💊Chapter 3
ဟေ့လူ ခင်ဗျားတော့ ကျွန်တော့်ရဲ့ ပြိုင်ဆိုင်လိုစိတ်ကို အောင်အောင်မြင်မြင် နှိုးဆွလိုက်နိုင်ပြီပဲ
မကြာမီမှာပင် ဝမ်ကျင်းတစ်ယောက် ဖုန်းပြောဆိုမှုကို အဆုံးသတ်ပြီး ပြန်ဝင်လာသည်။ သူက သူ့အမူအရာများကို ထိန်းချုပ်ရာတွင် ကျွမ်းကျင်သည်။ သူ့မျက်နှာတွင် နွေးထွေးပြီး နူးညံ့သော အပြုံးတစ်ခုကို ဆောင်ထားပြီး ပိုင်မူနင် လိုအပ်သည်ကို မေးလိုက်သည်။
ပိုင်မူနင်မှာ ဝမ်ကျင်း သူ၏ စိတ်ခံစားချက်များကို အားမထုတ်ရပါဘဲ လွယ်ကူစွာ ထိန်းချုပ်နိုင်စွမ်းရှိသည်ကို တိတ်တဆိတ်အံ့အားသင့်သွားရသည်။
သူက မော့ကြည့်လိုက်သည်နှင့် ဝမ်ကျင်းမှာ သူ့ထက်အများကြီး အရပ်ပိုရှည်နေကြောင်း သတိပြုမိသွားချေသည်။ မထိန်းချုပ်နိုင်ဘဲ သူက အရပ်ညီမျှသွားစေရန်အတွက် ခြေဖျားထောက်လိုက်သည်။
ခြေဖျားထောက်လိုက်ပါသော်ငြား သူ့အနေဖြင့် ဝမ်ကျင်း၏မျက်လုံးမျှအထိသာ ခက်ခက်ခဲခဲမီသွား၏။ သူက ၁.၈ မီတာပြည့်ရန် တစ်စင်တီမီတာသာ လိုသော်လည်း ထို ၁.၈ မီတာကျော်သော အရပ်မှာ အားကျစရာကောင်းလှသည်။
ဝမ်ကျင်းက မေးခွန်းထုတ်သလို မျက်ခုံးပင့်လာချေ၏။ 'ဒီလိုလုပ်ရတဲ့ အကြောင်းပြချက်ကို ပေးတာပိုကောင်းလိမ့်မယ်'ဟု ဆိုနေသည့်အလားပင်။
ပိုင်မူနင်က အဆင်မပြေဖြစ်မှုကို ဖြေလျှော့ရန်အတွက် လည်ချောင်းရှင်းလိုက်ပြီး ပြောလိုက်သည်။
“ဒေါက်တာဝမ် ကျွန်တော် ခင်ဗျားကို ဆက်သွယ်နိုင်တဲ့ အချက်အလက်လေးများ ရနိုင်မလားဟင်”
“ရပါတယ်”
ဝမ်ကျင်းက သူ၏အဖြူရောင်ကုတ်အင်္ကျီအိတ်ကပ်ထဲမှ လုပ်ငန်းကဒ်တစ်ခုကို ထုတ်ယူကာ ပိုင်မူနင်အား ပေးလိုက်သည်။
၎င်းမှာ ဖောက်သည်ဝန်ဆောင်မှုဖုန်းနံပါတ်ဖြစ်သည်။ ပိုင်မူနင်က ထိုအရာကို မလိုချင်ပေ။
“အဲဒါမဟုတ်ဘဲ ခင်ဗျားရဲ့ကိုယ်ပိုင်နံပါတ်ကို ပေးနိုင်မလား”
ပိုင်မူနင်က သူ၏နှုတ်ခမ်းကိုကိုက်လိုက်ပြီး ရှက်ရွံ့ဟန်ဆောင်ကာ လေသံတိုးတိုးဖြင့် ပြောလိုက်လေသည်။
“ကျွန်တော် ဧည့်ကြိုကို ဆက်သွယ်ရမှာ ရှက်လို့ ကျွန်တော့်မှာ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာတချို့ရှိနေတာကို ခင်ဗျားလည်းသိပါတယ် ဒါကြောင့် ခင်ဗျားနဲ့ တိုက်ရိုက်ဆက်သွယ်တာက ပိုအဆင်ပြေမယ်ထင်လို့...”
ပိုင်မူနင်မှာ ဝမ်ကျင်း၏ဖုန်းနံပါတ်အတွက် အစွမ်းကုန်ကြိုးစားနေခဲ့သည်။ သူက မျက်နှာပျက်မည်ကိုပင် ဂရုမစိုက်ဘဲ သူ့တွင် စွမ်းဆောင်နိုင်စွမ်းချို့တဲ့နေပါကြောင်းအား လုံးဝကိုဝန်ခံလိုက်လေ၏။
သူက ခံစားချက်မဲ့နေသည့် ဝမ်ကျင်းအပေါ်တွင် အကြည်တို့အား ပို့ထားခဲ့ရာ ထိုသူ ဘာတွေးနေသည်ကို မပြောနိုင်ပေ။
ပိုင်မူနင်က တုံ့ဆိုင်းစွာဖြင့် မေးလိုက်သည်။
“မရဘူးလားဟင်”
မရပါက သူ့အနေဖြင့် အခြားနည်းလမ်းတစ်ခုကို စဉ်းစားရပေမည်။
ဝမ်ကျင်းက သူ၏လက်ကို သူ့ထံ ဆန့်တန်းလာလျက် ပြောလိုက်သည်။
“ဖုန်း”
ပိုင်မူနင်တစ်ယောက် အလွန်ပျော်ရွှင်သွားသည်။
ဝမ်ကျင်းရဲ့ဖုန်းနံပါတ်ကို ဒီလောက် လွယ်လွယ်ရတယ်လား…
သူ့စခရင်ထက်ရှိ ဝမ်ကျင်း၏နံပါတ်ကို ကြည့်ကာဖြင့် ပျော်ရွှင်စွာ ပြုံးလိုက်သည်။
လူအချို့က ချဉ်းကပ်ရန် ခက်ခဲပုံပေါ်နိုင်သော်လည်း တကယ်တမ်းတွင် သူတို့ကို ဆွဲဆောင်ရန် အတော်လေး လွယ်ကူသည်။
ငတုံးလေးက သူ၏လှုပ်ရှားမှုကို ပြီးပြည့်စုံစွာ လုပ်ဆောင်ခဲ့သည်။
—
ဆေးအိတ်ကို သယ်ဆောင်ရင်း ပိုင်မူနင်တစ်ယောက် သူ၏အဆောင်သို့ ပြန်လာခဲ့သည်။
စနေနေ့ဖြစ်သောကြောင့် လူတိုင်း အိမ်ပြန်ကြသည်။ သို့မဟုတ်လျှင်လည်း ချစ်သူရည်းစားများနှင့် အပြင်ထွက်တတ်ကြသည်။ သူတစ်ယောက်တည်းကသာ အဆောင်၌ ကျန်ခဲ့သူဖြစ်သည်။
ယခုမှာ ညစာစားချိန်ဖြစ်သော်လည်း ပိုင်မူနင်က စားသောက်ဆိုင်သို့ သွားမစားပေ။ ထိုအစား သူက အဆောင်တွင် ခေါက်ဆွဲခြောက်စားသည်။ ခေါက်ဆွဲကို ပြင်ဆင်ပြီးနောက် တရုတ်ဆေးထုပ်ကို အပူပေးရန်အတွက် ရေနွေးနွေးဖြင့် ပြည့်နေသော ပန်းကန်ထဲသို့ ထည့်လိုက်သည်။
သူ ဝယ်ပြီးသားဖြစ်သောကြောင့် မသောက်လျှင် အလဟဿဖြစ်သွားလိမ့်မည်။ မည်မျှပင် ခါးသည်ဖြစ်စေ သူ ခံနိုင်ရည်ရှိရပေမည်။
အဆောင်တံခါးက အပြင်ဘက်မှ တွန်းဖွင့်ခံလိုက်ရသည်။ သူ၏အခန်းဖော် လီအန်းချီက အိမ်မှ အထုပ်များစွာကို သယ်ဆောင်ကာ ပြန်လာခဲ့သည်။
“မင်း အိမ်ပြန်တယ်လို့ ထင်ခဲ့တာ ဘာလို့ဒီလောက်စောစော ပြန်လာတာလဲ”
လီအန်းချီမှာ ကျင်းနန်ဒေသခံတစ်ဦးဖြစ်ပြီး သူ့အိမ်က ကျောင်းပရဝုဏ်မှ လမ်းလျှောက်လျှင် ဆယ်မိနစ်သာကြာသည်။ ပိုင်မူနင်သည်လည်း အကြိမ်အနည်းငယ်မျှ သွားရောက်လည်ပတ်ခဲ့ဖူးသည်။ သူ၏မိသားစုက ချမ်းသာပြီး မိဘနှစ်ပါးစလုံး ဘဏ်တွင် အလုပ်လုပ်ကြသည်။
သူ့အထုပ်များကို ချထားပြီးနောက် လီအန်းချီက လျှောက်လာကာ ပိုင်မူနင်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်။
“မူနင် ဘာလို့ ခေါက်ဆွဲခြောက်စားနေပြန်တာလဲ အဲဒါက ကျန်းမာရေးနဲ့မညီဘူးလေ”
ယခုမှ အပြင်ဘက်က ဝင်လာသောကြောင့် သူက အေးစက်စက်လေ၏အအေးဓာတ်ကို ဆောင်ယူလာဆဲပင်။
“ခေါက်ဆွဲခြောက်က ငါ့ရဲ့ကလေးလေးနော် သူက ငါ့ဗိုက်ကို ပြည့်စေတယ်လေ ကြည့်ဦး အသားတွေ ဟင်းသီးဟင်းရွက်တွေလည်းပါတယ် ကစီဓာတ်တွေလည်း ပါတယ် အာဟာရမဖြစ်ဘူးလို့ပြောရဲတဲ့သူရှိရင် ငါ ဆဲပေးလိုက်တော့မယ်”
ပိုင်မူနင်မှာ သူ၏အချစ်ဆုံး ခေါက်ဆွဲခြောက်များကို ပြင်းပြင်းထန်ထန် ကာကွယ်လိုက်ပြီး မည်သူ့ကိုမဆို နားလည်မှုမလွဲခိုင်းနိုင်ပေ။
လီအန်းချီ သက်ပြင်းချလိုက်သည်။
“ငါ အိမ်ကနေ အမဲသားပေါင်းနဲ့ ဟင်းသီးဟင်းရွက်တွေယူလာတယ် ငါ့အမေ လုပ်ပေးတာ… ဒါပေမဲ့ မင်းမှာ အသားရှိပြီးသားဆိုတော့ ထားလိုက်ပါတော့ ငါ့ဘာသာပဲ စားလိုက်တော့မယ်”
မျက်နှာပြောင်းလဲရာတွင် ကျွမ်းကျင်သူဖြစ်သည့် ပိုင်မူနင်မှာလည်း ဝမ်ကျင်းထက် သိပ်မဆိုးလှပေ။
“အတန်းဖော်အန်းအန်း ငါ မင်းနဲ့အတူ ချိုမြိန်ခြင်းရော နာကျင်ခြင်းကိုပါ မျှဝေဖို့ ဆန္ဒရှိပါတယ်”
ညစာစားပြီးနောက် လီအန်းချီမှ ဘွဲ့ယူခြင်းနှင့်ပတ်သက်၍ ပြောလာသည်။ သူတို့က နောက်နှစ်တွင် ဘွဲ့ရကြတော့မည်ဖြစ်ပြီး အလုပ်သင်နှင့် အလုပ်များကို စတင်ရှာဖွေရမည့်အချိန်ပင်။
သူတို့၏ကျောင်းမှာ အသက်မွေးဝမ်းကျောင်းကောလိပ်တစ်ခုသာဖြစ်ပြီး သင်တန်းကာလ နှစ်နှစ်ခွဲနှင့် ခြောက်လအလုပ်သင်ကာလ ပါဝင်သည်။ လာမည့် ဇူလိုင်လတွင် သူတို့ ဘွဲ့ရကြတော့မည်။
ပိုင်မူနင်က အလုပ်ရှာခြင်းနှင့်ပတ်သက်၍ အထွေအထူးမတွေးရသေးပေ။ သူက ရေချိုငါးမွေးမြူရေးကို အထူးပြုလေ့လာခဲ့ပြီး ၎င်းမှာ အသင့်အတင့်သာရှိသော နယ်ပယ်တစ်ခုဖြစ်ကာ မြို့ထဲတွင် အလုပ်အကိုင် အလားအလာ နည်းပါးသည်။ သူ့အနေဖြင့် ရေထွက်ပစ္စည်းသုတေသနဌာနသို့ မဝင်နိုင်သောကြောင့် သူ၏တစ်ခုတည်းသော ရွေးချယ်စရာမှာ နယ်ပယ်ပြောင်းရန်သာ။
လီအန်းချီသည်လည်း အခြေအနေက အတူတူပင်။အထူးပြုဘာသာရပ်မှာတူညီပြီး အလုပ်ရှာရခက်ခဲမှုခြင်းကလည်း တူညီသည်။ သို့သော် ပိုင်မူနင်နှင့်မတူသည်က လီအန်းချီအနေဖြင့် အလုပ်ရှာခြင်းနှင့်ပတ်သက်ပြီး စိုးရိမ်စရာမလိုပေ။
သူ၏ကုလားထိုင်တွင် ပျော့ခွေကျသွားရင်း လီအန်းချီက စိတ်ဓာတ်ကျစွာဖြင့် ပြောလိုက်သည်။
“ငါ့အမေက ငါ့ကို ဘဏ်တစ်ခုမှာ အလုပ်လုပ်ဖို့ စီစဉ်ပေးထားတယ် ဒါပေမဲ့ ငါမှမလုပ်ချင်တာ ငါ တခြားမြို့မှာ သွားအလုပ်လုပ်ချင်တယ်”
ဤအရာကိုကြားလိုက်ရသည်နှင့် ပိုင်မူနင်က ချက်ချင်းပင် အကြံပေးလိုက်သည်။
“သခင်လေးရေ ဒီအကြောင်းကို သေချာစဉ်းစားပါဦး အလုပ်ဈေးကွက်က အခုဆိုရင် အဆင်မပြေဘူး... မင်း ဘယ်နေရာမှာ ရုန်းကန်ဖို့ စီစဉ်ထားတာလဲ...”
“နားထောင်နော် အတန်းဖော်လေးအန်းအန်း.. မင်းမိသားစုမှာ အဆက်အသွယ်တွေရှိရင် အဲဒါတွေကို အသုံးချလိုက်.. မိသားစုကို အားကိုးတာက အရည်အချင်းမရှိဘူးလို့ ပြောတဲ့သူတွေကို နားမထောင်နဲ့.. အဲဒါက စပျစ်သီးကို မစားနိုင်လို့ ချဥ်တယ်ပြောတဲ့စကားပဲ... မိသားစုကို အားကိုးတာ ဘာများမှားလို့လဲ... အနည်းဆုံးတော့ အားကိုးစရာတစ်ခုခု ရှိနေတယ်လေ... ငါ့ကိုကြည့်ဦး ငါ့မှာဆို ဘာမှမရှိဘူး...”
[T/N - မြေခွေးနဲ့စပျစ်သီးပုံပြင်မှာ အပင်ကတွဲလောင်းကျနေတဲ့စပျစ်သီးကို မြေခွေးကခုန်ခုန်ပြီးဟပ်ဖို့ ကြိုးစားပေမဲ့ မရဘူး။ အ့ကြောင့်လက်လျှော့လိုက်ပြီး စပျစ်သီးက ချဥ်ပါတယ်ကွာလို့ပြောပြီး ထွက်သွားတယ်။ မစားရတဲ့အမဲ သဲနဲ့ပက်ဆိုတဲ့ စကားပုံနဲ့ခပ်ဆင်ဆင်ပါပဲ။]
“မင်းရဲ့အလုပ်နဲ့ ဘဝကို အရင်ဆုံးအခြေချအောင်လုပ်... ပြီးမှ တခြားအရာတွေကို စဉ်းစား... အိပ်မက်တွေနဲ့ လက်တွေ့ဘဝက အမြဲတမ်း တိုက်ဆိုင်နေတာမျိုးမဟုတ်ဘူး... လက်တွေ့ဘဝက အမြဲတမ်း အနိုင်ရတာပါ... လူတွေက အရင်ဆုံး စားသောက်နေထိုင်ဖို့လိုအပ်တယ်”
လီအန်းချီမှာ ငြင်းခုံချင်သော်လည်း ချုပ်တည်းလိုက်သည့်အလား သက်ပြင်းကို ပြင်းပြင်းရှူထုတ်လိုက်သည်။ ပိုင်မူနင်ပြောသည်က ကျိုးကြောင်းဆီလျော်ကြောင်းကို သူသိသော်လည်း သူ့တွင် သူ၏ကိုယ်ပိုင်အတွေးများ ရှိနေသည်။
“မင်းရဲ့အစီအစဉ်က ဘာလဲ...”
“တစ်လှမ်းချင်းစီ သွားရုံပဲ... ငါ မသိဘူး”
သူတို့၏ အထူးပြုဘာသာရပ်မျိုးဖြင့် ဘွဲ့ရများမှာ ကျောင်းမှထွက်သည်နှင့် အလုပ်လက်မဲ့များသာ ဖြစ်နေကြသောကြောင့် စိုးရိမ်စရာမရှိပေ။
ထို့အပြင် ပိုင်မူနင် ဤအထူးပြုဘာသာရပ်ကို ဦးစားပေးရွေးချယ်ခဲ့သည်က ကျူရှင်ခဈေးသက်သာသောကြောင့်ပင်။ ယခု ၎င်းနှင့်ပတ်သက်၍ စိတ်ဖိစီးနေရန် မလိုအပ်ပေ။
တရုတ်တိုင်းရင်းဆေးအိတ်တစ်လုံးနှင့် ရုန်းကန်နေရသည့် ပိုင်မူနင်ကို သတိပြုမိသွားသည့် လီအန်းချီက မေးလိုက်သည်။
“မင်း ဘာလို့ ဆေးသောက်နေတာလဲ...နေမကောင်းဘူးလား”
“မဟုတ်ဘူး ငါ နေကောင်းပါတယ်... ငါ့ရဲ့ကျန်းမာရေးကို နည်းနည်းတိုးတက်အောင် လုပ်ချင်ရုံပဲ”
“မင်းက မင်းရဲ့ကျန်းမာရေးကို တိုးတက်အောင်လုပ်ဖို့ တကယ်ပဲ ပိုက်ဆံသုံးတဲ့လူလား”
လီအန်းချီမှ သူ့ကို တုန်လှုပ်စွာ ကြည့်လိုက်သည်။
“နင်အာရေ... ငါ အခု မင်းကို အဆင့်သစ်တစ်ခုတက်ပြီး လေးစားမိသွားပြီ”
လီအန်းချီ၏ အမြင်တွင် ပိုင်မူနင်မှာ အလွန်အမင်း ချွေတာတတ်သူတစ်ဦးဖြစ်ပြီး သူ့ကိုယ်သူ ကြမ်းတမ်းစွာ ဆက်ဆံကာ အစားအသောက်၊ အဝတ်အစား သို့မဟုတ် မလိုအပ်သောအရာများအတွက် မသုံးစွဲသည့်အပြင် ငွေကို အသည်းအသန်ရှာဖွေရန် ကြိုးစားနေသူပင်။ လီအန်းချီက ပိုင်မူနင်ကို သူ၏အဘွားထက်ပင် ချွေတာတတ်သည်ဟု ယူဆထားသည်။
ဆေးနှင့် သူ၏ကြားရှိစစ်ပွဲက ည ၈ နာရီအထိ ကြာမြင့်ခဲ့သည်။ သူက ၎င်းကို တစ်ဖြည်းဖြည်းချင်း အနည်းငယ်စီသောက်ရသည်။ သူ၏ပထမတစ်ငုံကို သောက်သည့်အခါ နှာခေါင်းကိုညှစ်ထားရသည်။ ထိုအခါ သူ၏လျှာပေါ်ရှိ အရသာခံအဖုများမှာ ခါးသက်မှုများဖြင့် ချက်ချင်းပင် ပြည့်နှက်သွားခဲ့ရလေသည်။ အကယ်၍ ဆေးကသာ ဈေးကြီးမနေခဲ့ပါက သူ့အနေဖြင့် ချက်ချင်းပင် ထွေးထုတ်မိပေလိမ့်မည်။ ပထမတစ်ငုံက ခါးသည်။ ဒုတိယတစ်ငုံက ခါးသည်ထက်ပို၍ ခါးသည်။ တတိယတစ်ငုံတွင် အန်ချမိတော့မတတ် ဖြစ်လာသည်။ သို့သော်လည်း သူက ၎င်းကို မျိုချရဦးမည်သာ။ နောက်ဆုံးတွင် ဆေးကို အဆုံးသတ်လိုက်ပြီး ပိုင်မူနင်တစ်ယောက် တရုတ်တိုင်းရင်းဆေးအိတ်ကို အမှိုက်ပုံးထဲသို့ ပစ်ထည့်ကာ မက်ဆေ့ခ်ျတစ်ခု ပေးပို့ရန်အတွက် သူ၏ဖုန်းကို ကောက်ယူလိုက်သည်။
ဝမ်ကျင်း၏နံပါတ်မှာ WeChat နှင့် ချိတ်ဆက်ထားခြင်းမရှိသောကြောင့် သူ့အနေဖြင့် ၎င်းကို မရှာဖွေနိုင်ခဲ့ပေ။ သူ့အနေဖြင့် ထိုသူကို စာတိုပေးပို့ခြင်းမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
ကောင်းပြီ... ဖလစ်ရမဲ့အချိန်ပဲ ... ခင်ဗျားရဲ့ အေးစက်ပြီး အထီးကျန်နေတဲ့ နှလုံးသားကို နွေးထွေးလာစေဖို့အတွက် ဟာသဆန်ဆန်စကားလုံးတွေနဲ့ တိုက်ရိုက် ချဉ်းကပ်ကြည့်ရအောင်...
[ကျွန်တော့်အိပ်ရာရှေ့မှာ လရောင်က တောက်တောက်ပပ ဖြာကျနေတယ် မင်္ဂလာညခင်းပါ ကောကော]
ရေချိုးပြီး ပြန်လာပြီးနောက်တွင်လည်း ပြန်စာ မလာသေးပေ။ ပိုင်မူနင်က စုတ်သပ်လိုက်သည်။ ဝမ်ကျင်းက တကယ့်ကို အကွာအဝေးထား၍ သီးသန့်နေပြီး လျစ်လျူရှုတတ်သူပင်။
ဒီလိုမက်ဆေ့ခ်ျမျိုးကို ဘယ်သူကများပျင်းနေလို့ အားအားယားယား ထိုင်ပို့နေလဲဆိုတာကို သူက နည်းနည်းလေးတောင် စပ်စုချင်စိတ် မရှိဘူးလား...
လီအန်းချီသည်လည်း ရေချိုးပြီးစီးသွားပြီး သူ့ခုတင်ပေါ်သို့ တက်ကာ ပိုင်မူနင်ကို သူတို့၏ဂိမ်းတွင် duo queue[အတူတွဲဆော့ခြင်း] ဆော့ရန် ခေါ်လိုက်သည်။
ပိုင်မူနင်က ငြင်းလိုက်သည်။ ၉ နာရီကျော်ပြီဖြစ်ပြီး သူ့အနေဖြင့် အိပ်ဖို့ရာ ပြင်ဆင်ရန်လိုအပ်သည်။
လီအန်းချီမှာ တုန်လှုပ်သွားရတော့သည်။
“ အခုမှညရောက်တာလေ မင်းက အိပ်တော့မှာလား”
ပိုင်မူနင်က သေချာစွာ လှဲအိပ်လိုက်လေသည်။
“အင်း ဒေါက်တာက ၁၀ နာရီမတိုင်ခင် အိပ်ရမယ်လို့ ပြောတယ်... ညဉ့်နက်တဲ့အထိ နေတာက ကျန်းမာရေးအတွက် မကောင်းဘူး...”
လီအန်းချီ: “...?”
တစ်နေ့ကို ရှစ်နာရီပြည့်အောင်အိပ်ရင် ကျန်းမာရေးကောင်းတယ်လို့ ပြောခဲ့တာ ဘယ်သူများလဲ...
—
နောက်တစ်နေ့မနက်တွင်လည်း ဝမ်ကျင်းက စာမပြန်သေးပေ။ သို့သော် ပိုင်မူနင်က လက်မလျှော့ဘဲ ဆက်၍ စိတ်အနှောင့်အယှက်ဖြစ်ပေးနေခဲ့သည်။
[ကောကော လူတွေက ဘာ့ကြောင့် သူငယ်ချင်းလုပ်ကြတာလဲ သိလား... စကားပြောဖို့လေ... ဒါဆို ဘာလို့ ကျွန်တော့်ကို စာမပြန်တာလဲ...]
သုံးရက်မြောက်နေ့။
[လေအေးက တိုက်ခတ်နေတော့ ယီမြစ်က အေးစက်နေတယ်... ကောကော ကျွန်တော့်စာတွေကို ပြန်ဖြေပေးနိုင်မလားဟင်]
လေးရက်မြောက်နေ့။
[ကောကော ခင်ဗျားကိုပိုင်ဆိုင်ရဖို့ ကျွန်တော် ဘာလုပ်ရမလဲ]
ငါးရက်မြောက်နေ့တွင်မူ ပိုင်မူနင်၏ နောက်ဆုံးစိတ်ရှည်မှုလေးက ကုန်ဆုံးသွားပြီး ဝမ်ကျင်း၏ဖုန်းနံပါတ်ကို ခေါ်လိုက်သည်။ သူ၏ ကလူ၏မြူ၏လုပ်မှုကို လုံးဝလျစ်လျူရှုထားနိုင်သော အေးစက်ပြီး နှလုံးသားမဲ့သည့်လူမျိုးကို သူ ကိုယ်တိုင်တွေ့ရပေမည်။
ဖုန်းခေါ်ဆိုမှုက အမြန်ချိတ်ဆက်သွားသည်။ ပိုင်မူနင် တစ်ခုခုမပြောမီ ထူးဆန်းသော အမျိုးသားအသံတစ်ခု ထွက်ပေါ်လာသည်။ ၎င်းက ဖောက်သည်ဝန်ဆောင်မှုကိုယ်စားလှယ်တစ်ဦးနှင့် အတိအကျတူ၍နေ၏။
“ဟယ်လို... ကျင်းနန် အမျိုးသားကျန်းမာရေးဖုန်းလိုင်းကပါ...ကျွန်တော် ဘာများကူညီပေးရမလဲ...”
ပိုင်မူနင်: “...?”
ဖောက်သည်ဝန်ဆောင်မှုဖုန်းလိုင်းတွေမှာ ဘယ်အချိန်ကစပြီး ဂဏန်း ၁၁ လုံးပါတဲ့ ဖုန်းနံပါတ်တွေ ရှိလာတာလဲ…
ခဏတာ ထိတ်လန့်သွားပြီးနောက် ပိုင်မူနင်က အလျင်အမြန် ဖုန်းချလိုက်သည်။
ဟုတ်ပြီ ကောင်းကောင်းကစားလိုက်တာပဲ... ဟေ့လူရေ ခင်ဗျားတော့ ကျွန်တော့်ရဲ့ ပြိုင်ဆိုင်လိုစိတ်ကို အောင်အောင်မြင်မြင် နှိုးဆွလိုက်နိုင်ပြီပဲ...
[အူတက်သေပြီ😆]
.....
စာရေးသူ၏ မှတ်ချက်
ပိုင်မူနင်: ယောက်ျားတစ်ယောက်ကို လိုက်ရတာ ခက်တယ်... အေးစက်ပြီး ဘာသိဘာသာပဲ နေတတ်တဲ့ယောက်ျားကို လိုက်ရတာက ပိုတောင်ခက်သေးတယ်……
💊💊💊