Ch 20
Viewers 1k

*အခန်း(20)


ကျောက်ကျုံးချင် ထွက်ခွာသွားပြီးနောက်၌ နောက်ထပ်လူတစ်ဦးချင်းစီက ဆက်လက်အစီရင်ခံ တင်ပြရန် ဝင်ရောက်လာသော်လည်း သူ မစတင်လိုက်ခင်ရချိန်၌ပင် ယွီဟန်က စကားလုံးအနည်းငယ်ဖြင့် သူတို့ကို ပိတ်ပြောခဲ့လေသည်။


ယွီဟန်၏ စကားလုံးများမှာ အလွန် ထက်မြက်လွန်းကာ အတွေ့အကြုံကောင်းစွာရှိသည့်ပုံဖြစ်ပြီး သူတို့ ထင်ထားခဲ့သကဲ့သို့ အခြေအမြစ်မရှိသော စကားလုံးများ မဟုတ်‌နေချေ။


လုံအောင့်ထျန်းဌာနခွဲ၏ ရွှေတံဆိပ်ဆုရ ဝန်ထမ်းတစ်‌ယောက်အနေဖြင့် ယွီဟန်သည်ကား ဘုရင်တစ်ပါးလည်းဖြစ်ဖူးပြီး မြင့်မြတ်သော ဧကရာဇ်တစ်ဦးပင် ဖြစ်လုနီးပါးဖြစ်ခဲ့လေသည်။


လောကတစ်ခွင်လုံးကို စီမံခန့်ခွဲရခြင်းသည်ကပင် သူ့အဖို့ လွယ်ကူရိုးရှင်းသည်ဖြစ်ရာ သေးငယ်၍အမှုန်အမွှားသာသာပမာဏလောက်သာရှိသည့် ကုမ္ပဏီတစ်ခုဆိုလျှင် ပြောပလောက်စရာပင် မရှိတော့ချေ။


စေ့စေ့စပ်စပ် အပြစ်တင်ဆုံးမခံရပြီးနောက်ပိုင်းတွင် ယွီဟန်က သူ၏ တင်းကျပ်မှုကိုဖော်ပြလျက်ရှိ‌သော မျက်နှာထားကို ပြောင်းလဲလိုက်တတ်ပြီး သူ၏ ကိုယ်တိုင်ကိုယ်ကျရေးသားထားသော လက်ရေးလှလက်ရာများအား ဖူရှန်းထံမှ သွားယူစေ၏။ 


ထိုလက်ရာများသည်ကား ယွီဟန်မှ တိကျလှစွာ ဖန်တီးထားသည့် ချွင်းချက်မရှိ ဖိအားပြင်းထန်လွန်းသည့် ဝါကျများသာဖြစ်လေသည်။


အလုပ်အမှုဆောင်များ: “….”


ယွီဟန်၏ရုံးခန်းမှ ထွက်ခွာလာသော မည်သူမဆို မျက်နှာထက်တွင် အပြုံးဟူသော အရိပ်အယောင် စိုးစဥ်းမျှ မရှိတော့ချေ။


ထိုသူတို့၏ ကနဦး ပျော်ရွှင်နေကြသော အားမာန်များနှင့် ယှဥ်လိုက်လျှင် ယခုတွင်မူ အနိုင်ယူခံလိုက်ရသည့် ကြက်ဖများနှင့်သာ တူနေလေတော့သည်။


ဤယွီဟန်ဆိုသည့်လူငယ်မှာ အမှန်ပင် မှတ်သားဖွယ်ကောင်းလှပေသည်။ သူ၏ တိကျပြတ်သားမှုနှင့် သြဇာရှိမှုတို့က စီးပွားရေးနယ်ပယ်အတွင်းတွင် အတွေ့အကြုံရှိသူများကဲ့သို့ပင် ဖြစ်နေခဲ့၏။


ရှဲ့စစ်ရှင်းဘက်မှ ဤကဲ့သို့ အလေးထားအပ်သောသူတစ်ဦးကို ပို့လွှတတ််လိုက်သည်မှာ အံ့ဩစရာပင်။


အကျိုးဆက်အနေဖြင့်ပင် သူတို့ကတော့ ပို၍ပင် သတိထားရတော့မည်ဖြစ်ကာ တစ်ဖက်လူအား ဆက်လက်၍ ပုန်ကန်သင့်သည်လားဆိုသည့်အကြောင်းကို သေသေချာချာ စဉ်းစားရတော့မည်ဖြစ်သည်။


အစီရင်ခံ တင်ပြခြင်းကိစ္စများ ပြီးဆုံးသွားသည့်အချိန်တွင်တော့ ယွီဟန်သည်လည်း အနည်းငယ် ပင်ပန်းနေလေပြီ။ 


သူက နားထင်များအား ပွတ်သတ်ရန်အတွက် ခေါင်းကို မော့၍ လက်ကိုပင့်မ,လိုက်သည့်အချိန်တွင် ဖူရှန်း၏ လေးစားမှုများဖြင့် ပြည့်နှက်နေသော မျက်ဝန်းများနှင့် အမှတ်တမဲ့ ဆုံသွားခဲ့ရလေသည်။


ယွီဟန် မျက်ခုံးတစ်ဖက်ပင့်လိုက်မိသည်။


“?”


ဖူရှန်းသည်ကား ယခုအချိန်တွင် ယွီဟန်ကို အလွန်အမင်း လေးစားနေခဲ့ပေပြီ။


သြဇာအာဏာရှိမှုတို့ကို ဂုဏ်ကျက်သရေတင့်တယ်မှုနှင့် ပေါင်းစပ်လိုက်ခြင်းပင်။


ယွီဟန်က အစောပိုင်း၌ သူ့အားခြိမ်းခြောက်ရန် ကြိုးပမ်းခဲ့သောလူများကို လုံးလုံးလျားလျားပင် ချိုးနှိမ်ထိန်းချုပ်နိုင်ခဲ့ကာ တော်လှန်ခွင့်ပင် မရစေဘဲ သူ့ကိုသာ အကြွင်းမဲ့လိုက်နာမှု ရှိလာစေရန် လုပ်ဆောင်နိုင်ခဲ့လေသည်။


ဒါကမှ စစ်မှန်တဲ့ခေါင်းဆောင်တစ်ယောက် ပိုင်ဆိုင်ထားသင့်တဲ့ အရောင်အဝါပဲ !


သူ့အနေဖြင့် မူလက ယွီဟန်ကို လျှော့တွက်မိခဲ့ကြောင်းကို လက်ခံရပေပြီ။


ဤသခင်လေးသည်က စီးပွားရေးနယ်ပယ်၌ အစစ်အမှန်ဆရာကြီးတစ်ဦး ဖြစ်ပေလိမ့်မည်။


ဖူရှန်းတစ်ယောက် သူ၏စိတ်အားထက်သန်မှုကို မနည်းထိန်းသိမ်းကာ အံ့အားသင့်စွာပြောဆိုလိုက်၏။


“ဥက္ကဌယွီ၊ ဥက္ကဌက အရမ်းကို မိုက်တာပဲ!”


ယွီဟန်က တစ်ဖက်လူ၏ ချီးမွန်းမှုကို သိသိသာသာပင် စိတ်ကျေနပ်သွားကာ သူ၏နှုတ်ခမ်းသားများသည်လည်း အပြုံးလေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။


“ဟုတ်လား? ဒါဆို ငါက ရှဲ့စစ်ရှင်းနဲ့ နှိုင်းယှဥ်မယ်ဆိုရင် ဘယ်လိုနေမလဲ?”


ဖူရှန်းအနေဖြင့် ယွီဟန်မှ ဤကဲ့သို့မေးခွန်းတစ်ခုကို မေးမြန်းလာလိမ့်မည်ဟု မမျှော်မှန်းထားခဲ့သောကြောင့် ခေတ္တမျှကြောင်အ,သွားရလေသည်။


ဒီမေးခွန်းက တကယ်ကို တွေးတောပြီးမှ ဖြေရမဲ့ အမျိုးအစားပဲ!


တစ်ယောက်မှာ ပင်မကုမ္ပဏီ၏ အကြီးအကဲဖြစ်ပြီး နောက်တစ်ယောက်မှာ သူ၏ အနီးကပ် အထက်လူကြီးဖြစ်လေသည်။ 


အဆုံးတွင်တော့ ရှဲ့စစ်ရှင်းတစ်ယောက် ဤအနီးတွင် မရှိနေသည်ကို အခွင့်ကောင်းယူကာ ဖူရှန်းက အရှက်ကင်းမဲ့စွာပင် သူ၏ အနီးကပ် အထက်လူကြီးကို ချီးမြှောက်ရန် ရွေးချယ်လိုက်၏။


“ဒါပေါ့၊ ဥက္ကဌက ပိုပြီး အထင်ကြီးစရာကောင်းတာပေါ့!”


ယွီဟန်တစ်ယောက် အလွန် စိတ်ချမ်းသာသွားကာသူ၏မျက်နှာပေါ်တွင်လည်း စိတ်ကျေနပ်သည့်အမူအရာများဖြင့် ပြည့်နှက်သွားလေသည်။


သူက လက်တစ်ဖက်အား ဝှေ့ရမ်းလိုက်ရင်း ဖူရှန်းကို အနားယူရန် သွားခွင့်ပြုလိုက်လေတော့သည်။


ယွီဟန်၏ ရုံးတက်ရသည့် ပထဆုံးနေ့ရက်က တစ်ဖြောင့်တည်း တူညီနေသည့် စစ်ဆေးမေးမြန်းမှုလေထုနှင့်သာ အဆုံးသတ်သွားခဲ့လေသည်။


ဖူရှန်းမှ ရှဲ့စစ်ရှင်းထံသို့ ပြန်လည် တင်ပြသည့်အခါတွင် သူ၏လေသံသည်က ဖုံးကွယ်ထားခြင်းမရှိသော ကြည်ညိုလေးစားမှုနှင့် ပြည့်နှက်နေလေ၏။


“မင်းရဲ့ဇနီးကတော့ တကယ် တစ်ခုခုပဲ၊ ကျောက်ကျုံးချင်နဲ့ တခြားသူတွေဆို သူ့ကြောင့် ဆို့နင့်နေပြီးတော့ အောင့်အီးမျိုသိပ်လိုက်ရတာ၊ 


မှန်မှန်ပြောဦး၊ မင်း ရည်ရွယ်ချက်ရှိရှိနှင့် သူ့ကို ပို့လိုက်တာလား?”


ရှဲ့စစ်ရှင်း၏ အသံနေအသံထားက အံ့သြသွားသည့်အရိပ်အယောင်များ မရှိဘဲ တည်ငြိမ်နေဆဲပင်။


“မင်း သူ့ကို အဲဒီလိုခေါ်လိုက်တယ်ဆိုတာကို သူပြန်ပြီး မကြားစေနဲ့”


သို့မဟုတ်လျှင် ဤသာမန်ရိုးကျမဟုတ်လှသော စာအုပ်ကူးပြောင်းသူက မည်ကဲ့သို့ တုံ့ပြန်လာမည်ကို မည်သူက သိနိုင်မည်နည်း။


ဝန်မခံချင်သော်လည်း ထိုစကားကို ကြားလျှင် ဖြစ်လာနိုင်မည့် ယွီဟန်၏တုံ့ပြန်မှုကိုတော့ ရှဲ့စစ်ရှင်း သိချင်နေမိသည်။


သေချာပေါက် အလွန်စိတ်ဝင်စားစရာကောင်းလိမ့်မည်။


ဖူရှန်းသည်လည်း သူ၏မှတ်ချက်မှာ အနည်းငယ် မသင့်လျော်သည်ကို သတိပြုမိသွားလေသည်။ 


အထူးသဖြင့် သူက ယွီဟန်အား အလွန်လေးစားနေခဲ့ပြီဖြစ်ပြီး သူ့၏ စံပြပုဂ္ဂိုလ်တစ်ဦးအနေဖြင့် ဆက်ဆံမည်ဟုပင် ဆုံးဖြတ်ချက်ချထားခဲ့ပေပြီ မဟုတ်ပါလား။


သူက အလျှင်အမြန်ပင် အမှန်ကိုပြန်ပြင်ကာပြောလိုက်၏။


“ဟုတ်တယ်၊ ဟုတ်တယ်၊ ငါ ဥက္ကဌယွီကို အဲဒီလိုမခေါ်သင့်ဘူး၊ ဒါနဲ့ သူ့ရဲ့စွမ်းရည်တွေကို မင်းမျှော်လင့်ထားပြီးသားလား?”


ယနေ့အချိန်တွင် ယွီဟန်၏ အနီးအနား၌ ရပ်နေရုံနှင့်ပင် ယွီဟန်၏ အင်အားကြီးလှသော သြဇာ လွှမ်းမိုးခြင်းကို သူ ခံစားလိုက်မိသည်။ 


ထို့ကြောင့်လည်း ကျောက်ကျုံးချင်နှင့် တခြားသူများက မည်ကဲ့သို့သောပြဿနာမျိုးကိုမှ မဖန်တီးရဲခဲ့ခြင်းဖြစ်လိမ့်မည်။


“ဘယ်သူသိမှာလဲ?” 


ရှဲ့စစ်ရှင်း အနည်းငယ် ရယ်မောလိုက်သော်လည်း ထိုမေးခွန်းအား ငြင်းဆိုခြင်းမရှိခဲ့ချေ။


ယွီဟန်ကို ရှန်ကျင်းဆီသို့  ပို့လိုက်ခြင်းအကြောင်းကိုပြောရလျှင် ရှဲ့စစ်ရှင်းက အမှန်တကယ်ပင် တစ်ဖက်လူကို စမ်းသပ်ချင်ခဲ့သည့် ရည်ရွယ်ချက် ရှိခဲ့ပေသည်။


သူသည်ကား ဤစာအုပ်ကူးပြောင်းသူအား အပြည့်အဝယုံကြည်ခြင်း မရှိ‌သေးဘဲ သူ့ကို သတိထားနေဆဲပင်။ ယွီဟန်၏ ရည်ရွယ်ချက်များက အပေါ်ယံတွင်မြင်ရသကဲ့သို့ ရိုးသားမည်လားဆိုသည်ကိုလည်း စောင့်ကြည့်ချင်ခဲ့သည်။


ယွီဟန် မည်မျှလောက်အထိ ဆက်လက်လုပ်ဆောင်နိုင်မည်ကို ရှဲ့စစ်ရှင်း မသုံးသပ်ရသေးသော်လည်း ထိုအချက်က သူနှင့် သိပ်ပြီး မသက်ဆိုင်ပါချေ။


သို့သော်လည်း ယွီဟန်၏ စွမ်းဆောင်နိုင်မှုကတော့ သူ့ကို အတော်လေး အံ့အားသင့်သွားစေခဲ့၏။


ရှန်ကျင်းတွင်ရှိနေသော အတွင်းရေးပြဿနာများမှာ အလွန် ရှုပ်ထွေးလှသည်။


ထို့ကြောင့် မူလက သူ့၏စိတ်ထဲတွင် ယွီဟန်တစ်ယောက် ကျိဝမ့်ဖန်းအပေါ် သစ္စာရှိခဲ့သောသူများ၏ ယုံကြည်မှုကို ရရှိရန်အတွက် အချိန် အနည်းငယ် ကြာမြင့်လိမ့်မည်ဟု ထင်ခဲ့သည်။


သို့သော်လည်း ယွီဟန်က ထိုကိစ္စကို တစ်ရက်တည်းမှာပင် ဖြေရှင်းနိုင်ခဲ့လေသည်။


ယွီဟန်နှင့်သူ၏ သဘောတူညီချက်အကြောင်းကို တွေးလိုက်လျှင် ရှဲ့စစ်ရှင်း၏ ခံစားချက်ကင်းမဲ့နေသော မျက်ဝန်းများက အလင်းရောင်ခပ်ဖျော့ဖျော့တစ်ခု လင်းလက်လာခဲ့၏။


ဆိုရလျှင် တောနက်အတွင်းရှိ ပုန်းကွယ်နေသော သားရိုင်းတစ်ကောင်က သူ အချိန် ကြာမြင့်စွာ စောင့်စားခဲ့ရသော သားကောင်အား ရှာဖွေတွေ့ရှိလိုက်သကဲ့သို့ပင်။


သူ့၏မျက်ဝန်းများက  သာမန်ရိုးကျမဟုတ်သော စိတ်အားထက်သန်မှုတစ်ခုကို ဖော်ပြနေလေသည်။


ယွီဟန်မှ မည်ကဲ့သို့သော အံ့အားသင့်စရာများအား ယူဆောင်လာဦးမည်ကို စောင့်ကြည့်ရန်အတွက် သူ အလွန်ပင် စိတ်အားထက်သန်နေခဲ့၏။


ဖူရှန်းက သက်ပြင်းချကာ ပြောလိုက်သည်။


“ငါ စကားပြောလို့ မရတော့ဘူး၊ ဥက္ကဌယွီက အချိန်ပို အလုပ်လုပ်နေသေးတယ်ဆိုတော့ ငါ သူနဲ့ အဖော်ပြုပေးရဦးမယ်”


ရှဲ့စစ်ရှင်း: “….မင်းက ဘယ်သူ့ဘက်ကလဲ?’


ဖူရှန်းလည်း ပြုံးရယ်လိုက်သည်။


“ဒီလိုလုပ်မယ်ဆိုရင် မင်းခိုင်းထားတဲ့  သူ့ကိုစောင့်ကြည့်ဖို့ဆိုတဲ့ကိစ္စကိုလည်း ပိုပြီး အဆင်မပြေသွားစေဘူးလား ?”


ဖုန်းချလိုက်ပြီးနောက်တွင် ဖူရှန်းတစ်ယောက် ယွီဟန်ဆီသို့ လိပ်ပြာလေးတစ်ကောင်သဖွယ် ပျံပြေးသွားတော့သည်။


ယခုအချိန်တွင် ယွီဟန်က ကုမ္ပဏီ၏ အခြေအနေအကြောင်းကို အခြေခံသဘောမျှ နားလည်သွားလေပြီ။


မကြာသေးမီက ကုမ္ပဏီမှ အရယူနိုင်ခဲ့သည့် သဘောတူညီချက်ဟူ၍ မည်မည်ရရမရှိချေ။ 


ယခုအခြေအနေက ရှဲ့စစ်ရှင်းနှင့် ပြုလုပ်ခဲ့သည့် သဘောတူညီချက်ကို ဖြည့်ဆည်းရန်အတွက် လုံလောက်မှုရှိနေခြင်းမှ ဝေးကွာလွန်းလှသည်။


ရှိရင်းစွဲအခြေအနေအား ပြောင်းလဲချင်ပါက ကုမ္ပဏီအတွင်းရှိ ကပ်ပါးကောင်များကို ဦးစွာပထမ ဖြေရှင်းရန်လိုအပ်သည်။ 


ဖိအားပေးလိုက်ခြင်းဖြင့် ထိရောက်မှုတချို့ရှိနိုင်သော်လည်း ပြီးပြည့်စုံသော ပြောင်းလဲမှုကြီးတစ်ခုဖြစ်လာရန်အတွက်ဆိုလျှင် အချိန်အနည်းငယ် လိုအပ်ပေလိမ့်မည်ပင်။


သို့သော်လည်း ယွီဟန်ထံတွင် အချိန်များစွာရှိနေသည့်အတွက် အလောတကြီးလုပ်နေစရာ မလိုအပ်ပါချေ။


ကုမ္ပဏီ၏ အမှုဆောင်များနှင့် တွေ့ဆုံပြီးနောက်တွင်  သူက စာရွက်စာတမ်းများကို ဆက်လက်၍ သုံးသပ်နေခဲ့ခဲ့ ကုမ္ပဏီတွင် တစ်နေ့ကုန်သည်အထိ နေခဲ့လေသည်။


ညနေဘက်သို့ ရောက်သည့်အချိန်တွင်လည်း အလုပ်ဆင်းချိန် ကျော်သွားပြီးအချိန်အတော်ကြာမှသာ အချိန်ကို သတိပြုမိလိုက်၏။


ဤအချိန်တွင် ကုမ္ပဏီတစ်ခုလုံးက မီးများ လင်းထိန်နေအောင် ထွန်းလင်းထားရှိလျှက်ရှိနေပြီး ယွီဟန် အလုပ်မဆင်းရသေးခင်တွင် အလုပ်ဆင်းသွားသည့် ဝန်ထမ်းဟူ၍  ရှိမနေခဲ့ပါချေ။


ဆိုရလျှင် ယနေ့တွင် ဖြစ်ပွားခဲ့သည့် ကုမ္ပဏီ၏အမှုဆောင်များနှင့် သီးသန့်အစည်းအဝေးများ ပြုလုပ်ကာ လက်ရေးလှစာရွက်များကို လက်ဆောင်ပေးခဲ့သည်ဟူသော ယွီဟန်၏သတင်းမှာ ကုမ္ပဏီတစ်ခုလုံးတွင် ပျံ့နှံ့သွားပြီးဖြစ်ပြီး ရှန်ကျင်း၏ဝန်ထမ်းများကို အံ့အားသင့်သွားစေခဲ့လေသည်။ယခင်က ရှန်ကျင်းကို စီမံခန့်ခွဲရန်အတွက် ပင်မကုမ္ပဏီမှ လူများ ပို့ခဲ့ဖူးသော်လည်း ထိပ်ပိုင်းအမှုဆောင်များ၏ ပူးပေါင်းဆောက်ရွက်ခြင်းမရှိမှုများကြောင့် အခြေအနေတိုးတက်မှုအား ခက်ခဲစေခဲ့ကာ အလျင်အမြန်ပင် ရာထူးလွှဲပြောင်းခြင်းခံခဲ့ရသည်။


သို့သော် ယွီဟန် ရောက်ရှိလာသည်နှင့် ကုမ္ပဏီအတွင်း၌   စိတ်အနှောင့်အယှက်အပေးနိုင်ဆုံးဖြစ်သော အမှုဆောင်များအား အလျင်အမြန် ကိုင်တွယ်လိုက်ပေသည်။


 ထို့အပြင် ထိုလူတစ်စုမှာ ယွီဟန်မှ သူတို့အား ပေးအပ်ထားသော တာဝန်များအတွက် အလွန် ဒုက္ခခံကာ လုပ်ကိုင်နေရသဖြင့် ယခုအချိန်ထိ သူတို့၏ရုံးခန်းအတွင်းတွင်သာ ရှိနေကြသေးသည်။


ဝန်ထမ်းများသည်မှာ ထိုအမှုဆောင်များက အရှုံးပေးလိုက်ရခြင်းကို တစ်ခါမျှ မမြင်ဖူးသောကြောင့် ယွီဟန်အား မနက်ပိုင်းအချိန်တွက် ဝေဖန်ခဲ့မှုများအပေါ် ပြန်လည်ဆင်ခြင်သုံးသပ်နေကာ အနည်းငယ်ရှက်ရွံ့နေကြလေ၏။


သူတို့က ယွီဟန်ကို စွမ်းဆောင်ရည်မရှိနိုင်လောက်ဟု ကောက်ချက်ချထားခဲ့မိသော်လည်း ထိုသူက စိန်ခေါ်မှုများအား တိုက်ရိုက်ရင်ဆိုင်ရန် သတ္တိရှိနေသည့်အပြင် ကပ်ပါးကောင်များကို အချိန်ပိုအလုပ်လုပ်စေခြင်းဖြင့် သာဓကတစ်ခု ချမှတ်နိုင်လိုက်လေသည်မဟုတ်ပါလား။


မည်သူက သူ့ကို မလေးစားဘဲ နေနိုင်မည်နည်း?


*