Ch 9
Viewers 2k

💊 Chapter 9

ဒါဆို သူ အစကတည်းက ရိပ်မိပြီးသားလား



ယခုအချိန်မှာ နေ့လယ်စာစား အနားယူချိန်ဖြစ်ပြီး ဧည့်ခန်းတွင်လည်း လူကင်းမဲ့နေပြီဖြစ်သည်။ ကျွမ်းယွိမြန်ကလည်း နေ့လည်စာ သွားစားသွားနေသည်။ ကောင်တာနောက်ရှိ ဧရာမငါးကန်ထဲမှ အာရိုဝါနာများက လေးလံထိုင်းမှိုင်းစွာ ကူးခတ်နေကြသည်မှာ ပိုင်မူနင်၏ လက်ရှိစိတ်အခြေအနေကဲ့သို့ပင်။


ဝမ်ကျင်း၏ တိုင်ပင်ဆွေးနွေးခန်းတံခါးက အနည်းငယ် ဟနေသည်။ သူ နီးကပ်လာလေလေ အတွင်းမှ အသံများက ပိုပြီးရှင်းလာလေလေပင်။


"လောင်ဝမ်... မင်းကို တစ်ယောက်ယောက်က ထပ်ပြီး ဖွင့်ပြောပြန်ပြီဆို... မင်းအသက်အရွယ်နဲ့တောင် လိပ်ပြာလေးတွေက ဝိုင်းနေသေးတယ်" 


ချန်ဟောက်နန်က မှတ်ချက်ပေးလိုက်ပြီး သူ့အကြည့်များက စားပွဲပေါ်မှ အနီရောင်နှင်းဆီပန်းများပေါ်သို့ ရောက်သွားသည်။

"အိုး... နှင်းဆီနီတွေတောင်ပေးသေးတယ်ပေါ့...ဒါပေမယ့် မင်းလို တန်ဖိုးမထားတတ်တဲ့ လူတစ်ယောက်အတွက်တော့ အလကားပဲ..."


"မင်း အကူအညီတစ်ခုခု လိုလို့လား..." 

ဝမ်ကျင်းက ရောက်လာသည်နှင့် အပျော်ရှာနေသော  ချန်ဟောက်နန်အား  ဖျတ်ခနဲ ပင့်ကြည့်လိုက်ကာ သူ့လေသံက အနည်းငယ် အေးစက်နေသည်။


"ငါက ဒီမှာ စိတ်ဝင်စားစရာရှိတယ်ဆိုတဲ့ ဖရဲသီးရထားလို့ လာကြည့်တာ"

(ဖရဲသီး = အတင်းအဖျင်း)


"ဒါဆို မင်းနောက်ကျသွားပြီ"


ချန်ဟောက်နန်က နှင်းဆီပွင့်ချပ်များကို ဆိတ်ဖဲ့ကာ မေးလိုက်သည်။

"စဥ်းတောင် မစဉ်းစားပေးတော့ဘူးလား... ကလေးလေးက တော်တော် အဆင်ပြေတယ်ဆို"


ဝမ်ကျင်းက နှင်းဆီကို ဘေးသို့ရွေ့ပြီး ချန်ဟောက်နန်  လျှောက်ဖွနေသည်ကို တားလိုက်သည်။

"ဘာကို စဉ်းစားရမှာလဲ"


"ကြည့်စမ်း၊ ငါ့ရှေ့မှာ ဟန်ဆောင်နေပြန်ပြီ... ငါဘာပြောလဲ မင်းသိပါတယ်"


ချန်ဟောက်နန်က ပြောလိုက်သည်။

"ပိုင်မူနင်က ကြည့်ကောင်းတယ် ချစ်စရာကောင်းတယ်... မင်းလို ပျင်းရိပြီးတွေဝေနေတတ်တဲ့လူကြီးတစ်ယောက်နဲ့ဆို အတော်လေးကိုက်ညီတယ်... ဘာလို့ ဒီလောက်အေးစက်ပြီး သူ့ကို ဒီလိုငြင်းပယ်နေရတာလဲ... ခုနက သူ့မျက်လုံးတွေကို ငါမြင်လိုက်တယ်... နီရဲနေတာများ ငိုတော့မလိုပဲ"


၄င်းကိုကြားရာ ပိုင်မူနင်က စိတ်ထဲတွင် ဟစ်ကြွေးလိုက်သည်။ 

လုံးဝကို ကောက်ချက်ချတာက အမှားကြီး... ငါ မငိုပါဘူး... အများဆုံးမှ နည်းနည်းလေး စိတ်ဆိုးသွားတာပဲ ရှိတာပါ...


"မင်း ဒီလိုအေးစက်စက်ပုံစံကြီးနဲ့ မနေပါနဲ့လားကွာ လူတိုင်းလန့်ပြေးမှာပဲ"


"မင်းမှာ အချိန်တွေ အရမ်းပေါလွန်းနေလား" 


ဝမ်ကျင်းက မျက်မှောင်ကြုတ်ကာ သူ၏လက်ပ်တော့ကို ပိတ်လိုက်သည်။ သူ့ပုံစံက သည်းခံမှုကုန်ဆုံးသွားသကဲ့သို့ပင်။


"နေ့လယ်ခင်းကြီးလေ... လူနာမှမရှိတာ... ဒါကြောင့် ငါ့မှာအချိန်ပေါတာပေါ့.."

ချန်ဟောက်နန်က ပြောလိုက်သည်။


"ဟုတ်ပြီ... စိတ်ဝင်စားစရာကောင်းတာပဲ ပြောကြရအောင်... မင်းတကယ်ပဲ မစဉ်းစားတော့ဘူးလား... မင်းတစ်ကိုယ်တည်းနေတာ ဘယ်နှစ်နှစ်ကြာသွားပြီလဲ... အဒေါ်ဖေးတောင် မင်းကို ကြင်ဖက်တွေ့ခိုင်းဖို့ ကြိုးစားနေရပြီ... ဒါပေမဲ့ နောက်ဆုံးတစ်ယောက်ထက် ပိုင်မူနင်က ပိုကောင်းတယ်... ငါကတော့ ဒီကလေးလေးက တော်တော်ကောင်းတယ်လို့ ထင်တယ်"


ပိုင်မူနင်က ရှုပ်ထွေးစွာနှင့် နားထောင်ရင်း နားစွင့်နေမိသည်။ သူလည်း  ဝမ်ကျင်း၏ သဘောထားကို သိချင်နေသည်။


ဝမ်ကျင်းက ပါးစပ်က ဟင့်အင်းလို့ပြောနေပေမယ့် နှလုံးသားကတော့ 'အင်း'နေတဲ့သူမျိုး ဖြစ်နေရင်ရော...


ဝမ်ကျင်းက ချန်ဟောက်နန်၏ စကားကို မှတ်ချက်ပြန်မပေးခဲ့ပေ။ သူက ပြုံးပြီး ပြောလိုက်သည်။

"သူက ငရှုပ်လေးပဲကို...ဘာကိုစဉ်းစားဖို့လိုအပ်မှာလဲ.... ငါကလေးတွေကို မကြိုက်ဘူးတာ မင်းသိပါတယ်"


ပိုင်မူနင်: "...?"


သူ လက်သီးများဆုပ်ကာ ဝမ်ကျင်းထံသို့ ဝင်ရောက်ပြီး မေးခွန်းထုတ်ချင်သွားမိသည်။

ငါက ဘယ်လိုလုပ် ငရှုပ်တစ်ယောက်ဖြစ်ရမှာလဲ…


နောက်တစ်ခေါက် စဉ်းစားကြည့်တော့ ဟုတ်နေသလိုပင်။


ဝမ်ကျင်းက အခြားသူများ၏ လျှို့ဝှက်ချက်များကို ထိုးထွင်းသိမြင်နိုင်သည်။ ယခုမူ သူက ဝမ်ကျင်း၏ လျှို့ဝှက်ချက်များကို သိရရန် ကြိုးစားနေရသည်။


သူတို့နှစ်ယောက်က တစ်ယောက်နှင့်တစ်ယောက် ဘာမှ မကွာခြားပေ။

ဘယ်သူက ဘယ်သူ့ကို အထင်မြင်သေးနေရဦးမှာလဲ…


ချန်ဟောက်နန်က ပြောလိုက်သည်။

"သူက မင်းထက်  ၁၂ နှစ်ပဲ ငယ်တာ... အခု သူက၂၀ဆိုတော့ လူကြီးတစ်ယောက်ပါပဲ"


"အဲ့ဒီတော့ရော"


"အဲ့ဒီတော့ နွားအိုကြီးက မြက်နုလေးကို စားလို့ရနေပြီပေါ့ကွာ"


"ထွက်သွားစမ်း..."


သို့သော် ချန်ဟောက်နန်က ထွက်သွားမည့် ရည်ရွယ်ချက်မရှိပေ။ သူက ဝမ်ကျင်းကို ဆက်ပြီး ဒုက္ခပေးနေသည်။

"ခုနက ဘာလို့ သူ့ကို ငရှုပ်လေးလို့ခေါ်တာလဲ... သူကအရမ်းကို စကားနားထောင်တဲ့ကလေးလေးပါ.... ဘယ်လိုလုပ် ငရှုပ်လေးဖြစ်နိုင်မှာလဲ"


ဝမ်ကျင်းက နှာမှုတ်လိုက်သည်။ 

"သူ ငါ့ဆီကို ရည်ရွယ်ချက်ရှိရှိ ချဉ်းကပ်နေတာကို မင်းမမြင်ဘူးလို့ မပြောနဲ့"


ထိုစကားတစ်ခွန်းကြောင့် ပိုင်မူနင် ခြေလှမ်းများစွာ နောက်ပြန်ဆုတ်လိုက်ရသည်။ သူနောက်ထပ် နားမထောင်ရဲတော့ဘဲ စန်းဝမ်ခန်းမမှ   á€•á€źá€ąá€¸á€‘á€˝á€€á€şá€œá€Źá€á€˛á€ˇá€™á€­á€žá€Šá€şá‹


ဘတ်စ်ကားပေါ်တက်ပြီးနောက်တွင်လည်း သူ့နှလုံးသားက ပြင်းပြင်းထန်ထန် ခုန်နေဆဲပင်။


သူ၏ ရင်ဘက်ကို ဖွဖွလေးပွတ်သပ်ရင်း စိုးရိမ်ပူပန်မှုများ မြင့်တက်လာသည်။


ပိုင်မူနင်က အစကတည်းက ကျရှုံးနိုင်ခြေကို မျှော်လင့်ထားသော်လည်း ဤမျှလောက်ထိ ရှက်စရာကောင်းမည်ဟူ၍ မမျှော်လင့်ထားခဲ့ပေ။


"ဒါဆို အစကတည်းက သူက ရိပ်မိပြီးသားလို့ ဆိုလိုတာလား..."


"ငါတကယ်ပဲ ဖျက်ဆီးလိုက်မိပြီ"


အခုဆို အစီအစဉ်ကို ဘယ်လိုဆက်လုပ်ရတော့မှာလဲ...


—


ပိုင်မူနင် စိတ်ဓာတ်ကျစွာဖြင့် အဆောင်သို့ ပြန်ရောက်လာသောအခါ လီအန်းချီက သူ့ထက်ပင်  ပို၍ဆိုးရွားနေသည်ကို တွေ့လိုက်ရသည်။ သူက အသည်းကွဲနေသည့် ပုံစံဖြင့် ဘာမှမရှိသော ဖုန်းမျက်နှာပြင်ကို စိုက်ကြည့်နေသည်။ စိတ်လွတ်နေသည့်အလား သူတံခါးဖွင့်ပြီး ဝင်လာသံကိုပင် သတိမထားမိပေ။။


ပိုင်မူနင်က အနားသို့ လျှောက်သွားပြီး မေးလိုက်သည်။

"အန်းအန်း ဘာဖြစ်လို့လဲ... ဘာတွေ ဒီလောက်တောင် ကြည့်နေတာလဲ"


သူ လီအန်းချီ၏ ဖုန်းကို ကြည့်လိုက်သည်။ ဖန်သားပြင်က လင်းနေဆဲဖြစ်ကာ ပိတ်သွားခွင့် လုံးဝမပြုပေ။


အရေးကြီးတဲ့ စာတိုတစ်ခုခုကို စောင့်နေတာများလား...


လီအန်းချီက ပိုင်မူနင်အား  စိုးရိမ်စွာဖြင့် မေးလိုက်သည်။ 

"မူနင်၊ မင်းငါ့ကို မက်ဆေ့ခ်ျတစ်ခုလောက် ပို့ပေးလို့ရမလား...ငါ့ဖုန်းက ဘာမက်ဆေ့ခ်ျမှ လက်ခံလို့မရဘူး ဖြစ်နေတယ်ထင်တယ်…"


ပိုင်မူနင်က သံသယဖြင့် စာတိုတစ်စောင်ပို့ပေးလိုက်သည်။ မကြာခင်မှာပင် လီအန်းချီ၏ ဖုန်းတွင် အသံသတိပေးချက်တစ်ခု မြည်လာသည်။


၄င်းကို မြင်သည့်အခါ လီအန်းချီက ပို၍ပင် စိတ်ဓာတ်ကျသွားသည်။


သူက စားပွဲပေါ်ကို မှောက်လဲချလိုက်သည်။ရှင်းရှင်းလင်းလင်းကို စိတ်ဓာတ်ကျနေခြင်းပင်။ ထို့နောက် ဝမ်းနည်းစွာနှင့် ပြောသည်။


"ဘာလို့ သူ ငါ့မက်ဆေ့ခ်ျကို မပြန်ရတာလဲ... ဘာလို့ ငါ့ကို လျစ်လျူရှုရတာလဲ..."


ပိုင်မူနင်က ထိုင်ခုံတစ်လုံးကို ဆွဲယူပြီး သူ့ဘေး၌၀င်ထိုင်ကာ သူ့ကျောကို ပုတ်ပေးလိုက်သည်။

"အန်းအန်း ဘာဖြစ်တာလဲ... အချစ်ရေးကိစ္စလား"


ငါ ဒါနဲ့ပတ်သက်ပြီး ဘာမှမကြားဖူးဘူး...


လီအန်းချီက တိုက်ရိုက်ပြန်မဖြေပေ။ ထိုအစား ပိုင်မူနင်ကို ကြည့်ကာ  မေးလိုက်သည်။

"မူနင်... ဒီည မင်းငါနဲ့တစ်နေရာရာကို လိုက်လာပေးမလား"


"ကောင်းပြီ... ဒါပေမယ့် မင်းဘာဖြစ်နေတာလဲဆိုတာ ငါ့ကိုပြောပြရမယ်"


လီအန်းချီက လူတစ်ယောက်ကို ခြောက်နှစ်ကြာ လျှို့ဝှက်စွာ ချစ်ခဲ့သည်။ ထိုသူမှာ ယခင်က သူ၏ သီးသန့်ကျူတာဆရာဖြစ်ခဲ့သည့် ကျန်းခယ်ကျန့် ဆိုသူပင်။


ကျန်းခယ်ကျန့်က ယောက်ျားများကို ကြိုက်၊မကြိုက် မသေချာသောကြောင့် သူ၏ခံစားချက်များကို မည့်သည့်အချိန်ကမှ ဝန်မခံရဲခဲ့ပေ။


နောက်နှစ်တွင် ကျန်းခယ်ကျန့်က မဟာဘွဲ့ယူကာ ကျင်းနန်မှ ထာဝရ ထွက်သွားတော့မည်။ လီအန်းချီက ၄င်းကို မခံစားနိုင်၍ မိဘများစီစဉ်ပေးထားသည့် ဘဏ်အလုပ်ကိုမလုပ်တော့ဘဲ ကျန်းခယ်ကျန့်နောက်သို့ လိုက်သွားချင်နေသည်။


လီအန်းချီက ကျန်းခယ်ကျန့်နှင့် အတူရှိရရန် မျှော်လင့်မထားပေ။ သူက ထိုသူ့ဘေးမှာ ရှိနေချင်ရုံသာ။


သို့သော်လည်း ယခုအခါ ကျန်းခယ်ကျန့်က သူ့ကိုလျစ်လျူရှုနေသောကြောင့် ဤဆန္ဒအသေးလေးကပင် မဖြစ်နိုင်တော့သကဲ့သို့ပင်။


သူ၏ လျှို့ဝှက်ချက်ကို ဖွင့်ဟပြီးသည့်နောက်တွင် လီအန်းချီက စိုးရိမ်စွာဖြင့် ပိုင်မူနင်ကို ကြည့်ကာ မေးလိုက်သည်။

"မူနင်... ငါ့ကို ရွံစရာကောင်းတယ်လို့ မင်းထင်လား"


"မင်းက ယောက်ျားတွေကိုကြိုက်ကြိုက် မိန်းမတွေကိုကြိုက်ကြိုက် ဒါက မင်းကိစ္စပဲ... ဘယ်သူ့ထင်မြင်ချက်ကိုမှ စိတ်ထဲထည့်စရာမလိုဘူး... မင်းရဲ့ပုံစံအတိုင်းပဲ နေ"


လီအန်းချီက ၄င်းကို အမြဲတမ်း ကောင်းကောင်းဖုံးကွယ်ထားနိုင်ခဲ့သော်လည်း ယနေ့တွင်မူ အလွန်စိတ်ဆင်းရဲလွန်းသောကြောင့် မထိန်းချုပ်ထားနိုင်တော့ပေ။


"မူနင်... မင်းမှာရော ကြိုက်တဲ့သူရှိလား"


"မရှိဘူး"

ပိုင်မူနင်က တိုးတိုးလေး ပြန်ဖြေလိုက်သည်။

"ငါဘယ်သူ့ကိုမှ ကြိုက်ဖို့ မတွေးဖူးဘူး... ဘယ်သူကမှ ငါ့ကို စိတ်မလှုပ်ရှားစေနိုင်ဘူး... အခုချိန်မှာတော့ ငါ ငွေပဲရှာချင်တယ် ... ကျန်တဲ့ဟာတွေက သိပ်အရေးမကြီးဘူး"


လီအန်းချီက သက်ပြင်းဖွဖွချကာ ပြောသည်။

"အဲ့ဒါ အကောင်းဆုံးပဲ... တခြားလူကို သဘောကျရတာက အရမ်းနာကျင်ရတယ်.... အထူးသဖြင့် တစ်ဖက်က ပြန်မကြိုက်ဘူးဆိုရင်ပေါ့"


ပိုင်မူနင်က တစ်ခုခုပြောချင်နေသော်လည်း နောက်ဆုံး၌ နှုတ်ခမ်းကိုသာ ကိုက်ပြီး နေလိုက်သည်။


အမှန်တွင် သူက လီအန်းချီ၏ ချစ်ရေးချစ်ရာ ပြဿနာကို ကူညီပေးနိုင်သည်။ သို့သော် ကျန်းခယ်ကျန့်ဘက်တွင် မည်သည့်အခြေအနေဖြစ်နေသည်ကို သူသေချာမသိပေ။


ကျန်းခယ်ကျန့်ကလည်း ယောက်ျားများကို ကြိုက်သည်ဆိုပါက လီအန်းချီအား တစ်ဖက်လူကို ရနိုင်အောင် သူကူညီပေးနိုင်သည်။


၄င်းက သူ့အလုပ်၏ တစ်စိတ်တစ်ပိုင်းပင်ဖြစ်သည်။


—


ည ၈ နာရီ၌ လီအန်းချီက ပိုင်မူနင်အား ကျန်းခယ်ကျန့် အချိန်ပိုင်းအလုပ်လုပ်သည့် ဘားကို ခေါ်သွားသည်။


ဘားတွင်ထိုင်နေရင်း လီအန်းချီက ခေါင်းကို ပတ်ပတ်လည်လှည့်ကာ ကျန်းခယ်ကျန့်အား ရှာဖွေလိုက်သည်။ သူ့ကို ရှာမရသည့် နောက်ဆုံးမှသာ ကော့တေးမီနူးကို အာရုံစိုက်လိုက်သည်။


"မူနင်... မင်းဘာသောက်ချင်လဲ ... Long Island Iced Teaဆိုရင်ရော"


[T/N - အမေရိကန် နယူးယောက်မြို့က Long Island မှာ စတင်ဖန်တီးခဲ့တာမလို့ Long Island Iced Teaလို့ခေါ်တာပါတဲ့]


ထို့နောက် သူက ထပ်ပြောသည်။

"Iced Teaဆိုတာ ရေခဲသေတ္တာထဲက အချိုရည်တွေလိုမျိုးပဲမလား... သောက်ကောင်းမှာပဲ"


လီအန်းချီက ပိုင်မူနင်ကဲ့သို့ပင် ဘားကို တစ်ခါမှ မရောက်ဖူးပေ။ သူတို့၏ ပညာရေးအတွေ့အကြုံမှာ သာမန်ဖြစ်သော်လည်း နှစ်ယောက်လုံးက နာခံတတ်သည့် ကလေးများဖြစ်သောကြောင့် အရက်သိပ်မသောက်ဖူးကြပေ။


သဘာဝအလျောက်ပင် Long Island Iced Tea ဆိုသည်မှာ အရက်ပြင်းတစ်မျိုးဖြစ်ကြောင်းကိုလည်း မသိကြပေ။


ကံကောင်းသည်မှာ ပိုင်မူနင်က လီအန်းချီထက် အနည်းငယ်ပိုသိထားပြီး Long Island Iced Teaက လက်ဖက်ရည်မဟုတ်ဘဲ အရက်တစ်ခုခုဖြစ်နေကြောင်းကို သူသိသည်။


သူက လီအန်းချီကို တားပြီး ပြောလိုက်သည်။

"ဘာလို့ အရက်မှာနေတာလဲ... ဒီဟာကို အင်တာနက်ပေါ်မှာဆို အပျိုရည်ဖျက်ယမကာလို့တောင် ခေါ်ကြတာ... ပြောရအောင် မူးသွားတဲ့အထိ လုံလုံလောက်လောက် ပြင်းတယ်... အရက်မသောက်နဲ့... အချိုရည်ပဲ သောက်ကြရအောင်..."


ရုပ်ရှင်များတွင်ဖြစ်စေ၊ တီဗီအစီအစဉ်များတွင်ဖြစ်စေ ဘားများကို အမြဲလိုလို မရိုးဖြောင့်သော စီးပွားရေးအဖြစ် သရုပ်ဖော်တတ်ကြသည်။ လူများက အမြဲလိုလို တစ်ခုခုမဆုံးရှုံးဘဲ ထွက်မသွားနိုင်ကြပေ။ ထို့ကြောင့် ပိုင်မူနင်က အထူးသတိထားနေမိသည်။။


"အရက်မပါတဲ့ အချိုရည် နှစ်ခွက်ပေးပါ"


သူတို့၏ သောက်စရာများ မရောက်မီ၌ ကျန်းခယ်ကျန့် ပေါ်လာသည်။ သို့သော် သူတစ်ယောက်တည်းမဟုတ်ပေ။ မိန်းကလေးတစ်ယောက်က သူနှင့်အတူရှိနေကာ သူတို့နှစ်ယောက်က အတော်လေး ရင်းနှီးပုံရသည်။


မိန်းကလေးက သူ့နားထဲသို့ တိုးတိုးပြောရန် ခြေဖျားထောက်လိုက်ပြီး ကျန်းခယ်ကျန့်ကလည်း သူ၏အရပ်နှင့် ညှိပေးရန် အနည်းငယ်ကုန်းလိုက်သည်။


အလင်းရောင်မှိန်မှိန်အောင်တွင် ထိုမြင်ကွင်းက ငြင်း၍မရအောင် နီးကပ်နေပုံရသည်။


အနားရှိ ဘားဝန်ထမ်းတစ်ယောက်က စကားစမြည်ပြောလိုက်သည်။

"ကျန်းခယ်ကျန့်နဲ့အတူရှိနေတဲ့ မိန်းကလေးက ဘယ်သူလဲ.. သူ့ချစ်သူလား"


"သေချာသလောက်ပဲ... သူတို့တွေက နေ့တိုင်းအတူတူရှိနေတာ... နည်းနည်းတော့ များနေပြီကွာ"


တဒင်္ဂအတွင်းမှာပင် လီအန်းချီ၏ မျက်လုံးထဲ၌ မျက်ရည်များဝဲလာပြီး စီးကျလာသည်။ သူဆက်၍ ကြည့်မနေနိုင်တော့ဘဲ ဘားမှ အမြန်ထွက်ခွာသွားသည်။ ပိုင်မူနင်လည်း နောက်မှ ချက်ချင်းလိုက်သွားသည်။


သူတို့ အဆောင်ကို ပြန်ရောက်သည့် အချိန်၌ပင် လီအန်းချီက စကားမပြောသေးပေ။


မကြာခင်၌ အရက်များကို ထုတ်ယူလိုက်သည်။ ထိုအချိန်မှသာ သူက ပိုင်မူနင်ကို စကားပြန်ပြောတော့သည်။

"မူနင်... ငါမူးချင်တယ်... မင်းငါနဲ့အတူ နေပေးမှာလား"


ပိုင်မူနင်မှာ အရက်ကို မခံနိုင်ရည်ရှိသော်လည်း သဘောတူလိုက်၏။

"ငါမင်းနဲ့အတူ သောက်ပေးမယ်" 


လီအန်းချီက အရက်အများအပြားသောက်ခဲ့သည်။ သောက်နေစဉ်အတွင်း သူက ကျန်းခယ်ကျန့်နှင့်အတူရှိခဲ့စဥ်က အမှတ်တရများကို ပြန်ပြောပြလာသည်။


ကျန်းခယ်ကျန့်က သူ့ကို ဂရုစိုက်ပုံ၊ သူ့အတွက် ရပ်တည်ပေးပုံ၊ သူ့ကို ချစ်ခင်ပုံတို့ကို တစ်ခုပြီးတစ်ခု ပြန်တွေးကာ ပြောပြနေရင်း မရပ်တန့်နိုင်အောင် ရယ်မောနေခဲ့သည်။


"သူက မိန်းကလေးတွေကို ကြိုက်မယ်လို့ ငါထင်ခဲ့ပြီးသားပါ... ဒါပေမဲ့ တကယ်တမ်းသိလိုက်ရတဲ့အခါ အရမ်းနာကျင်ရတယ်..."


"မူနင်... ငါသူ့ကို ဆက်မကြိုက်နိုင်တော့ဘူး" 


လီအန်းချီက အရက်ပုလင်းကို ကိုင်လျက် မျက်ရည်များ မရပ်မနား စီးကျနေခဲ့သည်။


နောက်ဆုံးတွင် လီအန်းချီ မူးသွားပြီး ပိုင်မူနင်လည်း မူးသွားခဲ့သည်။


—


ပိုင်မူနင်က ညနေ ၅ နာရီအထိ နိုးမလာခဲ့ပေ။


ထလိုက်သည့်အခါ အခန်းမှာ မှောင်မည်းနေပြီး လီအန်းချီလည်း ထွက်သွားပြီဖြစ်သည်။


သူက လီအန်းချီဘယ်ရောက်နေသည်ကိုမေးရန် ဖုန်းကိုကောက်ယူလိုက်ရာ မွန်းတည့်ချိန်ခန့်က သူ စာတိုပို့ထားသည်ကို တွေ့လိုက်ရသည်။ သူ၏မိဘများက အိမ်သို့ခေါ်သည့်အတွက် ထိုညနေခင်းတွင် ပြန်မလာနိုင်လောက်ကြောင်း ပြောထားသည်။


ပိုင်မူနင် ဖုန်းပိတ်ရန် လုပ်လိုက်စဉ် WeChat၌ သူငယ်ချင်းအသစ်တစ်ဦးရှိနေသည်အား သတိထားမိလိုက်သည်။ ဝမ်ကျင်းပင်။


ဘယ်တုန်းက ဝမ်ကျင်းကို WeChatမှာ အပ်ထားမိတာလဲ...


လက်ခံပေးချိန်ကို စစ်ကြည့်လိုက်ရာ မနက် ၄ နာရီဖြစ်နေသည်။


ပိုင်မူနင်တွင် မကောင်းသော ခံစားချက်တစ်ခု ပေါ်လာသည်။ သူ သတိလွတ်သွားခဲ့ခြင်း ဖြစ်နိုင်သည်။


သူ့ကို အံ့အားသင့်စေဆုံးအရာမှာ ခေါ်ဆိုမှုမှတ်တမ်းတွင် ဖုန်းခေါ်ဆိုထားမှုများစွာရှိနေပြီး အားလုံးက ဝမ်ကျင်းထံသို့ ခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


ည ၁၀ နာရီမှ မနက် ၄ နာရီအထိ ဖုန်းခေါ်ဆိုခဲ့ခြင်းဖြစ်သည်။


ဝမ်ကျင်းက ဖုန်းခေါ်ဆိုမှုတိုင်းကို လက်ခံခဲ့သည်။ အကြာဆုံးဖုန်းခေါ်ဆိုမှုမှာ နာရီပေါင်း ၂ နာရီကြာမြင့်ခဲ့သည်။


ပိုင်မူနင်က စိတ်မချရသော ခေါင်းကို ရိုက်ကာ သူပြောမိခဲ့သည်တို့ကို မှတ်မိအောင် ကြိုးစားနေခဲ့သည်။


ကံမကောင်းစွာဖြင့် သူ ဘာမှမမှတ်မိနိုင်ခဲ့ပေ။


စိတ်လှုပ်ရှားစွာဖြင့် ဝမ်ကျင်းထံသို့ ဖုန်းခေါ်လိုက်သည်။ တစ်ဖက်မှ ဝမ်ကျင်း၏ အသံမှာ အားနည်းနေပြီး မကြာသေးမီကမှ နိုးလာပုံရ၏။

"ဟယ်လို ဒေါက်တာဝမ်... တကယ့်ကို စိတ်မကောင်းပါဘူး... မနေ့ညက အရက်မူးနေတာ... ခင်ဗျားရဲ့အနားယူချိန်ကို အနှောင့်အယှက်ပေးမိလို့ စိတ်မကောင်းပါဘူး "


ဝမ်ကျင်းက "အင်း" ဟုသာ ပြောပြီး အခြားဘာမှမပြောတော့ပေ။


ပိုင်မူနင်မှာ ပို၍ပင် စိုးရိမ်လာသည်။ 


ငါ ဘာတွေလုပ်ခဲ့မိတာလဲ…


အထူးသဖြင့် သူ အရှက်ရစရာများ လုပ်ခဲ့လားဆိုသည်ကို အသည်းအသန် သိချင်နေမိသည်။ 


ထို့ကြောင့် သတိထားပြီး စမ်းသပ်သလို မေးမြန်းလိုက်သည်။

"ဒေါက်တာဝမ်...ကျွန်တော် ခင်ဗျားကို စိတ်ဆိုးအောင် လုပ်မိသေးလား" 


"မမှတ်မိတော့ဘူးလား"

ဝမ်ကျင်းက စကားပြောလာသည့်အခါ အနည်းငယ် ထက်ရှနေသည့်အသံရှိပြီး အံကြိတ်နေဟန်ရှိသည်။ ပိုင်မူနင်မှာ သူ၏စိတ်လေးက ညှိုးကျသွားသည်ကို ခံစားမိလိုက်သည်။


ငါတော့ သွားပြီ... အကုန်ပြီးဆုံးသွားပြီ...


ဝမ်ကျင်းက ဖြည်းဖြည်းချင်း ပြောပြသည်။

"စိတ်ဆိုးစရာအထိတော့ မဟုတ်ပါဘူး... မင်းက ငါ့အတွက် ပိုင်[pi]ကို အလွတ်ရွတ်ပြနေခဲ့တာလေ"


ပိုင်မူနင်မှာ မယုံကြည်နိုင်သကဲ့သို့ ချက်ချင်းရပ်တန့်သွားသည်။ 


မဖြစ်နိုင်ဘူး...အဲဒီ့ ဂဏန်းတစ်ထောင်လုံးကို ငါမှ မသိတာ...


"ဒါပေမယ့် ဒဿမနောက်က ဂဏန်း ၇ လုံးပဲ မင်းရွတ်ပြနိုင်ခဲ့တာ... ကျန်တဲ့ ၉၉၃ လုံးကို ငါ့အတွက် အကြွေးထားထားမယ်လို့ မင်းပြောတယ်"


"..."


ပိုင်မူနင်မှာ ရှက်ရွံ့သွားခဲ့သည်။ သူကိုယ်သူ မြေမြှုပ်လိုက်ချင်စိတ်ပေါ်လာခဲ့သည်။

ကောင်းပြီ... ဘာပဲဖြစ်ဖြစ် ဒီအဆင့်မှာ ငါ့ရဲ့ ဂုဏ်သိက္ခာ ဘယ်လောက်ထိ ဆုံးရှုံးနိုင်သေးလို့လဲ...


သူ၏အသံက သေးငယ်ပြီး သနားစရာကောင်းလာသည်။ 

"နောက်ထပ် တစ်ခုခုရှိသေးလား..."


ဝမ်ကျင်း၏အသံက ရုတ်တရက် အေးစက်သွားသည်။

"ဟုတ်တယ်...ရှိသေးတယ်... ဒီနေ့ကစပြီး ကိုယ့်ကို ထပ်မဆက်သွယ်နဲ့တော့.."


"ဟုတ်ကဲ့... ဖုန်းချလိုက်ပါ့မယ်"


လိုင်းပြတ်သွားသည်။


ပိုင်မူနင်မှာ အိပ်ရာပေါ်လှဲကာ ယင်းက ကျရှုံးမှုလားဟုသာ စဉ်းစားမိတော့သည်။


ယခုမူ ဝမ်ကျင်းက သူ့ကို အလွန်စိတ်ကုန်နေပေလိမ့်မည်။ ဤသို့ဖြစ်ပြီးနောက် ထိုသူ့အား ထပ်မံ၍ ဆက်သွယ်နိုင်ဦးမည်မဟုတ်ပေ။



💊💊💊