Ch 11
Viewers 1k

အခန်း(11)


“ကောင်းပါပြီ”


ယွီဟန်၏ အမိန့်ပေးခိုင်းစေသံအောက်၌ ကျန်းစစ်နျဥ်တစ်ယောက် သတိမမူမိလျက် ရိုကျိုးစွာ ပြန်ပြောလိုက်မိပြီးနောက်မှသာ သူသည်က ရှဲ့စစ်ရှင်း၏ အတွင်းရေးမှူးဖြစ်ပြီး ယွီဟန်၏လက်အောက်၌ အလုပ်လုပ်နေခြင်း မဟုတ်သည်ကို ပြန်လည်သတိရသွားရ၏။ 


ဖြစ်နိုင်သည်မှာ..... ယွီဟန်နှင့် ဥက္ကဌနှစ်ယောက်လုံးက လူများအား နာခံလာစေရန် လှုံ့ဆော်နိုင်သည့် တူညီသော အရည်အချင်းတစ်ခုရှိနေသည့်ပုံပင်။ 


ကျန်းစစ်နျဥ်တစ်ယောက် မကြာသေးခင်မှ သူ မြင်တွေ့ခဲ့သော ယွီဟန်တစ်ဦးတည်းဖြင့် လူဆယ်ယောက်ကို ယှဥ်ပြိုင်ခဲ့သည့် လုံခြုံရေးမှတ်တမ်းဗီဒီယိုကို ပြန်လည်သတိရသွားခဲ့လေသည်။


ထိုမြင်ကွင်းမှာ သူ၏ စိတ်ထဲတွင် နက်ရှိုင်းစွာ အမြစ်တွယ်နေခဲ့ပြီး အချိန်အတော်ကြာသည့်တိုင် မေ့ပျောက်၍မရခဲ့ပေ။ 


ကျန်းစစ်နျဥ်တစ်ယောက် လွန်ခဲ့သည့်အချိန်များက သူမြင်တွေ့ခဲ့ဖူးသည့် ကျိုးနွံနာခံတတ်သော အမျိုးသားငယ်နှင့် သူ  လုံခြုံရေးမှတ်တမ်း ဗီဒီယိုထဲမှ မြင်တွေ့ခဲ့ရသော တစ်ဖက်လူနှင့် နှိုင်းယှဥ်ကြည့်ပြီးနောက် လူနှစ်ဦးကိုပေါင်းစပ်ကြည့်ရန် အလွန်ပင် ခက်ခဲနေခဲ့ရလေသည်။ 


ကျန်းစစ်နျဥ် အစည်းအဝေးခန်းမှ ထွက်ခွာလာပြီးနောက် ရှဲ့စစ်ရှင်း၏နံဘေးသို့ ပြန်သွားကာ သတင်းပို့လိုက်သည်။


“ဥက္ကဌ၊ မဒမ်က ပြီးသွားရင် သူ့ကိုလာတွေ့ပါတဲ့” 


ရှဲ့စစ်ရှင်းမှ ထူးမခြားနားဟန်ဖြင့် ပြန်ပြောလာသည်။ 


“သူ ဒီကို လာရတဲ့အကြောင်းအရင်းကို ပြောသေးလား?” 


ကျန်းစစ်နျဥ်လည်း ခေါင်းခါရမ်းလိုက်ကာ ယွီဟန်၏ ခေတ်ပေါ်ဝတ်စုံအား ပြန်သတိရလိုက်မိပြီး သတိမပေးဘဲ မနေနိုင်ခဲ့ပေ။


“ဥက္ကဌ၊ မဒမ် ဒီကိုရောက်လာတာက  ဆိားရွားတဲ့ အကြံအစည်တစ်ခုရှိနေတယ််လို့ ထင်ပါတယ်” 


ရှဲ့စစ်ရှင်းကတော့ လျစ်လျူရှုစွာဖြင့် “အမ်”ဟု တစ်ချက်ဖြင့်သာ ပြန်တုံ့ပြန်လိုက်ပြီး တစ်ဖက်လူပြောခဲ့သည့် စကားများကို စိတ်ထဲသို့ ထည့်သွင်းခြင်း မရှိပါချေ။ 


သို့သော်လည်း ယွီဟန် မည်သည့်အရာများကို ကြံစည်နေသည်ဟုဇောအကြောင်းနှင့်ပတ်သတ်၍ ရေးရေးမျှ သိချင်နေခဲ့သည်။ 


အစည်းအဝေး ပြီးသွားသည့်နောက်တွင် ရှဲ့စစ်ရှင်းလည်း ယွီဟန်ရှိနေသော အစည်းအဝေးခန်းဆီသို့ လျှောက်လာခဲ့၏။ 


အခန်းမှာ ဖောက်ထွင်းမြင်နိုင်သည့်အလျောက် အတွင်းဘက်မှ အခြေအနေအား ကောင်းကောင်းမြင်နိုင်လေသည်။


ရှဲ့စစ်ရှင်း၏ နက်ရှိုင်းလှသော အကြည့်များက ယွီဟန်၏ကိုယ်ပေါ်၌ အချိန်အတော်ကြာအောင် တည်ရှိနေပြီး‌မှ တံခါးကို ဖြည်းဖြည်းချင်းတွန်းဖွင့်လိုက်၏။ 


အခန်းထဲတွင် ထိုင်စောင့်နေသော ယွီဟန်က တံခါးဖွင့်သံကိုကြားလိုက်ရလျှင် မကျေနပ်သော မျက်နှာအမူအရာဖြင့် မော့ကြည့်လာ၏။


“မင်း ငါ့ကို မိနစ်နှစ်ဆယ်တောင် စောင့်ခိုင်းထားခဲ့တယ်” 


“ဆောရီး” 


ရှဲ့စစ်ရှင်းက အလေးအနက်မရှိစွာ  တောင်းပန်လိုက်ပြီး ထပ်မံပေါင်းထည့်၍ ပြောလိုက်လေသည်။ 


“မင်း ဒီကို လာမယ်ဆိုတာ ငါ့ကို ကြိုပြောထားခဲ့ရင် မင်း ဒီလောက်ထိ စောင့်ခဲ့ရမှာ မဟုတ်လောက်ဘူး” 


ပြောချင်သည်မှာ ယွီဟန်ဘက်မှ မမျှော်လင့်ဘဲ ရောက်ရှိလာသည့်အတွက် သူစောင့်နေရသည်မှာ သူ၏ အပြစ်မဟုတ်ဟူ၍ပင်။ 


ယွီဟန် နှာရှုံ့လိုက်လေသည်။ အမှန်တကယ်တမ်းတွင် သူ့အနေဖြင့် အချိန်မည်မျှ စောင့်ခဲ့ရသည်ကို ဂရုမစိုက်ပါချေ။ 


ကြီးမားသည့်အောင်မြင်မှုကိုလိုချင်သောသူများက အရေးကိစ္စအသေးအငယ်များအပေါ် အာရုံစိုက်လိမ့်မည် မဟုတ်ချေ။  


သူက စားပွဲပေါ်တွင် ရှိနေသော ပန်းရောင်နေ့လည်စာဘူးလေးအား ရှဲ့စစ်ရှင်းဘက်သို့ တွန်းပို့လိုက်ကာ မေးငေါ့ပြလိုက်၏။ 


“စားလိုက်” 


ထိုအချိန်မှသာ ရှဲ့စစ်ရှင်းတစ်ယောက် စားပွဲပေါ်တွင်ရှိနေသော နေ့လည်စာဘူးအား သတိထားမိသွားခဲ့လေ၏။ သူ အံ့သြသင့်စွာဖြင့် မျက်ခုံးကို ပင့်မ,လိုက်လေသည်။ 


ဒီတော့  ရှေးရိုးစွဲဆန်တဲ့ အပြုအမူများက နွေးထွေးမှုကို ဖော်ဆောင်လာနိုင်တယ်ဆိုတဲ့ ဆီကိုပဲ ပြန်ရောက်လာပြန်ပြီလား။


ဤစာအုပ်ကူးပြောင်းသူများက ထိုကဲ့သို့ အပြုအမူများမှာ အမျိုးသားများ၏ စိတ်လှုပ်ရှားစေနိုင်ပြီး နွေးထွေးကြင်နာမှုများကို ခံစားရနိုင်သည်ဟု အမြဲတစေ တွေးတောလေ့ရှိသည်။


ရှဲ့စစ်ရှင်းအနေဖြင့် ထိုကဲ့သို့ အပြုအမူများအား အချိန်အတော်ကြာအောင် မြင်တွေ့ခဲ့ရပြီးဖြစ်သည့်အတွက် အလွန် ငြီးငွေ့နေပြီဆိုသည်ကိုတော့ သတိမမူမိကြပါချေ။ 


ရှဲ့စစ်ရှင်း၏ မျက်နှာအနေအထားမှာ ရုတ်ချည်းပင် အေးစက်သွားလေသည်။ 


“မလိုဘူး” 


သူ့အနေနှင့် ဤတစ်ယောက်ကတော့ ကွဲပြားလိမ့်မည်ဟု ထင်ခဲ့သော်လည်း သူသည်လည်း တခြားလူများနှင့်အတူတူသာ ဖြစ်နေခဲ့သည်။ 


ရှဲစစ်ရှင်း မတ်တပ်ထရပ်လိုက်ပြီး သူ၏ ရှည်လျားလှသည့် လက်ချောင်းများဖြင့် အင်္ကျီပေါ်တွင် တွန့်ချိုးမှုတစ်ခုလေးတောင် မရှိသော ခေါက်ရာများကို ဖြန့်နေခဲ့သည်။ 


သူ၏လေသံမှာလည်း ပို၍ပင် စိတ်ခံစားချက်မပါဟန် ဖြစ်လာခဲ့၏။ 


“မင်း ဒီလိုအရာမျိုး လုပ်ဖို့အတွက်ပဲ လာတာဆိုရင် မင်းပြန်လို့ရပြီ” 


သူသည်က ဤကဲ့သို့ စိတ်ရင်းမပါသည့် ပူပန်မှုများအား အလိုမရှိပါချေ။ 


“ဘယ်သူက အဲဒီလို ပြောလို့လဲ?” 


ယွီဟန် ပျင်းရိစွာဖြင့် စကားသံကို ဆွဲကာ ပြောလိုက်သည်။ 


“ငါက မင်းနဲ့ဆွေးနွေးစရာ တစ်ခုခုရှိလို့ ရောက်နေတာ”


ရှဲ့စစ်ရှင်း၏မျက်နှာ အနေအထားမှာ မည်ကဲ့သို့‌သော ခံစားချက်များအား မထုတ်ဖော်ပြသနေသော်လည်း သူ၏ထွက်သွားရန် ပြင်နေသည့်ခြေလှမ်းကိုတော့ ရပ်တန့်လိုက်လေသည်။ 


ယွီဟန်မှာ လုံးလုံးလျားလျားပင် အေးဆေးနေသည့်ဟန်ဖြင့် အနောက်သို့ မှီထိုင်လိုက်၏။ 


“မင်းက ငါ့ကို မကွာရှင်းပေးဘူးဆိုတော့ ငါ့ကို ကုမ္ပဏီတစ်ခု ပေး” 


ရှဲ့စစ်ရှင်းလည်း ရပ်တန့်သွားရကာ သူ၏ အကြည့်တို့က ယွီဟန်ထံသို့ စူးစမ်းလိုမှုများဖြင့် ပြန်လည်ရောက်ရှိသွားခဲ့သည်။ 


ကုမ္ပဏီတစ်ခု လိုချင်တယ်တဲ့လား? 


ဒါက တစ်ခါမှ မကြားဖူးသေးတဲ့ အကြောင်းပြချက်ပဲ။ 


ရှဲ့စစ်ရှင်းအနေဖြင့် ဤကဲ့သို့တောင်းဆိုမှုတစ်ခုကို လုပ်ဆောင်ဖူးသည့် သူတစ်ဦးအကြောင်းကို တစ်ခါမျှ မကြားဖူးပါချေ။ 


ယွီဟန်အဖို့တော့ ထိုအကြံဉာဏ်မှာ အလွန်ချောမွေ့လှစွာဖြင့် ဦးနှောက်ထဲတွင် ပေါ်ထွက်ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ 


ဤလောကအတွင်းတွင် ‌ငွေကြေးမရှိပါဘဲနှင့် ကောင်းမွန်သည့်အရာများကို အောင်မြင်ရရှိဖို့ရာဆိုသည်မှာ မဖြစ်နိုင်သဖြင့် ကနဦးကတော့ ရှဲ့စစ်ရှင်းထံမှ တောင်းယူရန် စိတ်ကူးခဲ့သည်။ 


သို့သော် အခုတွင်တော့ ယွီဟန် စိတ်ပြောင်းသွားလေပြီ။ 


သူသည်က လက်ရှိအခြေအနေအား သူ၏ကောင်းကျိုးရမည့်ဘက်သို့ ပြောင်းလဲလွှမ်းမိုးသည့်နေရာတွင် ထူးချွန်ပြောင်မြောက်လေသည်။ 


ရှဲ့စစ်ရှင်းမှ သူ့ကို ကွာရှင်းပေးဖို့ရာအတွက် ငြင်းဆန်ခဲ့သည့်အတွက် သူသည်လည်း ဤအခြေအနေကို ကောင်းမွန်စွာ အသုံးချရမည်ပင်။ 


ယွီဟန် အနည်းငယ် ပြုံးလိုက်လေသည်။ 


“ဂုဏ်သိက္ခာအပေါင်းနဲ့ ပြည့်ဝတဲ့ ဥက္ကဌကြီးက ငါ့ကို ကုမ္ပဏီတစ်ခုလောက် ပေးဖို့ကိုတော့ မငြင်းဆန်လောက်ပါဘူး၊ ဟုတ်တယ်မလား?” 


ရှဲ့စစ်ရှင်း ပြန်ထိုင်ချလိုက်သည်။ သူ၏ နက်မှောင်နေသည့် မျက်ဝန်းများမှာမူ ယွီဟန်အ‌ပေါ်တွင် ရှိမြဲရှိနေဆဲ။ 


“သေချာတာပေါ့” 


ကံကောင်းစွာဖြင့် သူသည်လည်း ဤစာအုပ်ကူးပြောင်းသူ မည်သည့်အရာများ ကြံရွယ်နေသည်ကို သိချင်နေခဲ့သည်။ 


ကုမ္ပဏီတစ်ခုဆိုသည်မှာ သူ ပေး၍ရနိုင်သည့်အရာတစ်ခု ဖြစ်သော်လည်း လွယ်လွယ်ကူကူနှင့်တော့ မဟုတ်ချေ။ 


“မင်းလိုချင်တယ်ဆိုရင်တော့ ပေးလို့ရတယ်” 


ရှဲ့စစ်ရှင်းမှ ငြင်းဆန်မှုတစ်စုံတစ်ရာမရှိသည့်ဟန် တည်ငြိမ်စွာ ပြောကြားလိုက်သည်။ 


“ဒါပေမယ့် စီးပွားရေးသမားဆိုတာ အမြတ်တွေ၊ အရှုံးတွေကို တွက်ရ‌သေးတယ်လေ၊ မင်းကို ကုမ္ပဏီပေးလို့ရပေမယ့် ငါ့မှာ သတ်မှတ်ချက်တွေတော့ရှိလိမ့်မယ်” 


ယွီဟန်က သူ၏မေးကို အနည်းငယ် မော့လိုက်၏။ 


“ပြောပါဦး” 


“မင်းရဲ့ ကုမ္ပဏီတစ်ခုကို ဒေဝါလီခံစေခဲ့တဲ့ အရင်တုန်းက အခြေအနေတွေကို ပြန်ကြည့်ရဦးမှာဆိုတော့ ငါ မင်းကို လွှဲပြောင်းပေးလိုက်မယ့် ကုမ္ပဏီက ကြီးကြီးမားမားတစ်ခုတော့ ဖြစ်မှာမဟုတ်ဘူး၊


တကယ်လို့ မင်းသာ ကောင်းကောင်းမွန်မွန် မစီမံနိုင်ရင် မင်းအနေနဲ့ ငါရှုံးသွားတဲ့ပမာဏရဲ့ ဆယ်ဆကို ပြန်ဆပ်ရလိမ့်မယ်” 


ရှဲ့စစ်ရှင်း ခေတ္တမျှရပ်တန့်လိုက်ပြီး ဆက်လက်ပြောလိုက်သည်။ 


“ဒါပေမယ့် မင်းသာ ဝင်ငွေကို ဆယ်ဆထက်ပိုပြီး တိုးလာစေခဲ့မယ်ဆိုရင် ငါ့နာမည်အောက်က ဒီကုမ္ပဏီကို  မင်းအတွက် လက်ဆောင်ပေးလိုက်မယ်” 


သူ ပြောပြီးနောက်တွင် သူနှင့်မျက်နှာချင်းဆိုင်မှ တည်ငြိမ်နေသည့် လူငယ်လေးအား ကြည့်လိုက်ပြီး ဖြေးညင်းစွာ မေးမြန်းလိုက်သည်။ 


“ဘယ်လိုထင်လဲ?” 


“ဆယ်ဆ?” 


ယွီဟန်က ချက်ချင်းသဘောတူမှု မလုပ်ခဲ့ဘဲ ပြန်ပြောလိုက်လေ၏။ 


ရှဲ့စစ်ရှင်း၏မျက်နှာထားမှာ ပြောင်းလဲမှုမရှိ သူ့ကိုသာ စိုက်ကြည့်နေခဲ့သည်။ 


ဆိုတော့ သူက နောက်တောင်ဆုတ်နေပြီပေါ့။ 


ဒါဆိုရင်တော့ ထပ်ကြည့်စရာများများစားစားမရှိတော့ဘူး။ 


ယွီဟန်ဘက်မှ ဤကဲ့သို့ တောင်းဆိုမှုမျိုးကို လုပ်ဆောင်ခဲ့သည့်အတွက် စိန်ခေါ်မှုတစ်ခုကို ကြောက်ရွံ့လိမ်မည်မဟုတ်ဟု ထင်ခဲ့မိသည်။ 


ဒီလိုမျိုးဆိုရင် အရာအားလုံးက အရင်ကတည်းက လိမ်ညာဟန်ဆောင်ထားတာတွေချည်းပဲပေါ့။ 


သူ မျက်လွှာကို ချလိုက်ကာ အကြောင်းအရင်းတစ်ခုခုကြောင့် အနည်းငယ် စိတ်ပျက်သွားသကဲ့သို့ ခံစားလိုက်ရသည့်အတွက် အနည်းငယ် နုံးချိနေသည့် မျက်နှာထားမျိုး ဖြစ်ပေါ်လာခဲ့လေသည်။ 


ခေတ္တမျှ ကြာပြီးနောက်တွင် ယွီဟန်၏ ချုပ်တည်းထားသည့် ရယ်မောသံက အစည်းအဝေးခန်းအတွင်းတွင် ပဲ့တင်ထပ်သွားလေတော့သည်။ 


“ဆယ်ဆတည်းလား? မင်းက ဘယ်သူ့ကို လာပြီး အထင်သေးနေတာလဲ?” 


ရှဲ့စစ်ရှင်းမှာ မော့ကြည့်လိုက်မိလေသည် :


“?” 


ယွီဟန်က ယုံကြည်ချက်ပြည့်ဝနေကာ စိတ်ကြီးဝင်နေသည့် အပြုံးနှင့် လက်နှစ်ချောင်းထောင်ပြလိုက်သည် : 


“နှစ်ဆထပ်တိုးလိိုက်၊  ငါသာ ဒါကို မရခဲ့ရင် မင်း ငါနဲ့ ဘာပဲလုပ်ချင်လုပ်ချင် လုပ်လို့ရတယ်” 


ရှဲ့စစ်ရှင်းမှာ သူ၏ ယုံကြည်ချက် အလွန့အမင်းပြည့်ဝနေမှုကြောင့်ကြက်သေသေသွားခဲ့ရကာ တစ်ခဏမျှ တိတ်ဆိတ်ငြိမ်သက်သွားရလေသည်။ 


“မင်း ဒီလောက်တောင် ယုံကြည်ချက်ရှိနေတယ်ဆိုရင်လည်း ပြီးတာပါပဲ” 


ရှဲ့စစ်ရှင်း ခေတ္တမျှ ရပ်တန့်လိုက်သေးပြီးမှ ပြောလိုက်သည်။ 


“အဆနှစ်ဆယ်ဆိုတော့လည်း အဆယ်နှစ်ဆယ်ပေါ့” 


ယွီဟန် : “ငါ့မှာ နောက်ထပ်တောင်းဆိုစရာရှိသေးတယ်” 


ရှဲ့စစ်ရှင်း ခေါင်းညိတ်ပြလိုက်၏။ 


ယွီဟန်သည် စနစ်နှင့် ဆွေးနွေးတိုင်ပင်လိုက်လေသည် :


“ မင်း ခုနက ‘ကျန်းစစ်နျဥ်ရဲ့ အလုပ်လုပ်နိုင်စွမ်းရည်က ထိပ်တန်းပဲ၊ သူ့ကို ငါတို့ဘက်ရအောင် ဆွယ်သင့်တယ်’လို့ ပြောလိုက်တယ်နော်?”


စနစ်မှာလည်း စိတ်အားထက်သန်စွာဖြင့် ပြန်ပြောလိုက်သည် :


{ဟုတ်တယ်၊ ကျန်းစစ်နျဥ်က ရှဲ့စစ်ရှင်းယုံကြည်ရတဲ့ လူတွေနည်းနည်းလေးထဲက တစ်ယောက်ပဲ၊ host သာ သူနဲ့ ကောင်းမွန်တဲ့ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်မယ်ဆိုရင် ရှဲ့စစ်ရှင်း ဘယ်ကိုသွားတယ်၊ ဘာတွေဖြစ်နေတယ်ဆိုတာနဲ့ပတ်သတ်ပြီး အချက်အလက်တွေ ရယူနိုင်လိမ့်မယ်


Host အဲဒီကနေ အခွင့်အရေးကြီးကို လက်ဆုပ်လက်ကိုင်ယူလိုက်သင့်တယ်!} 


ယွီဟန် နားလည်သွားခဲ့ပုံရသည်။


အလိုလိုက် အကြိုက်ဆောင်ပေးသည့်ဟန်ဖြင့် ပြောလိုက်လေသည်။ 


“ဒါဆိုလည်း ဒီလောင်ကျစ်က မင်းအတွက် ဒီလောက် ကိစ္စသေးလေးကို  လုပ်ပေးရမှာပေါ့” 


သူ ရှဲ့စစ်ရှင်းဘက်သို့ ပြန်လှည့်လိုက်ကာ ပြောလိုက်၏။  


“ကျန်းစစ်နျဥ်ကို ငါ့ရဲ့ကုမ္ပဏီဆီကို လွှဲပေးတာ လိုချင်တယ်” 


သူ၏အသံမှာ အလွန်ကျယ်လောင်သွားသဖြင့် အစည်းအဝေးအခန်းတံခါးအပြင်ဘက်၌ မတ်တပ်ရပ်နေခဲ့သော ကျန်းစစ်နျဥ်တစ်ယောက် တုန်လှုပ်ခြောက်ခြားသွားရကာ မူးလဲလုနီးပါးဖြစ်သွားရလေသည်။ 


စနစ် : {???} 


စနစ် : {ငါ ပြောချင်တဲ့ “ငါတို့ဘက်”ဆိုတာ ဒါကို ပြောချင်တာမဟုတ်ဘူးလေ!!} 


*


စာရေးသူမှ ပြောစရာ ရှိပါတယ် : 


ကံမကောင်းလှတဲ့ စနစ်နှင့် သူရဲ့ host လုံအောင့်ထျန်း..