Ch 110
Viewers 12k

အခန်း (၁၁၀) - တောင်းပန်လက်ဆောင်

 

ကျီကျောက်သည် လွန်ခဲ့သော ရက်အနည်းငယ်က သူမ ကူးပြောင်းလာပြီးနောက် ခံစားခဲ့ရသည့် နစ်နာမှုအားလုံးကို ရှင်းထုတ်ပစ်ချင်သလို ငိုကြွေးချလိုက်သည်။

 

လူတိုင်း၏ စာနာမှုကို အသုံးချပြီး သူတို့ရဲ့ စိတ်နှလုံးသား ချိန်ခွင်လျှာသည် အားနည်းသူဟု သူတို့ ထင်သည့်ဘက်သို့ စောင်းသွားပါလိမ့်မည်။

 

လက်ရှိအခြေအနေအရ ဘယ်သူက ဆိုးရွားပြီး ဘယ်သူ သနားဖို့ကောင်းတယ်ဆိုတာ သိသာထင်ရှားပါသည်။

 

“ဒီမိန်းမယုတ်ရဲ့ အဓိပ္ပါယ်မရှိပြောနေတာတွေကို နားမထောင်နဲ့” အမျိုးသမီးရှဲ့သည် ဒေါသအရမ်းထွက်ပြီး တုန်ယင်နေသည်၊ “ဒီမိန်းမယုတ်က အဓိပ္ပါယ်မရှိတာတွေ လျှောက်ပြောနေတာပါ။ ကျွန်မ…”

 

“ဘာပြောချင်သေးလို့လဲ” ဖရဲသီးစားနေကြသည့် လူအုပ်ထဲမှာ မတရားမှုကို တိုက်ဖျက်ရတာကြိုက်တဲ့သူတစ်ယောက်က ဝင်ပြောလာခဲ့သည်၊ “အနားပတ်ဝန်ကျင်းက ရွာတိုင်း ရှင့်ရဲ့ နာမည်ဆိုးကို မသိတဲ့သူ ဘယ်သူရှိလဲ။ ရှင့်ယောကျာ်း သေသွားရုံပဲရှိသေးတယ်၊ ရှင် တခြားယောကျာ်းတစ်ယောက်ရဲ့ ရင်ခွင်ထဲ အမြန်ပြေးသွားခဲ့တာပဲ မဟုတ်လား။ ကျွတ်စ်… ကျွတ်စ်…”

 

“အဲ့တာ မဟုတ်လို့လား။ ဒီအဖွားကြီးက စန်းလန်ရဲ့ မိန်းမကိုတောင် ကျိန်ဆဲချင်နေသေးတယ်။”

 

“အရှက်မရှိလိုက်တာ”

 

“ဒီကျီအာ့ထောင်က အရမ်းသနားဖို့ကောင်းတာပဲ။ ဒီလိုရက်စက်ကြမ်းကြုတ်တဲ့ မွေးစားအဖွားလက်အောက်မှာ နေနေရတာ သနားစရာပဲ။”

 

“နင် သူမ အခု ပြောလိုက်တာတွေကို မကြားလိုက်ဘူးလား။ တကယ်တော့ အာ့ထောင် အရင်က လုပ်ခဲ့တဲ့ အရာတွေ အားလုံးက သူ့ရဲ့ ကောင်းမွန်လှတဲ့ အဖွားရဲ့ သွေးထိုးလှုံ့ဆော်မှုကြောင့်ပဲ။”

 

“သနားစရာ မိန်းကလေး”

 

“ဒီမိန်းကလေးရဲ့ ကံကြမ္မာက ကြမ်းတမ်းလွန်းပါတယ်ဟယ်။”

 

အနားတွင် ရပ်ပြီး ကြည့်ရှုနေကြသူများက ကျယ်လောင်စွာ ပြောဆိုနေကြသည်။

 

လူအများစုက ကျီကျောက်အပေါ် သနားကရုဏာစိတ်ဝင်ပြီး အမျိုးသမီးရဲ့ကို အရှက်ကင်းမဲ့မှုအပေါ် အပြစ်တင်နေကြသည်။

 

နောက်တော့ ရှန်းဟယ်ကျေးရွာမှ ရွာသားများသည် ရုန့်ရင်းကြမ်းတမ်းပြီး ကျီကျောက်ကို တိုက်ခိုက်လိုသော အမျိုးသမီးရှဲ့ကို သူတို့ကိုယ်တိုင်ကိုယ်ကျ နှင်ထုတ်ခဲ့ကြသည်။

 

“ရွာသားတွေ အကုန်လုံးကို ကျေးဇူးအများကြီးတင်ပါတယ်” ကျောက်လန်ဟွာသည် အိမ်ထဲကနေ ကိတ်မုန့်ပွနှင့် မြေပဲသကြားလုံးများ အိတ်လိုက် ဆွဲထုတ်လာပြီး ကျီကျောက်ဘက်ကနေ ရပ်တည်ပြီး ကူညီပေးခဲ့ကြသော ရွာသားများထံ ဝေငှပေးခဲ့သည်။

 

“အဒေါ်လန်ဟွာ ရှင် အရမ်းယဉ်ကျေးလွန်းနေပြီ။”

 

“ဒါ မဟုတ်လို့လား။ ပြောရရင် အကူအညီလိုတဲ့အခါကျ အိမ်နီးနားချင်းတွေလောက် အဝေးက ဆွေမျိုးတွေက မကောင်းဘူးလေ။ ကျွန်မတို့ ရှန်းဟယ်ရွာက ရွာသူရွာသားတွေ အတူတူ ပေါင်းစည်းလိုက်ရင် တခြားသူတွေက ကျွန်မတို့ကို သေချာပေါက် အနိုင်မကျင့်ဝံ့ဘူး။”

 

“အာ့ထောင် ငါ နင့်ကို အရင်က နားလည်မှုလွဲခဲ့တယ်။ နင့်နောက်ကွယ်မှာ နင့်အကြောင်း မကောင်းပြောခဲ့တယ်။ ငါ တကယ် တောင်းပန်ပါတယ်” ဒုတိယမရီးရှန်းနှင့် အမြဲတမ်း ဆက်ဆံရေးကောင်းတဲ့ ကျောက်ရှုဖန်က ကျီကျောက်ရှေ့ကို လျှောက်လာပြီး ရဲရဲဝင့်ဝင့် တောင်းပန်စကားဆိုခဲ့သည်။ သူမက အပြစ်ရှိစိတ်နဲ့ ခေါင်းတောင် ငိုက်စိုက်ကျနေခဲ့သည်၊ “နင် ဒီလောက် သနားဖို့ကောင်းလိမ့်မယ်လို့ ငါ တကယ် မမျှော်လင့်ထားခဲ့ဘူး…”

 

ရုတ်တရက် ကိုယ်ချင်းစာမှုကို လက်ခံရရှိလိုက်တဲ့ ကျီကျောက်တစ်ယောက် စိတ်ရှုပ်ထွေးသွားခဲ့သည်။

 

ရွာရှိ အိမ်ထောင်ရှင်အမျိုးသမီးတွေထံမှ တောင်းပန်လက်ဆောင်တွေကို လက်ခံရရှိသောအခါ သူမ ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

 

“အထည်အလိပ်၊ ဥတွေ၊ သကြားညိုတစ်ထုပ်နဲ့ ပိုးသားပန်းပွင့် နှစ်ပွင့်…” ဒုတိယမရီးရှန်းသည် ကျီကျောက်အား တောင်းပန်လက်ဆောင်များကို ကူဖောက်ပေးကာ အပြုံးနဲ့ စကားဆိုလိုက်သည်၊ “အာ့ထောင် နင် သကြားညိုနဲ့ ပေါင်းတဲ့ ကြက်ဥပေါင်းကို စားဖူးလား။ အဲ့တာက အရမ်းချိုတယ်။”

 

“အိုး၊ နင်ကတော့လေ…” ကျောက်လန်ဟွာက ဒုတိယမရီးရှန်းရဲ့ ခေါင်းကို အသာလေး ခေါက်လိုက်သည်၊ “နင်ကတော့လေ နင့်ခေါင်းထဲမှာ အမြဲတမ်း အစားအသောက်အကြောင်းပဲ တွေးနေတာအပြင် အခြား ဘာရှိသေးလဲ။”

 

“ကျွန်မယောကျာ်းအကြောင်းကိုလည်း တွေးတယ်လေ” ဒုတိယမရီးရှန်းသည် မသိစိတ်က ယောင်ဝါးဝါး ပြန်ဖြေခဲ့သည်။

 

“အရှက်မရှိလိုက်တာ” ကျောက်လန်ဟွာက ကူကယ်ရာမဲ့စွာ ပြုံးလိုက်သည်။

 

ဒါပေမယ့် သူမ၏ သားဖြစ်သူတို့လင်မယားကြားက ဆက်ဆံရေး ပိုကောင်းလေလေ သူမ ပိုပျော်လေလေပါပဲ။

 

“အမေ၊ ဒုတိယမရီး၊ လူတိုင်း ကျွန်မကို ဘာဖြစ်လို့ တောင်းပန်လက်ဆောင်တွေ အများကြီး ပေးတာလဲ” ကျီကျောက်သည် ခေါင်းကုတ်လိုက်ပြီး သူမ၏ မျက်ဝန်းထဲတွင် သိချင်စိတ် အရမ်းပြင်းပြနေပုံပင်။ “သူတို့တွေ ကျွန်မကို အပြစ်လုပ်ခဲ့တာမျိုး မမှတ်မိပါဘူး။”

 

“ဒါဆို နင့်ကို အရင်တုန်းက သူတို့ အပြစ်လုပ်ခဲ့တယ်လို့ ထင်တာပဲ” ဒုတိယမရီးရှန်းက ရွှင်မြူးစွာ မေးလိုက်သည်၊ “ဒါနဲ့ စကားမစပ် အာ့ထောင် နင် စန်းလန်ကို အခန်းထဲ ပြန်ပြောင်းခွင့်ပြုမယ်လို့ ငါကြားလိုက်ရတယ်။ နင်တို့ အိမ်ထောင်ရေး သိပ်မကြာခင် အထမြောက်တော့မယ်ပေါ့လေ။”

 

အဟွတ်… အဟွတ်… အဟွတ်။

 

ကျီကျောက်တစ်ယောက် အရမ်းစိတ်လှုပ်ရှားသွားပြီး တံတွေးတောင် သီးကုန်သည်။

 

“အာ့ထောင် အိမ်ထောင်ရေး အထမြောက်တော့မယ့်အကြောင်း ကြားလိုက်တာနဲ့ နင် ဘာဖြစ်လို့ အရမ်းစိတ်လှုပ်ရှားသွားတာလဲ” ဒုတိယမရီးရှန်းက သူမကို တံတောင်ဆစ်နဲ့ စသလိုနောက်သလို အသာလေး တွန်းကာ ကျီစယ်လိုက်သည်၊ “အကြီးဆုံးမရီးနဲ့ ငါ နှစ်ယောက်လုံး ကိုယ်ဝန်ရှိနေတာကို နင် မနာလိုလို့မလား။ နင်ရော ကလေးလိုချင်ပြီလား။”

 

“မဟုတ်… မဟုတ်ပါဘူး…”