အခန်း
(၁၄၈) – တကယ်ချိုတယ်
ရှန်းယောင်၏
ရုတ်တရက် ချဉ်းကပ်မှုကို ရင်ဆိုင်လိုက်ရသည့် ကျီကျောက်သည် အလွန်ထိတ်လန့်သွားပြီး အသက်ရှုဖို့ကိုပင်
မေ့လျော့သွားခဲ့သည်…
ကျီကျောက်သည်
သူမ၏ နှလုံးခုန်သံကိုပင် သူမ ပြန်ကြားနေခဲ့လေ၏။
ရှန်းယောင်က
သူမအနားသို့ အရမ်းကပ်လာတာက သူ သူမကို နမ်းချင်နေလို့များလား။
တကယ်တော့
သူမသည်လည်း ဒါကို စောင့်မျှော်နေခဲ့သည့်ပုံပင်…
ကျီကျောက်သည်
မသိစိတ်က မျက်လုံးများကို မှေးမှိတ်ထားပြီး သူမ၏ ချယ်ရီရောင် နှုတ်ခမ်းပါးလေးကိုပင်
ညင်သာစွာ စူထားပေးခဲ့သည်…
သို့ရာတွင်
သူမ မျှော်လင့်ထားတဲ့ နူးညံ့မှုလေးက သူမ၏ နှုတ်ခမ်းပါးပေါ် အခြေမချခဲ့ပေ။
“အာ့ထောင်၊
မင်း လုပ်ချင်လား…”
“ဟင့်အင်း၊
ဟင့်အင်း။ ကျွန်မ ဘာမှ မတွေးဘူး။ ကျွန်မ ရှင့်ကို မနမ်းစေချင်ဘူး။ ကျွန်မ တကယ့်ကို
မနမ်းစေချင်ပါဘူး” တကယ်ကို ထိတ်လန့်သွားတဲ့ ကျီကျောက်က အမြန်နောက်ဆုတ်ပြီး သူမ၏ လက်တွေကို
ထပ်ခါထပ်ခါ ဝှေ့ယမ်းပြီး ငြင်းဆိုလိုက်သည်။
ရှန်းယောင်သည်
သူမ၏ အမူအရာကြောင့် သဘောကျသွားခဲ့သည်။
“အာ့ထောင်
ကိုယ် အခု မင်းကို မေးချင်တာရှိတယ်။ မင်း ဒီနို့ပူတင်းရဲ့ ချိုမြိန်မှုကို မြည်းစမ်းကြည့်စေချင်တာလား။”
ကျီကျောက်သည်
တွင်းတစ်တွင်း ပုန်းအောင်းလိုသည့် ဆန္ဒဖြင့် သူမ၏ နဖူးကို ရှက်ရွံ့စွာ ပွတ်သပ်လိုက်မိသည်။
အခု သူမ
တကယ်ကို မှားသွားခဲ့ပုံပင်။
“အင်း၊
ဟုတ်တယ်” ကျီကျောက်သည် ငိုတာထက် ပိုဆိုးတဲ့ အပြုံးမျိုးကို အတင်းဖျစ်ညှစ်ထုတ်ပြီး ပြုံးပြလိုက်သည်။
“မင်းရော
မြည်းစမ်းပြီးပြီလား” ရှန်းယောင်က နူးညံ့သော အပြုံးဖြင့် မေးသည်၊ “မင်းကိုယ်တိုင် ဒီနို့ပူတင်းကို
ပြုလုပ်ထားခဲ့တာ။ နို့ပူတင်းရဲ့ ချိုမြိန်မှုက သင့်တင့်ရဲ့လားဆိုတာကို မင်းသိချင်တယ်ဆိုရင်
မင်းကိုယ်တိုင်ရော မြည်းစမ်းကြည့်သင့်တယ်။”
“ဒါက…
အဓိပ္ပါယ်ရှိပုံရတယ်” ဒါကို ဂရုတစိုက်စဉ်းစားကြည့်လိုက်တော့ ရှန်းယောင်၏ စကားတွေက မှန်နေသည့်ပုံပင်။
“ဒါဆို
ကျွန်မကို မြည်းစမ်းကြည့်လိုက်ဦးမယ်” ကျီကျောက်သည် နို့ပူတင်း တစ်ဇွန်းကို သူမနှုတ်ခမ်းဆီသို့
အမြန်ယူဆောင်ခဲ့သည်။
ချိုမြိန်မှုက
အလယ်အလတ်အဆင့်ရှိပြီး နို့၏ မွှေးရနံ့က လေထုထဲ ပြည့်လျှံနေသဖြင့် စားသုံးသူ၏ ပါးစပ်ထဲတွင်
သူ့ရနံ့ကို စွဲမြဲစွာ ချန်ထားရစ်သည်။
“အချိူက
အနေတော်လောက်ပဲ” ကျီကျောက်သည် သူမကိုယ်သူမ မှတ်ချက်ပေးသည်။
“တကယ်လား”
ရှန်းယောင်က မျက်ခုံးပင့်လိုက်သည်၊ “ဒါဆို ကိုယ်လည်း မြည်းစမ်းကြည့်လိုက်ဦးမယ်။”
“ရော့…
ဒါကို မြည်းကြည့်” ကျီကျောက်က ပြုံးပြီး သူမလက်ထဲက ဇွန်းကို သူ့ကို ကမ်းပေးလိုက်သည်။
ရှန်းယောင်သည်
နူးညံ့သော အပြုံးဖြင့် သူမထံမှ ဇွန်းကိုယူကာ စဉ့်တီတုံးပေါ်တွင် တင်လိုက်သည်။ ထို့နောက်
သူသည် ရုတ်ခြည်းဆိုသလို သူမ၏ သေးသွယ်သော ခါးလေးကို သူ့အနား ဆွဲကပ်လိုက်သည်။ ကျီကျောက်တစ်ယောက်
မတုံ့ပြန်နိုင်ခင်မှာ သူမ၏ နှုတ်ခမ်းပေါ်သို့ နူးညံ့သိမ်မွေ့သော အထိအတွေ့တစ်ခု အခြေကျလာခဲ့သည်…
သူမ အနမ်းခံလိုက်ရတာလား။
ဒီအချိန်မှာ
ကျီကျောက်တစ်ယောက် အသိစိတ် ဗလာကျင်းသွားခဲ့သည်။
ရှန်းယောင်၏
လှုပ်ရှားမှုများသည် နူးညံ့သိမ်မွေ့ပြီး လူကို မရိုးမရွဖြစ်စေသည်။
ကျီကျောက်သည်
သူမ၏ မျက်ဝန်းထဲမှ ဉာဏ်များလိုမှုများကို ဖုံးကွယ်ရန် မျက်လွှာချလိုက်ပြီး သူမ၏ ပန်းနုရောင်လျှာလေးကို
ကျီစယ်သည့်သဘောဖြင့် ဆန့်ထုတ်လိုက်သည်…
ထိုအချိန်တွင်
ရှန်းယောင်သည် အလွန်အမင်း စိတ်လှုပ်ရှားသွားပြီး ဘာလုပ်ရမှန်းမသိ ဖြစ်သွားခဲ့သည်။
သို့ရာတွင်
သူ၏ ထိုးထွင်းသိမြင်မှုသည် အလွန်မြင့်မားသဖြင့် သူသည် လျင်မြန်စွာပင် လက်သင်မှ ဆရာအဆင့်
ဖြစ်သွားခဲ့သည်။
ခဏလောက်အကြာမှာတော့
ကျီကျောက်သည် အောက်ဆီဂျင် ကုန်ဆုံးသွားတော့မလို ခံစားလိုက်ရသည်။
“အစ်မအာ့ထောင်
နို့ပူတင်း ပြင်ဆင်ပြီးပြီလား” ဖုန့်ချွင်းယန်က ပြုံးပြီး မီးဖိုချောင်ထဲသို့ လှမ်းဝင်လာခဲ့သည်။
သူမသည် ရှက်သွေးဖြာစရာကောင်းသည့် မြင်ကွင်းကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးတွေကို
အလျင်စလို ဖုံးကွယ်လိုက်ပြီး တုန်ယင်နေသည့် အသံဖြင့် ပြောလိုက်သည်၊ “ညီမ ဘာမှ မမြင်လိုက်ဘူး။”
ထို့နောက်
သူမသည် မီးဖိုချောင်ထဲမှ အမြန်ပြေးထွက်သွားခဲ့သည်။
ကျီကျောက်၏
လက်များသည် ရှန်းယောင်၏ တောင့်တင်းသန်မာနေသော ရင်ဘတ်ကို မသိစိတ်က ဖိတွန်းထားကာ ကလူကျီစယ်လိုသည့်
အသံလေးဖြင့် “တော်လောက်ပြီ…” ဟု ပြောလိုက်သည်။
“အာ့ထောင်”
ရှန်းယောင်က သူ့ရင်ဘတ်ပေါ်မှာ မှီတွယ်နေသည့် သူမ၏ ခေါင်လေးကို ပွတ်သပ်ပြီး နူးညံ့သိမ်မွေ့စွာ
ပြုံးလိုက်သည်၊ “ဒါက တကယ်ချိုတယ်။”
ကျီကျောက်၏
ပါးပြင်တွေက ပိုလို့တောင် ပူနွေးလာခဲ့သည်။
တစ်ဖက်တွင်မူ
အကြီးဆုံးမရီးရှန်းသည် အထည်စပေါ်တွင် ပန်းထိုးနေသည်။ သူမသည် ခြေသံကိုကြားသောအခါ အပြုံးဖြင့်
လှမ်းကြည့်ပြီး မေးလိုက်သည်၊ “ချွင်းယန် အာ့ထောင် နို့ပူတင်း လုပ်ပြီးပြီလား။”
ဒါပေမယ့်
သူမရှေ့ရှိ လူက သူမကို ပြန်မဖြေခဲ့ဘူး။
“ချွင်းယန်…”
အကြီးဆုံးမရီးရှန်းသည် ဘာဖြစ်တာလဲဟု သိချင်စိတ်ပြင်းပြပြီး စိတ်ရှုပ်ထွေးစွာ ခေါင်းမော့ကြည့်လိုက်သည်။
“ဘာဖြစ်နေတာလဲ။ နင့်မျက်နှာက ဘာဖြစ်လို့ အရမ်းနီနေတာလဲ။”
“အစ်မ၊
ငါ…” ဖုန့်ချွင်းယန်သည် ဆေးဖက်ဝင် ရေနွေးကြမ်း တစ်ခွက်ကို တိတ်တဆိတ် မော့သောက်လိုက်ပြီးသည့်အခါမှ
အနည်းငယ် စိတ်ငြိမ်လာခဲ့သည်၊ “ဒီနေ့ အရမ်းပူနေတာကြောင့် ဖြစ်ပါလိမ့်မယ်။ နေရထိုင်ရတာ
အိုက်စပ်စပ်ကြီးနော်။”
“မနက်ဖြန်ကျရင်
နှင်းမှိုသစ်တော်သီးစွပ်ပြုတ်များများသောက်ဖို့ မမေ့နဲ့။ အဲ့တာက နင့်အဆုတ်ကို စိုစွတ်စေပြီး
အပူငြိမ်းစေတယ်။ ပြီးတော့ ကိုယ်တွင်းအပူကိုလည်း ငြိမ်းအေးစေတယ်။ ခရိုင်မြို့မှာ
ဆောင်းဦးရာသီဆို အမြဲတမ်း ဒီလိုမျိုး ဖြစ်နေကြပဲ။ ရာသီဥတုက အိုက်စပ်စပ်နဲ့ ပူတယ်” အကြီးဆုံးမရီးရှန်းက
ခပ်မြန်မြန် ညွှန်ကြားခဲ့သည်။
“ဟုတ်ကဲ့ပါ”
သို့ရာတွင် ဖုန့်ချွင်းယန်သည် မီးဖိုချောင်ထဲမှ လူနှစ်ယောက်က နှင်းမှိုသစ်တော်သီးစွပ်ပြုတ်
များများသောက်ဖို့ လိုအပ်နေပြီလို့ ခံစားလိုက်ရသည်။