၆၀ ခုနှစ်က မုဆိုးမလေး
အပိုင်း ၅
လော့လန် ပြုံးပြီး မြှောက်ပင့်ပေးသူကို တိုက်ရိုက် ရင်ဆိုင်လိုက်သည်။
"ငါ ဒုက္ခရောက်နေတာကို ကြည့်ဖို့ လူတွေကို တမင်သက်သက် ခေါ်လာတာလား။ ဝမ်းနည်းပါတယ် နင်တို့ စိတ်ပျက်သွားရပြီ။ လျိုမိသားစုကို သွားမကြည့်ကြဘူးလား။ ဪ အဘွားကြီးလျိုက ဆက်ဆံရ လွယ်တာမဟုတ်ဘူး။ နင့်ကို ပါးရိုက်လိုက်ရင် ဘယ်လိုလုပ်မလဲ။ မျက်နှာပေါ်မှာ လက်ရာနှစ်ခုနဲ့ အလုပ်သွားရလိမ့်မယ်။ အဲ့ဒါဆို တော်တော် အရှက်ရစရာ ကောင်းမှာ"
"လော့လန် နင် သိပ်ဘဝင်မမြင့်နဲ့။ နင့်မှာရှိတဲ့ ပစ္စည်းကောင်းတွေ ကုန်သွားရင် ဘယ်လိုဆက်နေမလဲ ဆိုတာ ငါ စောင့်ကြည့်ဦးမယ်"
"ဟား ... အဲ့ဒါအတွက် နင် ပူစရာ မလိုပါဘူး။ အနည်းဆုံးတော့ ငါ ပစ္စည်းကောင်းတွေ စားခဲ့ရတယ်။ နင်ရော စားရလို့လား" သူမသည် အသည်းကွဲသလို မျက်နှာပျက်နေသော အကြီးဆုံးချွေးမကို လှောင်ပြောင်လိုက်သည်။ "ဪ ငါ မေ့သွားလို့။ ဝမ်မိသားစုက ညစာဆို ယာဂုပဲ ရှိတာ။ အဲ့ဒါတောင် နင်က ပန်းကန်တစ်ဝက်ပဲ သောက်ရတာလေ။ ကြည့်ပါဦး နင် ပိန်နေလိုက်တာ။ တကယ် သနားစရာပဲ"
"နင် ..."
"ဘာလဲ ဝမ်မိသားစုကနေ ထွက်လာပြီးရင် ငါ ကောင်းကောင်းမွန်မွန် မနေနိုင်ဘူးလို့ နင် ထင်နေတာလား။ ဝမ်းနည်းစရာပဲ ငါ ကောင်းကောင်းမွန်မွန် နေနိုင်တယ်။ မနာလို ဖြစ်နေတာလား အားကျနေတာလား ဟား ... နင် ဘယ်လောက်ပဲ အားကျနေပါစေ ဒီတိုင်း ထိုင်ကြည့်နေရုံပဲ ရှိမှာ"
"ငါ ... ငါ ..."
"ငါ ဘာဖြစ်လဲ။ ဒီနေ့ နင် ဘာလာလုပ်တာလဲ။ သွားရည်ယိုပြီး အနံ့ရလို့ လာတာလား။ ဪ ငါတို့ရဲ့ ပတ်သက်မှုနဲ့ဆိုရင် နင့်ကို ခွဲဝေပေးမယ်လို့ ထင်နေတာလား"
ပြောရင်းဆိုရင်း သူမ၏ ခေါက်ဆွဲပန်းကန်လုံးကို မပြီး အားရပါးရ စားလိုက်သည်။ မွှေးပျံ့သော အနံ့များ လေထဲတွင် ပျံ့လွင့်သွားပြီး ပုံမှန် အစားအသောက်များတွင် အဆာပလာ မပါရှိသော အမျိုးသမီးများကို သွားရည်ယိုစေခဲ့သည်။ ဝမ်မိသားစု၏ အကြီးဆုံးချွေးမမှာ တံတွေးကို အကြီးအကျယ် မျိုချလိုက်ပြီး လူမိသွားမည် စိုးသဖြင့် အော်ဟစ်ကာ ဖုံးဖိလိုက်သည်။
"ငါ သွားရည် မယိုပါဘူး"
"သွားရည် မယိုရင် ဘာလို့ တံတွေးတွေ ထွက်နေတာလဲ"
"ငါ ..." ထိုအမျိုးသမီးမှာ လော့လန်၏ စကားကြောင့် ကြောင်အသွားပြီး ပါးစပ်သုတ်ရန် လက်ကို အလိုအလျောက် မြှောက်လိုက်မိသည်။ ထို့နောက် အမှန်တကယ် စိုစွတ်နေသည်ကို အံ့သြစွာ တွေ့လိုက်ရသည်။ "ငါ အိမ်ပြန်တော့မယ်"
ထိုအမျိုးသမီး ဒေါသတကြီး လှည့်ထွက်သွားရာ အပျော်လာကြည့်ကြသည့် အခြားအမျိုးသမီးများမှာ ဝါးလုံးကွဲ ရယ်မောလိုက်ကြသည်။ တစ်ယောက်နှင့်တစ်ယောက် အဆင်မပြေကြသည့် လူတစ်စုသည် ဖျော်ဖြေရေးနှင့် ပတ်သက်လာလျှင် ညှာတာမှု မရှိကြပေ။ ဝမ်မိသားစု၏ အကြီးဆုံးချွေးမသည် ရယ်မောသံများကြောင့် လော့လန်ကို လာကြည့်မိသည့် သူမ၏ ဆုံးဖြတ်ချက်ကို နောင်တရကာ ကျုံ့ဝင်သွားချင်စိတ် ပေါက်သွားခဲ့သည်။
ဒီနေ့ သူမ ဒုက္ခရောက်နေတာကို လာမကြည့်သင့်ခဲ့ပေ။ အခုတော့ သူမက လှောင်ပြောင်စရာ ဖြစ်သွားခဲ့ပြီ။ မနက်ဖြန်ဆို တစ်ရွာလုံး သိကုန်ကြတော့မည်ဖြစ်ရာ တကယ့်ကို အရှက်ရစရာပင်။
လော့လန်က သူမကို အရှက်ခွဲပြီး ပြန်လွှတ်လိုက်ကာ အောင်နိုင်သူအပြုံးဖြင့် တံခါးဝတွင် ရပ်နေသည်။ တစ်စုံတစ်ယောက်ကို ရင်ဆိုင်လိုက်ရုံဖြင့် သူမ ကျေနပ်အားရမှု မရှိလှသော်လည်း စနစ်၏ အချက်ပေးသံကို ကြားလိုက်ရသည်။
'ဒီဖရဲသီးအတွက် အမှတ်ဆယ်မှတ် ရပါတယ်။ host ရေ အခုလိုပဲ ဆက်ကြိုးစားပေးပါဦး။ စားစရာ ဖရဲသီး မရှိရင်တောင် ဖန်တီးယူဖို့ လိုပါတယ်'
ဝမ်မိသားစု၏ စတုတ္ထ ချွေးမက လော့လန်ကို တောက်ပသော မျက်ဝန်းများဖြင့် ကြည့်လိုက်သည်။ လော့လန်သည် သာမန်အဝတ်အစားများနှင့် ဖာထေးထားသော ဖိနပ်ကို ဝတ်ဆင်ထားသည်။ သို့သော် သူမတွင် သွယ်လျကျန်းမာသော ခန္ဓာကိုယ်နှင့် နွေးထွေးသော နေရောင်ခြည်ကဲ့သို့ တောက်ပသည့် မျက်နှာထားရှိရာ မည်သည့် အုံ့မှိုင်းမှုကိုမဆို ဖယ်ရှားပစ်နိုင်စွမ်း ရှိသည်။
သူမ၏ အမှတ်များကို ကြည့်ရင်း သူမ အလွန် ဝမ်းသာသွားခဲ့သည်။ ထိုသူများ ပြန်မသွားခင် သူမ၏ တဲအိမ်လေးဆီသို့ နောက်ထပ် ဧည့်သည်တစ်ယောက် ရောက်လာပြန်သည်။ ဒီတစ်ခါတော့ သူမ၏ အစ်မ၊ ခဲအိုနှင့် အစ်ကိုကြီးတို့ ဖြစ်သည်။ သူတို့ သုံးဦးစလုံး အတူရောက်လာကြခြင်း ဖြစ်သည်။
"လန်အာရေ ဒီမှာ မိုးယိုနေသေးလား" သူမ၏ အစ်မဖြစ်သူက စိုးရိမ်တကြီး မေးလိုက်သည်။
"မယိုတော့ပါဘူး မြက်ခြောက်အသစ်တွေ ထပ်တင်လိုက်တော့ ရေလုံသွားပြီ"
သူမ၏ အစ်ကိုကြီးက တဲအိမ်ကို တစ်ချက်ဝေ့ကြည့်လိုက်သည်။ အတွင်းပိုင်းတွင် ခြောက်သွေ့နေပြီး အစိုဓာတ် လက္ခဏာပင် မတွေ့ရပေ။ "ခေါင်မိုးစောင်းက မတ်နေတော့ ရေစီးဆင်းတာ မြန်လို့ နေမှာပါ"
သူမ၏ ခဲအိုကလည်း အစ်ကိုကြီး၏ စကားကို ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်သည်။ ပြင်ပလူများ ရောက်နေသည်ကို သတိထားမိသဖြင့် ဘာလုပ်နေကြတာလဲဟု တွေးနေမိကြသည်။ သို့သော် လူတိုင်း ပြုံးရွှင်နေကြသဖြင့် စိတ်ကသိကအောက် ဖြစ်စရာတော့ မရှိပေ။
သူမ၏ အစ်မဖြစ်သူက အထဲသို့ ဝင်လာပြီး အနံ့ခံကြည့်လိုက်ရာ ထူးခြားသော အနံ့က သူမ၏အာရုံကို ဖမ်းစားလိုက်သည်။ သို့သော် ပြင်ပလူများ ရှိနေသဖြင့် ဘာမှ မမေးမြန်းခဲ့ပေ။
အစပိုင်းတွင် ပွဲလာကြည့်ကြသူ အချို့က လှည့်ထွက်သွားကြသည်။ သူမ၏ အစ်ကိုကြီးက အပြင်ဘက်တွင် လမ်းလျှောက်ရင်း ခေတ္တမျှ စောင့်ကြည့်လေ့လာပြီးမှ အထဲသို့ ဝင်လာခဲ့သည်။
"လန်အာ ဘယ်သူမှ လာပြီး ဒုက္ခမပေးကြဘူး မဟုတ်လား"
"မပေးပါဘူး"
သူမ၏ အစ်မဖြစ်သူက တိုးတိုးလေး မေးလိုက်သည်။ "ဘာတွေစားနေတာလဲ။ မွှေးလိုက်တာ အသားပြုတ်ထားတာထက်တောင် ပိုမွှေးနေသေးတယ်"
"ခေါက်ဆွဲလေ နှမ်းဆီလေး နည်းနည်းထည့်ထားတဲ့ ဂျုံခေါက်ဆွဲ"
"နှမ်းဆီ ဘယ်ကရလဲ"
"ဝမ်မိသားစုဆီကနေ ထွက်လာတုန်းက တောင်းလာတာလေ"
သူမ၏ အစ်မဖြစ်သူက သက်ပြင်းချရင်း ပြုံးလိုက်သည်။ "ငါ့ညီမလေးက တော်တော် စွမ်းတာပဲ။ ငါသာဆိုရင် ဘာမှမရဘဲ ငိုနေရလောက်ပြီ"
သူမ၏ အစ်ကိုကြီးက သက်ပြင်းချပြီး ပြောလိုက်သည်။ "နင် သူ့ကို ထပ်မြှောက်ပေးပြန်ပြီ။ သူမက အိမ်မှာ အငယ်ဆုံးဆိုတော့ မိဘတွေရော နင်တို့ရော အလိုလိုက်ထားကြတာ။ မိန်းကလေးဆိုတာ သိမ်မွေ့ရတယ်။ အခုတော့ မိန်းကလေးက ဘယ်လိုနေရမယ်ဆိုတာ နားမလည်ဘဲ သိပ်အတင့်ရဲလွန်းတယ်"
သူမ၏ အစ်ကိုကြီးမှာ သူမ ဒုက္ခရောက်မည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ သူမ၏ စရိုက်ကြောင့် လက်တုံ့ပြန်မှုများနှင့် ကြုံတွေ့ရမည်ကို စိုးရိမ်နေသည်။ သို့သော် သူမ၏ အမေမှာ နှစ်ကြိမ်တိုင်တိုင် ကိုယ်ဝန်ပျက်ကျပြီးမှ သူမကို မွေးဖွားခဲ့ခြင်း ဖြစ်သောကြောင့် ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရသူ ဖြစ်သည်။ သူမသည် အလွယ်တကူ အရှုံးပေးတတ်သူ မဟုတ်ပေ။ အိမ်ထောင်ကျပြီးနောက် ယောက္ခမနှင့် မကြာခဏ အဆင်မပြေ ဖြစ်ခဲ့သော်လည်း ယောက္ခမကို ကြောက်ရွံ့တတ်သည့် ချွေးမတစ်ယောက် ဖြစ်မလာခဲ့ပေ။
သူမ၏ ခဲအိုဖြစ်သူက အပြင်ဘက်သို့ လှမ်းကြည့်ရင်း မေးလိုက်သည်။ "ဟိုလူတွေက ဘာလာလုပ်ကြတာလဲ။ ဝမ်မိသားစုက ချွေးမတွေ နင့်ကို လာဒုက္ခပေးတာတော့ မဟုတ်ပါဘူးနော်"
"မဟုတ်ပါဘူး သူလည်း အိမ်မှာ သူ့ယောက္ခမ အနိုင်ကျင့်တာ ခံနေရတာ။ ရန်သူရဲ့ ရန်သူက ငါ့မိတ်ဆွေပဲလေ"
"နင်ကတော့လေ" သူမ၏ ခဲအိုက ကူကယ်ရာမဲ့စွာဖြင့် သက်ပြင်းချလိုက်သည်။ သူနှင့် သူမ၏ အစ်ကိုကြီးမှာ ရှေးရိုးစွဲသမားများ ဖြစ်ကြသည်။ သူမ၏ အခြေအနေကြောင့် လွန်ခဲ့သည့် ရက်အနည်းငယ်က ကောင်းကောင်း မအိပ်စက်နိုင်ခဲ့ကြပေ။ ဒီနေ့တွင် တစ်စုံတစ်ခု ဆွေးနွေးရန် သူမ၏ အစ်မကို ခေါ်လာခဲ့ကြခြင်း ဖြစ်သည်။
"လန်အာအတွက် ယောကျာ်းတစ်ယောက် အမြန်ရှာပေးမှ ဖြစ်မယ်။ ဒီတဲအိမ်လေးက ဆောင်းတွင်းကို ခံနိုင်မှာ မဟုတ်ဘူး"
သူမ၏ အစ်ကိုကြီးက ခေါင်းညိတ်ထောက်ခံလိုက်သည်။ "ဟုတ်တယ် နွေးနွေးထွေးထွေး မရှိတဲ့အပြင် မီးဖိုလည်း မရှိဘူး။ ဆောင်းတွင်း အေးခဲနေတဲ့ ရက်တွေမှာ ဒီမှာနေရင် ဖျားနာနိုင်တယ်"
သူမ၏ အစ်မဖြစ်သူလည်း ဒါကို သဘောပေါက်ပေသည်။ "ငါ သိပါတယ် ... အဲ့ဒီကိစ္စ ပြောမလို့ လာခဲ့တာ။ အဒေါ်ကျောက်က လူတစ်ယောက်နဲ့ မိတ်ဆက်ပေးထားတယ်။ ငါတို့နဲ့ ရှစ်မိုင်လောက် ဝေးတဲ့နေရာမှာ နေတာတဲ့။ သူ့မိန်းမ ဆုံးပါးသွားပြီး ကလေးနှစ်ယောက် ကျန်ခဲ့တယ်။ သားတစ်ယောက် သမီးတစ်ယောက်။ အကြီးဆုံးက ခြောက်နှစ်၊ အငယ်ဆုံးက လေးနှစ် ... လန်အာသာ ကောင်းကောင်း စောင့်ရှောက်ပေးရင် ကိုယ့်သားသမီးအရင်းနဲ့ ဘာမှကွာမှာ မဟုတ်ပါဘူး"
လော့လန် မသိမသာ မျက်ဖြူလှန်လိုက်မိသည်။ "ကျွန်မ မယူချင်ပါဘူး မိထွေးလုပ်ရတာ လွယ်တာမှတ်လို့ ပင်ပန်းတဲ့အပြင် နောက်ကွယ်က ကြံစည်မှုတွေ ရှိတယ်လို့တောင် အပြောခံရဦးမယ်"
သူမ၏ အစ်ကိုကြီးက စူးစိုက်ကြည့်လိုက်သည်။ "နင်က ဂျီးများနေတာလား။ နင့်ကိုယ်နင် အပျိုလေးလို့ ထင်နေတုန်းလား"
သူမ၏ ခဲအိုဖြစ်သူက ဖြည့်စွက်ပြောသည်။ "အိမ်ထောင်ကျပြီးရင် ကိုယ့်သားသမီး ကိုယ်မွေးလို့ ရတာပဲ။ ဟိုကလေးနှစ်ယောက်က နင်နဲ့ သွေးမတော်သားမစပ်ပေမယ့် ကိုယ့်တာဝန် ကိုယ်ကျေအောင် လုပ်ပေါ့။ နင်က ငယ်သေးတာပဲ ကိုယ့်သားသမီးအရင်းက ပိုပြီး စိတ်ချရပါတယ်"
သူမ၏ အစ်မကလည်း ဝင်ရောက် ဖျောင်းဖျပြန်သည်။ "ဒီတစ်ခါတော့ ငါတို့စကား နားထောင်လိုက်ပါ။ မိဘတွေ မရှိတော့ပေမယ့် ငါတို့က နင့်ရဲ့ အရင်းနှီးဆုံး ဆွေမျိုးတွေပါ။ နင့်ကို ဒုက္ခရောက်အောင် မလုပ်ပါဘူး"
သူမ၏ အစ်ကိုကြီးက ထပ်ပြောလိုက်သည်။ "အိမ်ထောင်မြန်မြန်ပြုဖို့က အဓိကပဲ။ မဟုတ်ရင် ဒီတဲအိမ်လေးထဲ တစ်ယောက်တည်း နေနေတာ စိတ်မချရဘူး။ လူဆိုးတွေနဲ့ တွေ့ရင် ဘယ်လိုလုပ်မလဲ။ တစ်ကိုယ်တည်းသမား မိန်းမသားတစ်ယောက်အတွက် ခက်ခဲတယ်"
သူမ၏ ခဲအိုနှင့် အစ်မဖြစ်သူတို့လည်း ခေါင်းညိတ်ထောက်ခံရင်း တပြိုင်တည်း ပြောလိုက်ကြသည်။
"အိမ်ထောင်မြန်မြန်ပြုလိုက်ပါ။ ဒီမှာ တစ်ယောက်တည်း နေတာ မကောင်းပါဘူး"
သူမသည် ၁၉၆၀ ပြည့်လွန်နှစ်များ၌ တစ်ယောက်ထဲနေထိုင်လိုစိတ် မရှိခဲ့ပေ။ သို့သော် အိမ်ထောင်ပြုခြင်းကိုမူ သေချာစဉ်းစားရန် လိုအပ်သည်။ သူမ ခေါင်းညိတ်လိုက်ပြီး အစ်မဖြစ်သူ စီစဉ်ပေးမည့်သူနှင့် တွေ့ဆုံရန် သဘောတူလိုက်သည်။ သို့သော် အဆင်ပြေ မပြေ ဆိုသည်မှာ တွေ့ဆုံချိန်တွင် သူမ မည်သို့ခံစားရမည် ဆိုသည့်အပေါ် မူတည်သည်။
သူမ ခေါင်းညိတ်သည်ကို မြင်လိုက်ရသဖြင့် အစ်ကိုနှင့် အစ်မဖြစ်သူတို့ စိတ်သက်သာရာ ရသွားကြသည်။ သူမတွင် စားစရာ ရှိနေသေးပြီး ကောင်းကောင်းမွန်မွန် စားသောက်နေပုံရသဖြင့် ယာယီအားဖြင့် စိတ်အေးသွားကြသည်။ ပြန်မသွားခင် သူမ၏ အစ်ကိုကြီးက ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်ပြီး သတိထားနေထိုင်ရန် မှာလိုက်သည်။
"တစ်ခုခုဖြစ်ရင် ငါတို့ကို လာပြောနော်"
"ဟုတ်ကဲ့ပါ"
သူမ၏ အစ်မဖြစ်သူကလည်း သတိပေးလိုက်သည်။ "ညဘက် တံခါးသေချာပိတ်နော်"
ကြင်ဖက်တွေ့ဖို့ စီစဉ်ထားပြီးဖြစ်သဖြင့် ထိုညတွင် နောက်ထပ် ဆွေးနွေးစရာ မရှိတော့ပေ။ နောက်တစ်နေ့ နံနက်တွင် ရိတ်သိမ်းချိန် တရားဝင် စတင်ကြောင်း ကြေညာသည့်အနေဖြင့် အဖွဲ့လိုက် ခေါင်းလောင်းတီးကြသည်။ နွေရာသီ ရိတ်သိမ်းချိန်သည် အလွန်အရေးကြီးသဖြင့် သူမ သက်ဆိုင်ရာအဖွဲ့သို့ သွားရောက်ကာ တံစဉ်တစ်လက်ယူပြီး လယ်ကွင်းထဲသို့ ဆင်းသွားလိုက်သည်။
သူမက လက်မြန်သဖြင့် အဖွဲ့ခေါင်းဆောင်က သူမအား ရှေ့ဆုံးတန်းတွင် နေရာချပေးလိုက်သည်။ မနက်ပိုင်းတွင် ဆယ်မိနစ်မျှသာ အနားယူရသော်လည်း လက်မောင်းများ နာကျင်ခြင်း မရှိပေ။ သို့သော် အချိန်ကြာမြင့်စွာ ထိုင်ထားရသဖြင့် ခြေထောက်များ စတင် နာကျင်ကိုက်ခဲလာသည်။
"လန်အာရေ ဖြည်းဖြည်းလုပ်ပါလို့ ပြောသားပဲ ... ကြည့်ပါဦး ခြေထောက်တွေ နာနေပြီမို့လား" တစ်တန်းတည်းနေသူ တစ်ဦးက သူမ၏ လျင်မြန်မှုကို မလိုလားသော လေသံဖြင့် ပြောလိုက်သည်။
"ကျွန်မ သိပ်မမြန်ပါဘူး။ အဖွဲ့ခေါင်းဆောင် ကျွန်မကို ခဏခဏ လှမ်းကြည့်နေတာ ရှင် မမြင်ဘူးလား"
"အို ... ငါ့လက်တွေ ခြေထောက်တွေက အိုနေပြီဆိုတော့ ဘယ်လိုက်နိုင်ပါ့မလဲ"
ထိုအမျိုးသမီးမှာ အသက် ၅၀ ကျော်နေပြီ ဖြစ်သည်။ သူမ၏ ခင်ပွန်းမှာ လွန်ခဲ့သော နှစ်အနည်းငယ်က ဆုံးပါးသွားခဲ့ပြီး ယခုအခါ သားသုံးယောက်နှင့်အတူ နေထိုင်သည်။ သားအကြီးဆုံးမှာ အသက် ၃၀ ကျော်နေပြီဖြစ်ပြီး သားသုံးယောက်စလုံး လူပျိုကြီးများ ဖြစ်နေကြသည်။ သူမ အလုပ်လာလုပ်ခြင်းမှာ သားများအတွက် မိန်းမရှာပေးရန် သက်သက်သာ ဖြစ်သည်။
"လန်အာ နင် ယောက္ခမအိမ်ကနေ ဆင်းလာပြီးပြီဆိုတော့ ရှေ့ဆက် ဘာလုပ်ဖို့ အစီအစဉ် ရှိလဲ"
"ကျွန်မ မစဉ်းစားရသေးပါဘူး"
"မဆုံးဖြတ်နိုင်ဘဲ မနေပါနဲ့။ ငယ်တုန်းရွယ်တုန်းလေး မိသားစုအသစ် ထူထောင်လိုက်။ ငါ့သားအကြီးဆုံးနဲ့ဆို ဘယ်လိုလဲ" ထိုအမျိုးသမီးက မလှမ်းမကမ်းတွင် လျှောက်သွားနေသော သားဖြစ်သူကို ညွှန်ပြရင်း ပြောလိုက်သည်။ "ငါ ကြွားတာ မဟုတ်ပါဘူး ငါ့သားက အလုပ်ကြိုးစားပြီး အမှတ်တွေလည်း အများကြီး ရတယ်"
သူက အရပ် ငါးပေကျော်ကျော်သာ ရှိပြီး မျောက်တစ်ကောင်လို ပိန်လှီနေသည်။ ဝန်လေးတစ်ခုကိုပင် မသယ်နိုင်ရှာပေ။ အလုပ်လုပ်နိုင်သည်ဟု သူမ မည်သို့ ပြောထွက်ပါသနည်း။ ပြီးတော့ သူတို့အားလုံးက တပ်ဖွဲ့တစ်ခုတည်းတွင် အတူတူ နေကြသဖြင့် တစ်ယောက်အကြောင်း တစ်ယောက် သိနေကြသည်။ သူမ၏သားမှာ စကားပြောလျှင် ထွန်ယက်နေသကဲ့သို့ တလုံးချင်း အနိုင်နိုင် ပြောရရှာသည်။ ဆက်သွယ်ပြောဆိုရန် ခက်ခဲသူတစ်ယောက်နှင့် မည်သူက အတူနေချင်ပါ့မည်နည်း။ သူမသည် ပုံမှန်အားဖြင့် သူ့ကို ရှောင်လေ့ရှိသည်။
"အကြီးဆုံးနဲ့ အဆင်မပြေရင် ဒုတိယသား ရှိသေးတယ်။ တတိယသားလည်းရတယ်။ ကြိုက်ရာ ရွေးလိုက်"
"အဒေါ် ကျွန်မ တကယ် အလျင်မလိုပါဘူး"
တစ်ခွန်းတည်းနှင့် သူမ အကြံပြုချက် အားလုံးကို ငြင်းပယ်လိုက်ပြီး ခြေလှမ်းသွက်သွက်ဖြင့် ထွက်ခွာသွားရာ ထိုအမျိုးသမီး ကျန်ရစ်ခဲ့သည်။ ထိုအမျိုးသမီးက လှမ်းဆွဲလိုက်သော်လည်း လော့လန်၏ ကျော့ရှင်းသော ပုံရိပ်လေး ထောင့်ချိုးတစ်ခုသို့ ကွေ့ဝင် ပျောက်ကွယ်သွားသည်ကို လက်လျော့ကာ ကြည့်နေလိုက်ရသည်။
"အမေ ... ဘယ်လိုလဲ" သားအကြီးဆုံးက သူမကို စောင့်ရင်း အရှိန်လျှော့ကာ မေးလိုက်သည်။
"မလောပါနဲ့"
"ကျွန်တော်က မလောဘဲ နေရမလား အသက် ၃၀ ရှိနေပြီ အိမ်ထောင်မပြုရင် တစ်သက်လုံး လူပျိုကြီး ဖြစ်သွားတော့မှာ"
အဘွားကြီးက လက်မြှောက်ပြီး သူ့ကို ဖွဖွလေး ရိုက်လိုက်သည်။ "ဒါဆို ဘယ်သူ့ကို အပြစ်တင်ရမလဲ။ မင်းက မိန်းမတစ်ယောက်ကိုတောင် မဆွဲဆောင်နိုင်ဘူး။ မင်းတို့သုံးယောက်စလုံး အသုံးမကျဘူး။ ငါ့ကံက ဆိုးလိုက်တာ။ မင်းတို့လို အတုံးအအ သုံးကောင်ကို မွေးထားမိတယ်"
ဒီနေ့ အဖြစ်အပျက်များ ပြီးနောက် လော့လန် နက်နက်ရှိုင်းရှိုင်း နားလည်လိုက်သည်မှာ သူမသည် အိမ်ထောင်ပြုမည့် စာရင်းထဲသို့ တဖန် ပြန်လည်ဝင်ရောက်လာပြီ ဖြစ်ကာ အုပ်စုတစ်စု၏ ပစ်မှတ် ဖြစ်လာခဲ့လေပြီ။ ငယ်ရွယ်ပြီး လုပ်ရည်ကိုင်ရည်ရှိကာ ရုပ်ရည်ချောမောလှပသော မုဆိုးမတစ်ဦး ဖြစ်သည့်အတွက် ပိုအာရုံစိုက်ခံရမည်မှာ သေချာသည်။
အိမ်ထောင်မပြုဘဲ နေ၍မရတော့ပေ။ ယခုလိုမျိုးတွေကို သူမ သည်းမခံနိုင်လှချေ။ ထို့ကြောင့် သူမ အောင်သွယ်တော်၏ စီစဉ်ပေးမှုကို လက်ခံရန် ဆုံးဖြတ်လိုက်သည်။ သေဆုံးသွားသူက သေဆုံးသွားပြီ ဖြစ်သဖြင့် တစ်ခါသေဖူး ပျဉ်ဖိုးနားလည် ဆိုသလို ကြောက်ရွံ့နေစရာ မလိုတော့ပေ။ သူ့အရိပ်အောက်တွင် တစ်သက်လုံး နေထိုင်ခြင်းသည် ဆုံးရှုံးမှု သက်သက်သာ ဖြစ်သည်။
နေ့လယ်စာအတွက် ထမင်းချက်ပြီး ညနေစာ ယာဂုသောက်ရန် အနည်းငယ် ချန်ထားလိုက်သည်။ ညနေပိုင်းတွင် အလုပ်လုပ်ရဦးမည် ဖြစ်သဖြင့် နေ့လယ်စာ စားပြီးချိန်တွင် အနည်းငယ် အနားယူလိုက်ရာ ခေါင်းလောင်းသံ ကြားမှ နိုးလာတော့သည်။ ညနေပိုင်းတွင် ယခင်အဖွဲ့နှင့်ပင် အတူတူ ကျပြန်သည်။ အဘွားကြီးမှာ သူမနောက် တကောက်ကောက်လိုက်ပြီး သားများကို ရောင်းစားရန် ကြိုးစားနေသည်။
"ငါ့ဒုတိယသားက အလုပ်ကပြန်လာရင် ထမင်းဟင်း ချက်တတ်တယ် ငါ ကြွားတာ မဟုတ်ပါဘူး ငါ့သားထက်ကောင်းတဲ့ ယောကျာ်း ရှာတွေ့မှာ မဟုတ်ဘူး။ လယ်ထဲမှာလည်း လုပ်ရည်ကိုင်ရည် ရှိသလို အိမ်မှာလည်း အဝတ်လျှော် ထမင်းချက် လုပ်တတ်တယ်"
လော့လန် နားမကြားချင်ယောင်ဆောင်ပြီး လုံးဝ ပြန်မပြောခဲ့ပေ။ သူမ၏ သားသုံးယောက်စလုံးမှာ တစ်မူထူးခြားသူများ ဖြစ်ကြသည်။ သူမကဲ့သို့သော မိခင်တစ်ယောက်သာလျှင် သူတို့ကို အကောင်းမြင်နိုင်ပေလိမ့်မည်။
သားအကြီးဆုံးမှာ စကားပြောလျှင် လူသတ်ချင်စရာ ကောင်းလောက်အောင် ဆိုးရွားသည်။ ဒုတိယသားမှာ ဉာဏ်ထိုင်းပြီး ကိုးရိုးကားရား နိုင်လှသည်။ အမြဲတမ်း နံရံကပ်လျှောက်လေ့ရှိပြီး ပုံမှန်အတိုင်း စကားမပြောနိုင်ရှာပေ။ အငယ်ဆုံးသားမှာမူ ငယ်စဉ်က မီးလောင်ဒဏ်ရာကြောင့် မျက်နှာပေါ်တွင် အမာရွတ်ရှိပြီး ကြောက်စရာ ကောင်းလှသည်။
သူမ ခြေလှမ်းသွက်သွက် လှမ်းလိုက်ပြီး ညနေပိုင်း အလုပ်ချိန်အတွင်း အဖွဲ့ခေါင်းဆောင်ဆီ သွား၍ပြောလိုက်သည်။
"မနက်ဖြန်ကျရင် အဒေါ်ရှု့နဲ့ ကျွန်မကို အတူတူ မထားပါနဲ့တော့"
"ဘာလို့လဲ သူမက နင့်ကို သူ့ချွေးမ ဖြစ်အောင် လုပ်နေလို့လား"
သူမ တိတ်တဆိတ် သက်ပြင်းချလိုက်ရာ အဖွဲ့ခေါင်းဆောင်က သဘောကျစွာ ရယ်မောလိုက်သည်။
"ကောင်းပြီလေ မနက်ဖြန်ကျရင် နင့်ကို သူနဲ့ ခွဲထားပေးပါ့မယ်"
ညနေပိုင်းတွင် ညစာကို အလျင်အမြန် ပြင်ဆင်လိုက်သည်။ ရေမိုးချိုးပြီးနောက် ဖရဲသီးစားစရာ ရှိမရှိ လမ်းထွက်လျှောက်ကြည့်ရန် စဉ်းစားလိုက်သည်။ စနစ်ထဲမှ ခေါက်ဆွဲပြုတ်က တကယ့်ကို အရသာရှိလွန်းကာ သူမ၏ နှလုံးသားကို ဖမ်းစားထားခဲ့သည်။ ခေါက်ဆွဲပြုတ် စားရမည်ဆိုလျှင် နောက်ကျမှ အိပ်ရလည်း ကိစ္စမရှိပေ။
သူမနေထိုင်ရာ နေရာမှထွက်ပြီး တပ်ဖွဲ့၏ အကြီးဆုံး ကောက်နယ်တလင်းရှိရာ အရှေ့တောင်ဘက်သို့ ဦးတည်သွားလိုက်သည်။ ဤနေရာသည် ယေဘုယျအားဖြင့် အတင်းအဖျင်း ပြောဆိုရာ နေရာဖြစ်ပြီး နေ့ဘက်တွင် လူသိရှင်ကြား မပြောနိုင်သော အကြောင်းအရာများကို သီးသန့် မျှဝေလေ့ ရှိကြသည်။
ရွာထဲတွင် လျှပ်စစ်မီး မရှိသဖြင့် နွားများဖြင့် ကျောက်ကြိတ်ဆုံဆွဲကာ ဂျုံကြိတ်ကြရသည်။ နေ့ကုန်ဆုံးချိန်တွင် ဂျုံအများအပြား စုပုံနေပြီဖြစ်ပြီး တိုင်တစ်တိုင်တွင် မှိန်ဖျော့ဖျော့ မီးအိမ်တစ်လုံး ချိတ်ဆွဲထားခဲ့သည်။