*အခန်း(14)
ရှဲ့စစ်ရှင်းအနေဖြင့် လင်းမိသားစုအိမ်သို့ တစ်ခါမှ မရောက်ဖူးသည့်သဖြင့် ထို့သို့ရောက်ရှိနိုင်ရန် အချိန်အနည်းငယ် ကြာမြင့်သွားခဲ့သည်။
သူရောက်ရှိသွားသည့်အချိန်တွင် အိမ်ထဲမှ မီးခိုးမဲ့စစ်ပွဲမှာ ပြီးဆုံးခါနီးပင် ဖြစ်နေလေပြီ။
အဝေးမှပင် ဧည်းခန်းမကြီးအတွင်းရှိ ယွီဟန်၏ပုံရိပ်အား သူမြင်လိုက်ရသည်။
ယွီဟန်နှင့် မျက်နှာချင်းဆိုင်ဘက်တွင်ရှိနေသော လင်းမိသားစုဝင်များ၏ မျက်နှာများမှာ အတော်လေး စိတ်မသက်မသာဖြစ်နေဟန်ပေါ်နေပြီး အထူးသဖြင့်မှာ လင်းယွီချန်၏မျက်လုံးအစုံမှာ ဒေါသများဖြင့်ပြည့်နေကာ မီးထတောက်လုနီးပါးပင်။
ယွီဟန်မှ မည်သည့်အကြောင်းအရာအား ပြောလိုက်သည်ကိုတော့ ရှဲ့စစ်ရှင်း မသိရှိသော်လည်း အဖေလင်း၏ မျက်ဝန်းများမှာ ချက်ချင်း ပြူးကျယ်သွားကာ ယခုချက်ချင်းပင် သွေးအန်တော့မည့်ဟန်ဖြင့် ယွီဟန်အား တုန်ယင်နေသော လက်တစ်စုံဖြင့် လက်ညှိုးထိုးနေလေ၏။
ယွီဟန်၏ သဏ္ဍာန်မှာမူ လေညင်းတစ်ချက်တိုက်ခတ်လိုက်လျှင်ပင် လဲကျသွားတော့မည့်ဟန်ဖြင့် ချိနဲ့နေသည်။
လေထုမှာ အလွန်တင်းမာနေသဖြင့် မည်သူမျှ ရှဲ့စစ်ရှင်း၏ ရှောက်ရှိနေမှုကို သတိမပြုမိကြချေ။
ရှဲ့စစ်ရှင်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး အရှေ့သို့ လျှောက်လာသည့်အချိန်တွင်ပင် ယွီဟန် ဖြေးညှင်းစွာ စကားပြောနေသည်ကို ကြားလိုက်ရ၏။
“ဒါနှင့် ဒီနေ့မှာ ကျွန်တော်တို့က လေးစားရတဲ့ လင်းမိသားစုရဲ့ သခင်လေး လင်းယွီချန်ရဲ့ မွေးနေ့အခါသမကို ဂုဏ်ပြုဖို့ စုစည်းနေကြတာပဲ၊ ဟုတ်တယ်မလား၊
ဒီနေ့မှာ ကျွန်တော်အနေနဲ့ ကျွန်တော်ရဲ့ စိတ်ပျက်စရာကောင်းတဲ့ ဘဝကြီးကို ယူဆောင်ပေးသွားတဲ့အတွက် ချစ်ခင်ရပါသောအစ်ကိုကြီးကို ဆုတောင်းပေးပါတယ်
ကျွန်တော့်ဘက်ကနေ အစ်ကိုကြီးဖြစ်သူ နဲ့လင်းမိသားစုတို့တွေ အတူတကွ ပုပ်ဆွေး၊ ယိုယွင်းသွားဖို့ကို စေတနာရှိရှိ ဆုတောင်းပေးလိုက်ပါတယ်”
ရှဲ့စစ်ရှင်း: “…….”
လင်းမိသားစုဝင်များ: “!!!”
“လင်းယွီချန်ကို ယုံကြည်မယ်ဆိုပြီး ဆုံးဖြတ်လိုက်လည်း ကိစ္စမရှိပါဘူး၊ မဟုတ်လည်း ကျွန်တော်နဲ့ ဆိုင်မှမဆိုင်တာ”
ယွီဟန်၏ စကားပြောဟန်မှာ သာယာငြိမ့်ညောင်းနေသော်ငြားလည်း အေးစက်နေသော လေသံရောစွက်နေခဲ့သည်။
“ကျွန်တော် ဒီကိုလာတာက တခြားအကြောင်းတစ်ခုကြောင့်ပဲ”
လင်းပါးပါး ဒေါသတကြီး မော်ကြည့်လိုက်သည်။
“?”
ယွီဟန်: “ခင်ဗျားတို့နဲ့ ဆက်ဆံရေးကိုဖြတ်တောက်ချင်တယ်”
ထိုစကားများကြောင့် အခန်းတစ်ခန်းလုံးက ကြက်သေသေသွားဟန်ဖြင့် တိတ်ဆိတ်ငြိမ်သက်သွားလေသည်။
သို့သော်လည်း ယွီဟန်ကတော့ သူတို့ မည်သည့်အရာကို တွေးတောနေမည်ကို ဂရုပြုခြင်းမရှိဘဲ ဆက်လက်၍ပြောလိုက်သည်။
“ကျွန်တော့်ကို အားနည်းတယ်၊ ကြောက်တတ်တယ်၊ ခင်ဗျားတို့ လင်းမိသားစုရဲ့ အစိတ်အပိုင်းဖြစ်ဖို့ မထိုက်တန်ဘူး ဆိုပြီး ယူဆထားကြတယ်မလား၊ ကျွန်တော် ဘယ်လောက်ပဲ ကောင်းအောင်လုပ်ပေးနေပါစေ၊ ခင်ဗျားတို့က အဲဒါကို ဘယ်တော့မှ မြင်မှာမဟုတ်ဘူး
ဆိုတော့ ခင်ဗျားတို့ တောင့်တနေကြသလိုပဲ ကျွန်တော်က ခင်ဗျားတို့လင်းမိသားစုနဲ့ ဆက်ဆံရေးဖြတ်တောက်လိုက်မယ်၊ အခုကစပြီး ကျွန်တော်တို့တွေ တစ်ယောက်နဲ့တစ်ယောက်အပေါ်မှာ ကျေးဇူးတရားတွေမရှိတော့ဘူး”
“ဒါပေမယ့် ပြောစရာ တစ်ခုကျန်သေးတယ်”
လင်းဟန်က အလျှော့မပေးသော ဟန်ဖြင့် ခေါင်းအားမော့လိုက်ကာ အောက်သို့ချထားသော သူ၏လက်ချောင်းများအား လက်သီးအဖြစ် တင်းတင်းဆုတ်လိုက်ပြီး တည်ငြိမ်နေသော်လည်း ဆုံးဖြတ်ချက်ခိုင်မာသော လေသံဖြင့် ပြောလာသည်။
“မြစ်ရေဆိုတာက အရှေ့ဘက်ကို အနှစ် ၃၀ စီးဆင်းတယ်၊
အနောက်ဘက်ကိုလည်း အနှစ် ၃၀ စီးဆင်းတယ်၊
ဆင်းရဲနွမ်းပါးတဲ့ လူငယ်လေးဆိုပြီး အနိုင်မကျင့်လိုက်နဲ့”
ရှဲ့စစ်ရှင်း: “…..”
စနစ်: {……….}
စနစ်သည်လည်း “လုံအောင့်ထျန်း၏ အရေးကြီးသော ဇာတ်ကြောင်း” ဟုပြောနေသော Host ၏ ရည်ရွယ်ချက်ကို အဆုံး၌ သဘောပေါက်သွားလေသည်။
ယွီဟန်မှ ကျမ်းသစ္စာကျိန်ဆိုသကဲ့သို့ စကားလုံးများအား ပြောဆိုပြီးနောက်တွင် လင်းမိသားစုမှာ အံ့သြတုန်လှုပ်မှုထဲတွင် နစ်မြုပ်နေပြီးဖြစ်လေသည်။
သူ တကယ့်ကို- တကယ့်ကြီး အဲဒီလိုစကားမျိုးတွေ ပြောရဲတယ်ပေါ့?!
လင်းမားမားသာ မိသားစု၏ ဦးစီးဖြစ်သည့် လင်းပါးပါး၏ တုန်ယင်နေသော ခန္ဓာကိုယ်အား ထောက်မ၍ မကူညီပေးလိုက်လျှင် အသက် ၅၀ ကျော်ပြီဖြစ်သည့် လင်းပါးပါးမှာ ထိုနေရာတွင်ပင် မူးမေ့လဲသွားနိုင်လေ၏။
လင်းပါးပါးမှာ မူးမေ့မသွားသော်လည်း ဆက်လက်တုန်ရီနေသော မျက်နှာမြင်က သူ၏ ပြင်းထန်လှသော ခံစားချက်တို့နှင့် ဒေါသကို ဖော်ပြနေလေသည်။
“တော် …တော်တော်လေးကို ရိုင်းစိုင်းတဲ့ အပြုအမူတွေ လုပ်ပြနေတာပဲ!...”
ထိုသို့ပြောပြီးနောက် ယွီဟန်က သူ၏ အင်္ကျီလက်များအား ဝှေ့ရမ်း၍ သပ်လိုက်ကာ ပြဿနာအိမ်ဟု ခေါ်သည့် လင်းမိသားစုမှ ထွက်ခွာရန် လှည့်လာလိုက်၏။
သို့သော် အနောက်ဘက်သို့လှည့်ကြည့်လိုက်သောအချိန်၌ ရှဲ့စစ်ရှင်း၏ နက်မှောင်နေသော အနက်ရောင် မျက်ဝန်းများအား မျက်နှာချင်းဆိုင်လိုက်ရလေသည်။
ရှဲ့စစ်ရှင်းက ဘယ်အချိန်ကတည်းက ဒီကို ရောက်နေခဲ့တာလဲ?
ယွီဟန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားလေသည်။ သူသာမက လင်းမိသားစုပင် တစ်ဖက်လူကို သတိမမူခဲ့မိခြင်း ဖြစ်သည်။ထို့အပြင် ဤကြည်ညိုလေးမြတ်ဖွယ်ရာ ဗုဒ္ဓမှာ ထိုနေရာတွင် မတ်တပ်ရပ်နေသည်မှာ အချိန်အတော်မျှ ကြာနေလေပြီ။
ထိုအချိန်၌ လင်းမိသားစုသည်လည်း မင်သက်နေသည့်အခြေအနေမှ နောက်ဆုံးတွင် အသိစိတ်ပြန်ကပ်သွားကာ မဝေးသော တစ်နေရာ၌ ရပ်နေသော ရှဲ့စစ်ရှင်းအား သတိပြုမိသွားလေသည်။
အဖေလင်းက ဆေးရှိန်သက်ရောက်မှုမြန်ဆန်သည့် နှလုံးငြိမ်ဆေးတစ်လုံးအား လျှင်မြန်သောက်လိုက်ရသည်။ ထို့နောက်တွင်သာ သူ၏ တစ်နာရီလျှင် ၁၈၀ မိုင်နှုန်းဖြင့် ပြေးနေသော နှလုံးခုန်သံက နောက်ဆုံး၌ အနည်းငယ် ငြိမ်သက်သွားလေသည်။
သူက တစ်ဖက်လူကို ပြုံးရယ်ပြနိုင်ရန် ကိုယ့်ကိုယ်ကိုယ် ဖိအားပေးလျက်ပြောလိုက်သည်။
“ဥက္ကဌရှဲ့၊ ဒီလို ဆိုးရွားတါ့မြင်ကွင်းကြီးကို မြင်တွေ့စေတဲ့အတွက် တောင်းပန်ပါတယ်..”
လင်းယွီချန်သည်လည်း တစ်စုံတစ်ရာ ပြောဆိုလိုဟန်ဖြင့် ထိတ်လန့်စွာ အရှေ့သို့ တိုးလာလေ၏။
သို့ရာတွင် ရှဲ့စစ်ရှင်းက သူတို့အား တစ်ချက်ကလေးမျှပင် လှည့်မကြည်ဘဲ ယွီဟန်အပေါ်တွင်ပင် အာရုံစိုက်နေခဲ့သည်။
ယွီဟန်က ရှဲ့စစ်ရှင်း၏ နက်ရှိုင်းလွန်းသော မျက်လုံးတစ်စုံထဲတွင် ရယ်မောချင်နေဟန် အရိပ်အမြွက်တို့ကို ရေးရေးမျှ တွေ့လိုက်ရလေသည်။
သူက ရယ်နေတာလား?!
ယွီဟန် နှာခေါင်းရှုံ့လျက်ပြောလိုက်သည်။
“မင်းက ခွေးလား? အနံ့ရတာနဲ့ ချက်ချင်းပေါ်လာတော့တာပဲ”
သူ တစ်ခုခုကို လုပ်တော့မည်ဆိုသည်နှင့် ဤသူက ချက်ချင်း ရောက်ရှိလာသည်ဟု အဘယ်ကြောင့် ခံစားနေရပါသနည်း?
ခွေးတစ်ကောင်ပင် ဤမျှအထိ မကြိုးစားလောက်ပါချေ။
ရှဲ့စစ်ရှင်းကတော့ ဤကဲ့သို့ ကြီးမားသော ပြဇာတ်တစ်ခုအား ကြည့်လိုက်ရသည့်အတွက် ရှင်းပြ၍မရအောင် စိတ်ကျေနပ်နေခဲ့၏။
ယွီဟန်တစ်ယောက် အရိုးပင် မကျန်လောက်သည်အထိ ဖျက်ဆီးဝါးမျိုခံရမည်ကို စိုးရိမ်ခဲ့သော်လည်း လက်တွေ့တွင်မူ သူ၏ စိတ်ပူပန်မှုများက နေရာအထားမှားသွားခြင်းသာဖြစ်ခဲ့သည်။
ယွီဟန်မှ လင်းမိသားစုအား မွှေနှောက်မလှန်လောခဲ့လျှင် ထိုသည်မှာ လင်းမိသားစု၏ ဘိုးဘေးများက ၎င်းတို့အတွက် ကောင်းမှုကုသိုလ်များ စုပုံပေးခဲ့ခြင်းကြောင့် ဖြစ်ပေလိမ့်မည်။
လင်းမိသားစု၏ ဒေါသထွက်လွန်သဖြင့် မူးမေ့လဲတော့မည့်ဖြစ်နေဟန်ကို တွေ့ရှိလိုက်ရသောအခါ၌ ရှဲ့စစ်ရှင်း၏ နှုတ်ခမ်းများက အပေါ်သို့အနည်းငယ်ကွေးသွားလေ၏။
“အချစ်ကလေး၊ ဒါက တော်တော်လေးကို ထူးချွန်ပြောင်မြောက်တဲ့ ဖျော်ဖြေမှုကြီးပဲ”
“’အချစ်ကလေး’ လို့မခေါ်စမ်းပါနဲ့”
ယွီဟန်က မပျော်ရွှင်သောဟန်ဖြင့် ပြောလိုက်၏။
“ငါတို့က အနှေးနဲ့အမြန် ကွာရှင်းတော့မှာ”
ရှဲ့စစ်ရှင်းဘက်မှ ထိုအရာအား အတည်ပြုခြင်းသော်လည်းကောင်း၊ ငြင်းပယ်ခြင်းသော်လည်းကောင်း မပြုလုပ်လာချေ။
သူ၏မျက်နှာထက်တွင် ပြောင်းလဲမှုတစ်စုံတစ်ရာမရှိသော်လည်း မျက်ဝန်းအတွင်းရှိ ရယ်မောချင်နေမှုကတော့ ပို၍ပင် နက်ရှိုင်းလာ၏။
ယွီဟန်မှ ရှဲ့စစ်ရှင်းအား ကွာရှင်းတော့မည်ဟု ပြောလိုက်သည့်အချိန်၌ လင်းမိသားစုမှာ ကြက်သေသေနေခြင်းမှ ပြန်လည်သတိဝင်လာနေသည့်အချိန်ဖြစ်ရာ လင်းပါးပါးမှာ ယခုလေးတင် သောက်လိုက်သော ဆေးရှိန်ဖြင့် သက်သာရာရကာစ နှလုံးမှာ ပြန်လည် ထိခိုက်သွားရပြီး ဆေးဝါးဖြင့်ပင် ကူနိုင်ခြင်းမရှိတော့သကဲ့သို့ ခံစားလိုက်ရကာ ထပ်မံ၍ မူးမေ့လဲချင်သွားလေသည်။
“မင်း- မင်းလုပ်ရဲတယ်ပေါ့?!”
လင်းပါးပါးက ဒေါသကြီးစွာဖြင့် အော်ဟစ်လိုက်သည်။
“လင်းဟန်၊ မင်း ဘာပြောနေတယ်ဆိုတာကို မင်းကိုယ်မင်း သိရဲ့လား?!”
ရှဲ့စစ်ရှင်းကို ကွာရှင်းမယ်?
အဲဒီအကြောင်းကို တွေးတောင်မတွေးရဘူး!
.
လင်းဟန်က ရှဲ့စစ်ရှင်း၏ ဂုဏ်အရှိန်အား မလိုအပ်လျှင်ပင် လင်းမိသားစုမှာတော့ သေချာပေါက် လိုအပ်နေသေးသည်။
အဖေလင်း၏ အတွေးများအကြောင်းကို သိနေသော ယွီဟန်ကလည်း နှာခေါင်းရှုံ့ကာပြောလာသည်။
“သေချာပေါက် ကျွန်တော်သိတာပေါ့၊ ကျွန်တော်က ခင်ဗျားထက် ခေါင်းပိုပြီးကြည်လင်နေတယ်လေ၊
ပြီးတော့ စကားမစပ် ကျွန်တော့်ကို လင်းဟန်လို့မခေါ်နဲ့တော့၊ကျွန်တော်က ခင်ဗျားတို့နဲ့ ဘာမှ မပတ်သတ်တော့ဘူး။”
“အခုချိန်ကစပြီး ကျွန်တော့်ရဲ့နာမည်က ယွီဟန်ဆိုတာ မှတ်ထားကြ”
သူ၏ အသံက မကျယ်လောင်သော်လည်း အခန်း၏ထောင့်စွန်းမှန်သမျှအား ရှင်းလင်းပြတ်သားစွာ ပျံ့နှံ့သွားခဲ့လေသည်။
တစ်ချိန်က ကြောက်ရွံ့တွန့်ဆုတ်နေတတ်သော လင်းဟန်မှာ သံသယတစ်စုံတစ်ရာ ကိန်းအောင်းနိုင်စေရန်နေရာပင် ချန်မထားနေဘဲ စကားများအား တည်ငြိမ်စွာဖြင့် ပြောနေခဲ့သည်။
သူ၏ တည်မြဲခိုင်မာသော နှလုံးသားအား ဤကမ္ဘာထဲရှိ မည်သည့်အရာမျိုးမှ မခါယမ်းနိုင်သည့်အလား သူ၏ သိမ်မွေ့နူးညံ့သော ပယင်းရောင်မျက်ဝန်းများသည်လည်း သာမန်ထက်လွန်ကဲသော စိန်ခေါ်မှုများအပေါ် ဒဏ်ခံနိုင်မှုအား ကိုင်စွဲထားလေသည်။
ထိုအခိုက်အတန့်တွင် ဤသည်မှာ သူတို့ တစ်ချိန်က သိရှိခဲ့သော ကြောက်ရွံ့တတ်သော လင်းဟန်ဟုပင် မယုံကြည်နိုင်တော့ပေ။
လင်းပါးပါး၏ ကြောင်အနေသော အမူအရာအား ပြန်လည်းမပြင်နိုင်ခင်မှာပဲ ယွီဟန်က လင်းမိသားစုနှင့် ဆက်လက်၍ ဇာတ်လမ်းမရှုပ်ချင်တော့သည့်အတွက် ထိုအိမ်မှ ထွက်ခွာရန် ခြေလှမ်းများ လှမ်းလိုက်လေပြီ။
သူ့အား မည်သူကမျှ မတားဆီးနိုင်ခဲ့ဘဲ သူ လမ်းလျှောက်ထွက်သွားသည်ကိုသာ ငေးကြည့်နေနိုင်ကြတော့သည်။ယွီဟန်က ရှဲ့စစ်ရှင်း၏နံဘေးမှ ဖြတ်သွားချိန်တွင် သူ့ကိုပင် လှည့်မကြည့်ဘဲ ထွက်သွားရန် ဟန်ပြင်ခဲ့သည်။
သို့သော်လည်း ထိုအချိန်တွင် သူ၏ဘေးဖက်ရှိ အမျိုးသားက ရုတ်တရတ် သူ၏လက်ကောက်ဝတ်အား ဆွဲယူလိုက်လေ၏။
ရှဲ့စစ်ရှင်း၏ ဆုပ်ကိုင်ထားမှုမှာ သိပ်ပြီး အားမများသော်လည်း ကျယ်ပြန့်သော လက်ဖဝါးမှ အနွေးဓာတ်ကြောင့် ယွီဟန်တစ် ယောက်ခြေလှမ်းများအား ရပ်တန့်လိုက်မိသည်။
ယွီဟန် ချက်ချင်းပင် သတိကြီးသွားခဲ့သည်။
လင်းမိသားစုရှေ့မှောက်၌ တစ်ဖက်လူနှင့်ကွာရှင်းရန် သူ၏ရည်ရွယ်ချက်များကို ကြေညာခဲ့သည့်အတွက် ရှဲ့စစ်ရှင်းက ဤနေရာမှာပင် သူနှင့် စကားများချင်နေသည်လား?
အမျိုးသားများသည်က သိက္ခာမျက်နှာနိုင်ရန်သာ တွေးတတ်ကြောင်းကို ယွီဟန်သိနိုင်သသည်။ မတိုင်ခင်က သူပြောလိုက်သည့်စကားများမှာ ရှဲ့စစ်ရှင်း၏မျက်နှာအား ဖြတ်ရိုက်ချလိုက်သကဲ့သို့ ဖြစ်သွားသည်မဟုတ်ပါလား။
ကောင်းပြီလေ။
ရှဲ့စစ်ရှင်းမှ ရန်ဖြစ်ချင်နေတယ်ဆိုရင်လည်း သူဆိုတဲ့ ယွီဟန်ကလည်း အရှုံးပေးမှာမဟုတ်ဘူး။ သူ့ဘက်က အဆင်သင့် ဖြစ်နေပြီ။
ယွီဟန် မျက်ခုံးတစ်ဖက်အား ပ,င့်မလိုက်ကာ ရှဲ့စစ်ရှင်းဘက်မှ ရွှေ့လာမည့်ခြေလှမ်းကို စောင့်နေလိုက်သည်။
မမျှော်လင့်ထားစွာဖြင့် ရှဲ့စစ်ရှင်းမှာ ဒေါသဖြစ်နေသည့်အမူအရာ တစ်စုံတစ်ရာကိုမျှ ပြသလာခြင်းမရှိဘဲ သူ့၏လေသံမှာလည်း ယခင်ကထက်ပင် ပို၍တည်ငြိမ်နေ၏။
“ငါ့ကို မင်းနဲ့အတူသွားဖို့ မစောင့်တော့ဘူးလား ?”