့်မြင်ကွင်းကြောင့် ဆွံ့အသွားလေတော့သည်။

ရွှီရှောင်ကျောင်းသည် အိပ်နေရင်းက ရုတ်တရက် နိုးလာတော့သည်။

သူမသည် မျက်လုံးဖွင့်လိုက်ချိန်တွင် တအံ့တဩဖြစ်နေသည့် အမေဖြစ်သူ ဝူချွန်းဟွား၏မျက်နှာကို တွေ့လိုက်ရသဖြင့် အလွန်လန့်ဖျပ်သွားတော့သည်။

ဘာကိစ္စလဲ။

“ဟဲ့ကလေးမ အမေ့ကို ပြောစမ်း၊ ဘာလို့ ခန်းဆီးတွေ ရှိနေတာလဲ”

သည်တစ်ကြိမ်တွင်တော့ ဝူချွန်းဟွားက ဒေါသထွက်နေသည်ကို တွေ့လိုက်ရတော့သည်။ ရွှီရှောင်ကျောင်း ပြန်မဖြေနိုင်ခင်မှာပင် သူမက ချက်ချင်း  အဖြေတစ်ခု ထုတ်လိုက်လေသည်။

“ဧကန္တ အဲဒီကလေး စုန့်ဝေဖျင် သူ.. သူက...”

သူ မလုပ်နိုင်တာလား။ ဝူချွန်းဟွားသည် ရုတ်တရက် အံကြိတ်ထားလိုက်တော့သည်။

“ဟုတ်နေပါပြီ၊ ဒီဝံပုလွေပေါက်ကတော့ သူ ဘာလို့ ပြောင်းလဲသွားပါလိမ့်လို့ စဥ်းစားနေတာ၊ အရင်ကတော့ သူက သစ်သားတုံးကြီးလိုပဲ၊ အခုကျတော့ သူမက သမီးအပေါ် ကောင်းရကောင်းမှန်း သိတယ်၊ ဘာလို့လဲဆိုတော့ ဘာလို့ဆိုတော့ သူ သမီးအပေါ် မှားယွင်းထားခဲ့တာကိုး၊ သူ လိပ်ပြာမလုံ မဖြစ်ဘူးလားဟင်”

သမီးဖြစ်သူကဖြင့် ပွင့်လန်းကောင်းတဲ့အရွယ်လေးမှာ မုဆိုးမတစ်ယောက်လို နေနေရတယ်။

ဝူချွန်းဟွား၏အသံသည် စကားပြောရင် အသံကိုကျယ်လာရာ သူမသည် စုန့်ဝေဖျင်ကို ပြဿနာကြီး ရှာတော့မည့်နှယ်။

ရွှီရှောင်ကျောင်းသည် အိပ်ချင်မူးတူး ဖြစ်နေဆဲ။ သူမသည် ဝူချွန်းဟွား ဆွဲချလိုက်သည့် အဝတ်ခန်းဆီးကို ကြည့်လိုက်ပြီး သူမ၏အမူအရာကို ကြည့်ကာ သူမစကားများကို နားထောင်လိုက်လေသည်။ သူမ နားမလည်နိုင်တာ ဘာတစ်ခုမှ မရှိချေ။

ဒီစုန့်ဝေဖျင်ရဲ့ မစွမ်းဆောင်နိုင်တဲ့ကိစ္စသာ သတင်းထွက်သွားရင် ဘာဖြစ်လာမှာလဲ။ ရွှီရှောင်ကျောင်းက ဝူချွန်းဟွားကို လှမ်းဆွဲထားလိုက်လေသည်။

အနာဂတ်သူဌေးကြီးရဲ့ ယောက်ျားသိက္ခာကို ငါလေး ကာကွယ်ပေးရလိမ့်မယ်။

“အမေ အမေ၊ အမေ ထင်သလိုမဟုတ်ပါဘူး၊ စုန့်ဝေဖျင် လုပ်နိုင်ပါတယ်၊ သူ လုပ်နိုင်တယ်”

. . .