Ch 85
Viewers 12k

အခန်း (၈၅) - ရှင့်ခါးအတွက် ကျွန်မ စိတ်မပူပါဘူး။

 

“မင်း…”

 

“ကျွန်မ…”

 

သူတို့ နှစ်ယောက်သား တစ်ပြိုင်နက် စကားပြောမိကြပြီး လေထုထဲတွင် ရှက်ရွံမှု အရိပ်အမြွက်တွေ ထွက်ပေါ်လာခဲ့သည်။

 

“အမ်…” အကြီးဆုံးမရီးရှန်းက ရုတ်တရက် သူမခေါင်းကို ပုတ်ပြီး စကားဆိုလာခဲ့သည်။ “အာ့ထောင်၊ တတိယမတ်လေး၊ နင်တို့ ငါ့ကို ခဏလောက်စောင့်ဦး။ ငါ့မှာ အမေ့ကို ထည့်ပေးလိုက်စရာရှိလို့။”

 

“… ကောင်းပါပြီ” ကျီကျောက်က တိတ်တဆိတ် ခေါင်းညိတ်လိုက်သည်၊ အကြီးဆုံးမရီးရှန်း၏ နောက်ကျောကို လှမ်းကြည့်တော့ ထောင့်တစ်နေရာမှာ ပျောက်ကွယ်သွားသည်။

 

“ခုနက ရှင် ဘာမှ မကြားလိုက်ဘူးမလား” ကျီကျောက်က ခေါင်းငုံ့ပြီး ဘဝင်မအေးစွာ သူမ၏ လက်ချောင်းလေးတွေကို တိတ်တဆိတ် လိမ်ဖယ်လိမ်ဖယ် လုပ်နေလိုက်သည်။ သူမ ရှန်းယောင်ရဲ့ မျက်နှာကို မော့ကြည့်ဖို့တောင် မဝံ့မရဲ ဖြစ်နေသည်။

 

“လွန်ခဲ့တဲ့ သုံးနှစ်လောက်က ကိုယ် ဒဏ်ရာရခဲ့တယ်။ အဲ့တာကြောင့် ကိုယ့်ရဲ့ ဘယ်ဖက်ခြေထောက်က ဒီလိုဖြစ်သွားတယ်” ရှန်းယောင်က မျက်ခုံးပင့်ပြီး နူးညံ့သိမ်မွေ့တဲ့ လေသံနဲ့ ရှင်းပြသည်။

 

“ကျွန်မ… ကျွန်မ တောင်းပန်ပါတယ်…” ကျီကျောက်က သူ့မျက်လုံးတွေကို မော့ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်၊ “ရှင့်ခြေထောက်တွေက အနာဂတ်မှာ သေချာပေါက် ပြန်ကောင်းသွားလိမ့်မယ်။”

 

“ကိုယ်လည်း အဲ့လိုဖြစ်ဖို့ မျှော်လင့်ပါတယ်” ရှန်းယောင်က ခပ်ဖွဖွ ပြုံးလိုက်သည်။

 

အဲ့တုန်းက သူ့ခြေထောက်ကို ကုသဖို့အတွက် သူ့မိသားစုက ပိုက်ဆံအများကြီးကုန်ခဲ့ပြီး မရီးနှစ်ယောက်ကတောင် သူ့ဆေးကုသစရိတ် များများရဖို့ သူတို့ရဲ့ ခန်းဝင်ပစ္စည်းတွေကိုတောင် ရောင်းချခဲ့ပေမယ့် တစ်နှစ်ခွဲကျော်တောင် ကြာသွားခဲ့ကာ အားလုံး အချည်းနှီးပါပဲ။

 

ယခုအခါ ရှန်းယောင်သည် သူ့ရဲ့ ကျိုးနေသော ခြေထောက်အတွက် မည်သည့် မျှော်လင့်ချက်မှ မရှိတော့ပေ။

 

“ဒါပေမယ့် ကိုယ့်ခါးက ဒဏ်ရာမရပါဘူး။ မင်း စိတ်ပူနေဖို့ မလိုဘူး” ရှန်းယောင်က ရုတ်တရက် လှည့်ကြည့်လာပြီး သူမအနား ချည်းကပ်လာသည်။

 

ကျီကျောက်သည် ထိတ်လန့်သွားပြီး မသိစိတ်က နောက်ပြန်ဆုတ်သွားခဲ့မိသည်။

 

သူမ နံရံကို အားပြုမိသွားသည့်တိုင် နောက်သို့ ပြန်ဆုတ်သွားခဲ့မိလေသည်။

 

“ရှင်… ရှင် နားလည်မှုလွဲနေတာ…” ကျီကျောက်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချလိုက်သည်၊ “ရှင့်ခါးအတွက် ကျွန်မ စိတ်မပူပါဘူး။”

 

“တကယ်လား” ရှန်းယောင်က မျက်ခုံးပင့်ကာ ဇွဲမလျော့ပေ။

 

နံရံကို ဖေးမှီထားသော ကျီကျောက်သည် သူမ၏ မျက်ဝန်းထဲတွင် ဆုံးရှုံးမှုတစ်ခု ဖြစ်ပေါ်လာသည်။

 

နံရံပေါ် လက်ထောက်ပြီး ပိတ်ထားတတ်တာက အမျိုးသားတွေ အကုန်လုံးရဲ့ လျှို့ဝှက်အစွမ်းများလား။

 

ကျီကျောက်သည် သူမ၏ ပခုံးကို အသာကျုံ့လိုက်ပြီး သူ့လက်မောင်းအောက်ကနေ ထွက်သွားဖို့ ကြံရွယ်လိုက်သည်…

 

ရှန်းယောင်က နောက်တစ်ကြိမ် ချဉ်းကပ်လာပြီး လူနှစ်ယောက်ကြားရှိ အကွာအဝေးသည့် သူတို့ရဲ့ နှာခေါင်းချင်း တိုက်မိဖို့ တစ်လက်မခန့်သာ ကွာဝေးတော့သည်။

 

“ရှန်းယောင်… ရှင် ဘာလုပ်နေတာလဲ” ဒီအချိန်မှာ ကျီကျောက်သည် သူမ၏ နှလုံးသားက လည်ချောင်းထဲကနေ ခုန်ထွက်သွားတော့မယ်လို့ ခံစားလိုက်ရသည်။

 

“မလှုပ်နဲ့” ရှန်းယောင်က သူမ၏ နားနားသို့ ကပ်ပြီး တီးတိုးပြောသည်။

 

ထို့နောက် သူ့လက်ကို မြှောက်ပြီး ကျီကျောက်၏ ခေါင်းပေါ်မှ သစ်ရွက် တစ်ရွက်ကို ကောက်ယူလိုက်သည်။

 

“ရပြီ။”

 

ရှန်းယောင်က သူ့လက်ဖဝါးကို သူမအား ဖွင့်ပြလိုက်သည်၊ “ဒီသစ်ရွက် မင်းဆံပင်ထဲကို ကျသွားလို့လေ။”

 

“… ကျေးဇူးပါ။”

 

ကျီကျောက်သည် ကျေးဇူးတင်စွာ ပြုံးပြလိုက်ပြီး သူမ၏ ရင်ဘတ်ထဲက နှလုံးခုန်သံ တဖြည်းဖြည်း ငြိမ်သက်သွားသည်။

 

သို့သော် သူမ၏ ပါးပြင်ပေါ်တွင် အနီရောင် ခပ်ဖျော့ဖျော့လေး ကျန်ရှိနေဆဲပင်။

 

တစ်နာရီကျော်ကျော်လောက်တွင် သူတို့ နှစ်ယောက်သား ရှန်းမိသားစုခြံဝင်းသို့ ပြန်ရောက်သွားခဲ့ကြသည်။

 

ကျီချန်သည် သကြားပန်းချီအရုပ်လေးကို ရသောအခါ အလွန်စိတ်လှုပ်ရှားသွားသည်။

 

“ချန်ချန်က ဒီဝက်လေးကို အရမ်းကြိုက်နေပုံရတယ်” ကျီကျောက်က အပြုံးဖြင့် မေးမြန်းလိုက်သည်။

 

သူမနှင့် ရှန်းယောင်တို့ ခရိုင်မြို့ကနေ ပြန်လာဖို့ ပြင်ဆင်နေချိန်တွင် သကြားပန်းချီအရုပ်လေးတွေကို ရောင်းချနေသည့် အဖိုးအိုတစ်ဦးကို တွေ့လိုက်ရသည်။

 

ထို့နောက် ကျီကျောက်သည် သကြားပန်းချီအရုပ် တစ်ရုပ်ကို မှာယူခဲ့သည်။

 

ယခု ကျီချန်၏ တောက်ပပြီး ရွှင်လန်းနေတဲ့ အပြုံးလေးကို မြင်တော့ ကျီကျောက်တစ်ယောက် အလွန်ဂုဏ်ယူနေမိပါသည်။

 

မျှော်လင့်ထားသည့်အတိုင်း ကလေးတွေက ပီပါပစ်ရဲ့ မှော်ကို လွန်ဆန်နိုင်စွမ်း မရှိဘူး။

 

“ကျွန်တော် ကြိုက်တယ်” ကျီချန်က နာခံမှုရှိစွာ ခေါင်းညိတ်ပြသည်၊ သူက သကြားပန်းချီအရုပ်လေးကို စိုက်ကြည့်ရင်း မစားရက်မသောက်ရက်တော့ဘူး။

 

“နင် ဘာဖြစ်လို့ မစားတာလဲ” ကျီကျောက်က သူ့ခေါင်းကို ပွတ်သပ်ပြီး သိချင်သော အပြုံးဖြင့် မေးလိုက်သည်။

 

“ကျွန်‌တော် မစားရက်ဘူး” ကျီချန်က သူ့ဆန္ဒကို ဆန့်ကျင်ပြီး ခေါင်းခါလိုက်ပေမယ့် သူ့ရဲ့ တံတွေးမျိုချတဲ့ လုပ်ရပ်က ကျီကျောက်ရဲ့ အကြည့်တွေကနေ မလွတ်မြောက်နိုင်ခဲ့ဘူး။

 

“အရူးလေး ရာသီဥတုက အရမ်းပူတယ်။ နင် သကြားပန်းချီအရုပ်ကို မြန်မြန် မစားဘူးဆိုရင် နင့်ဗိုက်ထဲ မရောက်ဘဲ နေအပူရှိန်ကြောင့် အရည်ပျော်ကျသွားလိမ့်မယ်” ကျီကျောက်က နူးညံ့ညင်သာစွာ ရှင်းပြသည်၊ “တကယ်လို့ နင် ပီပါပစ်ကို စားလိုက်မယ်ဆိုရင် သူက နင်နဲ့ အမြဲ အတူရှိနေနိုင်သွားလိမ့်မယ်။”

 

ကျီချန်က မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်လုပ်လိုက်ပြီး ကျီကျောက်၏ နှုတ်ခမ်းနား သကြားပန်းချီအရုပ်လေး တိုးပေးလိုက်သည်။

 

“ဟင်…” ကျီကျောက်က မျက်ခုံးပင့်လိုက်ပြီး သူမ၏ မျက်လုံးထဲမှာ စိတ်ရှုပ်ထွေးမှု‌တွေ ပြည့်နှက်နေသည်။

 

“အစ်မ အရင်စားပါ။ ပီပါပစ်က အစ်မနဲ့လည်း အတူရှိသွားလိမ့်မယ်” ကျီချန်က ခေါင်းလေး စောင်းပြီး သူမကို ကြည့်လိုက်သည်။ ကျီကျောက်၏ မျက်နှာက သူ့မျက်ဝန်းထဲမှာ ရှင်းလင်းပြတ်သားစွာ ထင်ဟပ်နေပါသည်။