အခန်း (၈၇) – ရှင်
အရမ်းနှိမ့်ချတတ်လွန်းတာ မဟုတ်ဘူးလား
ကျီကျောက်သည် တစ်ချိန်လုံး
လေတိုက်ရင် လွှင့်သွားတော့မလိုမျိုး စိတ်ဓာတ်ကျနေခဲ့သည်။
ညမိုးချုပ်သောအခါတွင် သူမသည်
ခြံဝင်းအတွင်းရှိ ကုလားထိုင်ပေါ်တွင် ထိုင်ကာ မည်းမှောင်နေသော ညကောင်းကင်ကို
ဗလာအကြည့်ဖြင့် မော့ကြည့်နေခဲ့သည်။
“ကိုယ် လမ်းလျှောက်ထွက်မလို့။ မင်း
ကိုယ်နဲ့ အတူ လိုက်ခဲ့ချင်လား” ရှန်းယောင်က သူမ၏ စိတ်ဓာတ်ကျနေသော အသွင်အပြင်ကို
သတိပြုမိကာ သူမ ဘေးနားသို့ လျှောက်လာပြီး အပြုံးဖြင့် ဖိတ်ခေါ်လိုက်သည်။
“လိုက်ခဲ့မယ်လေ” ကျီကျောက်က
ဝမ်းသာအားရ သဘောတူလိုက်သည်။
အေးမြသော ညလေညင်းတို့က
တိုက်ခတ်လာကာ လေထုသည် ပန်းပွင့်များ၏ မွှေးကြိုင်သော သင်းရနံ့တို့ကို
သယ်ဆောင်လာခဲ့သည်။
ကျီကျောက်သည် သူမ၏ မျက်ဝန်းတွေကို
စိတ်ကျေနပ်စွာ အသာမှေးစင်းထားရင်း ရှေ့သို့ တစ်လှမ်းချင်း လျှောက်နေကာ အေးမြသော
လေပြည်တို့က သူမ၏ မျက်နှာကို တိုက်ခတ်လာတာကို ခံစားရင်း စိတ်အေးချမ်းပြီး
သက်တောင့်သက်သာ ဖြစ်နေခဲ့သည်။
သူမ၏ နှလုံးသားထဲ ကျန်ရှိနေသော
စိတ်ဓာတ်ကျဆင်းနေမှုများဟာ မြူခိုးတွေလို လွင့်မျောပျောက်ကွယ်သွားခဲ့သည်။
“ရှန်းယောင် ရှင်
သီချင်းဆိုတတ်လား” ကျီကျောက်က ရုတ်တရက် ရပ်လိုက်ပြီး သူမ၏ ဘေးနားမှာ ရပ်နေတဲ့
ရှန်းယောင်ကို သိချင်စိတ်ပြင်းပြစွာ ကြည့်ပြီး မေးလိုက်သည်။
“သီချင်းဆိုတာလား” ရှန်းယောင်က
အံ့အားသင့်စွာ ခေါင်းခါလိုက်သည်၊ “ကိုယ် သီချင်း မဆိုတတ်ဘူး။”
“ကောင်းပါပြီ” ကျီကျောက်က
စိတ်ပျက်လက်ပျက် ပခုံးတွန့်လိုက်သည်။
“မင်း ကိုယ် သီချင်းဆိုပြတာကို
ကြားချင်လို့လား။”
“အင်း” ကျီကျောက်က အသာအယာ
ခေါင်းညိတ်လိုက်သည်။
ရှန်းယောင်က ရှက်ကိုးရှက်ကန်းဖြင့်
မျက်မှောင်ကြုတ်လိုက်မိသည်။ သူ ဂီတကို တကယ် မကျွမ်းကျင်ပေ။
သူ ခဏလောက် စဉ်းစားပြီး
မြေပြင်ပေါ်မှ သစ်ရွက် တစ်ရွက်ကို ကောက်ယူလိုက်သည်။ သူက ထိုသစ်ရွက်ကို
သေချာသန့်ရှင်းကာ သူ့နှုတ်ခမ်းနား ကပ်လိုက်သည်။
စည်းချက်ကျသော အသံသည်
သူ့နှုတ်ခမ်းမှ တဖြည်းဖြည်း စီးဆင်းလာခဲ့သည်။
မသိလိုက်ဘဲ ကျီကျောက်တစ်ယောက်
ယစ်မူးသွားခဲ့သည်။
“ဒါက ဂီတအကြောင်း သိပ်မသိဘူးလို့
ဆိုလိုတာလား” ကျီကျောက်က ကူကယ်ရာမဲ့စွာ လက်မြှောက်ပြီး သူမ၏ နဖူးကို
ထိကိုင်လိုက်သည်၊ “ရှန်းယောင် ရှင် အရမ်းနှိမ့်ချတတ်လွန်းတာ မဟုတ်ဘူးလား။”
“ကိုယ် သီချင်း
တော်တော်များများကို မသိဘူး” ရှန်းယောင်က တည်ငြိမ်စွာ ပြုံးပြီး စကားဆိုသည်၊ “မင်း
အခု သီချင်းကို ကြိုက်လား။”
“အရမ်းနားထောင်လို့ကောင်းတယ်”
ကျီကျောက်က ရိုးသားသောအပြုံးနဲ့ ပြန်ဖြေသည်။
ရှန်းယောင်က စိတ်ကျေနပ်စွာ
ပြုံးပြီး နောင်မှာ သီချင်းတွေ များများ ထပ်လေ့လာဖို့ သူ့စိတ်ထဲ တိတ်တဆိတ်
ဆုံးဖြတ်ချက် ချလိုက်သည်။
မသိလိုက်ဘဲ သူတို့နှစ်ယောက်သား
လမ်းလျှောက်နေရင်း မြေကမ္ဘာဘုရားကျောင်းအနားသို့ ရောက်လာခဲ့သည်။
ကျီကျောက်က ချက်ချင်းဆိုသလိုပင်
ဘုရားကျောင်းထဲ ဝင်သွားကာ အရိုအသေ ပေးခဲ့သည်။ သူမသည် ကန်တော့ပုလ္လင်ပေါ်ရှိ
အမွှေးတိုင်တစ်ချောင်းကို ကောက်ယူကာ မီးညှိပြီး အမွှေးတိုင်အိုးထဲ ထည့်စိုက်ကာ
ရိုသေစွာ ဒူးထောက်ဖူးမြော်ကန်တော့ခဲ့သည်။
“မြေကမ္ဘာဘုရား တပည့်တော်မ
ကျီကျောက် အရှင်ဘုရားကို ဖူးမြော်ဖို့ ရောက်လာပါတယ်ဘုရား။”
ကျီကျောက်သည် ဒီတစ်လျှောက်လုံး
ငွေစုနေခဲ့ပါသည်။ သူမ ငွေအလုံအလောက် စုဆောင်းရရှိတာနဲ့ မြေကမ္ဘာဘုရားရုပ်ထုကို
ပြန်လည်သွန်းလုပ်လိုပါသည်။
“အာ့ထောင် နောက်ကျနေပြီ။ ကိုယ်တို့
ပြန်ကြရအောင်” ရှန်းယောင်က တစ်နာရီလောက်ကြာတော့ တိုးတိုးလေး ပြောလိုက်သည်။
သို့ရာတွင် ကန်တော့အခင်းပေါ်တွင်
ဒူးထောက်နေသော ကျီကျောက်သည် သူ့အသံကို ကြားပုံမရဘဲ အဲဒီအစား သူမ၏ မျက်ဝန်းတွေကို
တင်းတင်းကြပ်ကြပ် စေ့ပိတ်ထားသည်…
ဖယောင်းတိုင်
မီးမှိန်မှိန်အောက်တွင် ကျီကျောက်၏ မျက်နှာပေါ်မှာ ချွေးအလွှာတစ်ထပ်
ဖုံးအုပ်ထားတာကို မြင်တွေ့လိုက်ရသည်။
“အာ့ထောင် မင်း အဆင်ပြေလား”
ရှန်းယောင်၏ နှလုံးသား နစ်မြုပ်သွားသည်။ သူက ကျီကျောက်ကို မြေကြီးပေါ်ကနေ
ထူပေးဖို့လုပ်တော့ သူမ အလေးချိန်က သူတို့နှစ်ယောက်လုံးကိုပါ
လဲကျသွားစေနိုင်ကြောင်း သတိပြုမိလိုက်သည်။
ရှန်းယောင်က သူမကို
ကူညီထူမပေးချင်သော်လည်း ကျီကျောက်ရဲ့ တစ်ကိုယ်လုံးက အေးခဲနေပုံရပြီး လုံးဝ
မလှုပ်ရှားနိုင်ပုံပင်။
ထိုအချိန်တွင် ကျီကျောက်သည်
မည်းမှောင်သော စုပ်ဝဲတစ်ခုထဲ ဆွဲသွင်းခံလိုက်ပုံရသည်။
လှိုင်းလုံးကြီးများ ဖြစ်ပေါ်လာသော
စုပ်ဝဲအတွင်းတွင် သူမသည် လှုပ်ရှားနိုင်ဖို့နေနေသာသာ အသံပင် မထွက်နိုင်ပေ။
သူမ အဖြေကို စဉ်းစားမရ
ဖြစ်နေချိန်တွင် ရင်းနှီးကျွမ်းဝင်သော မျက်နှာ တစ်ခု သူမ ရှေ့မှာ ရုတ်တရက်
ပေါ်လာခဲ့သည်။
အဖေလား။
ရှန်းတာ့ရှန်တစ်ယောက် စုပ်ဝဲထဲသို့
တစ်ကိုယ်လုံး လုံးဝ ကျရောက်နေသည်ကို တွေ့လိုက်ရသည်။ သူ့မျက်နှာက အားနည်း
ဖြူဖျော့နေပြီး သွေးမရှိတဲ့ပုံပင်။
ကျီကျောက်က သူ့ကို ကယ်တင်ဖို့
အကောင်းဆုံး ကြိုးစားခဲ့ပေမယ့် သူမကိုယ်တိုင်ကပင် မြစ်ကို ဖြတ်ကူးတဲ့
ရွှံ့စေးဗုဒ္ဓ ဖြစ်နေပြီမို့ သူမကိုယ်သူမတောင် ကယ်တင်နိုင်စွမ်း မရှိပါဘူး။
ရေတွေက သူမ၏ ဒွာရခုနစ်ပေါက်ထဲသို့
စိမ့်ဝင်သွားပြီး ထိုဖိအားက သူမကို အသက်ရှုကြပ်စေသည်။
အချိန်ဘယ်လောက်ကြာသွားလဲ မသိပေမယ့်
ကျီကျောက်သည် နာကျင်စွာ အော်ဟစ်ငိုကြွေးသံတို့ကို ရုတ်တရက် ကြားလိုက်ရသည်။
အမေနှင့် မရီးနှစ်ယောက်တို့သည်
တစ်ယောက်နှင့် တစ်ယောက် ပွေ့ဖက်ပြီး အသက်ရှုရပ်မတတ် ငိုကြွေးနေကြသည်။
အစ်ကိုကြီး၊ ဒုတိယအစ်ကိုနှင့်
ရှန်းယောင်တို့သည်လည်း လျှော်ဖြူအဝတ်ကို ဝတ်ဆင်ကာ အသစ်စက်စက် အုတ်ဂူရှေ့တွင်
ဒူးထောက်ကာ ဝမ်းနည်းပူဆွေးနေကြသည်။
အုတ်ဂူရဲ့ ရှေ့တွင်
ကမ္ဗည်းတိုင်တစ်ခုရှိကာ ကမ္ဗည်းတိုင်ပေါ်တွင် ရှန့်တာ့ရှန်ဟု ရေးထွင်းထားပါသည်။
ကျီကျောက်တစ်ယောက်
ဒါကိုမြင်တော့ ရင်ဆို့သွားကာ မသိလိုက်ဘဲ မျက်ရည်များ ကျလာခဲ့သည်။