Ch 161
Viewers 12k

အခန်း (၁၆၁) – ကိစ္စမရှိဘူး


ဝင်လာက နေမင်းကြီးသည် ဆေးကြောခံလိုက်ရပြီး ဆောင်းဦးမိုးသည် ရွှေရောင်ကန့်လန့်ကာဖြင့် လွှမ်းခြုံထားပုံရသည်။


ဝါးတောအထက်မှ မိုးကောင်ကင်ပေါ်တွင် ငှက်များ ရုတ်တရက် ထပျံသွားကာ တောက်ပသော နေဝင်ချိန်ရှုခင်းအောက်တွင် ခြေရာများ ချန်ထားရစ်ခဲ့သည်။


ရှန်းယောင်သည် မီးလောင်ပြာကျနေသော မြေကမ္ဘာဘုရားကျောင်းအား စိုက်ကြည့်ကာ သူ့မျက်လုံးတွေက မည်းမှောင်နေခဲ့သည်။


ခဏအကြာတွင် တစ်စုံတစ်ယောက် မှေးမှီထားသော အနက်ရောင် ပုံရိပ်တစ်ခုက သူ့ရှေ့တွင် ပေါ်လာခဲ့သည်။


“မင်း ငါ့ကို ကယ်တင်ပေးခဲ့လို့ ကျေးဇူးပါ။”


“ဒီနေ့ ငါ့ဇနီးနဲ့ ငါ့အမေတို့သာ လိမ္မာပါးနပ်မှုမရှိခဲ့ဘူးဆိုရင် သူတို့ သေသွားမှာကို ငါစိုးရိမ်တယ်” ရှန်းယောင်၏ လေသံက အရမ်းပျော့ပေမယ့် သူ့ဒေါသကိုတော့ မဖုံးကွယ်ထားနိုင်ဘူး။


ထိုအမျိုးသားက ဒါကို မငြင်းနိုင်ဘူး။


နောက်တော့ သူနှင့် သူ့အစောင့်တွေက အနီးအနားမှာ ပုန်းအောင်းနေခဲ့ကြတာဖြစ်လို့ အဲဒီမြင်ကွင်းကိုလည်း မြင်ခဲ့ရသည်။ သို့သော် သူ အခုရရှိထားတဲ့ ဒဏ်ရာက ပြင်းထန်လွန်းပေသည်။ သူ ရှေ့ကို အမြန်ပြေးထွက်သွားခဲ့ရင် သူတို့အားလုံး အတူတူ သေပွဲဝင်ရမှာကို စိုးရိမ်မိသည်။


ကံကောင်းထောက်မစွာပင် ထိုအမျိုးသမီးနှစ်ဦးသည် အလွန်ဉာဏ်ကောင်းပေသည်။


“ဒီကျောက်စိမ်းဆွဲပြားက ငါ မင်းကို ကျေးဇူးတင်တဲ့အနေနဲ့ပေးတဲ့ လက်ဆောင်ပါ” ထိုအမျိုးသားက အကြာကြီး တိတ်ဆိတ်နေပြီး နောက်ဆုံးမှာတော့ သူ့အင်္ကျီလက်ထဲကနေ ကျောက်စိမ်းဆွဲပြားတစ်ခုကို ထုတ်ယူပြီး သူ့ကို ပေးလိုက်သည်။ သူ့လေသံက တော်တော်လေးကို ရိုးသားသည်။


ရှန်းယောင်က အဆိုပါ ကျောက်စိမ်းဆွဲပြားကို မတုန်မလှုပ် စိုက်ကြည့်နေခဲ့သည်။


ထိုလူကို ထောက်ပံ့ပေးနေသော အစောင့်သည် ရုတ်ခြည်း မကျေမနပ် ဖြစ်သွားခဲ့သည်။ “မင်း ငါတို့ရဲ့ ကြင်နာမှုကို မမေ့လျော့ဖို့ ငါမျှော်လင့်တယ်။ ငါတို့ရဲ့သခင်လေးက မင်းသိလား…”


“ပါးစပ်ပိတ်ထား” ထိုလူက တင်းမာသော မျက်နှာထားနှင့် စူးစူးရဲရဲ အော်ဟစ်လိုက်သည်။


အစောင့်သည် တောင်းပန်ရန် ခေါင်းကို အလျင်စလိုငုံ့လိုက်သည်။


“ဒီကျောက်စိမ်းဆွဲပြားကို ကျွန်တော် မလိုချင်ဘူး” ရှန်းယောင်က သူ့နှုတ်ခမ်းတွေကို အသာဖွင့်ကာ တိုးဖျော့ဖျော့ ပြောလိုက်သည်။ “ရှန်းဟယ်ရွာသူရွာသားတွေကို ဘယ်တော့မှ ဒုက္ခမပေးဘူးလို့ ခင်ဗျား ကတိပေးနိုင်မယ်လို့ ကျွန်တော်မျှော်လင့်တယ်။”


ဒါကိုကြားတော့ ဒဏ်ရာရအမျိုးသားရဲ့ မျက်လုံးတွေက တောက်ပသွားခဲ့သည်။


“…ကောင်းပြီ။”


သူ့ကတိစကားကိုကြားတော့ ရှန်းယောင်က အသာလေး ခေါင်းညိတ်လိုက်ပြီး သူ့လှည့်ထွက်သွားတော့မည့်အချိန်တွင် သူ ခြေလှမ်း ရပ်တန့်သွားခဲ့သည်။


“ဟင်…” ရှန်းယောင်က စိတ်ရှုပ်ထွေးစွာ မျက်မှောင်ကြုတ်လိုက်သည်။


“အစ်ကို၊ မင်း ငါ့ကို ကယ်တင်ပေးခဲ့တာကို လျှို့ဝှက်ချက်တစ်ခုအဖြစ် ထားရှိပေးနိုင်မလား။”


ရှန်းယောင်က မျက်လွှာချပြီး သူ့မျက်ဝန်းထဲမှ အလင်းကို ဖုံးကွယ်လိုက်သည်။ နောက်တော့ သူက “ဒီဘုရားကျောင်းက ပျက်စီးနေတာ ကြာပြီ။ ပြောရရင် ဘုရားကျောင်းမှာ ပူဇော်ထားတဲ့ ဖယောင်းတိုင်ကို ကြွက်တစ်ကောင်က တိုက်မိပြီး မီးလောင်ပြသွားတာ…” ဖြည်းညှင်းစွာ ပြောလိုက်သည်။


“ကျေးဇူးပါ” အနက်ရောင်ဝတ်အမျိုးသားက သူ့စကား၏ အဓိပ္ပါယ်ကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားခဲ့ပြီး ကျေးဇူးတင်လိုက်သည်။


နောက်တစ်နေ့မနက်ခင်း။


ကျီကျောက်သည် မနက်အစောကြီးမှာ ရှန်းမိသားစု၏ ပင်မအခန်းသို့ သွားခဲ့သည်။ သူမသည် မြေကမ္ဘာဘုရား၏ ရုပ်တုကို မျက်နှာမူကာ အမွှေးတိုင်တစ်ချောင်းကို ထွန်းညှိပူဇော်ခဲ့သည်။


“မြေကမ္ဘာဘုရား တပည့်တော်မ ယောက္ခထီးကို မေးကြည့်ပြီးပါပြီဘုရား။ နောက်နှစ်ရက်အတွင်း သူ လက်သမားဆရာတွေကို သွားရှာပေးပါမယ်တဲ့အရှင်ဘုရား။ အဲဒီအချိန်ကျရင် တပည့်တော်မ သေချာပေါက် အရှင်ဘုရားအတွက် ဘုရားကျောင်း တစ်ခုလုံးကို အသစ်စက်စက်ဖြစ်အောင် ပြုပြင်ပေးပါမယ်ဘုရား၊” ကျီကျောက်က အပြုံးတစ်ပွင့်ဖြင့် ရိုသေကိုင်းညွှတ်စွာ ပြောခဲ့သည်။


“အာ့ထောင်” ထိုအချိန်တွင် ခြံထဲတွင် ဝူချင်းရှီကို ကစားပြီးသွားသော ကျောက်လန်ဟွာသည် ပင်မအခန်းထဲသို့ ဝင်လာခဲ့သည်။ “နင် အဆင်သင့်ဖြစ်ပြီလား။”


“အမေ သမီးပြီးလုနီးပါပြီ” ကျီကျောက်သည် သစ်သီးဝလံများနှင့် သရေစာများကို ကမ္ဘာမြေဘုရားရှေ့ ကပ်လှူပူဇော်ပြီး စိတ်ကျေနပ်စွာ အိမ်ထဲမီ ထွက်လာခဲ့သည်။


“အမေ၊ အမေတို့ပြန်လာတဲ့အခါကျရင် သမီးအတွက် ပင်လုံးကြိုင်အစာသွပ်မုန့်တစ်အိတ် ယူလာပေးဖို့ မမေ့နဲ့နော်” ဗိုက်ပူကြီးနှင့် ဒုတိယမရီးရှန်းက တံခါးကိုမှီပြီး စိတ်အားထက်သန်စွာ အမှာပြုသည်။

 

“စိတ်မပူပါနဲ့၊ ငါ အားလုံး မှတ်မိပါတယ်အေ” ကျောက်လန်ဟွာက အလျင်စလို ညွှန်ကြားခဲ့သည်၊ “ဒုတိယချွေးမ တကယ်လို့ နင်အကူအညီလိုရင် နင့်အဒေါ်ကွေ့ဟွားကို လှမ်းခေါ်ဖို့ သတိရနော်။ အမေ သူ့ကို ပြောထားပြီးပြီ။”


“ဟုတ်… ဟုတ်၊ စိတ်မပူပါနဲ့ အမေ”


ရှန်းယောင်က သူ့မိခင်နှင့် သူ့ဇနီးသည်ကိုခေါ်ပြီး ရွာအဝင်ဆီသို့ အလျင်စလို ထွက်ခွာလာခဲ့သည်။ အဆုံး၌ သူတို့သည် နွားလှည်းတစ်စီးကို မှီခဲ့ကာ ခုနစ်နာရီမထိုးခင် ခရိုင်မြို့သို့‌ ရောက်ရှိခဲ့ကြသည်။


တင်းယွမ်ခရိုင်၊ ရှန်းကျီးအစာသွပ်မုန့်ဆိုင်။


အကြီးဆုံးအစ်ကိုရှန်းသည် အရမ်းအလုပ်များနေသဖြင့် သူ့ခြေထောက်ပင် မြေကြီးနှင့် မထိတော့သလို ခံစားနေရသည်။ ဆိုင်အပြင်ဖက်တွင် သရေစာမုန့်ဝယ်ယူရန် တန်းစီနေသော လူတန်းရှည်ကြီး တစ်လိုင်း ရှိနေသည်။


ကျီကျောက်တို့တွေ အစာသွပ်မုန့်ဆိုင်သို့ ရောက်ရှိသွားသောအခါ အဆိုပါမြင်ကွင်းကို တွေ့လိုက်ရသည်။


“လူတိုင်း အတင်းမတိုးကြပါနဲ့။ ဒီနေ့ နို့ပူတင်း တစ်ရာကျော်လောက် လုပ်ထားပါတယ်” ဆိုင်အပြင်ဖက်တွင် ဖုန့်ချွင်းယန်သည် အဆုတ်ကွဲလုမတတ် အော်ဟစ်နေသည်၊ “စိတ်မပူကြပါနဲ့။ ရှင်တို့ သေချာပေါက် တစ်ခုလောက်တော့ ဝယ်နိုင်ပါလိမ့်မယ်။”


“အဒေါ်၊ အစ်မအာ့ထောင်၊ တတိယအစ်ကိုရှန်း” အမြင်စူးရှသည့် ဖုန့်ချွင်းယန်က သူတို့လူအုပ်ကိုမြင်တော့ ခြံဝင်းထဲ ဟိုဟိုဒီဒီ ပြေးလွှားနေရင်း ပြုံးပြနှုတ်ဆက်လိုက်သည်။


“ချွင်းယန် ဘာဖြစ်လို့ ဆိုင်အပြင်ဖက်မှာ ဈေးဝယ်သူတွေ ဒီလောက်များနေတာလဲ” ကျောက်လန်ဟွာက သူမလက်ထဲမှ လက်ကိုင်ပဝါဖြင့် ချွေးသုတ်နေရင်း သိချင်စိတ်ပြင်းပြစွာ မေးမြန်းလိုက်သည်။


“အဒေါ် ဒါတွေအားလုံး အစ်မအာ့ထောင်ရဲ့ ကျေးဇူးတွေကြောင့်လေ။ အစ်မအာ့ထောင်က သခင်မကြီးမားရဲ့ မွေးနေ့စားသောက်ပွဲမှာ အချိုမုန့် တစ်မျိုး ပြုလုပ်ပေးခဲ့တယ်မဟုတ်လား။ လူတိုင်း အဲဒီနို့ပူတင်းက အရမ်းစားကောင်းတယ်ဆိုတာကြားဖူးပြီးတော့ အရမ်းစားချင်နေကြတာ၊ ဒါ့ကြောင့် ကျွန်မတို့ဆိုင်ရှေ့မှာ ဒီလိုလူတန်းရှည်ကြီးဖြစ်နေတာပဲ” ဖုန့်ချွင်းယန်က ခပ်ပြုံးပြုံး ရှင်းပြသည်၊ “ဒီနှစ်ရက်အတွင်း ကျွန်မတို့ဆိုင်ရဲ့ စီးပွားရေးက ပြီးခဲ့တဲ့ လဝက်တုန်းကထက် ပိုကောင်းတယ်လို့ အစ်မကတော့ ပြောတာပဲ။”


“ဒါဆို နင်တို့တွေ အရမ်းအလုပ်များနေမှာပေါ့” ကျောက်လန်ဟွာက အလျင်စလို မေးလိုက်သည်။ သူမက အင်္ကျီလက်ကိုခေါက်တင်ပြီး “ငါတို့ ဘာလုပ်ပေးရမလဲ” ဟု မေးလိုက်သည်။


ဧည့်သည်တွေကို ဧည့်ခံနေတဲ့ အကြီးဆုံးအစ်ကိုရှန်းက ကျီကျောက်ကိုမြင်တော့ သူ့မျက်လုံးတွေ လင်းလက်တောက်ပသွားပြီး “တတိယခယ်မလေး” ဟု ပျော်ရွှင်စွာ လှမ်းခေါ်လိုက်သည်။


“အစ်ကိုကြီး ညီမ မီးဖိုချောင်ထဲကို အရင်သွားကူလိုက်ဦးမယ်” ကျီကျောက်က လှမ်းပြုံးပြပြီး မီးဖိုချောင်ဖက်သို့ ဦးတည်လိုက်သည်။


အကြီးဆုံးအစ်ကိုရှန်းသည်လည်း မျက်ရည်ကျလုမတတ် ဝမ်းသာပျော်ရွှင်နေခဲ့သည်။


ကျီကျောက်၏ ရောက်ရှိလာမှုသည် ရှန်းကျီးအစာသွပ်မုန့်ဆိုင်အတွက် အချိန်ကိုက်ရွာသွန်းသောမိုးသဖွယ်ပင်။


မိသားစုတွေ အတူတူ အလုပ်လုပ်ပြီး နောက်ဆုံးမှာ နို့ပူတင်းတွေ အကုန်ရောင်းထွက်သွားသည်။


“အမေတို့တွေ ဒီနေ့ အချိန်မီရောက်လာတဲ့အတွက် ကျေးဇူးပါဗျာ၊ တတိယညီလေးနဲ့ အာ့ထောင်တို့ကိုလည်း ကျေးဇူးပါပဲ။ မဟုတ်ရင် ကျွန်တော်တို့ ဒီနေ့ ဘယ်လောက်တောင် အလုပ်ရှုပ်နေမလဲ မသိဘူး” အကြီးဆုံးအစ်ကိုရှန်းက ကုလားထိုင်ပေါ် ဝင်ထိုင်ပြီး စိတ်ပါလက်ပါ ကျေးဇူးတင်လိုက်သည်၊ “အထူးသဖြင့် အာ့ထောင် နင် ဒီနေ့ တကယ့်ကို အထောက်အကူပြုခဲ့တယ်။”


“ဟုတ်တယ်မလား” အကြီးဆုံးမရီးရှန်းက လူတိုင်းအတွက် လက်ဖက်ရည်ကို ခပ်သုတ်သုတ် လောင်းချပေးပြီး အပြုံးဖြင့် ပြောလိုက်သည်၊ “ဒါ့အပြင် လွန်ခဲ့တဲ့နှစ်ရက်လောက်ကနေစပြီး ကျွန်မတို့ဆိုင်ရဲ့ စီးပွားရေးက အရမ်းကောင်းလာတယ်၊ ဒါတွေအားလုံး အာ့ထောင်ရဲ့ ကျေးဇူးတွေပါပဲ။ ဒီ့အပြင် အာ့ထောင်က ကျွန်မတို့ကို နို့ပူတင်းလုပ်နည်း ပြောပြခဲ့တာကြောင့်မဟုတ်ရင် ကျွန်မတို့စီးပွားရေး ဘယ်ကောင်းလာပါ့မလဲ။ ဒါကလည်း အာ့ထောင်ရဲ့ ကျေးဇူးကြောင့်ပဲ။”


အကြီးဆုံးမရီးရှန်းက ကျီကျောက်ကို စိတ်ပါလက်ပါ ကျေးဇူးတင်မိသည်။ အဆုံး၌ ဆိုင်က ဒေဝါလီခံခါနီးအချိန်မှာ အာ့ထောင်က ချင်မိသားစုနှင့် စာချုပ်ချုပ်ဆိုနိုင်ဖို့ ကူညီပေးခဲ့သည်။ ထိုအခါမှသာ သူတို့တွေ အခြေအနေကို ပြောင်းပြန်လှန်ပြီး မတ်တပ်ပြန်ရပ်နိုင်တာဖြစ်သည်။


လွန်ခဲ့သည့်နှစ်အနည်းငယ်က စီးပွားရေး သိပ်မကောင်းခဲ့ဘဲ ဆိုင်စီးပွားရေးသည်လည်း အလွန်အမြတ်အစွန်းနည်းပါခဲ့၏။ အာ့ထောင် ရောက်ရှိလာပြီး အသစ်အဆန်း အစာသွပ်မုန့်လုပ်နည်းများ မထောက်ပံ့ပေးခဲ့ဘူးဆိုရင် ဆိုင်စီးပွားရေးသည် ဤမျှလောက် အကျိုးဖြစ်ထွန်းမည်မဟုတ်ပေ။


“ညီမတို့က မိသားစုတွေပဲ၊ တစ်ယောက်နဲ့တစ်ယောက် ဒီလို စကားတွေ မပြောနေပါနဲ့။ အစ်ကိုကြီး၊ အစ်ကိုကြီးက ညီမကို အပြင်လူလိုဆက်ဆံနေတာပဲ” ရေနွေးကြမ်းတစ်ငုံသောက်ပြီး ကျီကျောက်က နူးညံ့သိမ်မွေ့စွာ ပြုံးလိုက်သည်။


ဒါကိုကြားတော့ အကြီးဆုံးအစ်ကိုရှန်း၏ အပြုံးက သူ့မျက်လုံးထဲမှာ နက်ရှိုင်းလာခဲ့သည်။ သူက ကျီကျောက်ကို ပိုလို့တောင် ကျေးဇူးတင်သွားမိသည်။


“အာ့ထောင်ပြောတာ မှန်တယ်။ အစ်ကိုကြီး ကျွန်တော်တို့က မိသားစုတွေပဲ။ ဘာဖြစ်လို့ ဒီလောက် ယဉ်ကျေးနေရတာလဲ။” ရှန်းယောင်သည်လည်း ပြုံးလိုက်မိသည်၊ “ဒါ့အပြင် နောင်မှာလည်း အစ်ကိုကြီးဆီကနေ မေးစရာတွေ အများကြီးရှိနေဦးမှာပဲ။”


“တတိယညီလေး မင်းတို့သိချင်တာရှိရင် အားမနာဘဲ ပွင့်ပွင့်လင်းလင်းသာ လာမေးချေ” အကြီးဆုံးအစ်ကိုရှန်းက ချက်ချင်းဆိုသလို သူ့ရင်ဘတ်ပုတ်ပြီး ရွှင်မြူးစွာ ပြောလိုက်သည်။


“အစ်ကိုကြီး ဒီနေ့နေ့လည်ကျရင် အချိန်အားတယ်မလား။ ညီမတို့နဲ့အတူ ဟုန်ရှင်းစားသောက်ဆိုင်အောက်က ဆိုင်ကို တစ်ချက်လိုက်ကြည့်ပေးပါလား” ကျီကျောက်က အပြုံးဖြင့် ထပ်ပြောလိုက်ပြန်သည်။ “အဲဒီဆိုင်ကို ဘယ်လိုပြင်ဆင်ရမလဲလို့ ညီမ မတွေးရသေးဘူး။ အစ်ကိုကြီးဆီကနေ ညီမတို့ အဖိုးတန်အကြံဉာဏ်လေးတွေ ရနိုင်ဖို့ မျှော်လင့်ပါတယ်။”


“ကိစ္စမရှိဘူး” အကြီးဆုံးအစ်ကိုရှန်းက တောက်ပသော အပြုံးဖြင့် ပြန်ဖြေခဲ့သည်။

***