အခန်း(2)
နောက်ဆုံး တိတ်ဆိတ်သွားသော ဘေးပတ်ဝန်းကျင်ကြောင့် ယွီဟန် ခေါင်းကို ပြန်မော့လိုက်ပြန်၏။
ရှဲ့စစ်ရှင်းက သူ့အနားသို့ ချဥ်းကပ်လာနေခဲ့သည်။ အားကောင်းလှသည့် အရှိန်အဝါတို့ဖြင့် သူ့အား ဖုံးလွှမ်းထားခြင်းကြောင့် သူ့၏မျက်နှာအမူအယာသည်က ပို၍ပင်အေးစက်နေလေသည်။
သူ၏အကြည့်သည်က ယွီဟန်၏ ကျောက်ပတ်တီးစည်းထားသော ညာဘက်လက်ပေါ်သို့ ရောက်ရှိသွားလေသည်။ ထို့နောက် လှောင်ပြောင်သရော်သည့်အသံဖြင့် ပြောလာခဲ့သည်။
“ထွက်ပြေးဖို့ကြိုးစားနေတာလား”
ယွီဟန် စိတ်မဝင်စားသောလေသံဖြင့် စကားပြန်ပြောလိုက်၏။
“ထွက်ပြေးဖို့? အဲဒါက ငကြောက်တွေပဲလုပ်တတ်တာ”
အမှန်တကယ်တမ်းတွင် သူ့အနေဖြင့် ယမန်နေ့ညကပင် ဤနေရာသို့ ဝင်ရောက်ကူးပြောင်းခဲ့သည့်အတွက် ကမောက်ကမ,ဖြစ်ခဲ့ခြင်းပင်။
လူတစ်အုပ်ကြီးက သူ့အနားတွင် ဝိုင်းနေသည်ကိုမြင်လိုက်ရချိန်တွင် သူ့အဖြင့် နတ်ဆိုးလူမျိုးစုမှ စီစဥ်ထားသော ထောင်ချောက်ဟုထင်သွားခဲ့ခြင်းသာဖြစ်သည်။
ထို့ကြောင့် ဝန်းရံထားခံရခြင်းကို ထိုးဖောက်ပြီးနောက် ဓားပေါ်မှ ပျံလွှားပြေးရန်ကြိုးစားခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ခြေချော်၍ လှေကားပေါ်မှ ဒလိမ့်တုံးဆင်းသကဲ့သို့ ကျခဲ့ရခြင်းပင်ဖြစ်၏။
ယွီဟန်ကိုယ်တိုင်ပင် ရှက်ရွံ့ဖြစ်လုနီးပါးဖြစ်ခဲ့ရသည်။ မြင့်မြတ်သောဧကရာဇ်ကဲ့သို့ ထည်ဝါခံ့ညားသော ပုဂ္ဂိုလ်တစ်ဦးသည်က လှေကားအထစ်ထစ်မှ လှိမ့်၍ကျခြင်းမှာ ရှက်ဖွယ်ကောင်းလွန်းပေသည် မဟုတ်ပါလား။
ထို့ကြောင့် သူ အကြောင်းအရာကိုပြောင်းလဲဖို့သာ ဆုံးဖြတ်လိုက်တော့သည်။
“မင်းက ဘယ်သူလဲ၊ နောက်ပြီး ဒီမှာ ဘာလာလုပ်နေတာလဲ”
ရှဲ့စစ်ရှင်းက သရော်ပြုံးပြုံးလိုက်၏။
“ငါ့ရဲ့ဇနီးက ဆေးရုံမှာ ပြဿနာတွေ ကောင်းကောင်းရှာနေတာဆိုတော့ ငါဒီမှာ ရှိမနေသင့်ဘူးလား”
“မင်းရဲ့ဇနီးက ဘယ်သူလဲ”
ယွီဟန်မှာ ထိတ်လန့်သွားရ၏။ စနစ်က ထိုအကြောင်းကို မပြောထားပါချေ။
ရှဲ့စစ်ရှင်း မျက်ခုံးပင့်လိုက်လေ၏။
သူ၏မျက်နှာအမူအယာမှာမူ စိတ်ဝင်စားဟန်ပြ မနေချေ။
“အိုး”
စနစ်က နောက်ထပ်တစ်ကြိမ်ပေါ်လာကာ အလျှင်အမြန် ပြောလာခဲ့သည်။
{Host၊ hostက သူ့ရဲ့ ဇနီးအစစ်ပါ…}
ယွီဟန်: “.....”
ဘေးပတ်ဝန်းကျင်က ခြောက်ခြားဖွယ်ကောင်းသော တိတ်ဆိတ်မှုကြီးတစ်ခုဖြင့် လွှမ်းခြုံခြင်းကိုခံလိုက်ရလေသည်။
ယွီဟန်အနေဖြင့် မလုပ်ချင်သော်လည်း စနစ်မှ သူ့ထံသို့ ပြောင်းလွှဲပေးလိုက်သော ဇာတ်ကြောင်းအား ရွေးချယ်စရာမရှိဘဲ ကြည့်လိုက်ရတော့သည်။
သူသည် လင်းဟန်ဟု နာမည်ရသော အမြောက်စာလေးအဖြစ် ဤစာအုပ်ထဲသို့ ကူးပြောင်းလာခြင်းပင်။
သူ့ဘဝ၏ အစပိုင်း (၁၇) နှစ်အား အေးချမ်းစွာဖြင့် ကျေးလက်ဒေသတွင်နေထိုင်ခဲ့လေသည်။
သို့ရာတွင် အသက် ၁၈ နှစ်ပြည့်သောအခါ၌ လူချမ်းသာမိသားစုတစ်ခု၏ ကလေးဖြစ်နေခဲ့ကာ မွေးကင်းစအရွယ်တွင် ကလေးချင်းအလဲခံလိုက်ရသော သခင်လေးဖြစ်နေသည်ဟု သိလိုက်ရ၏။
ထို့ကြောင့် မွေးစားမိဘနှင့် နှစ်ပေါင်းများစွာ နေထိုင်ခဲ့သော မွေးရပ်မြေကိုစွန့်ခွာကာ သူနှင့် လုံးလုံးမှပင် အကျွမ်းတဝင်မရှိသော အိမ်သို့ပြောင်းရွှေ့ခဲ့ရလေသည်။
ထိုအိမ်ထောင်စုတွင်ကား မွေးမိဘများမှာ သူ၏ရှက်တတ်၊ကြောက်တတ်သောစိတ်ထားကြောင့်လည်းကောင်း၊ ရွက်ကြမ်းရေကျိုအဆင့်လောက်သာရှိသည်ဟု ခံယူသောကြောင့်လည်းကောင်း သူ့ကိုလက်မခံသည့်အပြင် အနည်းငယ်ပင် မုန်းတီးကြ၏။
ထိုအစား မွေးဖွားစဥ်တွင် အလဲခံလိုက်ရသော သခင်လေးအတုဖြစ်သော လင်းယွီချန်မှာမှု သူ၏ ချွဲနွဲ့မှုများနှင့် ဉာဏ်နီဉာဏ်နက်များသော ဗီဇကြောင့် လင်းမိဘများထံမှ ချစ်ခြင်းမေတ္တာကို ရရှိခဲ့၏။
လင်းဟန်၏ သွေးစပ်သော ညီမလေးပင် လင်းယွီချန်ကိုသာ အစ်ကိုတစ်ယောက်အဖြစ် အသိအမှတ်ပြုခဲ့လေသည်။
လင်းမိသားစုက လင်းယွီချန်ကိုလည်း သူတို့၏သွေးသားတစ်ဦးဖြစ်ကြောင်း လူသိရှင်ကြား ကြေညာခဲ့သည်။ သို့သော်လည်း လင်းယွီချန်မှာမူ ရုတ်ခြည်း ပြန်ပေါ်လာသော သခင်လေးအစစ်က သူ့တွင် ရှိသမျှအရာတိုင်းကို လုယူသွားမည်ကို စိုးရိမ်နေမြဲဖြစ်ခဲ့လေသည်။
ထို့ကြောင့် လင်းဟန်ကို အမှုဆင်ရန် အစီအစဥ်တစ်ခုချမှတ်ခဲ့၏။ သူက လင်းဟန်ကို အရက်မူးအောင် တိုက်ကာ ရှဲ့စစ်ရှင်း၏ အခန်းထဲသို့ လျှို့ဝှက်စွာ ပို့ခဲ့လေသည်။
ထို့နောက် လင်းဟန်ကို ဖမ်းမိရန်အတွက် လူများကိုခေါ်ဆောင်လာကာ ရှဲ့စစ်ရှင်းနှင့် လက်ထပ်ရန် အကြပ်ကိုင်ခဲ့သည်။
ရှဲ့စစ်ရှင်းဆိုသည်က သူ၏ ရက်စက်တတ်ကာ အကြင်နာမဲ့တတ်သော အပြုအမှုများဖြင့် သရုပ်ဖော်ထားသော စာအုပ်ထဲရှိ အဓိကဗီလိန်ဖြစ်လေသည်။
လင်းဟန်အနေနဲ့ ရှဲ့စစ်ရှင်းနှင့်လက်ထပ်ပြီးနေညက်တွင် တစ်ဖက်လူထံမှ အတောမသတ်နိုင်သော ညှဥ်းပန်းမှုဒဏ်ကို ခံစားခဲ့ရကာ နေ့စဥ်လိုလိုပင် အိပ်ရာဝင်ခါနီးတိုင်း ငိုကြွေးခဲ့ရသည်။
ရှဲ့စစ်ရှင်းက သူ့အား ထိုကဲ့သို့ ဆက်ဆံနေခဲ့သော်လည်း ကြင်နာတတ်သော လင်းဟန်မှာ သူ့ကို စိတ်ရင်းဖြင့်သာ ဆက်ဆံခဲ့လေသည်။
သို့သော်လည်း လင်းဟန်တစ်ယောက် ရောဂါတစ်ခုကြောင့် သေဆုံးသွားသည့်တိုင် ရှဲ့စစ်ရှင်းဘက်မှ ကြင်နာသနားမှုတစ်စက်ကလေးမျှပင် မပြခဲ့ချေ။
ရှဲ့စစ်ရှင်းတစ်ယောက် ထိုစောစောစီးစီး ကြွေလွင့်ခဲ့ရသော အမြှောက်စာလေးမှာ သူ၏ အစားထိုးမရနိုင်သော လရောင်ဖြူ၊ မရေတွက်နိုင်သော နေ့များနှင့် ညများအထိပါ တမ်းတနေရသည့်သူတစ်ဦးဖြစ်ကြောင်းကို ရုတ်တရတ် သိလိုက်ရသည့် နေ့အထိပင်။ယခု ဆေးရုံထဲတွင် လဲလျောင်းနေရခြင်း၏အကြောင်းမှာကား မကြာသေးခင်အချိန်တွင် ရှဲ့စစ်ရှင်းမှ ကြမ်းတမ်းသောစကားလုံးများကို ပြောခဲ့သဖြင့် အငိုလွန်ကာ ဆေးရုံတက်လိုက်ရခြင်းကြောင့်ပင်ဖြစ်၏။
ဇာတ်ကြောင်းကို သိရပြီးသည့်နောက်တွင် ယွီဟန်တစ်ယောက် စိတ်ထဲမှ လှောင်ပြုံး ပြုံးလိုက်မိလေသည်။
ဒီကမ္ဘာထဲရှိ သူ၏တည်ရှိနေမှုသည်က မတော်တဆတစ်ခုသာဖြစ်ကြောင်းကို သူ သိ၏။
စာအုပ်ထဲသို့ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းမှ ဒီအရာကို သိသည်နှင့် သူ့ကို ယခင်ကမ္ဘာသို့ ပြန်ပို့ကောင်းပြန်ပို့နိုင်သည်။ ပြန်မပို့လျှင်ပင် ဤထက်ပို၍ စကားနည်းမည့် စနစ်ကို စီစဥ်ပေးနိုင်သည်။
ထိုအချိန်ထိ သူ့နည်းသူဟန်ဖြင့် ဤဇာတ်ကြောင်းအား ကောင်းစွာကိုင်တွယ်နိုင်ပေသည်။
ဗီလိန်ကို ပြောင်းလဲရန်အတွက်မူကား ထိုသည်မှာ စဥ်းစားစရာမလိုပေ။
၎င်းကိစ္စက သူ၏နယ်ပယ်အတိုင်းအတာ အတောအတွင်းတွင် မရှိနေသောကြောင့်ပင်ဖြစ်သည်။
သူသည်က ကြွေထည်အလုပ်ကို စိန်မရမချင်း မလုပ်နိုင်ပေ။ တစ်ဦးတစ်ယောက်ကို ပြောင်းလဲခြင်းဆိုသည့် အလုပ်မျိုးကို သူ လုပ်လိမ့်မည်မဟုတ်။
ယွီဟန် အချိန်အတော်ကြာ တိတ်ဆိတ်စွာရှိနေသည်ကို မြင်လျှင် ရှဲ့စစ်ရှင်းမှာ စိတ်မရှည်တော့၍ ပြောလိုက်လေ၏။
“မင်းမှာ ငါ့ကို ဘာမှရှင်းပြဖို့မရှိဘူးလား”
“သေချာပေါက် ရှိတာပေါ့”
ဇာတ်ကြောင်းကို ပြန်လည်သုံးသပ်ပြီးသည့်နောက်တွင် ယွီဟန်က ခေါင်းမော့ကြည့်ပြီး ရှဲ့စစ်ရှင်းကို တိုက်ရိုက်ပင် မျက်နှာချင်းဆိုင်လိုက်သည်။
လင်းဟန်မှာ အမှန်တကယ်တွင် ချောမောလှသည်။ သို့သော် နာမကျန်းဖြစ်နေသည်မှာ နှစ်ချီလာသောကြောင့် သူ၏အသားရေမှာ ဖျော့တော့ကာ နှုတ်ခမ်းသားများမှာ အရောင်မဲ့နေသည့်အတွက်ကြောင့် အားနည်းသော ခံစားမှုတစ်ခုကို ပေးစွမ်းလို့နေတ်သည်။
ယခုအခိုက်တွင်မူကား သူ၏ ပိန်လှီ အားနည်းသော ပုံပန်းသဏ္ဠာန်အား သူ့မျက်လုံးထဲရှိ လင်းလက်စွာတောက်ပနေသော အလင်းရောင်မှ ပြောင်းလဲလိုက်လေသည်။
ရှဲ့စစ်ရှင်းအနေဖြင့် တစ်ဖက်လူက မည်သည့်အရာမျိုးကို ကြံစည်နေမည်ကို ဝေခွဲမရဖြစ်သွားသောကြောင့် မျက်မှောင်ကြုတ်လိုက်လေ၏။
ယွီဟန်က သာမန်ကာလျှံကာ အပြုံးလေးနှင့် စိုက်ကြည့်ကာ ပြောလာသည်။
“ကွာရှင်းရအောင်”
စနစ်: {Host ….}
ယွီဟန် သူ့ကို လျစ်လှူရှုလိုက်ကာ ယုံကြည်မှု အပြည့်ရှိသော လေသံဖြင့် ပြောလိုက်လေသည်။
“ရှင်းရှင်းပြောရရင် ခင်ဗျားက ကျွန်တော်နဲ့မထိုက်တန်ဘူး”
စနစ်: {?!}
ရှဲ့စစ်ရှင်း: “.....”
သောက်ကျိုးနည်း လရောင်ဖြူ၊ ချီးလို ဗီလိန်ကိုပြောင်းလဲတဲ့ စနစ်!
သူက လုံအောင့်ထျန်းလေ။
ဤအခြေအနေထက် အဆပေါင်းတစ်ရာ ဆိုးရွားနေသော အခြေအနေတွင်ပင် သူ၏ဂန္ထဝင်စာကြောင်းကို ပြောမြဲပြောနေမည်သာဖြစ်သည် : ငါ့ရဲ့ ကံကြမ္မာက ငါ့ရဲ့လက်ထဲမှာပဲရှိတယ်၊ ကောင်းကင်ဘုံနဲ့မသက်ဆိုင်ဘူး!
ယွီဟန်၏ ကမ္ဘာတုန်လောက်သော စကားပြီးနောက်၊ ရှဲ့စစ်ရှင်းအပါအဝင် လူတိုင်း ငြိမ်သက်သွားလေ၏။
ဒီလင်းမိသားစုရဲ့ သခင်လေးက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့စကားတွေကို ပြောနေတာလဲ?
အထက်တန်းစားအလွှာထဲ၌ပင် ထိပ်ဆုံးနေရာသို့ ထိုးတက်နေသော ကြယ်ပွင့်တစ်ပွင့်ဖြစ်သည့် ရှဲ့စစ်ရှင်းကဲ့သို့သူမျိုးက ဘယ်နည်းဘယ်ပုံဖြင့် သူနှင့် မထိုက်တန်သနည်း။
အမှန်တွင် ထိုစကားနှင့်ပြောင်းပြန် ယွီဟန်သာလျှင် ရှဲ့စစ်ရှင်းနှင့်မထိုက်တန်သည့်အပြင် သူ၏ အတန်းအစားနှင့်လည်း မတူညီသည်မဟုတ်ပါလား။
လူတိုင်းမှာ စိတ်ထဲတွင် သူ့ကို တိတ်တဆိတ် ဝေဖန်နေကြသော်လည်း အခန်းမှာမှု ပင်အပ်တစ်ချောင်း ပြုတ်ကျသွားလျှင်ပင် ကြားနိုင်ရသည့်အထိတိတ်ဆိတ်၍နေသည်။
ရှဲ့စစ်ရှင်းမှာမှု ရယ်မောချင်နေဟန်ရှိကာ တစ်နည်းအားဖြင့် ဒေါသထွက်နေသယောင်လည်း ရှိပြန်၏။
သူ၏မျက်နှာထားမှာ အတော်လေးထူးဆန်းနေပေသည်။
“ငါက .. မင်းနဲ့ မထိုက်တန်ဘူး?”
ယွီဟန် ပြုံးလိုက်၏။
“မသိသာဘူးလား”
သူက ရှဲ့စစ်ရှင်းကို မျှော်လင့်ချက်အနည်းငယ်ဖြင့် ကြည့်လိုက်မိ၏။
ယွီဟန်အနေဖြင့် သူ၏ဦးတည်ချက်ကိုလည်း သိသာအောင် ပြပြီးသည့်အတွက် ကွာရှင်းပြတ်စဲမှုမှာ ဧကန်မုချ ပြီးပြတ်လောက်ပြီဟု တွေးနေခဲ့သည်။
သူ့ကဲ့သို့ ခမ်းနားလှသည့် မြင့်မြတ်သောဧကရာဇ်သည်က မည်သည့်အကြောင်းကြောင့် အခြားလူ၏ ဇနီးဖြစ်နိုင်မည်နည်း။
လင်ယောကျာ်းတစ်ယောက်အနေဖြင့် ရှဲ့စစ်ရှင်းက သူ၏ဇနီးတစ်ယောက်လုံး ဆေးရုံတွင် လဲနေသည်ကိုပင် မလာနိုင်ခြင်းကို ထည့်၍ စဥ်းစားရလျှင် သူတို့၏ ဆက်ဆံရေးမှာ အေးစက်နေသည်ဖြစ်သည့်အတွက် အတူတူနေခြင်းသည်မှာလည်း အကျိုးမရှိနိုင်ပေ။
ယွီဟန်မှ ရှဲ့စစ်ရှင်းအား စေ့စေ့စပ်စပ်ကြည့်နေချိန်တွင် ရှဲ့စစ်ရှင်းမှာလည်း သူ့အား စစ်ဆေးနေလေ၏။
ဒီတစ်ယောက်က ၁၉ ယောက်မြောက်ပဲ။
ရှဲ့စစ်ရှင်း သူ့အား တိတ်ဆိတ်စွာဖြင့်ကြည့်နေသည်။
သူ၏အတွေးများတွင် ခံစားချက်တစ်စုံတစ်ရာမပါဝင်နေပါချေ။
သူ၏အသိစိတ် စ၍ နိုးထသည့်အချိန်မှစ၍ ဝိညာဥ်အသစ်တစ်ခုက လင်းဟန်၏ခန္ဓာကိုယ်ထဲတွင် မကြာမကြာ နိုးထလာတတ်သည်။
ဤဝိညာဥ်များမှာ ပင်ကိုစရိုက်အလွန်ကွဲပြားကာ စကားပြောဟန်နှင့် အပြုအမှုများလည်း ထင်ထင်ရှားရှား ကွာခြားကြသည်။
သို့သော် ကျိန်းသေသော အချက်မှာ သူတို့အားလုံး ရည်ရွယ်ချက်တစ်ခုတည်းသာရှိကြ၏။သူတို့၏ အပြုအမှုများမှတစ်ဆင့် ရှဲ့စစ်ရှင်းအဖို့ အကြမ်းဖျင်းကောက်ချက်ချနိုင်သည်မှာ သူတို့အားလုံးသည် သူ့ကိုပြောင်းလဲပြုပြင်ရန် လာကြသည်ဆိုသည်ကိုပင်။
ရှဲ့စစ်ရှင်း မတော်တဆ ရှာဖွေတွေ့ရှိခဲ့သည်မှာ သူက စာအုပ်တစ်အုပ်ထဲမှ ဇာတ်ကောင်တစ်ကောင်ဖြစ်ပြီး ငယ်ဘဝအတွေ့အကြုံများကြောင့် သုန်မှုန်ကာ ရက်စက်ကြမ်းကြုတ်သော ပင်ကိုစရိုက်ရှိသည့် ကာရိုက်တာဖြင့် ဗီလိန်တစ်ယောက်ဖြစ်နေခြင်းကိုပင်။
သူသည်က ဇာတ်လိုက်အား အမြဲတမ်း ဆန့်ကျင်နေကာ နောက်ဆုံးတွင် ဝမ်းနည်းဖွယ်ရာ အဆုံးသတ်ကို ရရှိမည်ဖြစ်လေသည်။
ထို့ကြောင့် အသိစိတ်နိုးထလာသောအခါတွင် သူကိုယ်တိုင် ဇာတ်လိုက်ကို သတ်ခဲ့သည်။
ဤကဲ့သိုနည်းဖြင့် လွတ်မြောက်မည်ဟုတွေးခဲ့သော်လည်း ဤကမ္ဘာ၏စည်းကမ်းချက်များက ထင်သလောက် မရိုးရှင်းခဲ့ပေ။
ဇာတ်လိုက်ကို သတ်ပြီးနောက်တွင် သူသည်ကား အဆုံးသတ်မရှိသော အဖန်ဖန်ဝင်စားစေသည့် စက်ဝန်းထဲသို့ကျရောက်သွားလေသည်။
သူ ပြန်လည်ဝင်စားစေသည့် အခေါက်တိုင်းတွင်လည်း ဤကမ္ဘာသို့ ရောက်ရှိလာသော ဝိညာဥ်အသစ်တစ်ခုနှင့် သူ၏အတိတ်ဘဝတွင်ဖြစ်ပျက်ခဲ့သော အရာဟူသမျှကို ပြန်လည်တွေ့ကြုံရသည်။
ရှဲ့စစ်ရှင်းအနေဖြင့် ဤသူများသည်က စာအုပ်ထဲသို့ ဝင်ရောက်ကူးပြောင်းခြင်းအဖွဲ့အစည်းမှ ရောက်ရှိလာကြခြင်းဖြစ်ပြီး၊ စာအုပ်ထဲသို့ ဝင်ရောက်ကူးပြောင်းသူများဟု အဖွဲ့လိုက်ခေါ်ဆိုသော နာမည်တစ်ခုရှိကြောင်းတို့ကို သိရှိခဲ့သည်။
သူတို့က သူ ဇာတ်လိုက်အား မသတ်တော့ဘဲ ကမ္ဘာကြီး၏ ဟန်ချက်ကို မပျက်စီးအောင် ထိန်းသိမ်းရန် ၊ ရက်စက်ကြမ်းကြုတ်ခြင်း လျော့နည်းလာမည့် ဗီလိန်တစ်ယောက်အဖြစ်သို့ ပြောင်းလဲနိုင်ရန်၊ စသော မျှော်လင့်ချက်များဖြင့် လူ့လောကအတွင်းရှိ အကြီးမြတ်ဆုံးသော အမူအကျင့်ကောင်းနှင့် အလှတရားများ၏ စံနမူနာများပြကာ သူ့ကို ပြောင်းလဲရန်ကြိုးစားခဲ့ကြလေသည်။
“သူ့ကို သေသေချာချာ စောင့်ကြည့်ထားလိုက် “
ဆေးရုံဒါရိုက်တာတစ်ယောက် လက်ရှိအခြေအနေသို့ အသိစိတ်ပြန်ရောက်ရှိလာခဲ့သည်။
“ကောင်းပါပြီ၊ ဥက္ကဌရှဲ့”
ယွီဟန်:”?”
ရှဲ့စစ်ရှင်းတွင် အလုပ်ကိစ္စတာဝန်ဝတ္တရားများ လုပ်ဆောင်ရန်ရှိသေးသည်။ သူ၏ အချိန်လွတ်မရှိလှသော အချိန်ဇယားထဲသို့ ဤဆေးရုံသို့ လာရောက်မည်အချိန်ကို ပြွတ်သိပ်ထည့်ထားရခြင်းဖြစ်လေသည်။
Video Call အစည်းအဝေးများလည်း တန်းစီစွာ သူ့ကိုစောင့်မျှော်နေကြသည့်အတွက် ယွီဟန်၏ အဓိပ္ပါယ်မရှိသော စကားများကို အာရုံစိုက်နေရန် အချိန်မရှိလှပေ။
သူက ယွီဟန်ကို သေချာစောင့်ကြည့်ရန် ကိုယ်ရံတော်များကိုလည်း ညွှန်ကြားခဲ့ပြီးနောက် ပြန်ထွက်သွားခဲ့လေသည်။
လေပြည်ကဲ့သို့ အမြန်လာ၍ အမြန်ပင်ပြန်ထွက်သွားသော အမျိုးသားအားကြည့်ရင်း ယွီဟန် တစ်ယောက်မျက်လုံးများဝိုင်းကျယ်သွား၏။
“ဒီလိုပဲထွက်သွားတာပဲလား”
**