Chapter 39
မိုက်ကီရယ်တစ်ယောက် ယောလ်အား စိတ်အေးလက်အေးနှင့် ကြည့်နေလေသည်။ ခြေထောက်ပုတိုလေးများဖြင့် ဟိုပြေးသည်ပြေး လျှောက်ပြေးနေသောယောလ်ကိုကြည့်ကာ အပျင်းပြေသည်ဟု သူတွေးမိနေသေး၏။ ထပ်ဆောင်းအပိုပြောရလျှင် ဘာမှ မစားဘဲ အပျော်များဖြင့် ဗိုက်ပြည့်နေသည်ဟုပင် ပြောရပေမည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က ယောလ်လူအသွင်ဖြစ်နေသည့် အချိန်များတွင် မိုက်ကီရယ့်မှာ စားမဝင်သလို အိပ်လည်းမပျော်ပေ။ သူ နေ့စဉ်နေ့တိုင်း စိတ်ဖိစီးနေသည်ဟု ခံစားရ၏။
အဘယ်ကြောင့်ဆိုသော် ယောလ်တစ်ယောက် သူ့မျက်စိရှေ့တွင်ရှိလျက်နှင့် ထွက်ပြေးသွားမည်စိုးသောကြောင့်ပင်။
အတိအကျပြောရလျှင် “ငါတို့ ချန်းဟျွန်း” ဆိုသောလူကို သွားတွေ့မည် စိုးသောကြောင့်ဖြစ်၏။
သို့သော်လည်း ယခုမူကား ခြေထောက်ပုတိုတိုနှင့် ခေါင်းကြီးကိုယ်သေးအရုပ်လေး ပြန်ဖြစ်သွားပြီ ဖြစ်သဖြင့် ထွက်ပြေးမည်ကို စိတ်ပူဖို့ မလိုတော့ပေ။
“ဟူး…ဟူး.. အိုက်ရိုး..သေတော့မလိုပဲ”
ယောလ်တစ်ယောက် ဟိုဟိုဒီဒီ လျှောက်ပြေးလွှားပြီးကာမှ ပက်လက်လန်နေလေသည်။
သူ့ကိုယ်သူလည်း ဤချည်အရုပ် ခန္ဓာကိုယ်လေးနှင့် အဘယ်ကြောင့် ယခုလို လုပ်မိနေမှန်းမသိပေ။ မိုက်ကီရယ့်အတွက်တော့ ဖျော်ဖြေပွဲလိုဖြစ်နေလောက်မည်။
[Bii! Bii!]
“ဟူး.. လပ်ကီး၊ ခ..ခဏ ဖေဖေ အခုနည်းနည်း မဟန်နေဘူး၊ ခဏလေး ပေးနား”
[Bii.!]
“ဟူး.. အေးပါ အေးပါ ငါသိပါပြီ”
လပ်ကီးက အော်ဟစ်နေသဖြင့် ယောလ်မှာ ဘေးတွင် လွှင့်ပစ်ထားသော ငါးမျှားချိတ်ကို ကောက်ယူလိုက်သည်။
လပ်ကီးနှင့် သီးသန့်ဆော့ဖို့အတွက် လူဖြစ်စဉ်က သူလုပ်ထားသည့် ငါးမျှားချိတ်လေးပင်ဖြစ်၏။ သို့သော် လပ်ကီးက သူ့အား လူအသွင်ပြောင်းတုန်းက အဖက်မလုပ်သဖြင့် ရက်အတော်ကြာ မသုံးဖြစ်ခဲ့ပေ။
ငါးဖမ်းတမ်းဆော့ရသည်ကို နှစ်သက်သော လပ်ကီးမှာ ချည်အရုပ်လေးဖြစ်နေသည့် ယောလ်အား အတူဆော့ပေးရန် တောင်းဆိုနေလေ၏။ လပ်ကီးကြောင့် ၂၀ စင်တီလောက်သာရှိသည့် ယောလ်ခမျာ ဟိုပြေးလိုက် သည်ပြေးလိုက်နှင့် သူ့ခန္ဓာကိုယ်၏ ၅ဆလောက်ရှိသော ငါးမျှားတံလက်ကိုင်ကို ရမ်းကာ ဆော့ပေးနေရှာသည်။
ယောလ်ခမျာ အသက်ထွက်လုမတတ် မောပန်းကာ ဦးထုပ်အနက်ရောင်နှင့်လူကြီးက သူ့အား လက်ယပ်ခေါ်နေသည်ဟုပင် မြင်ယောင်နေလေ၏။
မိုက်ကီရယ့်အား ခဏဆော့ပေးထားရန် ပြောကာ မိုက်ကီရယ်မှ ငါးမျှားတံ လွှဲပေးသော်လည်း လပ်ကီးက လိုက်မဆော့ပေ။
ယောလ်ကို အမြဲတမ်း စားရန်ချောင်းနေသော လပ်ကီးသည် ငါးဖမ်းတမ်းဆော့ချိန်တွင်သာ သူ့အား တွယ်တာလေသည်။ ယောလ်လည်း ဤသည်ကို ကောင်းကောင်းသိသဖြင့် အင်တိုက်အားတိုက် လွှဲရမ်းကာ ဆော့ပေးနေရှာသည်။
“ဟောဟဲ ဟောဟဲ.. ဟုတ်ပြီ ဟုတ်ပြီ”
ဆယ်မိနစ်လောက် ဆက်တိုက် အခန်းထဲတွင် ဟိုပြေးလိုက်သည်ပြေးလိုက်နှင့် ဟောဟဲလိုက်နေပြီးနောက် တံခါးခေါက် သံတစ်ခုကို ကြားလိုက်ရ၏။
ယောလ်သည် တံခါးခေါက်သံကို ကြားလိုက်ရလျှင် အံ့ဩသွားကာ ချည်အရုပ်အဖြစ်ဟန်ဆောင်ကာ ကြမ်းပြင်ပေါ်တွင် လှဲနေလိုက်သည်။
“ကျွန်တော် ဆီလက်ဖ်ပါ၊ တော်ဝင် အင်ပါယာ အန်ဒရီ ရောက်နေပါတယ် မြို့စားကြီး”
ဘာ! တော်ဝင် အင်ပါယာ ဟုတ်လား။
ယောလ်တစ်ယောက် ထခုန်ကာ ထိုင်လိုက်၏။ မျက်လုံးများပင် ဖယောင်းတိုင် အရွယ်အစားလောက်ထိ ပြူးကျယ်လာလေသည်။ ထို့နောက် ဘာဖြစ်နေမှန်းမသိသဖြင့် မိုက်ကီရယ်ကို ကြည့်လိုက် တံခါးဘက်သို့ ကြည့်လိုက်လုပ်နေ၏။
သို့သော် မိုက်ကီရယ်လည်း အခြေအနေကိုနားမလည်ပေ။
အန်ဒရီက သူနှင့်ဆိုလျှင် လွတ်လွတ်လပ်လပ်နေတတ်သော်လည်း အခြေအနေများကို မဆင်ခြင် မသုံးသပ်နိုင်လောက်သည်အထိ တုံးအသောလူမဟုတ်သည့်အပြင် အင်ပါယာကောင်းတစ်ပါးလည်းဖြစ်၏။ အက်ရှ်အိမ်တော်သို့ စာမပါးဘဲ လူကိုယ်တိုင်လာရခြင်းမှာ အကြောင်းအရင်းတစ်ခုရှိပေလိမ့်မည်။
“သူ့ကို အထဲခေါ်လိုက်ပါ”
ဆီလက်ဖ်အားအမိန့်ပေးကာ မိုက်ကီရယ်သည်လည်း သာမန်မဟုတ်သော အခြေအနေတစ်ခုခု ရှိမှန်းရိပ်မိလိုက်သည်။
ထို့နောက် အန်ဒရီတစ်ယောက် မျက်နှာအထိဖုံးသည့် ဝတ်ရုံကိုခြုံကာ သူ၏ တစ်ဦးတည်းသော ကိုယ်ရံတော် အိုင်းစက်နှင့်အတူ ဝင်လာလေသည်။
“ဟိုင်း စပရိုက် လက်ဆောင်ပါတယ်”
“...”
“ငါက စပရိုက်လေကွာ”
“ရပါတယ် မလိုပါဘူး”
“ကြားရတာ ဝမ်းတောင်နည်းတယ် ဒါပေမဲ့ မိုက်ကီရယ် မင်းမှာ ငြင်းပိုင်ခွင့်မရှိဘူး”
မိုက်ကီရယ်တစ်ယောက် အန်ဒရီ၏ နောက်ပြောင်ကျီစားသံကို ကြားကာမှ စိတ်လျော့နိုင်သည်။ သို့သော်လည်း အန်ဒရီမှာ မည်မျှပင် အခြေအနေဆိုးကာ အတည်လုပ်ရမည့် ကိစ္စဖြစ်စေ နောက်ပြောင်၍ အခြေအနေကို တည်ငြိမ်အောင် ထိန်းနိုင်သူ ဖြစ်သောကြောင့် သူ စိတ်ဒုန်းဒုန်း မချနိုင်သေးပေ။
အန်ဒရီသည် ဝတ်စုံကို စိန်ပြေနပြေ ချွတ်ကာ အိုင်းစက်ကိုပေးလိုက်သည်။ ထို့နောက် မိုက်ကီရယ့်ရှေ့က ဆိုဖာပေါ်သို့ ထိုင်ချကာ မေးထောက်၍ ကြည့်နေလေ၏။
“ခဏထိုင်ပါဦး၊ ငါမင်းနဲ့ ပြောစရာရှိလို့”
နှစ်ယောက်သားမှာ ငယ်သူငယ်ချင်းများ ဖြစ်ကြသော်လည်း အန်ဒရီတွင် အင်ပါယာဆိုသည့် မာန တစ်ခုတော့ ရှိလေသည်။
မိုက်ကီရယ်သည် အန်ဒရီတစ်ယောက် တမင် မာနကြီးပြနေသည် မဟုတ်မှန်းသိသော်လည်း ထိုအပြုအမူကို သဘောမကျပေ။ အဘယ်ကြောင့်ဆိုသော် မိုက်ကီရယ့်ပုံစံသည်လည်း မည်သူ့ကိုမျှ အောက်မကျို့ချင်သည့် ပုံစံဖြစ်၏။
“မင်းက ချက်ချင်းလည်း ရောက်ချလာသေးတယ် တော်တော်လည်း ကြီးကျယ်တာပဲကွ”
မိုက်ကီရယ်၏ စကားကိုကြားပြီးနောက် အန်ဒရီတစ်ယောက် ဆိုဖာပေါ်ကို ဖြည်းဖြည်းခြင်းမှီချကာ နှုတ်ဆိတ်နေလေသည်။ တိတိကျကျ ပြောရသော် အခန်းထဲရှိ လူများအားလုံး တိတ်ဆိတ်ထိတ်လန့်သွားကြ၏။
အိုင်းစက်မှာ မျက်လုံးပြူးသွားကာ သူ၏မျက်နှာချင်းဆိုင်တွင် ရပ်နေသော ဆီလက်ဖ်သည်လည်း နှလုံးရပ်မတတ် လန့်နေရှာသည်။
ဤအခြေအနေနှင့် အသားမကျသော ယောလ်ခမျာတော့ သူ့လက်သေးသေးလေးများဖြင့် ပါးစပ်လေးကို ပိတ်ထားရှာသည်။
မည်မျှပင် ရူးနှမ်းနေသူဖြစ်သော်လည်း အင်ပါယာတစ်ပါးအား ထိုကဲ့သို့ ပြောဆို ပြုမူနေသည့် မိုက်ကီရယ်အား သူစိတ်ပူနေရှာ၏။ စော်ကားမော်ကားလုပ်သဖြင့် ခေါင်းဖြတ်သတ်မိန့်ပေးလိုက်လျှင် သောက်ကျိုးနည်းကုန်တော့မည်ဟု တွေးနေမိသည်။ အကယ်၍သာ ထိုကဲ့သို့ ဖြစ်သွားပါက သူ့တွင် သွားစရာနေရာမရှိပေ။
အကောင်းအဆိုးများစွာ ကျော်ဖြတ်ခဲ့ရသော်လည်း သူ့အား ကျွေးမွေးစောင့်ရှောက်ထားသူမှာ မိုက်ကီရယ်ပင်ဖြစ်သည်။ မိုက်ကီရယ်သာ တစ်ခုခုဖြစ်လျှင် သူသောက်ပြဿနာတက်လေပြီ။
“မိုက်…မိုက်ကီရယ်”
ယောလ်တစ်ယောက် ကျောချမ်းချမ်းဖြင့် အရဲစွန့်ကာ ခေါ်လိုက်လေသည်။
အန်ဒရီ့အား အေးစက်သည့် မျက်လုံးများဖြင့် ကြည့်နေသော မိုက်ကီရယ်မှာ ယောလ်အသံကြားသည်နှင့် ချက်ချင်းပင် သူ့ထံ အကြည့်လွှဲလိုက်၏။
မီးတောက်သဖွယ် လောင်မြိုက်နေသော မိုက်ကီရယ်၏ မျက်လုံးများသည် ယောလ်အသံကြားသည်နှင့် ချက်ချင်းပင် နူးညံ့သွားလေ၏။
“ဘာဖြစ်လို့လဲ”
“ကျွန်တော့်ကို ချီပါဦး”
ယောလ်သည် သူ၏ လက်မောင်းတိုတိုကလေးများကို ဖြန့်ကာ မိုက်ကီရယ့်အား ဖက်မည်လုပ်လိုက်လေသည်။ ထိုအခါ ချက်ချင်းဆိုသလိုပင် မိုက်ကီရယ်၏ နှုတ်ခမ်းများသည်လည်း နူးညံ့သော အပြုံးများ ဝေဆာသွား၏။
အန်ဒရီတစ်ယောက် မိုက်ကီရယ့် နှုတ်ခမ်းမှ အပြုံးများကို မြင်ကာ မျက်မှောင်ကြုတ်မိလိုက်သည်။ သူနှင့် မိုက်ကီရယ်ခင်သည်မှာကြာလှလေပြီ။ သို့သော် ထိုကဲ့သို့ အပြုံးမျိုး တစ်ခါမျှ မတွေ့ဖူးပေ။
“စိတ်ဝင်စားစရာပဲကွ”
“ဘာတွေ စိတ်ဝင်စားနေတာလဲ”
“အက်ရှ်မြို့စားကြီး အိုလောဗ်က ဒီလို ကလေးထိန်းဘဝနဲ့ အရမ်းလိုက်ဖက်မှန်း ငါမသိခဲ့ပါလား”
“အဓိပ္ပာယ်မရှိတာတွေ မပြောစမ်းနဲ့”
မိုက်ကီရယ်သည် အန်ဒရီပြောသမျှကို ခေါင်းထဲကထုတ်ကာ လျစ်လျူရှုထားလေသည်။
သို့သော် သူ့ခြေထောက်အား ဖက်ထားသော ယောလ်ကိုတော့ အသာအယာလေး မချီကာ ဆိုဖာပေါ်တင်လိုက်ပြီး သူ့ဘေးနားထားလိုက်၏။
“ဘာဖြစ်လို့လဲ”
“အော်.. ငါမင်းကို ပြောစရာရှိတယ်”
“အသုံးမဝင်တာဆို မပြောနေနဲ့တော့”
“ဝမ်းနည်းသွားပြီကွာ”
အန်ဒရီတစ်ယောက် မိုက်ကီရယ့် စကားကြောင့် ရယ်နေလေသည်။
အခြေအနေများ အနည်းငယ် တည်ငြိမ်သွားကာမှ ယောလ်လည်း သက်ပြင်းချနိုင်ရှာသည်။ သူ၏ မရှိသော နှလုံးသားလေးမှာ မိုက်ကီရယ့်ကြောင့် ပျောက်ကွယ်လုမတတ်ဖြစ်နေပြီ ဟု ခံစားနေရရှာသည်။
“ယူရီ့ အကြောင်းပါ”
“ကျွန်...ကျွန်တော်လားဗျ”
ရုတ်တရက်သူ့နာမည်ကို ကြားလိုက်ရသောကြောင့် ယောလ်မျက်လုံးပြုးသွားလေသည်။
အန်ဒရီက ခေါင်းဆတ်ပြလာသော် တစ်ဖက်ရှိမိုက်ကီရယ်၏ ပုံစံသည် အနည်းငယ်ခက်ထန်လာ၏။
“ငါ့ကိုပြောပြ”
မိုက်ကီရယ်တစ်ယောက် တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလာပြီး အန်ဒရီလည်း ခေါင်းငြိမ့်ပြကာ စတင် ပြောပြလေတော့သည်။
“ငါသူ့ကို လူအဖြစ်ဘယ်လို ပြန်ပြောင်းရမလဲတော့ အတိအကျ မသိသေးဘူး၊ ဒါပေမဲ့ တော်ဝင်မိသားစုက ခန့်ထားတဲ့ မှော်ဆရာတစ်ယောက်ဆီက တစ်ဆင့် မေးကြည့်တာတော့ ဒီလိုအဖြစ်အပျက်နဲ့ ဆင်တဲ့ ရှေးဟောင်းမှော်တစ်မျိုး ရှိတယ်တဲ့”
အန်ဒရီ့စကားကို ကြားပြီးနောက် ယောလ်မှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။ သူ့တွင် ဖြစ်နေသော အလွန်ထူးဆန်းလှသည့် အဖြစ်အပျက်အား အန်ဒရီက ရှင်းပြနိုင်သည့်အပြင် ရှေးဟောင်းမှော် တစ်မျိုးလည်း ပါဝင်ပတ်သတ်နေကြောင်း သိလိုက်ရခြင်းကြောင့်ပင်။
“ဝိညာဥ်ပြောင်းလဲခြင်းလို့ခေါ်တယ်တဲ့၊ ရှေးဟောင်းမှော်ဆရာတွေတောင်မှ ဒီမန္တန်ကိုလျှို့ဝှက်ထားတယ် ပြောကြတယ်”
“ဝိညာဥ် ပြောင်းလဲခြင်းတဲ့လား”
“ဟုတ်တယ်၊ အဲဒါက ဝိညာဥ်တစ်ခုကို မူရင်းခန္ဓာကိုယ်ကနေ တခြားလူ ဒါမှမဟုတ် တစ်ခြားအရာဝတ္ထု တစ်ခုခုဆီကို ကူးပြောင်းစေနိုင်တယ်တဲ့”
ယောလ် ယခုအချိန်ထိ ပါးစပ်အဟောင်းသား ဖြစ်နေဆဲပင်။ ဝိညာဥ်ပြောင်းလဲခြင်းဆိုသည့် မှော်မှာ နာမည်ကြားရုံနှင့်ပင် တော်ရုံတန်ရုံ မဖြစ်နိုင်ပေ။ ထိုမှော်အစွမ်းက သူ့တွင် ဖြစ်ပျက်နေသော အရာအားလုံး၏ ဇာစ်မြစ်ဖြစ်ကြောင်း သူမယုံနိုင်ဖြစ်နေသည်။
ထို့နောက် ရုတ်တရက်သတိရကာ မိုက်ကီရယ်၏ မျက်လုံးများကို တစ်ချက် ဖြတ်ကနဲကြည့်လိုက်၏။ မိုက်ကီရယ်၏ပုံစံ မည်ကဲ့သို့ဖြစ်နေကြောင်း ယောလ်အရမ်းသိချင်နေသည်။
သို့သော် မိုက်ကီရယ်၏ ပုံစံသည် ပို၍ပင် အေးစက်နေကာ ကြောက်ဖို့ကောင်းနေသည်။
ယောလ်လည်း ဘာဖြစ်နေမှန်းမသိသောကြောင့် တံတွေးသာ မြိုချမိလိုက်တော့၏။
“ဘာလို့ဝိညာဥ်ပြောင်းလဲခြင်းဆိုတဲ့ မှော်ကိုလျှို့ဝှက်ထားတာလဲ”
မိုက်ကီရယ်သည် ဓားသွားသဖွယ် အလွန်စူးရှ ပြတ်သားလှသော လေသံဖြင့် စစ်ဆေးရေးမှုးတစ်ယောက် ကဲ့သို့ပင် မေးမြန်းလိုက်လေသည်။
သူ၏လေသံသည် အင်ပါယာ တစ်ယောက်အပေါ် မောက်မောက်မာမာ ပြောဆိုသည့်ပုံ ပေါက်နေသော်လည်း အန်ဒရီကတော့ ဂရုစိုက်ပုံမပေါ်ပေ။ ထိုအစား သူလည်း လေးနက်သော မျက်နှာထားဖြင့် ပြန်ပြောလိုက်၏။
“ဝိညာဥ်ပြောင်းလဲခြင်းဆိုတဲ့မှော်က မင်းကိုထာဝရအသက်ရှင်အောင် လုပ်ပေးနိုင်တဲ့ အောက်လမ်းမှော်အတတ်မလို့ပေါ့”