Ch 2
Viewers 1k

၆၀ ခုနှစ်က မုဆိုးမလေး 


အပိုင်း ၂







ခဲအိုနှင့် အစ်မဖြစ်သူတို့က သူငယ်ချင်းတစ်ဦးကို အကူအညီခေါ်လာပြီး အမျိုးသားသုံးဦးက ပုဆိန်များငှားကာ အနေတော် သစ်ပင်အချို့ကို ခုတ်ယူလာကြသည်။ သူတို့သည် တဲကိုချဲ့ထွင်လိုက်ပြီး လုံခြုံစွာ ကာရံလိုက်ကြသည်။ သစ်တိုင်များကို မြေကြီးထဲသို့ နက်ရှိုင်းစွာ တူးပြီးစိုက်ထားသဖြင့် အလွယ်တကူ ပြိုလဲမည့်ပုံမပေါ်ပေ။



ညဘက်တွင် မီးတုတ်ထွန်းကာ အလုပ်လုပ်ကြပြီး အစ်ကိုကြီး၏ ဇနီးဖြစ်သူက ဆန်ပြုတ်ကျဲကျဲ လာပို့ပေးသည်။ စားသောက်ပြီးနောက် ညီအစ်မနှစ်ယောက်က သစ်သားများပေါ်တွင် ရွှံ့များဖြင့် လိုက်လံမွမ်းမံလိုက်ရာ လုံခြုံမှုရှိပြီး အပူဓာတ်ကို ထိန်းသိမ်းပေးနိုင်သဖြင့် ဆောင်းဦးရာသီ ရိတ်သိမ်းချိန်အထိ နေထိုင်ရန် လုံလောက်ပေသည်။



“လအနည်းငယ်လောက်တော့ ခံပါလိမ့်မယ်။ လောလောဆယ်တော့ ဒီလိုပဲ ဖြစ်သလို နေလိုက်ရအောင်”



တဲမှာ မကြီးမားသော်လည်း ပြုပြင်မွမ်းမံပြီးနောက် သိသိသာသာ ပြောင်းလဲသွားသည်။ သစ်သားများကို သေသပ်စွာ စီထားပြီး မြေကြီးထဲ နက်ရှိုင်းစွာ မြှုပ်ထားသဖြင့် ခိုင်ခံ့မှုရှိသည်။ စောင်းနေသော မျက်နှာပြင်များကို ရွှံ့ဖြင့်အုပ်ထားပြီး အမိုးပေါ်တွင် ကောက်ရိုးခြောက်များ တင်ထားသဖြင့် အိမ်ပုလေးတစ်လုံးနှင့် တူနေသည်။



အတွင်းဘက်တွင် သူမတစ်ယောက်တည်း အိပ်ရန်လုံလောက်သော တစ်မီတာအကျယ်ရှိ ကုတင်နိမ့်လေးတစ်ခုကို သစ်သားများဖြင့် ပြုလုပ်ပေးထားသည်။ သူမ ယူဆောင်လာသော အိပ်ရာခင်းကို ခင်းလိုက်ပြီး ခေါင်းအုံးနှင့် စောင်ကို တင်လိုက်ရာ သက်တောင့်သက်သာရှိသော အိပ်စရာနေရာလေး ဖြစ်လာခဲ့သည်။ အပြင်ဘက်တွင် ရိုးရိုးမီးဖိုလေးတစ်ခု ပြုလုပ်ပေးထားပြီး သူမ ယူဆောင်လာသော သံအိုးငယ်လေးဖြင့် ချက်ပြုတ်နိုင်မည်ဖြစ်သည်။



“ဒီလကုန်ဖို့ ၁၅ ရက်လောက် ကျန်သေးတယ်။ နင် စားစရာတွေ ယူလာခဲ့ရဲ့လား”



ခဲအိုဖြစ်သူက မေးလိုက်တော့ အစ်မဖြစ်သူက စိုးရိမ်တကြီး ကြည့်နေသည်။ 



“လုံလောက်အောင် ယူလာပါတယ်။ နေထိုင်စားသောက်ဖို့ လိုတာတွေအကုန် ပါပါတယ်”



ထိုသို့ပြောပြီးနောက် မိုးချုပ်နေပြီဖြစ်ပြီး လူတိုင်း ပင်ပန်းနေကြသည်ကို သတိထားမိလိုက်သည်။



“အားလုံးပဲ ပြန်ကြပါတော့။ ကျွန်မ ဒီမှာ တစ်ယောက်တည်း အဆင်ပြေပါတယ်”



“နင်နဲ့ အတူ နေပေးရမလား” အစ်မဖြစ်သူက စိုးရိမ်စွာဖြင့် မေးလိုက်သည်။



“အာ... ပြန်ကြပါတော့။ စိတ်မပူပါနဲ့၊ ဒီနေရာက အရင်တုန်းက ဖရဲခင်းစောင့်တဲ့နေရာပဲဟာ။ လုံခြုံပါတယ်” သူမ ထိုသို့ပြောသည်ကို ကြားလိုက်ရသဖြင့် အကြီးနှစ်ယောက်သည် ကူညီနေရာချထားပေးပြီးနောက် ပြန်သွားကြတော့သည်။ သူမသည် ရေမိုးချိုးသန့်စင်ပြီးနောက် သူမ၏ နေရာလေးသို့ဝင်ကာ အိပ်ရာပေါ်တွင် လှဲချလိုက်ပြီး ဘေးသို့လှည့်လိုက်ရာ အထူးပင် သက်တောင့်သက်သာ ရှိနေသည်ဟု ခံစားလိုက်ရသည်။



မြေကြီးပေါ်အိပ်ရလျှင်ပင် တစ်ယောက်တည်း နေရသည်က သူတစ်ပါး အနိုင်ကျင့်ခံရခြင်းထက် ပိုကောင်းပေသည်။ အခက်အခဲများစွာ ရှိနေသေးသော်လည်း လက်တလော အရေးကြီးသည်မှာ အစားအသောက်ဖြစ်သည်။ သူမတွင် ပြောင်းဖူးမှုန့် ၁၁ ပေါင်ခန့်သာ ပါလာပြီး အခြားမှီခိုစရာ အခြောက်အခြမ်း စားစရာ မရှိဘဲ လကုန်အထိ ခံအောင်စားသောက်ရန်မှာ စိန်ခေါ်မှုတစ်ခုပင် ဖြစ်သည်။



“ဖရဲသီးစားသုံးခြင်းစနစ်ကို တရားဝင် ဖွင့်လှစ်လိုက်ပါပြီ။ host အနေဖြင့် ဖရဲသီးစားသုံးပြီး ရမှတ်များနှင့် လဲလှယ်နိုင်ပါသည်။ ရမှတ်များကို ဈေးဆိုင်ရှိ ပစ္စည်းများနှင့် ပြန်လည်လဲလှယ်နိုင်ပါသည်။ host အား ဖရဲသီးစားသုံးခြင်း ခရီးစဉ်မှ ကြိုဆိုလိုက်ပါတယ်”



ရုတ်တရက် သူမ၏ စိတ်ထဲ၌ အသံတစ်ခု ပေါ်လာသဖြင့် လန့်ပြီး ထထိုင်မိလိုက်သည်။ ခေတ္တမျှ ဗယောက်ဗယက်ဖြစ်သွားပြီးနောက် ဤအရာမှာ စနစ်တစ်ခုဖြစ်ကြောင်းနှင့် သူမကို အန္တရာယ်မပြုနိုင်ကြောင်း သိရှိသွားခဲ့သည်။ ထို့နောက်မှသာ သူမ ပြန်၍အေးဆေးသွားတော့သည်။



“ဖရဲသီးစားတယ်ဆိုတာ ဘာကိုဆိုလိုတာလဲ”



“ပွဲကြည့်တာကို ဆိုလိုတာပါ။ ပွဲက ပိုကြီးလေ၊ ဖရဲသီးစားသုံးမှု ရမှတ်တွေ ပိုရလေပဲ”



“ရမှတ်တွေကို ဘာတွေနဲ့ လဲလို့ရမလဲ။ အစားအသောက်နဲ့ရော လဲလို့ရလား”



“ဒါပေါ့! ဆန်၊ ဂျုံ၊ နှံစားပြောင်း၊ ပြောင်းဖူးမှုန့်... မင်းသိတဲ့အရာတိုင်း ဒီမှာ လဲလှယ်လို့ရပါတယ်”



စားဝတ်နေရေးအတွက် လိုအပ်သည့်ပစ္စည်းများနှင့် လဲလှယ်နိုင်ကြောင်း သိရှိလိုက်ရသည့်အခါ လော့လန် တစ်ယောက် ဝမ်းသာအားရ ထခုန်မိတော့သည်။ တဲငယ်လေးမှာ သူမ၏အရပ်နှင့် ကွက်တိလောက်သာရှိပြီး မှိန်ပျပျအလင်းရောင်အောက်တွင် သူမ သီချင်းတစ်ပုဒ်ကို ပျော်ရွှင်စွာ ညည်းဆိုနေမိသည်။



“ကြည်လင်နေတဲ့ ရေပြင်နဲ့ ပြာလဲ့နေတဲ့ ကောင်းကင်ကြီး...”



ဘဝက ရုတ်တရက် အလားအလာကောင်းများနှင့် ပြည့်နှက်နေသကဲ့သို့ ခံစားရပြီး အိပ်ပျော်နေစဉ် ရယ်မောမိသည်အထိပင် ဖြစ်သည်။ နောက်တစ်နေ့ မိုးမလင်းမီတွင် လူများ ငြင်းခုံနေသံကို သူမ ကြားလိုက်ရသည်။ သူမခေါင်းထဲရှိ အသံက ဖရဲသီးစားသုံးခြင်းအကြောင်း သတိပေးလာသဖြင့် သူမသည် အိပ်ရာမှ ကုန်းရုန်းထကာ ရုန်းရင်းဆန်ခတ်ဖြစ်ပွားရာဆီသို့ အပြေးအလွှား သွားရောက်ခဲ့သည်။



ပတ်ဝန်းကျင်မှာ မှောင်မိုက်နေဆဲဖြစ်ပြီး လမင်းမှာလည်း ကောင်းကင်ယံတွင် နိမ့်ဆင်းနေသည်။ သူမသည် မှိန်ပျပျ လရောင်အောက်တွင် ဆူညံသံထွက်ပေါ်ရာနေရာသို့ လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။ ထိုနေရာမှာ သူမ၏ ယောက္ခမဟောင်းအိမ်ဖြစ်ပြီး ယောက္ခမဟောင်းဖြစ်သူက တစ်စုံတစ်ယောက်ကို ဒေါသတကြီး ဆူပူကြိမ်းမောင်းနေသည်။ ထိုသူမှာ စတုတ္ထသား၏ ဇနီးဖြစ်ဟန်တူသည်။ စတုတ္ထသား၏ဇနီးမှာ စကားပြောညင်သာပြီး ချွေးမလေးဦးအနက် အမြဲတမ်း အနှိပ်စက်ခံရဆုံးသူ ဖြစ်သည်။



“စောစောထတော့ လာဘ်မြင်၊ အိပ်ရာထနောက်ကျတော့ မွဲပြာကျတယ်။ နင့်မိဘတွေက နင့်ကို အဲဒီလို သင်ပေးလိုက်တာလား။ မနက်စာ စောစောပြင်ဆင်ရမှန်းလည်း မသိ၊ ခြံဝင်းထဲမှာလည်း ရှုပ်ပွနေတာပဲ၊ ဆံပင်လည်း မဖီး၊ မျက်နှာလည်း မသစ်ဘူး။ မိန်းမကောင်းတစ်ယောက်နဲ့ ဘာတစ်ခုမှ မတူဘူး။ ငါတို့ ဘယ်လိုအပြစ်တွေများ လုပ်ခဲ့မိလို့ နင့်ကို ဒီအိမ်က သားနဲ့ ပေးစားမိပါလိမ့်”



စတုတ္ထသား၏ဇနီးမှာ ခေါင်းငုံ့လျက် မျက်ရည်သုတ်နေပြီး ပင်ပန်းနွမ်းနယ်နေသော မျက်နှာတွင် မောပန်းနွမ်းနယ်မှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ ကြည့်ရသည်မှာ အချိန်အကြာကြီး မနားမနေ အလုပ်လုပ်ထားရသည့်ပုံစံ ပေါက်နေသည်။ မိုးခေါင်ရေရှားဒဏ်ကြောင့် ခြောက်သွေ့နေသော ဖရဲသီးကဲ့သို့ ရေဓာတ်ခမ်းခြောက်ပြီး ရှုံ့တွနေသည်။



“အမေ... သမီး ညဉ့်နက်တဲ့အထိ ဖိနပ်ခွာတွေ ချုပ်နေခဲ့ရလို့ပါ...”



“မိန်းမယုတ်.. နင်ကများ ခွန်းတုံ့ပြန်ရဲသေးတယ်ပေါ့” အဘွားအိုမှာ ဒေါသထွက်နေပြီး သားဖြစ်သူကို လက်ညှိုးထိုးကာ ဆူပူကြိမ်းမောင်းလိုက်သည်။ “ရိုက်စမ်း၊ သူ့ကိုရိုက်စမ်း။ လူငယ်တစ်ယောက်အနေနဲ့ ယောက္ခမက တစ်ခွန်းပြောရင် သူက ဆယ်ခွန်းပြန်ပြောနေတယ်။ ဟိုတုန်းက ငါ့ယောက္ခမရှေ့မှာဆို ငါ လုံးဝငြိမ်ကုပ်နေခဲ့ရတာ။ သူက ခွေးကို ရိုက်လိုက်ဆို ငါ့မှာ ကြက်ကိုတောင် လိုက်မဖမ်းရဲဘူး။ အခု သူ ဒီလိုဖြစ်နေတာ နင် သူ့ကို ကောင်းကောင်း မဆုံးမလို့ပေါ့”



အမျိုးသားဖြစ်သူက ဇနီးနှင့် မိခင်ကို အကြည့်ချင်း ဖလှယ်လိုက်သည်။ သူ ဘာမှမလုပ်သည်ကို မြင်သောအခါ မိခင်ဖြစ်သူက မြေကြီးပေါ်တွင် ထိုင်ချလိုက်သည်။ သူ သက်ပြင်းချလိုက်ပြီးနောက် နောက်လှည့်ကာ ဇနီးဖြစ်သူ၏ ပါးကို ပြင်းပြင်းထန်ထန် ရိုက်ချလိုက်သည်။



လော့လန်သည် ဘေးတွင်ရပ်ကြည့်နေရင်း စနစ်ကို တိုးတိုးလေး မေးလိုက်သည်။



“ဟေး... ဒီတိုင်းပဲ ပွဲထိုင်ကြည့်နေရမှာလား၊ ဒါမှမဟုတ် တခြားတစ်ခုခု လုပ်ဖို့လိုသေးလား”



“ပြဿနာကို ပိုကြီးအောင်လုပ်ရင် အကောင်းဆုံးပဲ၊ ပိုကြီးလေ ပိုကောင်းလေပဲ”



“သြော်... သိပြီ။ ဆိုတော့ ပွဲကြည့်တယ်ဆိုတာက ပိုရှုပ်ထွေးလေ ပိုကောင်းလေပေါ့”



ယခုအချိန်ကာလတွင် အိမ်တွင်းအကြမ်းဖက်မှုများ အထူးတလည် ဖြစ်ပွားနေပြီး ယောက္ခမအများစုမှာ ချွေးမများကို အနိုင်ကျင့်လေ့ရှိသည်။ ဇနီးသည်အများစုမှာ အိမ်၌ တစ်ခွန်းမျှ ပြန်မပြောရဲကြပေ။ သူမ၏ ယောက္ခမဟောင်းမှာ အလွန်ကြမ်းတမ်းပြီး ထိုအချိန်က သူမတစ်ယောက်သာ ယောက္ခမကို ပြန်လှန်ပြောဆိုရဲခဲ့သည်။ ကျန်သူများ.. အထူးသဖြင့် အငယ်ဆုံးချွေးမမှာ ပျော့ညံ့ပြီး အနိုင်ကျင့်ရလွယ်ကူသည်။



အာ... ဝင်ပြီး ပြန်မချဘူးလား။ မသေမချင်းတော့ ပြန်ချသင့်တာပေါ့။ ဘဝမှာ ပွတ်တိုက်မှုတွေ ရှိတာ ပုံမှန်ပါပဲ။ စကားများတာ ပြဿနာမရှိပေမဲ့ ကိုယ့်ကို ရိုက်တာကိုတော့ ဘယ်လိုလုပ် ငြိမ်ခံနေနိုင်မှာလဲ။



စိတ်မရှည်နိုင်တော့သဖြင့် သူမ ရှေ့သို့တိုးကာ စတုတ္ထသား၏ ဇနီးရှေ့တွင် ထိုင်ချလိုက်ပြီး ကူညီမလိုဟန်ဆောင်ကာ နားနားကပ်၍ တိုးတိုးလေး ပြောလိုက်သည်။



“မကြောက်နဲ့။ ကြောက်တဲ့သူက ရှုံးမှာပဲ”



စတုတ္ထသား၏ ဇနီးမှာ အံ့အားသင့်စွာ မော့ကြည့်လာပြီး ငိုနေသည်ကိုပင် ခေတ္တမေ့လျော့သွားခဲ့သည်။ လော့လန် သည် သူမကို တွဲထူပေးပြီး အဝတ်အစားများပေါ်မှ ဖုန်များကို ခါပေးလိုက်သည်။



“မငိုနဲ့တော့။ ငိုနေလို့ ဘာမှထူးမလာဘူး”



ထိုစဉ် ယောက္ခမဟောင်းဖြစ်သူမှာ အနိုင်ရသွားသည်ဟု ခံစားနေရပြီး အငယ်ဆုံးချွေးမလက်ထဲသို့ တံမြက်စည်း ထိုးထည့်ပေးလိုက်သည်။ “မြန်မြန် ခြံဝင်းကို လှဲပြီး ထမင်းချက်တော့။ အကုန်လုံး နိုးတော့မယ်”



“ဟုတ်ကဲ့”



မောင်တစ်ထမ်း မယ်တစ်ရွက် နေသားကျနေပြီဖြစ်၍လား မသိ၊ ငိုပြီးနောက်တွင် အငယ်ဆုံးချွေးမမှာ တံမြက်စည်းကိုယူကာ အလုပ်စလုပ်တော့သည်။ လော့လန်သည် သနားစိတ်ရော ဒေါသပါ ဖြစ်မိကာ ခေါင်းခါလိုက်မိသည်။ ယောကျ်ားတစ်ယောက်က ကိုယ့်ကို ရိုက်တာကို ငြိမ်ခံနေမယ်ဆိုရင် နောက်တစ်ခါ ထပ်ဖြစ်လာဦးမှာ သေချာသည်။ ဟူး... ဒါ ပထမဆုံးအကြိမ် အရိုက်ခံရတာတော့ မဟုတ်လောက်ဘူး။



“စနစ်ရေ... ဒီကိစ္စအတွက် အမှတ်ရလား”



“ဂုဏ်ယူပါတယ် host ... ခင်ဗျား ၁၅ မှတ် ရပါပြီ”



“အဲဒါကို ဘာနဲ့ လဲလို့ရမလဲ”



“ပေါက်စီနှစ်လုံး ဒါမှမဟုတ် ဂျုံမှုန့်တစ်ပေါင်နဲ့ လဲလို့ရပါတယ်”



အိမ်ပြန်လမ်းတွင် သူမသည် အလျင်စလို နောက်လှည့်ကြည့်လိုက်ရာ သူမ၏ ခဲအိုဟောင်းမှာ စူးစမ်းလိုစိတ်ဖြင့် ကျန်ရစ်ခဲ့သည်။ စောစောက သူမ ဝင်ပါမလိုလို ဖြစ်နေသော်လည်း ယခုအခါ ရုတ်တရက် အမြန်ထွက်ခွာလိုသည့်ပုံ ပေါက်နေသည်။



သြော်... ဟုတ်သားပဲ၊ သူ့မိန်းမက အသုံးမကျတော့ ဘာမှအားကိုးလို့ မရဘူးလေ။



သူမ ခင်ပွန်းသည်ကပင် အထင်သေးခြင်းခံရသဖြင့် စတုတ္ထသား၏ ဇနီးသည်မှာ လေးလံသော ခန္ဓာကိုယ်ကို သယ်ဆောင်ကာ တံမြက်စည်းလှည်းခြင်းနှင့် အလုပ်လုပ်ခြင်းတို့ကို လုပ်ဆောင်ရရှာသည်။ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုများ ပေါင်းစပ်သွားသောကြောင့် ဝမ်းနည်းပက်လက် မျက်ရည်ကျလာပြီး လော့လန် ပြောခဲ့သော စကားများမှာ သူမ၏ ခေါင်းထဲတွင် ပဲ့တင်ထပ်နေခဲ့သည်။



“မကြောက်နဲ့”



လော့လန်သည် အိမ်ထောင်ကျပြီး နှစ်အတော်ကြာသည်အထိ ကလေးမရရှိခဲ့သော်လည်း ယောက္ခမဖြစ်သူမှာ သူမကို အနိုင်မကျင့်ရဲပေ။ အကြောင်းမှာ သူမက ထက်မြက်သောကြောင့်ပင်။ ခင်ပွန်းသည် ဆုံးပါးသွားချိန်တွင်လည်း ရိက္ခာများအပါအဝင် ပစ္စည်းအားလုံးကို ယူဆောင်သွားခဲ့သည်။ ထိုအချက်က တကယ့်ကို အထင်ကြီးစရာပင်။ သူမအနေဖြင့် လော့လန်အား အတုယူသင့်ပေသည်။



လော့လန်သည် သူမ၏ တဲအိမ်လေးသို့ အမြန်ပြန်ပြေးသွားပြီး စနစ်ကို တစ်စုံတစ်ခုနှင့် လဲလှယ်လိုကြောင်း စိတ်အားထက်သန်စွာ ပြောလိုက်သည်။ သူမသည် ပေါက်စီအစား ဂျုံမှုန့်ကို ရွေးချယ်လိုက်သည်။ ဂျုံမှုန့်အဖြူတစ်ပေါင်သည် ပြောင်းဖူးမှုန့်နှစ်ပေါင်နှင့် ညီမျှသည်။ ယာဂုပြုတ်လျှင် အစာများများ စားနိုင်သည်။ ပေါက်စီလုပ်စားလျှင်လည်း ဗိုက်ဝစေသည်။



“ဂျုံမှုန့်နဲ့ လဲမယ်”



ထိုသို့ပြောပြီးသည်နှင့် သူမ၏ လက်များကို စိုက်ကြည့်နေမိသည်။ ဤစနစ်က သူမကို လှည့်စားနေမည်ကို စိုးရိမ်သဖြင့် ရင်ထဲတွင် ဗုံတီးသကဲ့သို့ ဒိန်းဒိန်းဒိုင်းဒိုင်း ခုန်နေခဲ့သည်။



“တင်! Host လဲလှယ်လိုက်တဲ့ ဂျုံမှုန့် ရောက်ရှိပါပြီ။ ကျေးဇူးပြုပြီး လက်ခံရရှိကြောင်း အတည်ပြုပေးပါ”



စက်ရုပ်အသံနှင့်အတူ အထုပ်ငယ်လေးတစ်ထုပ် မြေပြင်ပေါ်သို့ ရောက်ရှိလာခဲ့သည်။ သူမသည် စိတ်အားထက်သန်စွာဖြင့် ထိုင်ချလိုက်ပြီး အထုပ်ကို ဖွင့်ကြည့်လိုက်ရာ ဖြူဖွေးသန့်စင်သော ဂျုံမှုန့်များကို မြင်လိုက်ရသဖြင့် ပျော်ရွှင်မှုများ ပေါက်ကွဲထွက်လာတော့သည်။ နှလုံးသားရေကန်ထဲသို့ ကျောက်ခဲတစ်လုံး ပစ်ချလိုက်သကဲ့သို့ ပျော်ရွှင်မှုဂယက်များ ထသွားခဲ့သည်။



“ဟာ!” သူမ ဝမ်းသာအားရ အာမေဋိတ်သံ ပြုလိုက်မိပြီး ပါးစပ်ကို အလျင်အမြန် ပိတ်လိုက်သည်။ သူမသည် ဘေးဘီဝဲယာကို ကြည့်ရှုပြီး တံခါးကို အနည်းငယ်ဟကာ အပြင်ဘက်သို့ ချောင်းကြည့်လိုက်သည်။ မည်သူမျှမရှိကြောင်း သေချာမှသာ ဂျုံမှုန့်ကို လုံခြုံစွာ သိမ်းဆည်းလိုက်သည်။



သူမ လက်ထဲတွင် အစားအစာရှိနေပြီး ကုန်ဆုံးသွားခြင်းမရှိသော အရင်းအမြစ်တစ်ခု ရှိနေသဖြင့် မနက်စာအတွက် ဂျုံယာဂုပျစ်ပျစ် ပန်းကန်လုံးကြီးတစ်လုံး ပြုတ်သောက်လိုက်ပြီး ချဉ်ဖတ်နှင့် တွဲဖက်စားသုံးလိုက်သည်။



ဗိုက်ဝသွားပြီး ကျေနပ်မှုအပြည့်အဝ ရရှိသွားသဖြင့် သူမ၏ စိတ်အခြေအနေမှာလည်း တက်ကြွလန်းဆန်းလာသည်။ အလုပ်ဆင်းချိန် ခေါင်းလောင်းသံ ကြားလိုက်ရသဖြင့် တဲအိမ်လေးကို သေချာစွာ သော့ခတ်လိုက်သည်။



အလုပ်အဖွဲ့ထဲသို့ ကိရိယာတန်ဆာပလာများ ယူဆောင်ပြီး ထွက်ခွာလာစဉ် ယောက္ခမဟောင်းနှင့် ဒုတိယယောက်မဟောင်းတို့ကို လမ်းတွင် တွေ့လိုက်ရသည်။ ထိုနှစ်ဦးမှာ သူမနှင့် အမြဲတမ်း အဆင်မပြေဖြစ်ခဲ့ကြပြီး သူမကို မြင်သည်နှင့် တီးတိုးပြောဆိုနေကြသည်။



ယခင်ကဆိုလျှင် သူမ၏ မျက်နှာကိုကြည့်ပြီး ပြောဆိုခြင်းမရှိသရွေ့ သူမအနေဖြင့် ပြဿနာရှာလေ့မရှိပေ။ သို့သော် ယခုအခါ ဖရဲသီးစားသုံးခြင်းစနစ် ရှိနေပြီဖြစ်သဖြင့် မည်သည့်သတင်းကိုမဆို အမိအရ ဖမ်းဆုပ်ရမည်ဖြစ်ပြီး သတင်းမရှိလျှင်လည်း ဖန်တီးယူရမည်ဖြစ်သည်။ ထို့ကြောင့် အမြန်ထွက်ခွာမည့်အစား လယ်လုပ်ကိရိယာများကို သယ်ဆောင်ကာ ထိုနှစ်ဦးရှေ့သို့ တည့်တည့်လျှောက်သွားလိုက်သည်။



“ဟဲ့... ပြောစရာရှိရင် မျက်နှာချင်းဆိုင် ပြောစမ်းလေ။ ကွယ်ရာမှာ အတင်းပြောနေတာထက်စာရင် ပိုပြီး စိတ်လှုပ်ရှားစရာ မကောင်းဘူးလား”



“နင်...” ယောက်မဟောင်းဖြစ်သူက ယောက္ခမရှေ့ မျက်နှာရလိုရငြား ရှေ့ထွက်လာခဲ့သည်။ “နင် ဟိုတဲအိုပျက်ကြီးမှာ သွားနေတယ်ဆို။ တစ်လကို ရိက္ခာ ၂၅ ပေါင် ရနေတာတောင် ပင်ပင်ပန်းပန်း အလုပ်လုပ်နေရတုန်းပဲလား။ ကိုယ့်ကိုယ်ကိုယ် သိပ်ပိန်အောင် မလုပ်နဲ့ဦး။ ငါတို့က နင့်ကို စိတ်ပူလို့ ပြောနေတာပါ၊ ဘာပဲဖြစ်ဖြစ် တစ်ချိန်က ဆွေမျိုးတွေ ဖြစ်ခဲ့ဖူးတာပဲလေ”



“ကျေးဇူးပါပဲ၊ ဒါပေမဲ့ မလိုပါဘူး။ နင်ကသာ တုတ်ကောက်လို ပိန်ခြောက်ပြီး တစ်နေ့ကို ဆန်ပြုတ်အရည်ကျဲကျဲ ပန်းကန်တစ်ဝက်လောက်နဲ့ အသက်ဆက်နေရတာ။ ငါ့ကို ဂရုစိုက်ချင်ယောင်ဆောင်နေမယ့်အစား နင့်ကိုယ်နင် အငတ်ဘေးက လွတ်အောင်လုပ်ပါဦးလား”



“နင်...”



'ငါ့ကို ရန်လာစနေတာလား? ငါ့ကို အဲဒီလောက် ပျော့ညံ့ပြီး ဖိချေပစ်ဖို့လွယ်မယ် ထင်နေတာလား? ငါက ခွာရခက်တဲ့ အခွံမာသီးတစ်လုံးနော်၊ သတိထားနေရင်ကောင်းမယ်၊ မဟုတ်ရင် နင့်သွားတွေ ကျွတ်ထွက်သွားအောင် လုပ်ပစ်လိုက်မယ်။'



“ငါက ဘာဖြစ်လဲ” လူအုပ်ကြီး ဝိုင်းအုံလာသဖြင့် ဖရဲသီးစားသုံးခြင်း မြင်ကွင်းတစ်ခု ဖြစ်လာသည်။ “ငါနဲ့ နင် ဘယ်သူက ပိုကျန်းမာလဲဆိုတာ လူတိုင်းကြည့်ကြပါစေ။ အရိုးပေါ်အရေတင် ဖြစ်နေတဲ့သူကများ သူများ အစားမဝတာကို လာလှောင်ပြောင်ရဲသေးတယ်။ နင် ပျင်းလွန်းလို့ ပြဿနာရှာနေတာ ဖြစ်မယ်။ နင့်ယောကျ်ား ပြန်လာပြီး ခါးပတ်နဲ့ ဆော်တာကိုသာ စောင့်နေလိုက်တော့”



အမျိုးသမီးဖြစ်သူမှာ အလိုအလျောက် ခင်ပွန်းသည်ဘက်သို့ လှည့်ကြည့်လိုက်ရာ ခင်ပွန်းသည်က မျက်လုံးလှန်ကြည့်လိုက်သဖြင့် သူမ ကိုယ်လေး ကျုံ့ဝင်သွားခဲ့သည်။ သူမသည် လော့လန်ကို ဆက်မငြင်းခုံရဲတော့ဘဲ ပေါက်ပြားကိုကိုင်ကာ နံရံကပ်ပြေးသော ကြွက်တစ်ကောင်နှယ် သုတ်ခြေတင် ပြေးလေတော့သည်။



“ကျွတ်စ်... ကြည့်စမ်း...”



“အလကား ရန် လိုက်ရှာနေတာ။ ဟားဟားဟား”



လူတိုင်းက ထိုအဖြစ်အပျက်ကို ဆွေးနွေးနေကြစဉ် လော့လန်သည် ဤအတင်းအဖျင်းစကားကို အမှတ်များနှင့် လဲလှယ်၍ရနိုင်မလားဟု စနစ်ကို ပျော်ရွှင်စွာ မေးမြန်းလိုက်သည်။ အကယ်၍ ရနိုင်ပါက ထိုသားအမိနှစ်ယောက်ကို တွေ့တိုင်း ပြဿနာရှာပေတော့မည်။ မရလျှင်တော့ အားကုန်ခံပြီး လုပ်နေမည်မဟုတ်ပေ။



“၁၀ မှတ်နဲ့ လဲလို့ရပါတယ်”



“ယေး!”



သူမနှင့် ရင်းနှီးသူများက သူမ၏ ပုံမှန်မဟုတ်သော ရွှင်လန်းတက်ကြွမှုကို သတိပြုမိသဖြင့် သူမကို အသာအယာ တွန်းလိုက်ကြသည်။



“ဟဲ့... နင် တကယ်အဆင်ပြေရဲ့လား။ သူက ဂုဏ်သိက္ခာရှိရှိ မသေခဲ့ပေမဲ့ နင်တို့က လင်မယားသက်တမ်း အတော်ကြာကြာ နေခဲ့ကြတာပဲလေ”



“သူ ဘယ်လိုပုံစံနဲ့ သေသွားလဲဆိုတာ နင်လည်း သိတာပဲ။ တခြားမိန်းမတွေနဲ့ ရှုပ်ရှုပ်ပွေပွေ နေခဲ့တာလေ။ သူ့အသေဆိုးက သူ့ဝဋ်သူခံရတာပဲ”



ထိုသို့ ပြန်လည်ချေပလိုက်သဖြင့် အမျိုးသမီးမှာ တိတ်ဆိတ်သွားသည်။ လော့လန်သည် ပေါက်ပြားကိုကောက်ကိုင်ကာ အလုပ်သွားလုပ်လိုက်သည်။ လမ်းတစ်လျှောက် မည်သူ့ကိုမျှ နှုတ်မဆက်တော့ဘဲ ခေါင်းငုံ့ကာ တိတ်တဆိတ် သွားနေလိုက်သည်။ သူမ၏ ခင်ပွန်းအတွက် ဝမ်းနည်းပူဆွေးနေသည်ဟု လူတိုင်း ထင်မှတ်ကြသော်လည်း လက်တွေ့တွင်မူ စာကလေးတစ်ကောင်လို တစာစာအော်နေသော စနစ်ကြောင့် သူမ ရူးချင်နေပြီဖြစ်သည်။



စနစ် - ဟေး... ဟေး... ဖရဲသီး အကြီးကြီးပဲ။ ဘာတွေဖြစ်နေတာလဲ ပြောပြပါဦး!



လော့လန် - ရမှတ်နဲ့ လဲလို့ရလား။



စနစ် - ရတာပေါ့။



လော့လန် - ဘယ်လောက်နဲ့ လဲလို့ရမလဲ။



စနစ် - မဟုတ်... ခင်ဗျားက တကယ်ကြီး လက်တွေ့ဆန်တာပဲနော်?



လော့လန် - ငါက အသက်ရှင်ဖို့ လိုတယ်လေ။ စားတာ၊ သောက်တာ၊ ကျန်တာတွေအကုန်လုံးက လက်တွေ့ကျတဲ့ ကိစ္စတွေပဲ။ ငါက ပုံပြင်ထဲမှာနေတဲ့ စက္ကူရုပ်မှ မဟုတ်တာ။



စနစ် - ရမှတ် ၄၀ နဲ့ လဲလို့ရပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းစုံကို အသေးစိတ် ပြောပြရမယ်။



လော့လန် - ကောင်းပြီ၊ စိတ်မပူနဲ့။



သူမ ရမှတ်ရနေသရွေ့ အခြားသူများအား အတင်းပြောပြရန် ဝန်မလေးပေ။ သူမသည် စိတ်အားထက်သန်စွာ နားထောင်နေသော စနစ်အား အတင်းပြောရင်း အလုပ်ကို ချက်ချင်းစလုပ်လိုက်သည်။ ရံဖန်ရံခါတွင် စနစ်က ဝင်ရောက်မေးမြန်းပြီး လေသံမှာလည်း ခံစားချက်မရှိ ဟုတ်မနေတော့ပေ။