အခန်း (၇၉) – မင်းကြိုက်ရဲ့လား
မသိဘူး
နောက်တစ်နေ့မနက် ကျီကျောက်
မျက်လုံးဖွင့်လိုက်သောအခါတွင် ပေါ့ပါးပြီး ကျက်သရေရှိသော ရနံ့တစ်ခုက သူမ၏
နှာခေါင်းထဲသို့ ဝင်လာခဲ့သည်။
ကျီကျောက်သည်
စိတ်ရှုပ်ထွေးစွာဖြင့် မျက်ခုံးပင့်လိုက်သည်။ သူမ တံခါးကိုဖွင့်လိုက်သည်နှင့်
တံခါးအပြင်ဖက်တွင် ဇီဇဝါပန်းအိုး တစ်လုံးကို တွေ့လိုက်ရသည်။
စိမ်းလန်းစိုပြေသော
သစ်ရွက်စိမ်းများသည် အဖြူစွတ်စွတ် ဇီဇဝါပန်းများကို သက်ဝင်လှပစေသည်။
ပန်းတွေရဲ့ မွှေးပျံ့သော
သင်းရနံ့သည် လူကို လန်းဆန်းသွားစေသည်။
ကျီကျောက်၏ နှုတ်ခမ်းတွေက
ပျော်ရွှင်စွာ ကွေးညွှတ်သွားပြီး စိတ်ကြည်လင်သွားသည်။
ကျီကျောက်သည် ပြုံးပြီး
ဇီဇဝါပန်းအိုးကို ကောက်ယူလိုက်သည်။ သူမသည် ဇီဇဝါပန်းအိုးကို အခန်းထဲ
ပြန်ယူသွားပြီး ပြတင်းအနားရှိ စားပွဲပေါ်တွင် တင်ထားလိုက်သည်။
“ဇီဇဝါပန်းတွေရဲ့ အဓိပ္ပါယ်က
တစ်သက်တာလုံး စောင့်မျှော်နေခြင်းလို့ဆိုတယ်။”
ဒီစာကြောင်းသည် ကျီကျောက်၏ စိတ်ထဲ
အမှတ်မထင် ပေါ်လာခဲ့သည်။
မနေ့က ရှန်းယောင်ပြောတဲ့
စကားတွေကို ပြန်အမှတ်ရမိတော့ ကျီကျောက်သည် သူမရင်ထဲမှာ ထူးဆန်းတဲ့
ခံစားချက်တစ်ခုကို ချက်ချင်းဆိုသလို ခံစားလိုက်ရသည်။ အဲဒီ ခံစားချက်ကို
ရှင်းရှင်းလင်းလင်း မရှင်းပြတတ်ပေမယ့် နည်းနည်းလေးတော့ ဝမ်းသာပီတိ
ဖြစ်မိသွားခဲ့သည်။
ကျီကျောက်သည် သူမ၏ မျက်ဝန်းတွေကို
တိတ်တဆိတ် မှေးမှိတ်ထားပြီး သူမ စိတ်ထဲတွင် ရှုပ်ထွေးနေသော အတွေးများကို ဖယ်ရှားကာ
သက်ပြင်းတစ်ချက်ချပြီး သူမ အခန်းထဲက ထွက်လာခဲ့သည်။
ကျီကျောက် ခြံဝင်းထဲမှာ
လမ်းလျှောက်နေတုန်း ရှန်းယောင်က သူမရှေ့မှာ ရုတ်တရက် ပေါ်လာပြီး သူမကို
အပြုံးတစ်ပွင့်ဖြင့် မေးလာခဲ့သည်၊ “ကိုယ် မနက်အစောကြီး အနောက်ဖက်တောင်ပေါ်
လမ်းလျှောက်ထွက်ရင်း အဲဒီဇီဇဝါပန်းတွေကို တွေခဲ့တယ်လေ။ သူ့အနံ့လေးက
သင်းပျံ့ပျံ့လေးမို့ ကိုယ် အိမ်အတွက် ခူးလာခဲ့တာ။ မင်း ကြိုက်ရဲ့လား မသိဘူး။”
ရှန်းယောင်က သူမ၏ မျက်ဝန်းထဲကို
စိုက်ကြည့်နေခဲ့သည်။ သူ့လေသံက အလွန်ပေါ့ပါးနေသော်လည်း မျှော်လင့်ခြင်း အလင်းရောင်က
သူ့ဖီးနစ်မျက်ဝန်းများတွင် အလွန်ရှင်းလင်းသိသာနေသည်။
ကျီကျောက်က တိတ်တဆိတ်
ခေါင်းညိတ်သည်၊ “ကျွန်မ ကြိုက်ပါတယ်။ ဇီဇဝါပန်းရနံ့က အရမ်းပြေပြစ်ပြီး
လန်းဆန်းတယ်လို့ ခံစားရတယ်။”
သူမ ဒီလိုပြောတာကိုကြားတော့
ရှန်းယောင်တစ်ယောက် အလွန်ပျော်ရွှင်သွားခဲ့သည်။
သူတို့အကြည့်ချင်းဆုံသွားသောအခါ
သူတို့နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးမိလိုက်ကြသည်။
နာရီဝက်အကြာတွင် ကျီကျောက်သည်
ကျောက်လန်ဟွာနှင့်အတူ ဝါးခြင်းတောင်း ကျောပိုးပြီး ဟင်းသီးဟင်းရွက်ဥယျာဉ်ဆီ
ချီတက်သွားခဲ့သည်။
“စန်းလန် နင့်ကို တစ်ခေါက်လောက်
ဒီကို ခေါ်လာခဲ့သေးတယ်မလား” ကျောက်လန်ဟွာက ကျီကျောက်၏ လက်ကလေးကို ချစ်ခင်ကြင်နာစွာ
ပုတ်ပြီး အပြုံးလေးဖြင့် မေးမြန်းလိုက်သည်၊ “ငါတို့ရဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံက
မကြီးပေမယ့် ငါတို့ရဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံက ရတနာမြေပဲ။”
“အမေ ဘာဖြစ်လို့ အဲ့လိုပြောတာလဲ”
ကျီကျောက် စိတ်ဝင်တစား မေးမြန်းသည်။
“လွန်ခဲ့တဲ့ နှစ်အနည်းငယ်က
မိုးခေါင်ရေရှားပြီး လယ်ကွင်းတွေမှာတောင် သီးနှံတွေ စိုက်ပျိုးရခက်တယ်။ ဒါပေမယ့်
ငါတို့မိသားစုက ကံကောင်းတယ်။ အရင်တုန်းက ရွာမှာ မြေကွက်တွေ ခွဲဝေပေးတုန်းက
ငါတို့ရဲ့ ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံက အရမ်းသေးလွန်းလို့ ဘယ်သူမှ လက်မခံချင်ကြဘူး။
နင့်အဖေက အရမ်းစိတ်ပျော့တဲ့လူလေ။ သူက နင့်ဒေါ်ကြီး ဝမ်းနည်းတကြီး
ငိုကြွေးနေတာကိုမြင်တော့ ခေါင်းပူသွားပြီး နင့်အဒေါ်တို့မိသားစုပိုင်
ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံနဲ့ ငါတို့ခြံကို လဲပေးလိုက်တယ်လေ။”
“အဒေါ်ကြီးလား” ကျီကျောက်သည်
မူရင်းဝတ္ထုတွင် အဲဒီလို ဇာတ်ကောင် ပေါ်မလာခဲ့တာကို သတိရမိသည်။
“နင့်အဒေါ်လေ၊ ဟမ့်…”
ကျောက်လန်ဟွာက တခစ်ခစ်ရယ်ပြီး သူမ၏ လေသံထဲတွင် တစ်ကိုယ်ကောင်းဆန်လွန်းတာကို
ရွဲ့စောင်းနေလိုဟန်ပေါ်သည်။ “ဒီအကြောင်းကို ဆက်မပြောကြရအောင်။ ငါတို့ သွားစို့။
အမေက နင့်ကို ဟင်းသီးဟင်းရွက်ဥယျာဉ်တစ်ဝိုက် လိုက်ပြပေးမယ်။”
ရှန်းမိသားစု
ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံထဲကို လျှောက်သွားသည့်အခါမှ ကျီကျောက်သည် ရတနာမြေလို့
ဆိုသည့်အကြောင်းကို နားလည်သွားခဲ့သည်။
ရှန်းမိသားစု၏
ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံသည် သိပ်မကြီးသော်လည်း အလယ်တွင် သဘာဝအတိုင်း
ဖြစ်ပေါ်နေသော ရေတွင်းတစ်ခု ရှိသည်။
“ဒီရေတွင်းထဲက ရေတွေက
အဆုံးမရှိဘူး” ကျောက်လန်ဟွာက သူမ၏ အသံကို လျှော့ပြီး ကျီကျောက်၏ နားထဲ
တီးတိုးဆိုသည်၊ “ဒီရေတွင်းလေးကြောင့် ငါတို့ဟင်းသီးဟင်းရွက်ဥယျာဉ်ခြံက
ဟင်းသီးဟင်းရွက်တွေရဲ့ အရည်အသွေးက အကောင်းဆုံးပဲ။”
ကျောက်လန်ဟွာက သခွားသီးတစ်လုံးကို
ဆွတ်ယူပြီးနောက် အပေါ်မှာ တင်နေသည့် အမှိုက်တွေကို ဖယ်ရှားလိုက်သည်။ သူမသည်
သစ်သားရေပုံးကို ကောက်ယူကာ ရေတွင်းထဲမှ ရေခပ်လိုက်သည်။
သခွားသီးကို တွင်းရေအေးအေးလေးဖြင့်
ဆေးကြောပြီး စားကြည့်တော့ မွှေးပျံ့၊ ကြွပ်ရွပြီး ချိုမြိန်လှသည်။
ကျီကျောက်သည် အဲဒါကို
သိပ်မကြာခင်မှာဘဲ အပြတ်ရှင်းနိုင်ခဲ့သည်။
“အမေ သမီးတို့ အခု ဘာခူးကြမလဲ။”
“ငရုတ်သီး
ဆွတ်မယ်” ကျောက်လန်ဟွာက ခပ်မြန်မြန် ပြုံးရယ်လိုက်ပြီး ပြောလိုက်သည်၊ “ငရုတ်ဆော့စ်
လုပ်ကြမယ်။ အာ့ထောင်၊ နင် အမေ လုပ်တဲ့ ငရုတ်ဆော့စ်ကို မစားဖူးသေးဘူးမလား၊ နင် မြည်းစမ်းကြည့်ပြီးရင်
ကမ္ဘာပေါ်မှာ အရသာရှိတဲ့ အစားအစာဆိုတာကို မင်း သိသွားလိမ့်မယ်။”