အပိုင်း ၂၁၉ (Educated Youth 4)
Viewers 43k

“ ကျေးဇူးတင်ပါတယ်။ ” ကုမင်ရှိူ့သည် ထိုသို့ပြောခဲ့ပြီး သူ့နှာခေါင်း ပိတ်ဆို့နေသကဲ့သို့ ခံစားရကာ သူ့အသံက သိပ်မမှန်ရှာပေ။


သူ တကယ် စိတ်ရှုပ်ထွေးနေသည်။


အချိန်တိုလေးအတွင်းမှာပင် သူ့နှလုံးသားထဲတွင် ငလျင်တစ်ခု လှုပ်ခတ်သွားသည်ကို သူ တွေ့ကြုံလိုက်ရပြီး သူ ကြောင်တောင်တောင် ဖြစ်သွားရသည်။


သူ၏ ဒုတိယညီမဟာ အများသူငှာ သိုလှောင်ရုံမှ အခွင့်ကောင်းယူရသည်ကို နှစ်သက်ကြောင်း သူ အမြဲသိခဲ့သည်။


၎င်းက မကောင်းဘူးဟု သူ ခံစားမိသော်ငြား ရွာက တခြားလူများလည်း ထိုသို့လုပ်ကြသည့်အပြင် ဒုတိယညီမကို မည်သို့သင်ပေးရမည်မှန်းလည်း သူ မသိချေ။


သို့သော် သူ့ဒုတိယညီမက ပစ္စည်းများကို ခိုးယူလိမ့်မည်ဟု သူ တကယ် မမျှော်လင့်ထားမိ။


သေချာတာပေါ့၊ ကြောက်စရာအကောင်းဆုံးကတော့ သူ့ရဲ့ အကြီးဆုံးညီငယ်က ဒီလိုနိုင်ငံရေးဆန့်ကျင်တဲ့ စကားလုံးတွေကို တကယ် ရေးခဲ့တာပဲ။


ကံကောင်းထောက်မစွာဖြင့် ပညာတတ်လူငယ်ယန်က လူကောင်း ဖြစ်ပြီး ဘာမှမပြောခဲ့ချေ။


ထို့အပြင် ပညာတတ်လူငယ်ယန်က သူနှင့်မိတ်ဆွေဖြစ်လိုစိတ်ရှိဆဲဖြစ်သည်။


မွေးချင်းအငယ်များ၏ မသိနားမလည်မှုနှင့် သူတို့က သူငယ်ချင်းများဟု ယန်ကျင်းဇီတို့၏ ပြောဆိုမှုတို့ဟာ ကုမင်ရှိူ့၏ စိတ်ထဲတွင် ရောနှောနေကာ သူ့စိတ်တစ်ခုလုံး အနည်းငယ် ရှုပ်ထွေးသွားစေခဲ့သည်။


ကုမင်ရှိူ့ကို ဤကဲ့သို့မြင်ရသောအခါ ယန်ကျင်းဇီသည် မစိုးရိမ်ဘဲ မနေနိုင်ပေ။


သူသည် ကုမင်ရှိူ့က သူ့မွေးချင်းအငယ်များနှင့် ခပ်ဝေးဝေး နေပြီး သူတို့ကို ကြီးလေးသော ပြစ်ဒဏ် ပေးသည့်အနေဖြင့် သူ့မွေးချင်းအငယ်များအပေါ် အလွန်ကြင်နာနေမှုကို ရပ်တန့်စေချင်သည်။ သို့ရာတွင် ဤကား ကုမင်ရှိူ့အတွက် နည်းနည်းတော့ စိတ်ထိခိုက်စရာပင်။


ထို့အပြင် သူသည် ကူးပြောင်းသူ ဖြစ်ပြီး မူလပိုင်ရှင်ကိုယ်တိုင်ကလည်း စည်းကမ်းများကို ဂရုမစိုက်သောကြောင့် ရေးသားထားသည့် ပုန်ကန်သော ထိုစကားလုံးများကို အလေးအနက်မထားပေ။ သို့သော် ဤအချိန်တွင် ရေးဖို့မဆိုနှင့်၊ အချို့လူများက မြင်ရုံဖြင့်တင် ကြောက်လန့်နေပေလောက်သည်။


“ စိတ်မပူပါနဲ့။ အဆင်ပြေပါတယ်၊ သူတို့က အသက်ငယ်သေးတာပဲ။ သူတို့ကို ကောင်းကောင်းသာ သင်ပေးလိုက်။ ” ယန်ကျင်းဇီက ကုမင်ရှိူ့ကို နူးညံ့သည့် အသံနှင့် နှစ်သိမ့်ပေးခဲ့သည်။


” ဘယ်လိုသင်ပေးရမလဲ ကျွန်တော် မသိဘူး။ ကျွန်တော် သူတို့ကို ပြုစုစောင့်ရှောက်ပေးမယ်လို့ အမေ့ကို ကတိပေးထားတယ်...” ကုမင်ရှိူ့၏ အသံသည် အနည်းငယ် ဆို့နင့်လာပြီးနောက် ရုတ်တရက် ရပ်တန့်သွားသည်။


ကုမင်ရှိူ့ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရသည်။


ယခင်တုန်းက သူ ဘယ်လောက်ပဲ သနားစရာကောင်းနေပါစေ၊ သူ ဘယ်လောက်ပဲ ပင်ပန်းနေပါစေ၊ သူ စိတ်ထိန်းထားနိုင်ခဲ့သော်ငြား ယန်ကျင်းဇီက သူ့ကို နှစ်သိမ့်ပေးခဲ့ပြီးနောက် ၎င်းက သူ့ကို အနည်းငယ် ငိုချင်စေလာသည်။


သူ ရူးနေပြီ!


“ မင်းမှာ ငါ ရှိတယ်။ ” ယန်ကျင်းဇီက ဆက်ပြောသည် : “ ဒါပေမယ့် မင်း သိထားရမယ့် အချက်တစ်ခု ရှိတယ်။ မင်းရဲ့သားကို အလိုလိုက်တာဟာ သူ့ကို သတ်တာနဲ့ တူတယ်။ ”


“ ဘာလဲ? ” ကုမင်ရှိူ့ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။


“ ကလေးကို အလိုလိုက်တာဟာ ကလေးကို ထိခိုက်စေတာနဲ့ အတူတူပဲလို့ ဆိုလိုတာပါ။ ” ယန်ကျင်းဇီက ပြောသည် : “ ကြည့်လေ၊ မင်းက ကုယွီပေါင် လိုချင်တာ မှန်သမျှ ပေးတယ်။ မိသားစုက အရမ်းဆင်းရဲပြီး သူက အတန်းစာလည်း မတော်ဘူး။ မင်းက သူ့ကို ကျောင်းသွားတက်ခိုင်းနေသေးတယ်။ အခု သူက အားလပ်ရက်မှာတောင် အလုပ်မလုပ်ချင်တော့ဘူး။ ဒါက သူ့ကို ထိခိုက်စေတာ မဟုတ်ဘူးလား? ”


“ ဒါ အားလုံးက ကျွန်တော့်အပြစ်ပါ...... ”


“ ဒါ မင်းအပြစ် မဟုတ်ဘူး။ သူက ကျေးဇူးတင်ရကောင်းမှန်း မသိတာပါ။ အလိုလိုက်ခံရရင်တောင်မှ ရိုးသားတဲ့ လူတွေ ရှိပါသေးတယ်။ ” ယန်ကျင်းဇီက ဆိုသည် : “ ဒါပေမယ့် အနာဂတ်မှာ အိမ်မှာ အရသာရှိတဲ့ အစားအစာတွေ ရှိရင် မင်း သူ့ကို မပေးရဘူး။ မင်း သူ့ကို အလိုထပ်မလိုက်နဲ့တော့။ ”


“ ကောင်းပြီ။ ” ကုမင်ရှိူ့ ခေါင်းညိတ်လိုက်သည်။ မနက်ဖြန် ပညာတတ်လူငယ်ယန် စားရန်အတွက် သူ ဥများကို ချန်ထားလိုက်မည်။


“ တကယ်တော့ မင်းရဲ့ညီအငယ်ဆုံး၊ မင်း သူ့ကိုလည်း အလိုလိုက်လို့မရဘူး။ ” ယန်ကျင်းဇီက ပြောလိုက်သည်။


ကုမင်ရှိူ့ အံ့အားသင့်သွားသည်။


“ သူက နည်းနည်းတုံးတာလေးပဲ မဟုတ်လား? ကလေးက ဒီလိုဖြစ်လေလေ၊ အသက်မွေးဝမ်းကြောင်းပြုဖို့ အတတ်ပညာတွေ ပိုပြီးသင်ယူသင့်လေလေပဲ။ ” ယန်ကျင်းဇီက ပြောလိုက်လေသည်။


ကုယွီခန်းက နည်းနည်းတုံးသည်။ ယေဘူယျအားဖြင့် ဤသည်ကို လက်ခံထားသော်ငြား သူက ဉာဏ်မရှိသည့် လူ မဟုတ်ချေ။ အခြေခံအားဖြင့် ထိုသို့သောလူဟာ မိမိကိုယ်မိမိ ဂရုစိုက်နိုင်ရန်နှင့် လယ်လုပ်တတ်ရန် ကောင်းစွာ သင်ကြားလေ့ကျင့်ပေးလျှင် အဆင်ပြေသည်။


ဘာပဲဖြစ်ဖြစ် သူ့ကို အလိုမလိုက်နိုင်ချေ။


“ သူက ငယ်သေးတယ်… ”


“ သူ မငယ်တော့ဘူး၊ ခြောက်နှစ် ရှိပြီ။ ” ယန်ကျင်းဇီက ‌ဆက်ပြောသည် : “ မင်း သူ့ကို အခု အလိုလိုက်နေတာ၊ နောက်ကျရင် ဘယ်လိုလုပ်မလဲ? မင်းရဲ့ မိသားစုဝင်တွေ အားလုံးက သူ့ကို ကူညီကြပေမယ့် တခြားသူတွေက ကူညီပေးမှာ မဟုတ်ဘူး။ ”


ယန်ကျင်းဇီက ကုမင်ရှိူ့ကို ဦးနှောက်ဆေးပြီး ဤအကြောင်းကို နည်းနည်းပြောပြခဲ့သည် — ကုမင်ရှိူ့က သူ့ကိုယ်သူ အရင်ဂရုစိုက်ရမယ်။


ကံမကောင်းစွာပဲ ခဏလောက် စကားပြောပြီးနောက် သူတို့သည် အလုပ်ပြန်သွားလုပ်ခဲ့ရသည်။


ယန်ကျင်းဇီ၏စကားကို နားထောင်ပြီးနောက် ကုမင်ရှိူ့သည် ယန်ကျင်းဇီတွင် အရည်အချင်း ရှိသည်ဟု ထင်မိသည် — ဤမြို့ကြီးမှ လူများမှာ ကွဲပြားခြားနားကြပြီး အရာအားလုံးကို နားလည်ကြသည်။ သူ ရုတ်တရက် အသိဝင်လာခဲ့သည်။


ယန်ကျင်းဇီကို အနည်းငယ် လေးစားစွာဖြင့် သူ ကြည့်မိလိုက်သည်။


ထို့နောက် သူသည် ယန်ကျင်းဇီက အချိန်ဆွဲကာ ကန်စွန်းဥများကို အခြားသူများထက် များစွာနှေးကွေးစွာ ကောက်နေသည်ကို မြင်လိုက်ရတော့သည်...


ကုမင်ရှိူ့ : “…”


လူတိုင်းသည် တစ်ရက်လုံး အလုပ်လုပ်ကြပြီး နောက်ဆုံး သူတို့ အလုပ်ဆင်းသောအခါ ယန်ကျင်းဇီသည် ခါးနာနေပြီဖြစ်သည်။


ကန်စွန်းဥများ ကောက်ယူရန် ခါးကိုင်းရသည်က ပင်ပန်းစရာကောင်းလွန်းသည်။ အမှန်ပင်၊ သူ ဤသို့ဖြစ်လာရခြင်း၏ အဓိကမှာ မူလပိုင်ရှင်ဟာ ယခင်က အလွန်နည်းပါးသော လယ်အလုပ်ကိုသာ လုပ်ခဲ့သောကြောင့် ဖြစ်သည်။


မူလပိုင်ရှင်၏ ခန္ဓာကိုယ်မှာ အလွန်ကောင်းမွန်ပြီး သူ၏ ခွန်အားမှာလည်း မနည်း‌ချေ။ မဟုတ်ပါက သူသည် ကုယွီ‌ပေါင်ကို ထိုကဲ့သို့ ရိုက်နိုင်မည်မဟုတ်ပေ။ သို့သော် လူများဟာ တူညီသော အလုပ် သို့မဟုတ် လေ့ကျင့်ခန်းနှင့် လိုက်လျောညီထွေဖြစ်ရန် အချိန်ယူရပေသည်။


ကန်စွန်းဥကို ဘုရားကျောင်းထဲသို့ ပြန်ထည့်လိုက်ပြီးနောက် ယန်ကျင်းဇီသည် သူ့အိမ်သို့ ပြန်သွားခဲ့သည်။


သူ အိမ်ပြန်ရောက်သောအခါ ကုယွီလန်နှင့် ကုယွီပေါင်တို့ နှစ်ဦးစလုံး ထိုနေရာတွင် ရှိနေကြသည်။


သူ့အိမ်မှာ သန့်ရှင်းရေးလုပ်ထားပြီး အိပ်ရာခင်းများနှင့် စောင်များကို လျှော်ဖွတ်ကာ လှန်းထားသည်။ တစ်အိမ်လုံးက သူ ပထမဆုံး ရောက်လာသည့်အချိန်နှင့် လုံးဝ မတူချေ။


“ ပညာတတ်လူငယ်ယန်၊ ငါ နင့်အတွက် သန့်ရှင်းရေး လုပ်ပေးခဲ့တယ်နော်။ ” ကုယွီလန်က ယန်ကျင်းဇီကို ယဉ်ကျေးစွာ ကြည့်သည်။ ကုယွီပေါင်အတွက်မူ... ကုယွီပေါင်က နှိမ့်ချနေသော်ငြား သူ အနည်းငယ် မကျေမနပ် ဖြစ်နေသေးပုံပေါ်၏။


ယန်ကျင်းဇီက ပြောသည် : “ အင်း၊ မင်းတို့ ဒီနေ့ ပြန်လို့ရပြီ။ မနက်ဖြန်အတွက်ကတော့... ကုယွီပေါင်၊ မင်းရဲ့ညီမ မင်းကို ပြောပြီးပြီလား? မနက်ဖြန်ကစပြီး မင်း အလုပ်ကြိုးစားလုပ်ပြီး ငါ့အတွက် လုပ်အားမှတ်တွေ ရှာပေးရမယ်။ ”


“ ဘာဖြစ်လို့… ” ကုယွီပေါင်၏ စကား မဆုံးခင် ယန်ကျင်းဇီက ဆက်ပြောသည် : “ မင်း အဲ့လိုရေးထားတာကို ငါ မြင်ခဲ့လို့ပဲ။ ”


“ အဲ့ဒါ မင်းရေးထားတာ! ” ကုယွီပေါင်က အံကြိတ်၏။


“ ကုယွီပေါင်၊ မင်းရဲ့တာဝန်ကို အဲ့လို ငြင်းမနေပါနဲ့။ ငါ့လက်ရေးက ဘယ်လိုလုပ် အရမ်းရုပ်ဆိုးနိုင်ပါ့မလဲ? ” ယန်ကျင်းဇီက အကျိုးအကြောင်းမသင့်သော ကလေးတစ်ဦးကို ကြည့်နေသလိုမျိုး ကုယွီပေါင်ကို အနည်းငယ် ကူရာမဲ့ ကြည့်နေလေသည်။


ကုယွီပေါင် ခံစားလိုက်ရတာကတော့ သူ့ရှေ့က လူဟာ အရှက်မဲ့လွန်းတယ်!


သို့သော် သူ ပြန်မချေပနိုင်ခင် ကုယွီလန်က ဝင်တားသည် : “ ကုယွီပေါင်၊ အိမ်ပြန်ရအောင်! ”


ကုယွီပေါင်က မပြန်ချင်သော်လည်း သူ မော့ကြည့်လိုက်သည်နှင့်တပြိုင်နက် ယန်ကျင်းဇီ၏ အေးစက်သော မျက်လုံးများကို တွေ့လိုက်ရသည်။


သူ တုန်လှုပ်သွားပြီး ယန်ကျင်းဇီနှင့် ငြင်းခုံရန် မဝံ့မရဲဖြစ်ကာ ကုယွီလန်၏နောက်သို့ လိုက်သွားခဲ့သည်။


သို့ရာတွင် သူက သူ့ဒေါသကို ကုယွီလန်ပေါ်သို့ ပုံချကာ ဒေါသတကြီး ပြောလိုက်၏ : “ ကုယွီလန်၊ မင်း ငါ့ကို အစ်ကိုကြီးလို့ ခေါ်သင့်တယ်! ”


“ ဘာကိစ္စအတွက်နဲ့လဲ? ” ကုယွီလန်သည် ကုယွီပေါင်ကို မျက်နှာသာမပေးခဲ့ပေ။ သူ(မ) ကုယွီပေါင်ကို အမြဲမုန်းနေခဲ့၏။


ကုယွီပေါင်က ဘာလို့ အိမ်မှာ အရမ်းကောင်းကောင်း ဆက်ဆံခံရတာလဲ?


ယခု ကုယွီပေါင်က သူ(မ)ကို ဒုက္ခပေးနေပြီ... သူ(မ) ပစ္စည်းခိုးယူခြင်းက မှားသော်လည်း ယခု သူ(မ)သည် သူ(မ)၏ ဖောင်တိန်ကို ပြန်ပေးပြီးပြီဖြစ်သည်။ သူ(မ) မဝန်ခံလျှင် ယန်ကျင်းဇီတွင် သက်သေ မရှိချေ။ သို့သော် ကုယွီပေါင်က ထိုကဲ့သို့ ရေးထားပြီး ၎င်းက ယန်ကျင်းဇီ၏ လက်ထဲသို့ ရောက်သွားသေး၏။


ကုယွီပေါင်က သူ(မ)ကို ထိခိုက်စေတယ်!


ကုယွီလန်သည် ကုယွီပေါင်၏ မျက်နှာကိုပင် ကုတ်ချင်နေခဲ့သည်။


“ ငါ တကယ် မရေးခဲ့ဘူး! ” ကုယွီပေါင်က ရှင်းပြဖို့ ကြိုးစားသော်ငြား ကုယွီလန်က မယုံပေ။


ပညာတတ်လူငယ်ယန်က သူတို့နဲ့ ဘာမကျေနပ်ချက်မှ မရှိဘဲ ဘာကြောင့် သူတို့ကို စွပ်စွဲရမှာလဲ?


ထို့အပြင် ပညာတတ်လူငယ်ယန်က သူတို့ထံမှ အစားအသောက် သို့မဟုတ် ပစ္စည်းတစ်ခုခုကို ပေးကမ်းရန် အတင်းအကြပ် လက်ငင်းချက်ချင်း မတောင်းခဲ့‌ချေ။ သူက ကုယွီပေါင်ကိုသာ လုပ်အားမှတ် ရရှိရန် ရွာတွင် အလုပ်လုပ်ခိုင်းသည်။ နှစ်ကုန်လျှင် သူ့အတွက် စားစရာနှင့် ပိုက်ဆံကိုလည်း လဲလှယ်ခိုင်းခဲ့သည်…


ပညာတတ်လူငယ်ယန်က လုံလုံလောက်လောက် ကောင်းမွန်ပြီးဖြစ်သည်။ စားစရာနှင့် ပိုက်ဆံအတွက်ကတော့ ပညာတတ်လူငယ်ယန်ဟာ အရမ်းပျင်းလွန်းပြီး အကြွေးတွေ တင်နေတာကို ဘယ်သူက မသိလို့လဲ? သူ့အကြွေးတွေကို ဆပ်ဖို့ သူ ပိုက်ဆံလိုချင်တာ မလား?


နှစ်ယောက်သား စကားများကြပြီး ခဏအကြာ အိမ်ပြန်ရောက်လာကြသည်။


ကန်စွန်းဥကင်၏ အနံ့က အိမ်ထဲတွင် ပျံ့လွင်နေသည်။ ကုယွီလန်က အဆင်ပြေသေးသည်။ သူ(မ)က နေ့လယ်တွင် နှစ်ခါစားထားသည်။ သူ(မ)သည် နေ့ခင်းဘက်တွင် တိတ်တိတ်လေး တစ်ခေါက်ထပ်စားထားရာ ဗိုက်မဆာသေးပေ။ သို့ရာတွင် ယနေ့၌ ကုယွီပေါင်၏ နေ့လယ်စာထမင်းဘူးကို ယန်ကျင်းဇီက လုယက်သွားခဲ့ပြီး သူ ယခုထိ ဘာမှမစားရသေး...


ကန်စွန်းဥက အရမ်းမွှေးမှန်းကို ပထမဆုံးအနေနဲ့ သူ အခုမှ သိတယ်!


ကုယွီပေါင်သည် မီးဖိုခန်းသို့ ချက်ချင်း ပြေးသွားသည်။


သို့သော် သူ ပြေးမသွားခင်မှာ တံခါးမင်းတုပ်ကို ကိုင်ထားသည့် ကုမင်ရှိူ့က ပိတ်ရပ်ထားသည် : “ ကုယွီပေါင်၊ မင်း ဘာလုပ်ခဲ့တာလဲ?! ”


ကုယွီပေါင် : “ … ”


ဤမွန်းလွဲပိုင်းတွင် ယန်ကျင်းဇီက ကုယွီလန်ကို သူ့မှတ်စုစာအုပ် ပြခဲ့သည်အား သူ သိလိုက်ရသည်။ ကုယွီပေါင်သည် အကူအညီမဲ့နေပြီဖြစ်သော်လည်း ၎င်းကို သူ့အစ်ကိုလည်း သိလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။


ပညာတတ်လူငယ်ယန်က သူ့ကို ဒီလိုဒုက္ခပေးရအောင် သူ့ကို ဘယ်လိုအငြှိုးတွေ ရှိနေတာလဲ?


နောက်ပြီး သူ့အစ်ကိုက ဘာကိုင်ထားတာလဲ? ဒါက တံခါးမင်းတုပ်! သူ့အစ်ကိုက သူ့ကို ခြေထောက်ချိုးချင်နေတာလား?


ကုမင်ရှိူ့သည် သူ့ညီ၏ ခြေထောက်များကို မချိုးချင်ရာ မင်းတုပ်ကို ပစ်ချပြီး သူ့ညီကို ရိုက်နှက်တော့သည်။


နေ့ဘက်တွင် ယန်ကျင်းဇီထံမှ နှစ်ခါရိုက်နှက်ခံထားရသော ကုယွီပေါင်သည် အစ်ကိုဖြစ်သူထံမှ နောက်တစ်ခေါက် ရိုက်နှက်ခံခဲ့ရသည်။


“ အစ်ကို၊ ငါ ရေးတာ မဟုတ်ဘူး။ အဲ့ဒါ ယန်ကျင်းဇီ ရေးထားတာ။ သူက ငါ့လက်ရေးကို အတုခိုးပြီး ရေးထားတာ! ”


“ ပေါက်တတ်ကရ! ” ကုမင်ရှိူ့က မေး၏ : “ ပညာတတ်လူငယ်ယန်က ဘာလို့ အဲ့လိုလုပ်မှာလဲ? ”


“ ကျွန်တော်တို့မိသားစုက သူ့အတွက် ကျွဲနွားတွေ၊ မြင်းတွေလို အလုပ်လုပ်ပေးစေချင်လို့ပဲ ဖြစ်ရမယ်! ” ကုယွီပေါင်က ပြန်ဖြေသည်။


“ ပညာတတ်လူငယ်ယန်က တခြားသူတွေရဲ့ အရေးအသားကို အတုယူပြီး တူညီအောင် ရေးနိုင်တဲ့ စာရေးစွမ်းရည် ရှိရင် သူက ရွာသူကြီးကို ခြိမ်းခြောက်နိုင်နေပြီ။ ငါတို့ကို ဘာလို့ ရှာမှာလဲ? ငါတို့မိသားစုက အရမ်းဆင်းရဲတယ်! ” ကုမင်ရှိူ့က သူ့ညီကို စိတ်ပျက်လက်ပျက် ကြည့်ပြီး ပြောလိုက်သည်။


သူ့ညီကို သင်ကြားပြသရန် တကယ် လိုနေပြီ။


မဟုတ်ရင်... သူ ဒီနည်းနဲ့ အနှေးနဲ့အမြန်ဆိုသလို ဒုက္ခရောက်လိမ့်မယ်။


“ ကျွန်တော် ပြောခဲ့တာတွေက အမှန်ပဲ။ သူက ကျွန်တော့်နေ့လယ်စာကိုတောင် ကျွန်တော့်ဆီက ယူသွားသေးတယ်။ ” ကုယွီပေါင်က ဆိုသည်။


“ ပညာတတ်လူငယ်ယန်က ငါ့ကို ဒီကိစ္စ ပြောပြတယ်။ မင်းက သူ့ကို ဒီကိစ္စမဖြန့်စေချင်လို့ မင်း သူ့ကို စားစရာပေးခဲ့တယ်လို့ သူ ပြောခဲ့တယ်။ ” ကုမင်ရှိူ့က ပြန်ပြောခဲ့သည်။ ယန်ကျင်းဇီက ဤကိစ္စကို ပြောပြခဲ့သည့်အပြင် သူ့ကိုလည်း ကြက်ဥပြန်ပေးသွားခဲ့သည်။


ကုယွီပေါင် : “ … ” အကူအညီတောင်းရန် နည်းလမ်းမရှိဘဲ တစ်နေ့မှာ သူ ဒီလိုမျိုး မှားယွင်းစွပ်စွဲခံရမယ်လို့ သူ တစ်ခါမှ မတွေးခဲ့ဖူးဘူး။


သူ အရမ်းသနားစရာကောင်းလွန်းတယ်!


ကုယွီပေါင်က အရိုက်ခံခဲ့ရပြီး ကုယွီလန်လည်း မလွတ်မြောက်ခဲ့ချေ။ ကုမင်ရှိူ့က သူတို့ကို ဝါးခြမ်းပြားနှင့် အချက်ပေါင်းများစွာ ရိုက်ခဲ့သည်။


သူ့အမှားကို ဝန်ခံဖို့ ငြင်းဆန်သော ကုယွီပေါင်နှင့် ယှဉ်ရင်တော့ ကုယွီလန်က သူ(မ)၏အမှားကို နာခံစွာ ဝန်ခံခဲ့သည်မို့ သူ(မ) အရိုက်ခံရသည်က အချက်ရေနည်းသည်။


သူ၏ မွေးချင်းအငယ်လေးဦးတွင် သူနှင့် အဖေတူသူ မရှိချေ။ ကုမင်ရှိူ့သည် ယခင်က သူ၏ မောင်နှမအငယ်များကို တစ်ခါမှ မရိုက်ခဲ့ဖူးပေ။


သို့သော် ယနေ့တွင်မူ သူသည် အဆုံးအထိ ရက်စက်ကြမ်းကြုတ်ခဲ့ဆဲဖြစ်သည်။


ရိုက်နှက်မှုအပြီးတွင် ကုမင်ရှိူ့က သူတို့ကို စားသောက်ခိုင်းပြီး အိပ်ခွင့်ပေးလိုက်ကာ မနက်ဖြန်တွင် ကုယွီပေါင်ကို သူနှင့်အတူ အလုပ်လိုက်လုပ်ခိုင်းသည်။


ကုယွီပေါင် : “ … ” သူ တကယ် အလုပ်မသွားချင်ဘူး!


ဒါနဲ့ တကယ်ပဲ ယန်ကျင်းဇီက ဘာလုပ်ချင်တာလဲ?


သူက အရင်က လယ်အလုပ်ကို တစ်ခါမှ မလုပ်ဖူးဘူး။ သူ လယ်ထဲသွားရင်တောင်မှ နှစ်ကုန်ဖို့ သုံးလကျော်ပဲ ကျန်တော့တယ်၊ သူ လုပ်အားမှတ် များများစားစား မရှာနိုင်ဘူး...


ဘာလို့ ယန်ကျင်းဇီက တခြားလူတွေကို မစွပ်စွဲဘဲ သူ့ကိုပဲ ပစ်မှတ်ထားတာလဲ?


ယန်ကျင်းဇီသည် ကုမိသားစုအရေးကို မသိသော်လည်း သူ ၎င်းကို ခန့်မှန်းနိုင်သည်။


သူ့အိပ်ရာခင်းနှင့် ခြုံထည်များမှာ လုံးဝ မခြောက်သေးသော်ငြား သူ့ခုတင်ကို

ကောက်ရိုးများ ဖုံးထားပြီး စောင်ထည်၏ ချည်သားကလည်း ရှိနေသေးရာ အိပ်ဖို့ရန် ဖြစ်နိုင်သေးသည်။


အနည်းငယ်သာ အိပ်ပြီးနောက် ယန်ကျင်းဇီသည် နောက်တစ်နေ့ နံနက်စောစောတွင် မြို့သို့ထွက်ခွာခဲ့သည်။


ရှန်းမူကျေးရွာမှ ရွာသားများသည် တစ်ရက်တာ အလုပ်အပြီးတွင် ပညာတတ်လူငယ်ယန် ပျောက်သွားကြောင်းကို အားကိုးမဲ့စွာ ရှာဖွေတွေ့ရှိခဲ့ကြသည်...


ပညာတတ်လူငယ်ယန် ဖြစ်ထိုက်ပါပေတယ်!


သို့သော် ယနေ့တွင် လူတိုင်းသည် ပညာတတ်လူငယ်ယန်အကြောင်း ပြောရန် အချိန်မရှိဘဲ ကုယွီပေါင်အကြောင်း ပို၍ပြောနေကြဆဲဖြစ်သည်။


ကုမိသားစု၏ ဤဥကလေးသည် အမှန်တကယ်ပင် လယ်ကွင်းသို့ ရောက်လာခဲ့သည်။


“ ယွီပေါင်၊ မင်း ဘာလို့ အလုပ်လာလုပ်တာလဲ? ”


“ မင်းလည်း အလုပ်လာလုပ်သင့်တယ်။ နှစ်အနည်းငယ်ကြာရင် မင်း ဇနီးတစ်ယောက်နဲ့ လက်ထပ်မှာပဲ။ မင်း ကိုယ့်အတွက် ပိုက်ဆံနည်းနည်း စုထားရမယ်။ မင်းရဲ့အစ်ကိုကိုပဲ အားကိုးလို့မရဘူး။ ”


“ မင်ရှိူ့၊ မင်း မင်းရဲ့ညီကို အလုပ်လာလုပ်ခိုင်းသင့်တာ ကြာပြီ။ အားလပ်ရက်က ပြန်လာတဲ့အခါ အခြားမိသားစုတွေရဲ့ သားသမီးတွေက လယ်ထဲဆင်းကြတယ်။ ယွီပေါင်ကကော? ငါ သူ လယ်ကွင်းထဲ ဆင်းတာ တစ်ခါမှ မတွေ့ဖူးဘူး! ”




ရွာက လူများဟာ အချင်းချင်း စကားပြောနေကြသည်။


ကုယွီပေါင်က လယ်ထဲတွင် အလုပ်လုပ်သင့်သည်ဟု အားလုံးက ထင်ကြ၏။


စာလေ့လာခြင်းသည် အမှန်ပင် ကောင်းမွန်သော်ငြား ၎င်းမှာ လေ့လာပြီးနောက် အသုံးမဝင်ချေ။


မြို့၏ ဓာတ်မြေဩဇာစက်ရုံ၊ ကောက်ရိုးစက္ကူစက်ရုံနှင့် အထည်ဆိုးဆေးစက်ရုံများတွင် အလုပ်သမားများ ပြည့်နှက်နေသည်မှာ ကြာပြီပင်။ လုပ်သားစုဆောင်းခြင်းမှာ ရှားပါးပြီး သူတို့က ရှာမည်ဆိုလျှင်တောင်မှ သူတို့သည် မြို့၏ မှတ်ပုံတင်ထားသော အမြဲနေထိုင်သူများကိုသာ ရှာဖွေမည်ဖြစ်သည်။ သူတို့အလှည့် မဟုတ်ချေ။ ကုယွီပေါင်က အထက်တန်းကျောင်းတွင် တက်နေလျှင်ပင် သူက လယ်လာပြန်လုပ်ရဦးမည်ဖြစ်သည်။


ထို့အပြင် ကုယွီပေါင် စာသင်ချင်သည်က လယ်ထဲတွင် အလုပ်မလုပ်ဘဲ ပျင်းရိချင်ရုံသာ ဖြစ်ကြောင်း သူတို့အားလုံး မြင်နိုင်သည်။


ကုမင်ရှိူ့ဟာ ဟိုးယခင်ကတည်းက သူ့ကို လယ်ထဲသို့ သွားရန် အတင်းအကြပ် ခိုင်းစေခဲ့သင့်သည်ပင်။


ကုမင်ရှိူ့သည် သူက သူ့ညီလေးကို စာကျက်ဖို့ ခွင့်မပြုလျှင် ရွာမှ လူများက သူဟာ အရမ်းလွန်ပြီး သူ၏ အဖေမတူသည့် ညီကို ဆိုးဆိုးရွားရွား ဆက်ဆံနေသည်ဟု ထင်မြင်ကြလိမ့်မည်ဟု တွေးခဲ့သည်။ အခြေအနေက သူ ထင်ထားသည်နှင့် ဆန့်ကျင်ဘက် ဖြစ်နေလိမ့်မည်ကို သူ မမျှော်လင့်ထားပေ။


တချိန်တည်းမှာပင် ကုယွီပေါင်၏ အခြေအနေက သူ မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။


ကျေးလက်ဒေသရှိ ကလေးများသည် ငယ်စဉ်ကတည်းက လယ်မြေများတွင် ကြီးပြင်းလာခဲ့ကြသည်။


သူတို့မိဘများက မြေကို ထွန်ယက်လျှင် သူတို့က အနီးအနားတွင် ရေချိုငါးများကို တူးကြသည်။


မိဘများက စပါးပျိုးပင်များ စိုက်လျှင် သူတို့က လယ်ကွင်းထဲမှာ ခရုများကို ထိကိုင်နေကြ၏။


မိဘများက စပါးရိတ်သိမ်းလျှင် သူတို့က နောက်မှ စပါးနှံများကို လိုက်ကောက်နေခဲ့ကြသည်။


လယ်ထဲသို့ တစ်ခါမှ မရောက်ဖူးသည့် ကျေးလက်မှ ကလေးများပင် လယ်လုပ်နည်းကို သိသည်။


ရလဒ်ကမူ... ကုယွီပေါင်က ၎င်းကို လုံးဝ မသိဘဲ ကွင်းထဲတွင် သစ်သားခြောက်ရုပ်ကဲ့သို့ ရပ်နေခဲ့သည်။


ကုမင်ရှိူ့၏ မျက်နှာက အေးစက်လာခဲ့သည်။


ကုယွီပေါင်သည် စိတ်ထိခိုက်နေဆဲဖြစ်သည်။ ယခင်ကတော့ မနက်တိုင်း မိသားစုက ယာဂုချက်ပြုတ်ချိန်တွင် သူ့ကို ထမင်းပေးလိမ့်မည်ဖြစ်သော်လည်း ဒီနေ့ ဘယ်သူမှ မရှိဘူး!


မနေ့ညက မိသားစု၏ ကြက်မှ ဥထားသော ကြက်ဥလည်း ရှိသည်။ ကုမင်ရှိူ့က ဒဏ်ရာရနေသည့် သူ့ခန္ဓာကိုယ်ကို အားပြန်ဖြည့်ပေးမည်ဟု သူ ထင်ခဲ့သော်ငြား ကုမင်ရှိူ့က သူ့အတွက်သူ ယူသွားတယ်!


အလုပ်တစ်နာရီသာ ကြာပြီးနောက် ကုယွီပေါင်က မောပန်းလာပြီး ကုမင်ရှိူ့ကို ပြောလိုက်သည် : “ အစ်ကို၊ ကြက်ဥစားချင်တယ်။ ” ကုမင်ရှိူ့ ကြက်ဥမစားရသေးသည်ကို သူ သတိပြုမိသည်။


“ မဟုတ်ဘူး၊ ဒါက ပညာတတ်လူငယ်ယန်အတွက်။ ” ကုမင်ရှိူ့ကက သူ့ကို မဆိုင်းမတွ ငြင်းခဲ့သည်။


ကုယွီပေါင် : “ … ” ဒီယန်ကျင်းဇီက သူ့မိသားစုရဲ့ စပါးနဲ့ ကြက်ဥတွေကြောင့် သူ့ကို ဒုက္ခပေးခဲ့တာပဲ ဖြစ်ရမယ်!


အဲ့လူက တကယ်ကို ရွံစရာကောင်းလွန်းတယ်!


ဒါပေမယ့် အခုချိန်မှာ သူ့တွင် တကယ်ပဲ ရွေးချယ်စရာ မရှိ။


သူ့အားနည်းချက်သည် ယန်ကျင်းဇီ၏လက်ထဲတွင် ရှိသည်။ သူ၏ မောင်နှမများက သူ့ကို မယုံကြသေးသည့်အပြင် သူသည် အပြင်လူများကို အကူအညီတောင်းဖို့လည်း မဝံ့ရဲပေ။ သူ အလုပ်သာ လုပ်နိုင်သည်။


လူများ သည်းမခံနိုင်လောက်အောင် ကုယွီပေါင်၏ အလုပ်က အလွန်ရှုပ်ပွနေလေသည်။ ကုယွီလန် မနေနိုင်တော့ဘဲ သူ့ကို အော်တော့သည် : “ ကုယွီပေါင်၊ မြန်မြန်အလုပ်လုပ်! ”


ကုယွီပေါင် : “ … ”


ကုယွီပေါင်က ကုယွီလန်၏ စောင့်ကြည့်မှုအောက်တွင် အလုပ်လုပ်နေချိန်၌ ယန်ကျင်းဇီသည် မြို့ထဲသို့ ရောက်နေပြီဖြစ်သည်။


ဤနေရာသည် စီးပွားရေးအစီအစဥ်တစ်ခု ဖြစ်ပြီး ရံဖန်ရံခါတွင် ရာသီစာများ အနည်းငယ် ရှိကာ မကြာသေးမီကမှ ဈေးကွက်ဝင်ခဲ့သည့် ကြံချောင်းကဲ့သို့သော ဒေသထွက်ပစ္စည်းများကိုသာ လက်မှတ်မပါဘဲ ဝယ်ယူနိုင်သည်။


ဤနေရာတွင် ထောက်ပံ့ရေးပစ္စည်းများ အလွန်ရှားပါးပြီး မည်သည့်အရာကိုမဆို သီးသန့်ဝယ်ယူခြင်း သို့မဟုတ် ရောင်းချခြင်းဟာ တရားမဝင်ချေ။


သို့သော် မှောင်ခိုကုန်သွယ်မှုကတော့ ရှိနေဆဲ။


ဥပမာအားဖြင့် လယ်သမားတစ်ဦးသည် မြို့သို့လာ၍ တံမြက်စည်း သို့မဟုတ် ဝါးဖြင့် ပြုလုပ်ထားသော ခြင်းတောင်းကို အသုံးပြုကာ မြို့တွင်းရှိ လူများနှင့် လက်မှတ်အမျိုးမျိုးကို လဲလှယ်မည်ဖြစ်သည်။


တချို့လူများက လယ်ကွင်းထဲမှာ စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို ယူကာ မြို့ထဲရှိ ဆား၊ သကြားတို့နှင့် လဲလှယ်ကြသည်။


သေချာတာပေါ့၊ ကုန်ပစ္စည်း မလဲချင်ဘဲ ပိုက်ဆံတောင်းသော လူများလည်း ရှိ၏။ သူတို့ရွာက မြို့နှင့် နီးသည်။ သူ သိသလောက်အရ တချို့လူများက ကြက်ဥများကို သိမ်းပြီး တိတ်တိတ်လေး မြို့သို့ သွားရောင်းတတ်သည်။


ဤသည်ကို အများအားဖြင့် မြို့တွင်းရှိ ဆွေမျိုးများကဲ့သို့ အသိမိတ်ဆွေများထံသို့သာ ရောင်းချသည်။ ဆွေမျိုးများ ဖြစ်ကြောင်း တိုက်ရိုက်ပြောသည့်အခါ ဘယ်သူကမှ စစ်ဆေးတော့မည်မဟုတ်ပေ။


မူလပိုင်ရှင်လည်း မြို့တော်မှ ယူလာသော ပစ္စည်းအချို့ကို ရောင်းချရန် မြို့သို့ ရောက်ရှိဖူးခဲ့သော်ငြား မူလပိုင်ရှင်က ဈေးမညှိဘဲ အမှန်တကယ်ပင် ဈေးပေါပေါဖြင့် ရောင်းချခဲ့သည်။


ထို့အပြင် မူလပိုင်ရှင်သည် သူ လာသောအခါတွင် ပိုက်ဆံများစွာ ယူဆောင်လာကာ စားစရာဝယ်ရန်အတွက် မြို့တွင်းရှိ လူများထံမှ လက်မှတ်ဝယ်ရန် ပိုက်ဆံများများ သုံးခဲ့၏။


မူလပိုင်ရှင်က မြို့ထဲတွင် “အသိမိတ်ဆွေများ” ရှိသော်လည်း ယန်ကျင်းဇီသည် ထို “အသိမိတ်ဆွေများ” ကို မရှာခဲ့ပေ။ သူသည် မြို့တွင်းရှိ ဓာတ်မြေသြဇာစက်ရုံ၏ ဝန်ထမ်းအိပ်ဆောင်သို့ တိုက်ရိုက်လျှောက်သွားခဲ့သည်။


ဓာတ်မြေသြဇာစက်ရုံမှ အလုပ်သမားများသည် အခြေခံအားဖြင့် ချမ်းသာကြသည်။


သူတို့၏ လုပ်ခလစာက မနည်းဘဲ အပိုငွေများလည်း ရနိုင်ကြ၏။ စက်ရုံရှိ အလုပ်သမားများသည် အလုပ်ပြီးပါက ဓာတ်မြေသြဇာစက်ရုံမှ အမိုးနီးယားအချို့ကို မကြာခဏ ထုတ်ယူနိုင်သည်။


၎င်းက အကောင်းဆုံး ဓာတ်မြသြဇာပင်။ ကျေးလက်ဒေသရှိ လူအချို့သည် ဟင်းသီးဟင်းရွက် သို့မဟုတ် တစ်ခုခုဖြင့် ၎င်းတို့ကို ကုန်လဲလှယ်ကြပြီး လဲလှယ်ပြီးပါက သူတို့၏ ကိုယ်ပိုင်မြေကို မြေသြဇာကျွေးရန်အတွက် အသုံးပြုကြမည်ဖြစ်သည်။


ဤအခိုက်အတန့်တွင် အိမ်တိုင်း၏ အိမ်ရှေ့နှင့် နောက်ဘက်မြေများသည် ၎င်းတို့၏ သီးသန့်မြေ ဖြစ်သည်။ ရှန်းမူကျေးရွာမှ လူများက ထိုနေရာများတွင် အသီးအရွက်များ စိုက်လေ့ရှိသည်... အမှန်ပင်၊ အသီးအရွက် များများစိုက်လျှင် ရွာက အရင်းရှင်စနစ်၏ အမြှီးကို ရုတ်တရက် ဖြတ်ချင်သကဲ့သို့ ဖြစ်ပြီး တစ်စုံတစ်ဦးက ရောက်လာကာ ဂေါ်ပြားဖြင့် တူးထုတ်ပစ်နိုင်လောက်သည်ပင်။


ယန်ကျင်းဇီ အဆောင်အနီးသို့ ရောက်သောအခါတွင် လူများစွာ၏ အာရုံကို ချက်ချင်း ဖမ်းစားနိုင်ခဲ့သည်။


သူ့အသွင်အပြင်က တကယ် ကောင်းမွန်ပြီး အရပ်လည်း ရှည်ရာ အများအားဖြင့် လူများက သူ့ကို ကြင်နာမှုနှင့်သာ ကြည့်နေကြသည်။


ယန်ကျင်းဇီသည် ပတ်ပတ်လည်ကို လိုက်ကြည့်ပြီး နောက်ဆုံးတွင် အသက်လေးဆယ်ကျော် အမျိုးသမီးတစ်ဦးဆီသို့ လျှောက်သွားကာ ချိုသာစွာ ပြုံးပြလိုက်သည် : “ အစ်မ ”


ကောင်းရှောင်ရှန်းသည် ခြေတံရှည်သော လူငယ်ကို သတိထားမိခဲ့သည်မှာ ကြာပြီဖြစ်သည်။


သမီးအကြီးဆုံးက ခင်ပွန်းရှာသည့် အရွယ်ကို ရောက်နေပြီဖြစ်ရာ ယခုချိန်မှာတော့ သူ(မ)သည် ယောက်ျားလေးတစ်ဦးကို တွေ့တိုင်း ပိုပြီးအာရုံစိုက်လာမိသည်။


ဤလူငယ်ကို မြင်မြင်ချင်း သဘောကျမိသော်ငြား ကောင်းရှောင်ရှန်းသည် ဤလူကို မြို့ထဲတွင် တစ်ခါမှ မတွေ့ဖူးပေ။ ဖြစ်နိုင်ချေမှာ သူက မြို့ထဲမှ မဟုတ်... သူ(မ) တိတ်တဆိတ် စိတ်ပျက်သွားသည်။


သူ(မ)၏သမီးက မြို့ထဲတွင် လက်ထပ်မှဖြစ်မည်။


ဤသို့တွေးနေသော ကောင်းရှောင်ရှန်းသည် ထိုလူက လမ်းလျှောက်လာရင်း သူ(မ)ကို အစ်မဟု ခေါ်သည်ကို တွေ့လိုက်ရသည်။


သူ(မ)၏ အသက်က အလွန်ကြီးနေပြီဖြစ်သော်လည်း သူ(မ)က ဒီလိုလူငယ်လေးဆီက အစ်မလို့ အခေါ်ခံနိုင်ရသေးတယ်! ကောင်းရှောင်ရှန်း အနည်းငယ် အံ့အားသင့်သွားပြီး ပျော်ရွှင်သွားသည်။


ယန်ကျင်းဇီသည် ကောင်းရှောင်ရှန်းဟု ခေါ်သော ဤဓာတ်မြေသြဇာစက်ရုံက အလုပ်သမားအမျိုးသမီးနှင့် စကားပြောခဲ့ပြီး သူ(မ)ကို အစ်မဟု ခေါ်ကာ သူက ဖောင်တိန်ကို မည်သို့ရောင်းချင်ကြောင်း ပြောပြခဲ့သည်။


ကောင်းရှောင်ရှန်းတွင် ကျောင်းတက်နေသော ကလေးတစ်ဦး ရှိပြီး သူ(မ)ကိုယ်တိုင်လည်း ဝယ်ချင်နေခဲ့၏။ ယန်ကျင်းဇီ၏ မူရင်းစျေးနှုန်းကို သိရှိပြီးနောက် သူ(မ)သည် ၎င်းကို ဝယ်ရန် မစဉ်းစားတော့သော်ငြား ယန်ကျင်းဇီကို အခြားလူတစ်ဦးနှင့် မိတ်ဆက်ပေးခဲ့သည်။


မြို့တွင် မွေးဖွားကြီးပြင်းလာသော ကောင်းရှောင်ရှန်းကဲ့သို့ လူတစ်ဦးသည် မြို့တွင်းအခြေအနေကို ကောင်းစွာ နားလည်သဘောပေါက်ပြီး ယန်ကျင်းဇီနှင့် မိတ်ဆက်ပေးသူမှာ ချမ်းသာပြီး ကုန်ပစ္စည်းများကို သိရှိသူ ဖြစ်သည်။


ယခုအချိန်တွင် ဖောင်တိန်နှင့် နာရီကဲ့သို့သော အရာများသည် စျေးမပေါချေ။ ယန်ကျင်းဇီ၏ ဖောင်တိန်ဟာ နိုင်ငံခြားမှ တင်သွင်းခြင်း ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ၊ ၎င်းမှာ ရွှေဖြစ်နေဆဲဖြစ်သည်။ ၎င်းတို့ကို ဤနေရာတွင် ဝယ်၍မရနိုင်ချေ။


ရင်ဘတ်တွင် ထူးခြားပြောင်မြောက်သော ဖောင်တိန်တစ်ချောင်း ချိတ်ဆွဲထားခြင်းက သိက္ခာရှိရှိ အလွန်ကြည့်ကောင်းမည်မှာ သေချာ၏။


ယန်ကျင်းဇီက သူ့ဖောင်တိန်ကို ပုံကြီးချဲ့ကာ ချီးကျူးခဲ့ပြီး အဆုံးတွင် ဤဖောင်တိန်ကို သုံး၍ ယွမ် ၁၀၀ နှင့် လဲလှယ်ခဲ့ရုံသာမက ငါးကတ်တီဖိုး အသားလက်မှတ်များနှင့် အခြားလက်မှတ်အချို့တို့ကိုပါ လဲလှယ်ခဲ့သည်။


ခေါင်းလှည့်လိုက်သည်နှင့် ယန်ကျင်းဇီသည် မြို့တွင်းရှိ အသားဆိုင်သို့ သွားလေသည်။


မြို့ထဲတွင် အသားဆိုင် ရှိသည်။ အသားဝယ်ရန် အသားလက်မှတ် လို၏။


ဆိုင်ပိုင်ရှင်သည် အသားမရောင်းမီ အသားအရိုးများကို ဦးစွာ ဖယ်ရှားပြီး မည်သည့်အသားကိုမဆို စျေးနှုန်းတစ်ခုတည်းဖြင့် ရောင်းချမည်ဖြစ်သည်။ မည်သို့အသားမျိုး ဝယ်၍ရသနည်းကမူ သူ့စိတ်နေစိတ်ထားပေါ် မူတည်သည်။


ရှန်းမူကျေးရွာမှ လူများ မြို့မှ လူများကို မကြိုက်ရသည့် အကြောင်းအရင်းမှာ အများကြီး ရှိ‌နေပေသည်။


၎င်းတို့ထဲမှ တစ်ခုမှာ သူတို့က သူတို့ရွာမှ ဝက်များကို လုံ့လစိုက်ထုတ်ကာ ကျွေးထားခဲ့ရပြီး နောက်ဆုံးမှာတော့ ၎င်းတို့အားလုံးက “တာဝန်ဝက်များ” ဖြစ်သွားပြီး အသိမ်းခံရပေသည်။


နှစ်ကုန်တွင် ရွာ၌ ဝက်သတ်ခြင်းနှင့် ဝက်သားခွဲခြင်းမှလွဲ၍ သူတို့သည် ပုံမှန်အားဖြင့် ဝက်သားကို လုံးဝ မစားနိုင်သော်လည်း မြို့ပေါ်ရှိ လူများသည် လစဉ် အသားလက်မှတ်နှင့် လစာများ ရှိသည်။ သူတို့က တစ်လကို အကြိမ်ပေါင်းများစွာ အသားစားနိုင်သည်။


ထိုမျှတင်မကဘဲ ကျေးလက်မှ လူများဟာ မြို့ထဲတွင် အသားဝယ်ရန် အခွင့်အလမ်း ရှားပါးပြီး အသားရောင်းသူများကလည်း သူတို့အား အသား၏ ဆိုးရွားသော နေရာများကို ပေးလိမ့်မည်ဖြစ်သည်။


ယန်ကျင်းဇီ၏အလှည့် ရောက်သောအခါ အသားရောင်းသူ မမေးမီ ယန်ကျင်းဇီက ဒေသိယစကားဖြင့် အရင်ပြောလိုက်သည် : “ အစ်ကို၊ ကျွန်တော် အသားငါးကတ်တီ ဝယ်မယ်။ ကျွန်တော် ခေါင်းဆောင်တွေကို ဧည့်ခံချင်တယ်။ ”


အသားရောင်းသူ၏ နယ်မတူသည့် ပညာတတ်လူငယ်များကို အနိုင်ကျင့်ခြင်းမှ တားဆီးရန်အတွက် သူသည် ဒေသိယစကားကို ပြောခဲ့သည်။


နဂိုကတည်းက မရှိသော ခေါင်းဆောင်များကို အထူးထည့်ပြောရခြင်းမှာ သူနှင့် မရှုပ်သင့်ဟု လူအများကို ထင်မြင်စေလို၍ဖြစ်သည်။


အမှန်ပင်၊ ယန်ကျင်းဇီက ဤသို့ပြောပြီးနောက် အသားရောင်းသူက မေး၏ : “ မင်း အသားရဲ့ ဘယ်အပိုင်းကို လိုချင်လဲ? ”


ယန်ကျင်းဇီသည် ဝက်လည်ပင်းနားမှ ဝက်ရှေ့ခြေထောက်မှ အသားကို တောင်းခဲ့ပြီး ခေါင်းဆောင်က အရိုးစားချင်သည်ဟုလည်း ပြောခဲ့သဖြင့် သူသည် အဆင်ပြေစွာဖြင့် အရိုးတချို့ကို ဝယ်ခဲ့သည် — အရိုးဝယ်ရင် အသားလက်မှတ် မလိုဘူး!


လည်ပင်းနားမှ ဝက်ရှေ့ခြေထောက်၏ အသားက အလွန်ဝဖြိုးသည်။ ဤအသားမျိုးကို ယခုခေတ်တွင် မြို့တွင်းမှ ဖြစ်စေ၊ ရွာမှ ဖြစ်စေ၊ လူများက ကြိုက်ကြသည်။


အသားရောင်းသူသည် ထိုအသားပိုင်းကို လိုချင်ကြောင်း ကြားသောအခါ နားလည်သွားသည်။


ထိုကဲ့သို့သော ဆူဖြိုးသည့် အသားမျိုးကို ခေါင်းဆောင်က ကျိန်းသေ ကြိုက်လိမ့်မည်။ ဒါ့အပြင် ဝဖြိုးတဲ့ အသားရဲ့ တစ်ပိုင်းကို သုံးပြီး မွှေကြော်ဟင်းလျာတွေအတွက် အဆီအဖြစ် သုံးနိုင်သေးတယ်!


ယန်ကျင်းဇီသည် အသားငါးကတ်တီနှင့် အရိုးအချို့ကို ကိုင်ဆောင်ကာ ရွာသို့ ပြန်လာခဲ့ပြီး ကြည့်ရှုသူများကို ချက်ချင်း ဆွဲဆောင်ခဲ့သည်။


ယခုနှစ်တွင် နှစ်သစ်ကူးကာလ၌ အသားစားခဲ့သူများမှလွဲ၍ လူအနည်းငယ်သာ အသားစားနိုင်သည်။ အမှန်တကယ်ပဲ ယန်ကျင်းဇီက ထိုမျှအသားအများကြီး သယ်လာခဲ့သည်...


အသားစိမ်း ဖြစ်နေလျှင်တောင်မှ ရွာသားများက တံတွေးမျိုချမိကြသည်။


ယန်ကျင်းဇီသည် အသားများဖြင့် ရွာကို တုန်လှုပ်စေခဲ့သည်။ ခဏကြာတော့ တစ်စုံတစ်ဦးက သူ့ဆီလာပြီး မေးမြန်းသည် : “ ပညာတတ်လူငယ်ယန်၊ မင်းနဲ့ အသားတချို့ လဲလို့ရမလား? ”


ဒါပေါ့၊ လဲနိုင်တယ်!


ခဏအတွင်းမှာပင် ယန်ကျင်းဇီသည် သူ့လက်ထဲတွင် ရှိသော အသားငါးကတ်တီမှ လေးကတ်တီကို လဲလှယ်ပြီး ဆန်နှင့် အစားထိုးလိုက်သည်။


သူ့အိမ်မှာ စားစရာမရှိဘူး!


ပြောရလျှင် ရွာတွင် ဝက်သားဟာ ပေါက်ဈေးထက် အဆပေါင်းများစွာ ကျော်လွန်၍ လဲလှယ်နိုင်သည်။ သူ ကံကောင်းခဲ့သည်။


ကျန်ဝက်သားတစ်ကတ်တီအတွက်မူ ယန်ကျင်းဇီသည် အဆီများကို အပိုင်းပိုင်း လှီးဖြတ်ပြီး ရွာမှ သူ ပညာတတ်လူငယ်တစ်ယောက်အနေဖြင့် ရထားခဲ့သည့် အိုးငယ်လေးထဲကို ထည့်ကာ ဝက်ဆီပြုတ်ခဲ့သည်။


မကြာခင်မှာပင် ဆီနံ့များ ထွက်လာသည်။ ယန်ကျင်းဇီသည် ပြုတ်ထားသော ဝက်ဆီများကို ပန်းကန်တစ်ခုထဲသို့ ထည့်ကာ ပြုတ်ထားသော အိုးထဲသို့ ဆန်ကို တိုက်ရိုက်ထည့်သည်။ ကျန်သည့် အဆီနည်းအသားနှင့် ဆီကျန်ကို ထည့်ပြီး ရေထည့်ကာ ထမင်းမွှေးအိုးတစ်လုံးကို ချက်ခဲ့သည်။


အိုးထဲတွင် ဝက်ဆီနှင့် ဆီကျန်များ ကျန်ခဲ့သည်။ ဒီထမင်းကို ဝက်ဆီထမင်းလို့ ပြောနိုင်တယ်!


ယန်ကျင်းဇီသည် တစ်ဝက်ကို ပန်းကန်တစ်လုံးထဲ ထည့်ထားလိုက်သည်။ ကုမင်ရှိူ့ ရောက်လာချိန်မှာတော့ အိုးထဲမှ ကျန်တစ်ဝက်ကို သူ စားတော့မည်ပင်။


ကုမင်ရှိူ့ကို မြင်လိုက်ရသောအခါ ယန်ကျင်းဇီ၏ မျက်လုံးများ တောက်ပလာသည်။


သူ ချန်ထားသော ထမင်းတစ်ဝက်ကို မူလကတည်းက ကုမင်ရှိူ့ စားရန်အတွက် ရည်ရွယ်ထားခဲ့သည်။ ယခု ကုမင်ရှိူ့က ရောက်လာခြင်းဖြစ်ရာ ပို၍ပင် ကောင်း၏။


“ ပညာတတ်လူငယ်ယန်၊ မင်းအတွက် ကြက်ဥတစ်လုံးပါ။ ” ကုမင်ရှိူ့သည် အိမ်ထဲသို့ ဝင်ပြီး ကြက်ဥတစ်လုံးကို ထုတ်လိုက်သည်။


သို့ရာတွင် ယန်ကျင်းဇီသည် ကြက်ဥကို မယူသည့်အပြင် ထမင်းအပြည့် ထည့်ထားသော ပန်းကန်လုံးတစ်လုံးကိုပင် ထုတ်ကာ သူ့လက်ထဲသို့ ထည့်လိုက်သည် : “ မင်ရှိူ့၊ လာ၊ ငါနဲ့ အတူစားပါ။ ”


ကုမင်ရှိူ့ အံသြသွားသည်။


ဤထမင်းက ဆန်ဖြူဖြစ်ရုံတင်မက အဆီပြန်ပြီး အသားပါပါ၏...


ဤကဲ့သို့ထမင်းမွှေးတစ်ပန်းကန်က ပိုက်ဆံအများကြီး ကုန်မည်ဖြစ်သည်။ ဒါပေမယ့် ယန်ကျင်းဇီက သူ့ကို စားဖို့ ပေးတာလား?


ယန်ကျင်းဇီ အမှားလုပ်ခဲ့တာလား?


“ ကျွန်တော် မယူနိုင်ဘူး။ ” ကုမင်ရှိူ့က အလျင်စလို ပြောပြီး အနည်းငယ် ဘာပြောရမည်မှန်း မသိဖြစ်သွားသည်။


ယန်ကျင်းဇီက ပြောလိုက်သည် : “ မင်း ဒီထမင်းကို စားရမယ်။ မင်း မစားရင် မင်းညီမ ငါ့ဖောင်တိန်ကို ခိုးသွားတယ်လို့ တခြားသူတွေကို ငါ လိုက်ပြောမယ်။ ”


ယန်ကျင်းဇီက စကားပြောသောအခါတွင် ပြုံးနေကာ သူ့ကို ခြိမ်းခြောက်နေခြင်း မ

ဟုတ်မှန်း သူ သေချာသည်။ ဒီလိုမျိုး ကောင်းတဲ့ အရာကို စားဖို့ အတင်းအကြပ် ခြိမ်းခြောက်တဲ့ လူက ဘယ်လိုလူမျိုးလဲ?


ယန်ကျင်းဇီကို ကြည့်နေရင်း ကုမင်ရှိူ့၏ နှလုံးခုန်သံမှာ နားမလည်နိုင်အောင် မြန်လာခဲ့သည်။

____