အခန်း (၈၉) – နည်းနည်းထူးဆန်းနေတယ်
တီကောင်ကို စိတ်ဝင်တစား တူးနေတဲ့
ရှန်းတာ့ရှန်ဟာ ရုတ်တရက် ကျီကျောက်ရဲ့ အသံကျယ်ကျယ်နဲ့ ပြောလိုက်တာကို ကြားပြီး
ထိတ်လန့်သွားခဲ့သည်။ သူ တူးထားတဲ့ တီကောင်တွေလည်း အောက်ကို ပြုတ်ကျသွားခဲ့သည်။
“အာ့ထောင် မင်း ဘာဖြစ်တာလဲ”
ရှန်းတာ့ရှန် မပျော်ရွှင်စွာ မျက်မှောင်ကြုတ်ပြီး အသံနက်ကြီးဖြင့် မေးလိုက်သည်။
“အဖေ၊ ကျွန်မ…” ကျီကျောက်က သူမ၏
လျှာဖျားလေးကို အမြန်ကိုက်လိုက်သည်။ သူမ နာကျင်လွန်းသဖြင့် လေအေးတစ်ရှိုက်
ရှုရှိုက်မိသည်။ သူမ၏ မျက်ဝန်းထဲ မျက်ရည်တွေ ပြည့်လျှမ်းလာပြီး မြေပေါ်
လဲကျလုနီးပါး တုန်တုန်ယင်ယင် ဖြစ်သွားခဲ့သည်။
အကယ်၍ ရှန်းယောင်သာ အချိန်မီ
ရောက်လာပြီး သူမကို မဖမ်းပေးဘူးဆိုရင် သူမ သေချာပေါက် မြေပေါ် လဲကျသွားလိမ့်မည်။
“ဒါက… ဘာဖြစ်နေတာလဲ” ရှန်းတာ့ရှန်က
ခေါင်းကုတ်ပြီး စိတ်ရှုပ်ထွေးနေပုံရသည်။
“ရှန်းယောင် ကျွန်မ ရုတ်တရက်ကြီး
သိပ်အဆင်မပြေသလို ခံစားရတယ်…” ကျီကျောက်က အကြံတစ်ခုရပြီး ရှန်းယောင်ရဲ့
အင်္ကျီစကို လက်နှစ်ဖက်ဖြင့် တင်းတင်း ဆုပ်ကိုင်ကာ တမင်တကာ
အသက်ရှုမဝချင်ယောင်ဆောင်လိုက်သည်။
“ကိုယ်တို့ အခုပဲ သမားတော်ဆီ
သွားပြဖို့ ခရိုင်မြို့ဆီ သွားရအောင်။”
“အဖေရော… အဖေရော ကျွန်မတို့နဲ့အတူ
လိုက်လာနိုင်မလား။ ကျွန်မတို့ကို စောင့်ရှောက်ပေးနိုင်တာပေါ့” ယိမ်းခါနေသော
ကျီကျောက်သည် အံ့ဩနေသော ရှန်းတာ့ရှန်ကို ကြည့်ကာ တိုးတိုးလေး မေးလိုက်သည်။
“ဒါပေမယ့် ငါ အစ်ကိုတာ့ကျွမ်းနဲ့
ရှားကျီးရွာကို ငါးမျှားသွားဖို့ ချိန်းထားတာ ရှိတယ်” ရှန်းတာ့ရှန်က
ရှက်ကိုးရှက်ကန်း ပြောသည်။
“ဘာကို ငါးသွားမျှားမယ်
ပြောနေတာလဲ” ကျောက်လန်ဟွာက သူတို့ဆီ အမြန်လျှောက်လာပြီး သူ့ကို
အခြားစကားတစ်ခွန်းမှ ပြောခွင့် မပေးချေ၊ “ရှင် အာ့ထောင်ရဲ့ မျက်နှာက ဘယ်လောက်တောင်
အရုပ်ဆိုးနေလဲဆိုတာကို တစ်ချက်ကြည့်ဦး။ သူမ ဘယ်လောက်တောင် နာကျင်နေလိုက်သဘဲ။
အခုချက်ချင်း ရွာဝင်ပေါက်ကိုသွားပြီး နွားလှည်း တစ်စီးလောက် သွားငှားချေ။
စောစောသွား စောစောပြန်လာခဲ့။”
အဆုံး၌ ရှန်းသားအဖ နှစ်ယောက်စလုံး
ကျီကျောက်နှင့်အတူ ခရိုင်မြို့ပေါ်သို့ လိုက်ပါလာခဲ့သည်။
စီရမ်ဆေးကုသဆောင်။
ကျီကျောက်၏ သွေးခုန်နှုန်းကို
စစ်ဆေးနေသော သမားတော်သည် တစ်ခါတစ်ရံ မျက်မှောင်ကြုတ်ပြီး တစ်ခါတစ်ရံ
သက်ပြင်းချက်ကာ သူ့မျက်နှာသည် မှင်ကဲ့သို့ မည်းမှောင်နေသည်။
ဘေးမှာ ရပ်နေတဲ့ ရှန်းယောင်က
ပုရွက်ဆိတ်တစ်ကောင် မီးမြိုက်ခံရသလိုမျိုး လှုပ်လှုပ်ရွရွ ဖြစ်နေကာ
စိုးရိမ်ပူပန်နေသည်။
“သမားတော် ကျွန်တော့်ချွေးမလေးက
ဘာဖြစ်တာလဲ။ သူမ အဆင်ပြေရဲ့လား” ရှန်းတာ့ရှန်က အေးအေးဆေးဆေး ပြောပြခဲ့သည်၊
“သိပ်မကြာခင်တုန်းက ဒီကလေးမလေး ဦးခေါင်းမှာ ဒဏ်ရာရခဲ့သေးတယ်။ သူမ အခု
ခေါင်းကိုက်ဝေဒနာ ကျန်နေသေးတာလား။ သူမ အရင်လို သိပ်မကောင်းသေးဘူးလား။”
“မဟုတ်ဘူး” ကျီကျောက်ရဲ့
သွေးခုန်နှုန်းကို စမ်းသပ်နေတဲ့ သမားတော်က သူ့လက်ကို ပြန်ရုတ်သိမ်းလိုက်ပြီး
သူ့မျက်လုံးတွေက စူးရှနေသည်၊ “ဒီမိန်းကလေးရဲ့ သွေးခုန်နှုန်းက တည်ငြိမ်ပါတယ်။
သူမရဲ့ ခန္ဓာကိုယ်က အဆင်ပြေနေတယ်လို့ ကျွန်တော် ထင်တယ်။”
“ဒါဆို သူမ ဘာဖြစ်လို့
ခေါင်းကိုက်နေသေးတာလဲ။”
သမားတော်က ခေါင်းခါလိုက်သည်၊
“ကျွန်တော် ဆေးပညာကို လေ့လာနေတာ ဆယ်စုနှစ်ချီနေပြီ ဒါပေမယ့် ဒီလို
ရောဂါအခြေအနေမျိုးကို တစ်ခါမှ မတွေ့ဖူးဘူး။ သွေးခုန်နှုန်းက ပုံမှန်ဆိုပေမယ့် သူမ
ခေါင်းကိုက်နေသေးတယ်လား။”
“ကျွန်မ…
ခေါင်းသိပ်မကိုက်တော့ဘူးလို့ထင်တယ်။”
သူမ၏ အလိမ်အညာက မြင်သာလုမတတ်
ထွက်ပေါ်လာခဲ့သည်။ ကျီကျောက်က အပြစ်ရှိစွာ ပခုံးတွန့်ပြီး အားတင်းပြုံးလိုက်သည်၊
“တကယ် သိပ်မနာတော့ဘူး။”
“အာ့ထောင် မင်းတကယ်အဆင်ပြေရဲ့လား”
ရှန်းယောင်က စိုးရိမ်စိတ်ဖြင့် မေးမြန်းလိုက်ကာ သူ့မျက်ဝန်းနက်ထဲတွင်း
စိုးရိမ်မှုများ ပြည့်နှက်နေသည်။
ကျီကျောက်က နာခံမှုရှိစွာ
ခေါင်းခါလိုက်သည်၊ “တကယ်ကို သိပ်မနာတော့ဘူး၊ ဒါပေမယ့် ကျွန်မ အခု
ဗိုက်နည်းနည်းဆာတယ်။”
“ဒါဆို ငါတို့သုံးယောက်
အိမ်ပြန်ရအောင်” ရှန်းတာ့ရှန်က ကျီကျောက်ရဲ့ မျက်နှာကို သေသေချာချာ
စစ်ဆေးကြည့်ပြီး သူမ နေကောင်းကြောင်း အတည်ပြုပြီးနောက် သက်ပြင်းချလိုက်သည်၊
“တကယ်လို့ ငါတို့ အခုမြန်မြန်ပြန်သွားမယ်ဆိုရင် ငါ အစ်ကိုတာ့ကျွမ်းကို သွားရှာဖို့
အချိန်ရသေးတယ်။ ငါတို့ ဒီည သေချာပေါက် ငါးစွပ်ပြုတ် ချက်စားလို့ ရလိမ့်မယ်။”
“အဖေ ကျွန်မ လမ်းဆုံက
ကြက်စွပ်ပြုတ် စားချင်တယ်” ကျီကျောက်က အလျင်စလို တောင်းဆိုလိုက်သည်၊ “ကျွန်မ
အဲ့တာကို တကယ်စားချင်တယ်။ အဖေ သမီးတို့နဲ့အတူ လိုက်ခဲ့ပေးပါလား။”
ရှန်းတာ့ရှန်သည်
အလွန်ကူကယ်ရာမဲ့သွားသော်လည်း အပြင်မထွက်ခင် ကျောက်လန်ဟွာ၏ အထပ်ထပ် အခါခါ
သတိပေးချက်များကို ပြန်တွေးမိကာ ခေါင်းညိတ်ပြရုံမှတပါး အခြားရွေးချယ်စရာမရှိပေ။
တစ်နာရီကြာပြီးနောက် သူတို့
သုံးယောက်ရှေ့မှာ မွှေးကြိုင်သော ကြက်သားဖက်ထုပ်စွပ်ပြုတ် တစ်ပွဲဆီ
ရောက်ရှိလာခဲ့သည်။
ကျီကျောက်သည် ဖက်ထုပ်ကို တစ်ကိုက်
ကိုက်လိုက်သည်နှင့် ဖက်ထုပ်ထဲမှ စွပ်ပြုတ်ရည် ပူပူနွေးနွေးသည် သူမ၏ လျှာဖျားကို
အပူလောင်သွားစေကာ မျက်ရည်ကျလုမတတ် နာကျင်သွားစေသည်။
“အာ့ထောင် မင်းအဆင်ပြေရဲ့လား”
ရှန်းယောင်ကလည်း ကျီကျောက် ဒီနေ့ နည်းနည်း ထူးဆန်းနေတာကို သတိပြုမိလိုက်သည်။
“ဟင့်အင်း
ကျွန်မ ဘာမှမဖြစ်ပါဘူး” ကျီကျောက်က လက်ခါပြပြီး အပြုံးဖြင့် ရှင်းပြသည်၊ “ဒါက ပူလို့ပါ။”