Ch 93
Viewers 12k

အခန်း (၉၃) – သူက ဒါကိုတောင် ခန့်မှန်းမိတယ်ပေါ့

 

“ဘာကို ဘာကြောင့်လဲလို့ ဆိုတာလဲ” ကျီကျောက်က စိတ်ရှုပ်ထွေးစွာ မျက်တောင် တဖျပ်ဖျပ် ခတ်လိုက်သည်။

 

“အာ့ထောင် မင်း ဒီနေ့ အရမ်းထူးဆန်းနေတယ်” ရှန်းယောင်က သူမရဲ့ အမူအရာကို စူးစူးစိုက်စိုက် ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်၊ “မနေ့ညက မြေကမ္ဘာဘုရားကျောင်းမှာ မင်း ရုတ်တရက် နေမကောင်းဖြစ်သွားတယ်။ အဲ့ကိစ္စက အဖေနဲ့ ပတ်သက်နေတာလား။”

 

ကျီကျောက်ရဲ့ မျက်လုံးတွေက အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားသည်။ အနာဂတ် အမတ်ချုပ်ကြီးလို့ဆိုတဲ့အတိုင်း သူက ဒါကို ခန့်မှန်းနိုင်တယ်လား။

“ကျွန်မ… ရှင် ဘာကို ပြောချင်တာလဲ ဆိုတာကို ကျွန်မ နားမလည်ဘူး” ကျီကျောက်က စိတ်လှုပ်ရှားစွာ တံတွေးမျိုချမိသည်၊ “ကျွန်မ မီးဖိုချောင်ထဲ သွားပြီး အမေ့ကို ကူလုပ်ပေးစရာ ရှိမလားလို့ သွားကြည့်လိုက်ဦးမယ်…”

 

ဘန်း…။

 

ရှန်းယောင်သည် သူမ ရှေ့သို့ ဖျတ်ခနဲ ရောက်လာပြီး တံခါးကိုပင် ပိတ်ပစ်လိုက်သည်။

 

ကျီကျောက်သည် ပိုလို့တောင် စိတ်လှုပ်ရှားသွားကာ သူမ၏ စကားလုံးတွေပင် ထစ်ငေါ့သွားခဲ့သည်…

 

“ရှင်… ရှင် ဘာလုပ်ချင်နေတာလဲ။”

 

“အာ့ထောင် မင်း အဖေ ဒီမနက် ရှားကျီးရွာကို ငါးသွားမျှားမယ်လို့ ပြောတာကို မင်း ကြားကတည်းက မင်းလုပ်ရပ်တွေ အထူးအဆန်းဖြစ်နေတယ်” ရှန်းယောင်က ဒီနေ့ သူမရဲ့ ထူးဆန်းနေသည့် အချက်တွေကို အေးအေးဆေးဆေး ထောက်ပြပြောဆိုလိုက်သည်၊ “မင်း ဘာဖြစ်လို့ ဒီကိစ္စကို အရမ်းဂရုစိုက်နေရတာလဲ။”

 

“ကျွန်မ…” ကျီကျောက်သည် ဒါကို ရှင်းမပြဝံ့ပေ။ အဆုံး၌ ဖွင့်ပြောမယ်လုပ်လိုက်တိုင်း သူမရဲ့ လည်ပင်းကို အညှစ်ခံရသလို ခံစားရကာ အသက်ရှုကြပ်လွန်းသည်။

 

“အစ်ကိုရှန်း ခင်ဗျား အိမ်မှာ ရှိလား” ထိုအချိန်တွင် ရှန်းမိသားစု၏ ခြံတံခါးအပြင်ဘက်တွင် အမျိုးသားတစ်ယောက်၏ စိုးရိမ်ပူပန်နေသော အသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။

 

“အစ်ကိုတာ့ကျွမ်းလား” ရှန်းတာ့ရှန်သည် ပင်မခန်းထဲမှ အမြန်ထွက်သွားပြီး အပြုံးနဲ့ မေးလိုက်သည်၊ “မင်း ဒီနေ့ ငါးဘယ်နှကောင်ဖမ်းမိခဲ့လဲ။”

 

“ရှားကျီးရွာမှာ လူတစ်ယောက် ရေနစ်သေသွားတယ်။ ငါ ငါးသွားမျှားဖို့ စိတ်ကူးရှိပါ့တော့မလား။”

 

ရှန်းမိသားစုအိမ်ခြံဝင်းထဲကို လမ်းလျှောက်ဝင်လာတဲ့ ရှန်းတာ့ကျွမ်းက ကြောက်ရွံ့စိတ်များ စွဲကျန်နေသေးသည်၊ “ကံကောင်းထောက်မလို့ကွာ၊ မင်း ဒီနေ့ မသွားဖြစ်ခဲ့တာ ကံကောင်းသွားတယ်။ ဒီမြင်ကွင်းက ဘယ်လောက်ထိ ကြောက်စရာကောင်းလဲဆိုတာ မင်း မသိဘူး။ ငါတို့ အတူ ငါးမျှားနေကျနေရာမှာ အဲ့လူက ရေညှိဖုံးနေတဲ့ ကျောက်တုံးကို နင်းမိပြီး ရေထဲကို ချော်ကျသွားပြီး အချိန်အတော်ကြာ ရုန်းကန်နေခဲ့တာ။ ကမ်းပေါ်က လူတွေက သူ့ကို ကယ်ဆယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် နောက်ဆုံးတော့ အဲဒီလူက ရေထဲမှာ ကြွက်တက်ပြီး ရေနစ်သေသွားတယ်။”

 

“သူက ရှားကျီးရွာက လူအိုကြီးတစ်ယောက်လို့ ငါကြားခဲ့တယ်။ လွန်ခဲ့တဲ့ ရက်အနည်းငယ်ကမှ သူ့ရဲ့ အသက်ခြောက်ဆယ်ပြည့်မွေးနေ့ကို ကျင်းပခဲ့တာ…”

 

ရှန်းတာ့ကျွမ်း၏ အသံက နက်နဲပြီး ကျယ်လောင်သည်။

 

သူတို့နှင့် တံခါးတစ်ချပ် ခြားထားသော်လည်း ရှန်းယောင်ဟာ ထိုစကားများကို ရှင်းရှင်းလင်းလင်း ကြားနိုင်နေဆဲပင်။

 

အကြောင်းတရားနှင့် အကျိုးတရားကို သေချာစဉ်းစားကြည့်ပြီးနောက် ရှန်းယောင်သည် ခေါင်းငုံ့ကာ ကြောက်လန့်တကြားဖြင့် သူ့ရှေ့တွင် ရပ်နေသော ကျီကျောက်ကို ကြည့်လိုက်မိသည်။ သူက မျက်မှောင်ကြုတ်လိုက်သည်၊ “ဦးလေးကျွမ်းပြောတဲ့ အကြောင်းကြောင့်လား။ တကယ်လို့ ကိုယ်ထင်တာ မမှားရင် မင်း အဖေ့ကို ငါးမျှားမသွားဖို့ တားမြစ်ခဲ့တာက ဒီနေ့ ရှားကျီးရွာမှာ တစ်ခုခု ဖြစ်ပျက်မှာကို မင်းကြိုသိနေလို့လား။ အဲဒီမတော်တဆမှု ဖြစ်မယ့်သူက အဖေ ဖြစ်နိုင်ခြေ ရှိတာမလား။”

 

“ကျွန်မ နည်းနည်းဗိုက်ဆာနေပြီ” ကျီကျောက်က သူ့မေးခွန်းကို ပြန်မဖြေဘဲ သူ့ကို ပတ်လျှောက်သွားသည်၊ “ကျွန်မ မီးဖိုချောင်ထဲသွားပြီး အရသာရှိတာလေး ရှိ မရှိ သွားကြည့်လိုက်ဦးမယ် မဟုတ်ရင် ကျွန်မ ထပ်မေ့လဲနေပြန်ဦးမယ်…”

 

ရှန်းယောက်ကဲ့သို့ ထက်မြက်သော လူမျိုးသည် ကျီကျောက် ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကို နားမလည်ဘဲ ဘယ်နေပါ့မလဲ။

 

သူမက အနာဂတ်ကို အမှန်တကယ် ကြိုမြင်နိုင်သည်။

 

ဒီနေ့ ရှားကျီးရွာမှာ ငါးသွားမျှားမယ့် အဖေ့ကို သူမ မတားမြစ်ခဲ့ဘူးဆိုရင် ဒုက္ခရောက်မယ့်သူဟာ ဘယ်သူများလဲ…

 

ရှန်းယောင်သည် ထိုကိစ္စကို ဆက်မတွေးဝံ့ပေ။

 

မီးဖိုချောင်ထဲမှာ စိတ်အေးချမ်းပြီး ပျော်ရွှင်နေတဲ့ ကျောက်လန်ဟွာက ကြက်ဥခေါက်ရင်း ကျေးလက်တေးသွားတစ်ခုကို ဆိုညည်းနေပါသည်။

 

ကျီကျောက်တစ်ယောက် မီးဖိုချောင်ထဲကို ဝင်လာတော့ သူမက အကြောင်းရင်းသိစွာ ပြုံးလိုက်မိပါသည်။

 

“အမေ ကျွန်မ ဘာကူလုပ်ပေးစရာ ရှိလဲ။”

 

“အာ့ထောင် နင် ဘာဖြစ်လို့ သွားပြီး အနားမယူတာလဲ” ကျောက်လန်ဟွာက လှည့်ကြည့်ကာ တောက်တောက်ပပ ပြုံးလိုက်သည်။၊ “မြန်မြန်သွား အနားယူချေ။ မီးဖိုချောင်ထဲမှာ အမေ ရှိပါတယ်။ နင်တို့တွေ ခဏနေကျရင် အရသာရှိတဲ့ အစားအစာတွေ စားရလိမ့်မယ်။”

 

တစ်နာရီကြာပြီးနောက်တွင် မွှေးကြိုင်ပြီး အဆီဖြိုးသော ဝက်သားနီချက်ပန်းကန်ကို ပင်မခန်းရှိ စားပွဲဆီသို့ ယူဆောင်လာခဲ့သည်။ ထို့အပြင် ကျောက်လန်ဟွာသည် ကြက်သွန်မြိတ် ကြက်ဥစွပ်ပြုတ်၊ ချဉ်ချဉ်စပ်စပ် သခွားသီးသုတ်၊ ဟင်းသီးဟင်းရွက်ကြော် တစ်ခွက်နှင့် ငါးခြောက်အစပ်ကြော် တစ်ပန်းကန်တို့ကိုပါ သယ်လာခဲ့သည်။

 

“ညီမလန်ဟွာ နင်တို့ နေ့လည်စာက အရမ်းလွန်ကဲမနေဘူးလား” ရှန်းတာ့ကျွမ်းက အခု အလည်လာရင်း ကြက်ဥ ခြောက်လုံး ယူလာပေးသည်။ အခု ဒီလို ကြွယ်ဝတဲ့ နေ့လည်စာကို မြင်ပြီး သူ နည်းနည်းတော့ ရှက်သွားတယ်။

 

“အစ်ကိုတာ့ကျွမ်း ခဏနေကျရင် ကျွန်မအဖိုးကြီးနဲ့ သေရည် နည်းနည်းလောက် သောက်သွားပါဦး။ ဒီနေ့ ကျွန်မတို့မိသားစုမှာ သတင်းကောင်းတစ်ခု ရှိလို့လေ။”

 

“သတင်းကောင်းလား။”