Ch 9
Viewers 1k

🍃 Chapter 9


 

ကျီချောင်ချင်သည် ဤလူအုပ်မှာ အမှန်ပင် စိတ်အနှောင့် အယှက်ဖြစ်စရာကောင်းသည်ဟုထင်လိုက်သည်။ ၎င်းတို့သည် အစုလိုက်အပြုံလိုက် ရောက်လာသော ကြောင့် သူမ ညစာပင်မစားရသေးပေ။


သူမသည် နောက်သို့လှည့်မကြည့်ဘဲ အတွင်းခန်းတံခါးကို ပိတ်လိုက်သည်။


ရှန်ကျွင်းမှာ အိပ်နေဆဲဖြစ်ပြီး သူမသည် ဤလူများကြောင့် သူ့ အိပ်စက်မှုကို  အနှောင့်အယှက်ပေးစေလိုခြင်း မရှိပေ။


သူလှည့်ကြည့်လိုက်ရာ ကျိုးကျွင်းလန်နှင့် တပည့်အပေါင်း အဖော်တစ်စုသည်  မီးတုတ်များကိုင်ဆောင်လျက် ဝါးအိမ်ထဲသို့ဝင်ရန် ပြင်ဆင်နေသည်ကို တွေ့လိုက်ရသည်။


ညဉ့်နက်လာသည်နှင့်အမျှ ရေခဲချိုးဖျက်တောင်ထိပ်သည် မှောင်မိုက်လာသည်။ လူတိုင်းယူဆောင်လာသော မီးတုတ်များသာလင်းလက်နေပြီး မီးတုတ်များသည် ဤနေရာလေးအား မှိန်ပျပျလင်းစေသည်။


ကျီချောင်ချင် ပြုံးလိုက်ပြီး "ရှစ်ရှုန်းတို့၊ ရှစ်မေ့တို့... ကျွန်မရဲ့ ရေခဲချိုးဖျက်တောင်ထိပ်ရဲ့ စည်းမျဉ်းတွေကို မေ့နေကြပြီလား" 


သူ့ အသံမှာ နူးညံ့ကာ အလွန်သိမ်မွေ့လှသည်။ သို့သော် လူတိုင်း သူ့ စကားများကိုကြားသောအခါ  အလိုလို နောက်ဆုတ်သွားကြသည်။


ရေခဲချိုးဖျက်တောင်ထိပ်၏ စည်းမျဉ်းမှာ  ကြိုတင်အ ကြောင်းကြားခြင်းမရှိ၊ ခွင့်ပြုချက်မရှိဘဲ ရေခဲချိုးဖျက်တောင်ထိပ်သို့ ဝင်ရောက်ခွင့်မပြုခြင်းဖြစ်သည်။ 


ကျူးကျော်ဝင်ရောက်သူများအား ရေခဲချိုးဖျက်တောင် ထိပ်မှ ကန်ထုတ်မည်ဖြစ်ပြီး ဝါးအိမ်ထဲသို့ဝင်ရောက်သူများကိုမူ သတ်ပစ်မည်ဖြစ်သည်။


နတ်ဆိုးချေမှုန်းတိုက်ပွဲအပြီးတွင် ကျီချောင်ချင်သည် အရူးလိုပြုမူခဲ့ပြီး နတ်ဆိုး၀င်ပူးထားသလို သူမ၏ စည်း မျဉ်းများအား စိန်ခေါ်ဝံ့သူများစွာကိုသတ်ဖြတ်ခဲ့သည်။ ထိုအချိန်က သူမသည် နတ်ဆိုးတစ်ယောက်နှင့် မခြားပေ။ သူ့ထံ အောင်မြင်မှုများသာ များပြားခြင်းမရှိပါက သူမသည်ထျန်းရွှမ်ဂိုဏ်းမှထုတ်ပယ်ခံရသည်မှာကြာပြီဖြစ်သည်။


ယခုအခါ ဤနေရာတွင်ရှိနေသူတိုင်းမှာ ကျီချောင်ချင်ကို သိသူများဖြစ်ကြပြီး နတ်ဆိုးချေမှုန်းရေးတိုက်ပွဲအပြီးတွင် ကျီချောင်ချင်၏ ကြောက်မက်ဖွယ်အသွင်အပြင်ကို သူတို့အားလုံး မျက်မြင်တွေ့ရှိခဲ့ကြသည်။ သူမ ခွန်အားမှာ တိုင်းတာ၍မရနိုင်ပေ။ လွန်ခဲ့သော ဆယ်နှစ်ခန့်က သူမ၏ ကျင့်စဉ်များ လုံးဝပျက်စီးလုနီးပါးဖြစ်နေချိန်တွင်ပင် ဂိုဏ်းကိုတိုက်ခိုက်သော သရဲနွယ်စုမှလက်ကျန်လူများကို သူမ တစ်ဦးတည်းသုတ်သင်နိုင်ခဲ့သည်။


ထို့ကြောင့် ကျီချောင်ချင်သည် ယခုအခါ နူးညံ့ကာယဉ် ကျေးနေပုံရသော်လည်း သူတို့သည် သူမကို စိန်ခေါ်ဝံ့ခြင်းမရှိပေ။


ကျိုးကျွင်းလန်မျက်လုံးများတွင် မကျေမနပ်ဖြစ်မှုတောက် လောင်နေသော်လည်း ချက်ချင်းဖုံးကွယ်လိုက်သည်။


သူသည် ဝါးအိမ်အပြင်ဘက်တွင်ရပ်ကာ အပြုံးဖြင့် ပြောလိုက်သည်: "ရှစ်မေ့၊ ဒီနေ့က ရှစ်ရှုန်းရဲ့မင်္ဂလာပွဲလေ၊ ဒီည မိသားစု ညစာစားပွဲရှိတယ်၊ အစ်ကိုကြီး မင်းကိုစောင့်နေခဲ့ပေမယ့် မတွေ့လို့ လာကြည့်တာပါ"


ကျီချောင်ချင်သည် အခန်းထဲမှထွက်လာသည်။ 


"ရှစ်ရှုန်းကတော့ နောက်ပြီ၊ ဒီနေ့က ရှစ်ရှုန်းရဲ့ မင်္ဂလာပွဲလေ၊ ကျွန်မက အခုမသန်စွမ်းတစ်ယောက်ပါ၊ ကျွန်မ လာရင် ကံမကောင်းတာတွေဖြစ်သွားနိုင်တယ်"


ကျိုးကျွင်းလန်သည် သူ့အနီရောင် မင်္ဂလာဝတ်စုံကို ဝတ် ဆင်ထားဆဲဖြစ်သည်။ ကျီချောင်ချင် ထွက်လာသည်ကို မြင်သောအခါ သူ့အပြုံးမှာပိုလို့ပင် နူးညံ့လာသည်။ 


"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ ရှစ်ရှုန်းစိတ်ထဲမှာ မင်းက ရေခဲချိုးဖျက်ယပ်တောင်ကိုပိုင်ဆိုင်တဲ့ ကျီချောင်ချင် အမြဲဖြစ်နေမှာပါ၊ ဒါနဲ့စကားမစပ်၊ မင်းရဲ့ ရေခဲချိုးဖျက်ယပ်တောင်ကရော ဘယ်မှာလဲ၊ မင်း ပြန်လာကတည်းက ထုတ်တာ မတွေ့မိဘူးနော်"


ကျီချောင်ချင် မျက်ခုံးများ အနည်းငယ်ပင့်တက်သွားသည်။ 


"ရေခဲချိုးဖျက်ယပ်တောင်က မှော်လက်နက်အနေနဲ့ သိပ်အသုံးမဝင်ဘူး၊ ဒါပေမယ့် ယပ်ခတ်ဖို့တော့ ကောင်းတယ်လေ၊ အဲ့ဒါကြောင့် ပြန်လာတဲ့လမ်းမှာ အလှလေးတစ်ယောက်က ကြိုက်တယ်ဆိုလို့ သူ့ကိုပေးလိုက်တာ"


ထိုအလှလေးသည် ယခုအချိန်တွင် ဝါးအိမ်ထဲတွင် လှဲလျောင်းနေပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေသူဖြစ်သည်။


ကျိုးကျွင်းလန်က မျက်မှောင်ကြုတ်လိုက်သည်။ 


"ရှစ်မေ့ ရေခဲချိုးဖျက်ယပ်တောင်က ထျန်းရွှမ်ဂိုဏ်း၊ရဲ့ အဖိုးအထိုက်ဆုံး ရတနာလေ၊ မင်း ဘယ်လိုလုပ်အခြားသူကို ပေးလိုက်ရတာလဲ"


ကျီချောင်ချင်ရယ်လိုက်သည်။ 


"ရေခဲချိုးဖျက်ယပ်တောင်နဲ့ ခွင်းလန်ဓားက အမေ ကျွန်မကိုမွေးဖွားတုန်းက ကောင်းကင်ဘုံကပေးခဲ့တဲ့လက် ဆောင်တွေပါ၊ အခုတော့ ထျန်းရွှမ်ဂိုဏ်းရဲ့ အဖိုးအထိုက်ဆုံးရတနာတွေဖြစ်သွားပြီပေါ့ ဟုတ်လား၊ ရှစ်ရှုန်းက အရမ်းမျက်နှာပြောင်တိုက်တာပဲ" 


ကျီချောင်ချင် ထိုသို့ပြောကာ ရှန်ကျွင်းနှင့် အတူတူနေခဲ့သည့် လွန်ခဲ့သောနှစ်ရက်ကို ပြန်တွေးလိုက်ပြီး ရှန်ကျွင်းသည် အားနည်းသူများကို ကူညီပြီး အားကြီးသူများကို တိုက်ခိုက်ရသည်ကို အလွန်နှစ်သက်သူတစ်ယောက် ဖြစ်ပုံရသည်။ သို့မဟုတ်ပါက သူမကို ထျန်းရွှမ်ဂိုဏ်းဆီလိုက် ပို့ပေးမည်နည်း။ အလှလေးအိပ်နေတဲ့အချိန် ထျန်းရွှမ်ဂိုဏ်းက လူတွေကို ရှင်းလိုက်ရင်မကောင်းဘူးလား...


ကျိုးကျွင်းလန် မျက်လုံးများထဲ စိတ်ပျက်မှုများလျှပ်တစ် ပြက်ဖြတ်ပြေးသွားသည်။ 


"ရှစ်မေ့... ရှစ်ရှုန်း မင်းကို ဆယ်နှစ်ကြာမတွေ့ခဲ့ရပေမယ့် အခုလိုပုံစံနဲ့မြင်ရတာ ရှစ်ရှုန်းစိတ်ပျက်မိတယ်"


သူ့ဘေးရှိတပည့်များသည်လည်း သည်းမခံနိုင်တော့ပေ။ သူတို့သည် ကျီချောင်ချင်အား မတိုက်ခိုက်ရဲသော်လည်း အော်ဟစ်နိုင်ကြသည်။


"စန်းရှစ်ကျဲ... မင်း ဘယ်လိုလုပ် ဒီလိုလုပ်ရက်တာလဲ၊ မင်း ထွက်သွားပြီးကတည်းက လီမင်လော့က ဂိုဏ်းချုပ်နေရာကိုမျက်စိကျနေတယ်ဆိုတာ စန်းရှစ်ကျဲ သိလား၊ ရေခဲချိုးဖျက်ယပ်တောင်ကို စန်းရှစ်ကျဲ ပြန်မပေးဘူးဆိုရင် ဂိုဏ်းက ပရမ်းပတာဖြစ်လာတဲ့အခါ အကျိုးဆက်တွေကို စန်းရှစ်ကျဲ တာဝန်ခံမှာလား"


"ဒီနှစ်တွေအတွင်း လီမင်လော့က မင်းအတွက် လက်စား ချေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ငါတို့ကို အမြဲဖိနှိပ်ခဲ့တယ်၊ အခု မင်းက ရေခဲချိုးဖျက်ယပ်တောင်ကိုပေးလိုက်ပြီ‌၊ ကျီချောင်ချင်၊ မင်းက တကယ်ကပ်ဆိုးတစ်ခုပဲ"


ဤလူများသည် ပါးစပ်သုံးရာမှလွဲ၍ အခြားအရာများကို မကျွမ်းကျင်ကြပေ။ လွန်ခဲ့သော နှစ်တစ်ရာက နတ်ဆိုးချေမှုန်းရေးတိုက်ပွဲအပြီးမှာ ကျီချောင်ချင်သည် ဤပါးစပ်များကြောင့် အတော်လေး ဒုက္ခရောက်ခဲ့ရပြီး ယခုလည်း သူမကို ထိုတုန်းကအတိုင်း တွန်းအားပေးကြပြန်သည်။


ကျိုးကျွင်းလန်၏ နှုတ်ခမ်းများပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။ "စန်းရှစ်မေ့၊ အဲဒီတုန်းက ဖြစ်ခဲ့တာတွေကို မင်း စိတ်ထဲထားနေသေးတယ်ဆိုတာ ရှစ်ရှုန်းသိပါတယ်၊ မင်း တကယ်မေ့မရဘူးဆိုရင် ရှစ်ရှုန်း မင်းကိုဒုတိယဇနီးအဖြစ် လက်ထပ်ပြီး မင်းဆန္ဒကို ဖြည့်ဆည်းပေးမယ် ဒါပေမယ့် မင်း ရေခဲချိုးဖျက်ယပ်တောင်နဲ့ ခွန်လွန်ဓားကိုပြန်ပေးရမယ်၊ အဲ့လိုမှ ကမ္ဘာကြီးကငြိမ်းချမ်းနိုင်မှာ"


"ဒုတိယဇနီး ?"


မှိန်ဖျဖျမီးရောင်အောက်တွင် ကျီချောင်ချင် မျက်ရည် ကျသည်အထိ ရယ်ချင်နေမိသည်။


 "ဒုတိယဇနီး ? ရှင်က ကျွန်မကို ရှင့်ရဲ့ ဒုတိယဇနီးဖြစ်စေချင်တာလား၊ ကျိုးကျွင်းလန်... ရှင်က တန်လို့လား" 


ကျိုးကျွင်းလန်သည် ကျီချောင်ချင်မှာ ယခုလို တုံ့ပြန်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမ ခန်းမထဲတွင် ပြောဆိုခဲ့သမျှမှာ သူ့အပေါ် ခံစားချက်များ ရှိနေသေးသောကြောင့်ဟု သူ ထင်ခဲ့သည်။ သူ အနည်းငယ် မျက်နှာ သာပေးလိုက်သည်နှင့် ကျီချောင်ချင်သည် သူ့ခြေထောက်အောက်တွင် ဒူးထောက်ရန်ဆန္ဒရှိမည်ဟု ထင်ခဲ့သည်။


"မင်းက တရားဝင်ဇနီးနေရာ လိုချင်နေတုန်းလား..."


ကျီချောင်ချင်သည် ကျိုးကျွင်းလန် စကားများကို နားထောင်လိုစိတ်မရှည်ပေ။ 


"ရှစ်ရှုန်း...  ကျွန်မ မရှိရင် အစ်ကိုကြီးရဲ့ ဂိုဏ်းချုပ်နေရာ မမြဲမှာစိုးရိမ်နေတာမလား၊ ရှစ်တိပြန်လာလုမှာ စိုးနေတာမလား၊ အစ်ကိုကြီးက အကြီးအကဲတွေကိုတောင် မင်္ဂလာပွဲကိုမဖိတ်ခေါ်နိုင်တော့ အဲ့ဒီအောက်တန်းစားတွေကို နေရာဖြည့်ဖို့ဖိတ်ခေါ်ခဲ့ရတယ်၊ ကျွန်မထင်တာတော့ ရှစ်ရှုန်း ဒီဆယ်နှစ်အတွင်း အတော်ခက်ခဲခဲ့ရမှာပဲ"


ကျိုးကျွင်းလန် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး သူ့စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်တစ်ခုပေါ်လာသည်။ 


အဘယ်ကြောင့်ဆိုသော် ကျီချောင်ချင် ပြောသမျှသည်မှာ အမှန်တရားဖြစ်သောကြောင့်ဖြစ်သည်။ လီမင်လော့ကြောင့် သူ ဆုံးရှုံးမှုများခဲ့ပြီး မကြာသေးမှီနှစ်များအတွင်း ထျန်းရွှမ်ဂိုဏ်းသည် ဂိုဏ်းကြီးငါးခုကြားတွင် ၎င်းတို့၏ အနေအထားကို တဖြည်းဖြည်းဆုံးရှုံးလာခဲ့သည်။


သို့သော် ကျီချောင်ချင်သည်တော့ ယခုလိုပြောမလာသင့်ပေ။ ကျီချောင်ချင်ဆိုသူမှာ သူ့ကို တစ်ဖက်သက်ချစ်ခဲ့သော်လည်း သူ့ဘက်မှငြင်းဆန်ခဲ့သော ငတုံးမတစ်ယောက်သာဖြစ်သည်။ သူမက များ သူ့ကိုအခုလိုပြောဝံ့တယ်ပေါ့... 


ကျီချောင်ချင်သည် ဝါးတံခါးရှေ့ကိုလျှောက်သွားလိုက်သည်။


"ရှစ်ရှုန်း ကျွန်မကို လက်ထပ်ချင်တာက ကျွန်မ ရှစ်ရှုန်းကို ကူညီစေချင်လို့မလား၊ လွန်ခဲ့တဲ့နှစ်တစ်ရာက ကျွန်မ ရှစ်ရှုန်း ဂိုဏ်းချုပ်နေရာခိုင်ဖို့နဲ့ ထျန်းရွှမ်ဂိုဏ်းကိုပြန်လည်အသက်ဝင်လာအောင် ကူညီခဲ့သလိုမျိုးပေါ့၊ ရှစ်ရှုန်းသာ ပွင့်ပွင့်လင်းလင်းတောင်းဆိုခဲ့ရင် ကျွန်မ ရှစ်ရှုန်းကို လေး စားမိမှာ၊ ကံမကောင်းတာက ရှစ်ရှုန်းက လျှို့ဝှက်ထားခဲ့တယ်လေ၊  ပထမတော့ ကျွန်မရဲ့မှော်လက်နက်ကို လိုချင်တယ်လို့ ပြောခဲ့ပြီး အခုတော့ လက်ထပ်ချင်တယ်လို့ပြောတယ်၊ အစ်ကိုကြီး အားလုံးကိုလိုချင်ပေမယ့် ဟန်ဆောင်ရတာကိုကြိုက်တဲ့ပုံပဲ၊ အတိဒုက္ခအဆင့်ရဲ့အစောပိုင်းအဆင့်မှာပဲရှိသေးတဲ့ အသုံးမကျတဲ့သူ တစ်ယောက်က ကျွန်မကို လက်ထပ်ဖို့ထိုက်တန်ရဲ့လားဆိုတာ ရှစ်ရှုန်း စဉ်းစားမကြည့်ဖူးဘူးလား၊ ရှစ်ရှုန်း မှန်ထဲမှာ ကိုယ့်ကိုကိုယ်ကြည့်လိုက်ပါဦး မျက်မမြင် လင်ရှန်းရှန်းကလွဲရင် ဘယ်သူက များ ရှစ်ရှုန်းရဲ့ ရုပ်ရည်နဲ့ထိုက်တန်မှာလဲ"


ဤစကားများသည် အလွန်ရိုင်းစိုင်းပြီး မောက်မာလှသည်။ လူတိုင်းသည် ကျီချောင်ချင်အား ကျိုးကျွင်းလန်ကိုဆက် လက်ပံ့ပိုးစေလိုသော်လည်း ကျီချောင်ချင် စကားများမှာ လူတိုင်းကို ဒေါသထွက်သွားစေသည်။


"ဂိုဏ်းချုပ်က ဒီလို ငယ်ရွယ်တဲ့အရွယ်မှာ အတိဒုက္ခအဆင့်ရဲ့ အစောပိုင်းအဆင့်ကို ရောက်အောင် စွမ်းဆောင်နိုင်တဲ့  လူငယ်တစ်ဦးပဲ၊ ဒါ လူအများစု တစ်သက်လုံးမရရှိနိုင်တဲ့အရာလေ"