Chapter 32
မိုက်ကီရယ်သည် ဘာကြောင့်မှန်းမသိသော်လည်း
“ငါတို့ ချန်ဟျွန်း” ဟူသော စကားကို လျစ်လျူမရှူနိုင်ပေ။ သူ့စိတ်ထဲတွင် ထိုစကားအား ကြားရသည်မှာ အာရုံနောက်ပြီး မသက်မသာဖြစ်လှသည်။
သို့သော် ယူရီတစ်ယောက် “ငါတို့ ချန်ဟျွန်း” လို့ပဲပြောပြော “ငါ့ချန်ဟျွန်း” လို့ပဲပြောပြော သူနှင့်မဆိုင်ပေ။ ယုတ္တိကျကျ တွေးရလျှင် ထိုအရာမှာ အမှန်တရားဆိုသည်ကို သူသိသည်။ သိသော်လည်း သူ့စိတ်ထဲတွင် လက်မခံနိုင်ပေ။
“ ငါတို့ ချန်ဟျွန်း ဟုတ်လား”
“အာ ဟုတ်တယ်၊ သူက ကျွန်တော့် သူငယ်ချင်းလေ”
“မင်း ခုနကလည်း အဲဒါပြောပြီးပြီလေ”
“အာ ဟုတ် ပြောပြီးပြီနော်”
ယောလ်သည် စိတ်ထဲတွင်တော့ “ဘာများမှားလို့လဲ” ဟူ၍တွေးမိနေ၏။
သူ့ရင်ဝသို့ရောက်လာသော ပြောချင်သည့် စကားများကို အတင်းမျိုချပြီး ပြုံးပြလိုက်သည်။ စိတ်ထဲတွင်လည်း ‘ဒါကြောင့်မို့ ဒီကောင်က အန္တရာယ်များတာ’ ဟု တွေးနေမိသည်။ နှစ်ယောက်စလုံး၏ စိတ်ခံစားမှု အတက်အကျများမှာ မြန်ဆန်လွန်းနေ၏။
ယောလ်သည် သူ့ပတ်ဝန်းကျင်ရှိ လူတိုင်းကို စာနာတတ်သူဖြစ်သည်။
“မင်းဘာလို့ သူ့ကို အဲလိုခေါ်တာလဲ၊ မင်းတို့ နှစ်ယောက်က အဲလောက်တောင် ရင်းနှီးလို့လား”
“အာ အဲဒါက အကျင့်လို ဖြစ်နေတာ၊ ဒါပေါ့ ကျွန်တော်တို့ နှစ်ယောက်က အရမ်း ရင်းနီးတာပေါ့ ဒါပေမဲ့..”
“ရင်းနှီးတယ် ဟုတ်လား”
“အဲဒါ… ဟုတ်တယ်လေ၊ ဘာလို့ဆို ကျွန်တော်တို့က bff တွေဗျ”
“Bff ဆိုတာ ဘာလဲ”
“bff ဆိုတာ ငယ်ငယ်ကတည်းက ကျွန်တော်နဲ့ပတ်သတ်ပြီး အကုန်လုံးမြင်ဖူး၊ သိဖူးတဲ့ သူကိုပြောတာ”
မိုက်ကီရယ်၏ စပ်စပ်စုစုမေးသည့် မေးခွန်းများကို ယောလ်ခမျာ အလိုက်အထိုက် ပြန်ဖြေနေရရှာသည်။
သူ့စိတ်ထဲတွင်လည်း ဘာမှအမှားမလုပ်မိထားဘဲ ဘာကြောင့် ဒီလို အမေးခံနေရသည်ကို မသိ ဖြစ်နေရှာသည်။ သို့သော် သည်ပိုင်ဆိုင်လိုစိတ်ကြီးမားသည့် အရူး၏မေးခွန်းများကိုတော့ သူ လျစ်လျူမရှုရဲပေ။
Bff ဆိုသည့် စကားလုံးကို နားမလည်သည့် မိုက်ကီရယ်အား သူတတ်နိုင်သလောက် ပြည့်ပြည့်စုံစုံ အကောင်းဆုံးရှင်းပြခဲ့၏။ သို့သော်လည်း မိုက်ကီရယ်၏ အပြုအမူများမှာ ပိုမိုဆိုးလာခဲ့သည်။
“အကုန်လုံး မြင်ဖူးတယ်ပေါ့”
“ဟုတ်..ဟုတ်တယ်လေဗျ”
“အဲဒါဆို မြင်သင့်တာ အကုန်မြင်ပြီးမှ သူငယ်ချင်းလို့ သတ်မှတ်တာပေါ့”
“ဟင် အဲဒါ ဘယ်လို…”
“မင်းပြောတာ မင်းအကြောင်း အကုန်မြင်ဖူး သိဖူးတဲ့ သူငယ်ချင်းဆို”
“ဟုတ်တော့ ဟုတ်တယ်လေ၊ ဒါပေမဲ့…”
တစ်ခုခုတော့ ထူးဆန်းနေပြီ။ အလွန့်အလွန်ကို ထူးဆန်းနေလေပြီ။ ယောလ်ဆိုလိုချင်သည့် အဓိပ္ပာယ်နှင့် မိုက်ကီရယ့်ပါးစပ်မှ ထွက်လာသည့် အဓိပ္ပာယ် နှစ်ခု တော်တော်လွဲနေလေပြီ။
ယောလ်တစ်ယောက် တော်တော် စိတ်ပျက်နေသည့် ပုံစံဖြင့်သာ သူ့နှုတ်ခမ်းကို ခပ်ဖွဖွကိုက်နေတော့သည်။ သူဘာမှလည်း ဆက်မပြောချင်၊ ပြောလျှင်လည်း မထူးတော့ ဟု တွေးနေမိ၏။
“ခင်ဗျား အဆင်ပြေတယ်ဆိုရင် ကျွန်တော်ခဏလောက် သွားအိပ်လို့ရလား”
မိုက်ကီရယ်၏ ကြောက်စရာကောင်းလှသည့် တင်းမာမှုအပြည့်နှင့် မျက်နှာကို ယောလ် မျက်နှာချင်း မဆိုင်ချင်သဖြင့် အခြားဘက်သို့ မျက်နှာမူ ထားလိုက်သည်။
စကားလမ်းကြောင်းလွှဲချင်၍ ပြောလိုက်သော်လည်း သူ ပင်ပန်းနေသည်မှာတော့ တကယ်အမှန်ပင်။
ယနေ့တစ်ရက်ထဲမှာပင် အများကြီးဖြစ်ပျက်သွားခဲ့၏။ သူ့ခမျာ အဝတ်အစားလှလှလေးများ ဝတ်ကာ မြို့စားအယ်ဆာရင်းဖိတ်သော ညစာစားပွဲလည်း တက်ရသေးသည်။ ဒါ့အပြင် ချက်ချင်းကြီး လူအသွင်လည်း ပြောင်းသွားပြန်သည်။
သာမာန်လူဆိုလျှင် ဘာမှမပြောပလောက်ပေမဲ့ ယောလ်အတွက်တော့ ကိစ္စကြီးတစ်ခုဖြစ်ပြီး သူအနည်းငယ်လည်း ပျော်နေသည်။
“အင်း အိပ်ကြတာပေါ့”
မိုက်ကီရယ့်ပုံစံက သိပ်ကျေနပ်ပုံမပေါ်သော်လည်း ယောလ်အိပ်ချင်နေသည်ကိုတော့ သူမတားရက်ပေ။ ဒါ့ကြောင့် ယောလ်လည်း အနည်းငယ် စိတ်သက်သာရာ ရသွားကာ အိပ်ယာသို့ တန်းပြေးလေတော့သည်။
ယောလ်၏ ခြေလှမ်းတိုင်း ခြေလှမ်းတိုင်းတွင် ရေချိုးဝတ်ရုံလေးက လွင့်လွင့်လာကာ သူ့အသားအရေ ဖွေးဖွေးလေးများက ပေါ်လာသည်။ မိုက်ကီရယ်သည် ထို ပေါ်လိုက်ပျောက်လိုက်ဖြစ်နေသော အသားအရေဖွေးဖွေးလေးကို ကြည့်ရတာ အားမရသည့်ပုံဖြင့် မျက်မှောင်ကြုတ်နေသည်။
အကုန် မြင်ဖူးတယ်တဲ့လား။
ဒါဆို အဲ ချန်ဟျွန်းဆိုတဲ့ ကောင်က သူ့ဟာတွေ အကုန်မြင်ဖူးတာလား။
ထိုအကြောင်းကို ပြန်တွေးမိကာ မိုက်ကီရယ်၏ မျက်လုံးများ နီရဲလာပြန်သည်။
“မိုက်ကီရယ် လာလေ၊ မိုက်ကီရယ်လည်း အိပ်ရမယ်”
မိုက်ကီရယ်တစ်ယောက် ကြောင်သွားသည်။
လက်ညှိုးတစ်ချောင်းတည်းဖြင့် ဆွဲချွတ်လိုက်လျှင်တောင် ကျွတ်ကျသွားမည့်ဝတ်ရုံကို ဝတ်ထားသည့် ယောလ်မှာ သူနှင့်အတူတူ အိပ်ရန်ခေါ်နေသည်မှာ အနည်းငယ် ထူးဆန်းနေသောကြောင့်ပင်။
ယောလ်က အရမ်းပွင့်လင်းလွန်းသည်ဟု သူတွေးနေမိကာ အံ့ဩမှုနှင့်အတူ ဒေါသများက ကပ်ပါလာပြန်သည်။ အကြောင်းအရင်းမှာ ဟို ခွေးကောင် ချန်ဟျွန်းနှင့်ရော ဤသို့ အိပ်တာလား ဟု တွေးနေသောကြောင့်ပင်။
သူဘယ်လောက်ပင် စိတ်အပြောင်းအလဲမြန်ပါစေ ယောလ်အပေါ်တော့ စိတ်မဆိုး အပြစ်မတင်ရက် ဖြစ်နေသည်။
သို့သော် ယောလ်လှမ်းခေါ်လိုက်သည်နှင့် မိုက်ကီရယ်ထံတွင် ထိုအတွေးများ ပျောက်သွားသည်။
သူ့စိတ်ထဲတွင် ယောလ်အနေဖြင့် ချက်ချင်းကြီး လူအသွင်ပြောင်းသွားသည့်အတွက် တစ်ခု မဟုတ် တစ်ခု စိတ်ရှုပ်နေလိမ့်မည်ဟု စဉ်းစားနေမိသည်။ ခဏအကြာ ယောလ်အိပ်ပျော်သွားကာမှ သူအိပ်ယာပေါ်သို့ တက်သွားလိုက်သည်။
မျက်လုံးလေးများသာ ဖော်ထားပြီး တစ်ကိုယ်လုံးကို စောင်ဖြင့် ရစ်ပတ်ထားသော ယောလ်ကို မြင်လိုက်ရလျှင် မိုက်ကီရယ်တစ်ယောက် ခုဏက ဒေါသထွက်သမျှအားလုံး လေထဲလွင့်သွားသလားထင်ရကာ အကျယ်ကြီး ထရယ်မိတော့မလိုပင်။
သူ့ရယ်ချင်စိတ်ကို မနည်းထိန်းကာ ယောလ်နားသို့ တိတ်တိတ်ကလေး ဝင်လှဲလိုက်သည်။ ထို့နောက် ယောလ်ကလည်း မိုက်ကီရယ့်ဘက်သို့ ကပ်လာလေသည်။ သူ့၏ ဆံပင်ပန်းရောင်လေးများက မိုက်ကီရယ့် လက်မောင်းပေါ်သို့ကျနေ၏။
ယောလ်၏ခေါင်းမှ ဗွေဝိုင်းဝိုင်းလေးက မိုက်ကီရယ့်နှာခေါင်းနားထိ ကပ်လာလေသည်။ မိုက်ကီရယ့်စိတ်ထဲတွင် ယောလ်၏ခေါင်းလေးအား ဖွဖွလေး ပွတ်ပေးချင်စိတ်ပေါ်လာ၏။ ယောလ်ကတော့ ကြိုက်လောက်မည်မဟုတ်ပေ။
ယနေ့ မြို့စားအယ်ဆာရင်းအိမ်တွင် ယောလ်လူအသွင် ပြောင်းသွားတုန်းက မိုက်ကီရယ်တစ်ယောက် စိတ်အနှောက်အယှက်ဖြစ်ခဲ့သည်မှာ အမှန်ပင်။ သို့သော် ယခုတော့ သူ၏ စိတ်ရှုပ်မှု၊ ဒေါသထွက်မှုများသည် ကလေးဆန်စွာ ပျောက်ကွယ်သွားသည်။
မိုက်ကီရယ်သည် ယောလ်၏ ခေါင်းလေးကို ဖွဖွလေး ပွတ်ပေးနေကာ ယောလ်ဆီမှ ကြောင်ကလေး သဖွယ် ညည်းသံလေး ထွက်လာလေသည်။
မိုက်ကီရယ့်လက်မောင်းပေါ်တွင် မှီအိပ်သောကြောင် မျက်နှာချင်းဆိုင်မဟုတ်သဖြင့် ယောလ်၏ မျက်နှာလေးကိုတော့ မမြင်ရပေ။ သို့သော် မိုက်ကီရယ် တစ်ယောက် တိတ်တိတ်ကလေး ရီနေလေသည်။ တိုးတိုးလေး ရီသော်လည်း ယောလ်၏ ဆံပင်ဖွဖွလေးများသည် သူ့ရယ်သံကြောင့် လေဟပ်ကာ တလွင့်လွင့်ဖြစ်နေ၏။
ယောလ်လည်း မျက်လုံးများမှိတ်ထားကာ ခက်ခဲသော နေ့တစ်နေ့ကို ဖြတ်ကျော်ပြီးကာမှ နူးညံ့သည့် အထိအတွေ့ကို ခံစားနေရသည်ဟု စိတ်ထဲတွင် တွေးထင်နေတော့သည်။
***
နံနက်ခင်းအလင်းရောင် ဖျော့ဖျော့လေးက ပြတင်းပေါက်မှ ဖြာကျကာ အခန်းတွင်းသို့ နေအလင်းရောင်လေး ထိုးနေသည်။
ယောလ်၏ အိပ်ပျော်နေသော မျက်နှာလေးပေါ်သို့ နေရောင်ဖျော့ဖျော့လေး ကျနေလေသည်။ မိုက်ကီရယ်တစ်ယောက် ထိုမျက်နှာလေးကို တိတ်တိတ်လေးကြည့်နေ၏။ မျက်တောင်ကော့ကော့လေးများက မျက်လုံးများပေါ်တွင် အတော်လှသည်။ ညက အိပ်မက်လှလှလေး မက်ထားသကဲ့သို့ မျက်နှာလေးမှာ ပြုံးနေသည်။
ထိုမြင်ကွင်းကို ကြည့်နေသော မိုက်ကီရယ်သည် သူ့ကိုယ်သူပင် သတိမထားမိဘဲ ပြုံးမိနေတော့သည်။
သူအိပ်နေသည့်ပုံသည် လုံးဝကောင်လေးတစ်ယောက် အတိုင်းပင်။ ထိုမြင်ကွင်းကြောင့်ပင် မိုက်ကီရယ်၏ ထိန်းချုပ်မရသည့် သိချင်စိတ်များက ပြန်လည်နိုးထလာပြန်သည်။
သူလူတစ်ယောက်အဖြစ် ပြောင်းသွားတာ ကောင်းရော ကောင်းရဲ့လား။ အရင်က အရုပ်တစ်ရုပ်က အခုလို လူတစ်ယောက် ပြောင်းသွားတာ အဆင်ရော ပြေပါ့မလား။
သူအဲ့လို တွေးမိလေလေ၊ စိတ်ဖိစီးမှု များလာလေလေပင်။ ဒါ့အပြင် ယောလ်သည် လူအသွင်မပြောင်းခင် ခေါင်းကိုက်သည်ဟု ပြောသေးသည်။ မည်သည့်ကိစ္စမှ မရှိဘဲ လူပုံပြောင်းလျှင် ကိစ္စမရှိပေမဲ့ ခေါင်းကိုက်သည် ဆိုသည့် အရာကြီးကို သူစိတ်ပူနေသည်။
ပြဿနာရှိလျှင် အဖြေရှာရမည်။ ထို့ကြောင့် ဤအရာကို သူတွေးပူနေခြင်းပင်။
အိုလောဗ်မျိုးရိုးသည် မည်မျှပင် ချမ်းသာကာ အာဏာရှိသော်လည်း ယခုကိစ္စကတော့ အလွန်ပင် နက်နဲကာ အလှမ်းဝေးလှသည်။
မိုက်ကီရယ်တစ်ယောက် သူ့အား ယခုကိစ္စနှင့် ပတ်သတ်ပြီး ကူညီမည့်လူ ရှာရမည် ဖြစ်သဖြင့် ဒုက္ခရောက်နေလေပြီ။
***
ချောမောလှပသော လူတစ်ယောက် မောင်းနှင်လာသည့် ရထားလုံးတစ်စီးက အိမ်ရှေ့သို့ရောက်လာ၏။
တခြား မျိုးရိုးမြင့် မိသားစုများကဲ့သို့ ကျောက်မျက်ရတနာ တစ်မျိုးမှ မစီထားသည့် အနောက်ရောင် တောက်တောက် ရထားလုံးတစ်စီးပင်။ သို့သော် ဘာကိုမှ မသိ နားမလည်သည့်သူပင် ထိုလှည်းသည် ဝိုက်ဒီဖီးယားအင်ပါယာ တစ်ခုလုံးတွင် ဈေးအကြီးဆုံး လှည်းမှန်း တန်းသိပေလိမ့်မည်။
ထိုဈေးကြီးကာ လှပလွန်းလှသော ရထားလုံးသည် အိုလောဗ့်မျိုးနွယ်၏ ရထားလုံးများထဲမှ တစ်စီးပင်။ ထိုရထားလုံး အကောင်းစားထဲရှိ လူမှာ အိုလောဗ့်မျိုးနွယ်၏ အကြီးအကဲ မိုက်ကီရယ် အိုလောဗ့်ပင်ဖြစ်၏။
ရထားလုံးဦးတည်သွားနေသည့် နေရာသည် ဘုရင့်နန်းတော်ပင်ဖြစ်သည်။ မိုက်ကီရယ်တစ်ယောက် သူမဖြေရှင်းနိုင်သည့် အခြေအနေနှင့် ကြုံတွေ့နေရ၍ နန်းတော်သို့ အန်ဒရီအား သွားရှာခြင်းပင်။
အရုပ်တစ်ရုပ်ကဲ့သို့ လှလှပပ သွန်းလုပ်ထားသဖွယ်ရှိသည့် သူ၏နှဖူးလှလှလေးသည် ယခု မကျေနပ်ချက် အပြည့်ဖြင့် ရှုံ့တွန့်နေလေသည်။
ရထားလုံးထဲတွင် သူမှလွဲ၍ တခြားသူမပါပေ။ သူသွားရာသို့လိုက်နေကြ လယ်ဗီလည်းမပါ၊ သူနှင့် အချိန်အများစုတွင် အတူရှိနေသည့် ဆီလက်ဖ်လည်း မပါပေ။
ပိုထူးခြားသည်မှာ ယူရီလည်းမပေ။
လယ်ဗီနှင့် ဆီလက်ဖ်သည် သူနှင့် အချိန်အတော်အများတွင် အတူရှိနေတတ်သည်။ သူတို့နှစ်ယောက် မပါတာ မထူးဆန်းသော်လည်း ယူရီမပါသည်ကတော့ တစ်ခုခု ဟာနေသလိုခံစားရသည်။
ယခုကဲ့သို့ တစ်ခုခု လိုအပ်နေသလို ခံစားရနေသည့် ခံစားချက်ကို မိုက်ကီရယ် မကြိုက်ပေ။
“အဓိပ္ပာယ်မရှိလိုက်တာ”
မိုက်ကီရယ်တစ်ယောက် သူ့ခံစားချက် သူ နားမလည်နိုင်သဖြင့် တစ်ယောက်တည်း တစ်တွတ်တွတ်ပြောနေသည်။ ယူရီက ဘာမှမဟုတ်ဘဲ သူ့ဘဝတွင် ဘာလို့ အရေးပါနေရသည်ကို သူတွေးမိနေသည်။ အရင်က သူတစ်ခါမျှမခံစားဖူးသော၊ ရှိမှန်းတောင် မသိခဲ့ရသော ခံစားချက်များကို ယခု တစ်ခုပြီး တစ်ခုခံစားနေရသည်။
“ဒါက အရုပ်တစ်ရုပ်ပဲလေ”
အေးပေါ့ အခုတော့ လူပြောင်းသွားပြီပေါ့။
ယောလ်၏ရုပ်လေးကို သူရုတ်တရက် မြင်ယောင်လာသည်။
ပေါင်မုန့်လေးတစ်ချပ်လို ပြားကပ်ကပ် အရုပ်ကလေးက အခုလို ချစ်စရာကောင်းတဲ့ လူသားလေးဖြစ်လာလိမ့်မယ်လို့ ဘယ်သူကထင်မှာလဲ။
စိတ်ရှုပ်စရာကောင်းလှသလို တစ်ချိန်တည်းမှာပင် သဘောကျစရာလည်း ကောင်းလှသည်။ ပြောနေတုန်းမှာပင် သူ့ခေါင်းထဲတွင် ယောလ်၏ရုပ်လေးက ပေါ်လာပြန်သည်။
မိုက်ကီရယ်သည် သူ့ခံစားချက်များကို ပြန်လည်သုံးသပ်လိုက် ထိုခံစားချက်များကို ဆင်ခြေပေးလိုက်နှင့် ဖြစ်နေလေသည်။ ယခုလိုလုပ်ခြင်းသည် သူ၏ ရှက်ကိုးရှက်ကန်းဖြစ်နေသော အသွင်အပြင်ကို ဖုံးကွယ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းသာဖြစ်၏။