Ch 134
Viewers 12k

အခန်း (၁၃၄) – မင်းသဘောအတိုင်းပါပဲ

 

သူမ ခေါင်းညိတ်တာကိုမြင်တော့ ရှန်းယောင်တစ်ယောက် အရမ်းစိတ်လှုပ်ရှားသွားသည်။

 

အစောပိုင်းက မြင်ကွင်းက သူ ကယောင်ချောက်ချားမြင်ယောင်နေတာ မဟုတ်မှန်း သိလိုက်ရသည်။

 

“အာ့ထောင်၊ ကိုယ်…” ရှန်းယောင်က သူမလက်ကို စိတ်လှုပ်ရှားစွာ ဆုပ်ကိုင်လိုက်ပြီး သူ့ခံစားချက်အစစ်အမှန်ကို ထုတ်ပြတော့မယ့်အချိန်မှာ တံခါးခေါက်သံ ကြားလိုက်ရသည်။

 

“ဂုဏ်ထူးဆောင်ဧည့်သည်တော်တို့ မင်းတို့အတွက် နေ့လည်စာ လာပို့ပါတယ်” တံခါးအပြင်ဖက်ရှိ စားပွဲထိုးက ရွှင်မြူးစွာ အော်လိုက်သည်။

 

ရှန်းယောင်က တံခါးကိုဖွင့်လိုက်ပြီး စားပွဲထိုးလက်ထဲက နေ့လည်စာ တင်ထားတဲ့ မဟော်ဂနီလင်ဗန်းကိုယူကာ “ကျေးဇူးပါ” ဟု ရှုံ့တွနေသောမျက်နှာဖြင့် ပြောလိုက်သည်။

 

စားပွဲထိုးလေးသည် အကြောင်းပြချက်မရှိ ကြက်သီးထသွားသလို ခံစားလိုက်ရသည်။

 

“မဟုတ်တာ… ရပါတယ်။ ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာပါ…”

 

ကျီကျောက်သည် ဒီမြင်ကွင်းကိုကြည့်ပြီး ရယ်ချင်စိတ်ကို မထိန်းချုပ်နိုင်တော့ဘူး။

 

စားသောက်ဆိုင်မှ ပို့ဆောင်လာသော နေ့လည်စာသည် အထူးကောင်းမွန်လှသည်။ မျောက်ဥနှင့် ချက်ထားသည့် ဘဲဥစွပ်ပြုတ်၊ ကြက်သွန်မြိတ်ကြော်နှင့် ကြာစွယ်ချဉ်စပ်ဟင်းတို့ ပါဝင်ကာ အလွန်လက်ရာမြောက်ပြီး အရသာရှိသည်။

 

“ရှန်းယောင် ရှင် စွပ်ပြုတ် တစ်ပန်ကန်းလောက် အရင်သောက်ချင်လား” ကျီကျောက်က မတ်တပ်ရပ်ပြီး သူ့အတွက် စွပ်ပြုတ် တစ်ပန်းကန် ထည့်ပေးဖို့ ပြင်လိုက်သည်။

 

“ကိုယ် ကိုယ်တိုင်ပဲ လုပ်လိုက်ပါ့မယ်။”

 

ရှန်းယောင်က အလျင်စလို မတ်တပ်ထရပ်ပြီး လက်လှမ်းလိုက်ကာ သူတို့၏ လက်များ အမှတ်မထင် ဆုပ်ကိုင်မိသွားခဲ့သည်။

 

ကျီကျောက်သည် သူမ၏ လက်ခုံပေါ် နွေးထွေးတဲ့ အလွှာတစ်ခုက ရုတ်တရက် ဖုံးလွှမ်းသွားတော့ မသိစိတ်ကနေ ခေါင်းမော့ကြည့်လိုက်တော့ နူးညံ့တဲ့ အကြည့်တွေနှင့် အမှတ်မထင် ဆုံတွေ့မိသွားပြီး စိုက်ကြည့်နေခဲ့မိသည်။

 

“ဒါဆို… ဒါဆို ရှင်ကိုယ်တိုင်ပဲ လုပ်လိုက်ပါ” ကျီကျောက်က အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့ပြီး သူမ၏ လက်ကို ဖယ်လိုက်ချင်သော်လည်း ရှန်းယောင်၏ ဆုပ်ကိုင်ထားမှုက အနည်းငယ် သန်မာနေကြောင်း သတိပြုမိလိုက်သည်။

 

သူမ မဖယ်ရှားနိုင်တော့ဘူး။

 

“အာ့ထောင် ကိုယ်လည်း မင်းကို သဘောကျတယ်လို့ပဲ ပြောချင်တယ်” ရှန်းယောင်က သူမလက်ကို ဆုပ်ကိုင်ထားပြီး သူမ၏ မျက်ဝန်းတွေထဲ စိုက်ကြည့်ကာ သူ့စကားလုံးတိုင်းကို လေးလေးနက်နက် ပြောလိုက်သည်။

 

“အင်း…” ကျီကျောက်က သူမမျက်နှာကို ရှက်ရွံ့စွာ ရှောင်ဖယ်လိုက်သော်လည်း သူမ၏ နှုတ်ခမ်းတွေကတော့ ရှင်းလင်းပြတ်သားစွာ ကွေးညွှတ်သွားခဲ့သည်။

 

သူတို့ တစ်ယောက်နဲ့ တစ်ယောက် ခံစားချက်တွေကို ထုတ်ဖော်ပြောဆိုပြီးနောက်မှာတော့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ကာ ပြုံးမိလိုက်ကြသည်။

 

မည်သည့် စကားလုံးမျှ ဖွင့်ဟပြောဆိုနေစရာ မလိုအပ်ချေ။

 

“နေ့လည်စာစားပြီးရင် အကြီးဆုံးအစ်ကိုတို့လင်မယားကို သွားတွေ့ကြရအောင်” ကျီကျောက်က သူမ၏ ပန်းကန်လုံးနှင့် ထမင်းစားတူများကို ချကာ အကြံပြုသည်၊ “ကျွန်မ အကြီးဆုံးမရီးနဲ့ သွားတွေ့ချင်တယ်။”

 

“ကောင်းပြီ” ရှန်းယောင်က ဝမ်းသာအားရ သဘောတူသည်၊ “မင်းသဘောအတိုင်းပါပဲ။”

 

ကျီကျောက်သည် ဒါကိုကြားတော့ သူမ၏ နှလုံးသားထဲတွင် ချိုမြိန်သော ခံစားချက်တစ်ခုကို ခံစားလိုက်ရသည်။

 

သူတို့နှစ်ယောက်သား နေ့လည်စာကို ပျော်ရွှင်စွာ စားသောက်ပြီးနောက် ရှန်းကျီအစာသွပ်မုန့်ဆိုင်သို့သွားရန် ပြင်ဆင်ခဲ့ကြသည်။

 

တည်းခိုခန်းမှ ထွက်လာပြီးနောက် ရှန်းယောင်သည် ကျီကျောက်၏ နံဘေးပုံရိပ်လေးကို တစ်ချက် လှမ်းကြည့်လိုက်သည်။ လေနုအေးတွေက သူမ၏ ဆံပင်ကို ဖြတ်တိုက်သွားပြီး သူမ၏ သိမ်မွေ့သော ပုံရိပ်လေးကို ပိုလို့တောင် ပျော့ပျောင်းသွားစေသည်။

 

ကျီကျောက်သည် သဘာဝအတိုင်း လှပပြီး နူးညံ့သော မိုးမခပင် မျက်ခုံးမွှေး၊ ဖြောင့်စင်းသော နှာတံ၊ ဖောင်းအိအိ ပါးပြင်လေးနှင့် ပန်းရောင်သန်းပြီး နူးညံ့သော နှုတ်ခမ်းပါးလေးတို့က လူအများကို သူမအား နမ်းရှိုက်ချင်စိတ် ဖြစ်ပေါ်လာစေသည်…

 

“ရှန်းယောင် ကျွန်မတို့ အထည်ဆိုင်ကို အရင်သွားကြည့်ကြရအောင်” ကျီကျောက်က ရုတ်တရက် ဘေးနားကို တစ်ချက်မော့ကြည့်လိုက်တော့ ရှန်းယောင်၏ ယစ်မူးနေတဲ့ အကြည့်တွေနှင့် ဆုံတွေ့သွားခဲ့သည်၊ “ရှင်… ရှင် ဘာဖြစ်လို့ ကျွန်မကို ဒီလိုကြည့်နေတာလဲ။”

 

“အာ့ထောင် မင်းက တကယ်လှတယ်” ရှန်းယောင်က သူမကို ရိုးရိုးသားသား ချီးကျူးလိုက်သည်။

 

“လျှာအရိုးမရှိ…” ကျီကျောက်က ရှက်ရှက်နဲ့ အဝေးသို့ အကြည့်လွှဲပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။

 

“ကိုယ်က လျှာအရိုးမရှိ လျှောက်ပြောနေတာ မဟုတ်ဘူး။ ကိုယ် အခုပြောတဲ့ စကားလုံးတိုင်းက ကိုယ့်နှလုံးသားထဲက အတိုင်းပါပဲ” ရှန်းယောင်က သူမကို ကြည့်ပြီး လေးလေးနက်နက် ပြောလိုက်သည်။

 

“အဟမ်း…” ကျီကျောက်က တိုးတိုးလေး ချောင်းဟန့်လိုက်သည်။ “ကျွန်မတို့ အထည်ဆိုင် သွားရအောင်။ အကြီးဆုံးမရီးဗိုက်ထဲက ကလေးအတွက် အထည် နှစ်ထည်လောက် ဝယ်ပေးချင်တယ်။”

 

“အင်း…”

 

ရှန်းယောင်က အသာအယာ ခေါင်းညိတ်လိုက်သည်။ သူ့ရဲ့ အင်္ကျီလက်ရှည်အောက်တွင် ဖုံးကွယ်နေသော သူ့လက်များကို စိတ်လှုပ်ရှားစွာ တင်းတင်းဆုပ်လိုက်မိသည်။ နောက်တော့ ရှန်းယောင်သည် သူ့သတ္တိများကို စုစည်းကာ ကျီကျောက်၏ လက်ကလေးကို မတော်တဆလိုလို လှမ်းကိုင်လိုက်သည်။

 

ကျီကျောက်သည် ရယ်ချင်စိတ်ကို ဖိနှိပ်ကာ သူ့ကို တောက်ပစွာ ပြုံးပြလိုက်သည်။

 

ရှန်းယောင် မတုံ့ပြန်နိုင်ခင် ကျီကျောက်က သူ့လက်ကို ဆွဲကိုင်ထားနှင့်ပြီးသားပင်။

 

“အထည်ဆိုင်ကို မြန်မြန်သွားရအောင်”

 

“အိုး… ကောင်းပြီ” ရှန်းယောင်က ယောင်ဝါးဝါး ခေါင်းညိတ်လိုက်ပြီး သူ့မျက်ဝန်းထဲရှိ အပြုံးရိပ်က ထင်ရှားနေသည်။

 

နေ့လည်ခင်း နေရောင်ခြည်သည် တောက်ပစွာ ထွန်းလင်းနေပြီး လေနုအေးများလည်း တိုက်ခတ်နေသည်။ လက်ချင်း ယှက်သွယ်ထားသော လူနှစ်ယောက်၏ မျက်နှာပေါ်တွင် အပြုံးပန်းများ ပွင့်လန်းနေခဲ့၏။