Ch 8
Viewers 2k

Chapter 8


ဘာလို့လဲ။



စုန့်လီချင်းမှာ ထိုမေးခွန်းကြောင့် တွန့်သွားရသည်။



“ဒါက ငါ့ပစ္စည်းလေ။ ငါမတော်တဆ ကျပျောက်သွားတာ။ မင်းတွေ့တယ်ဆိုရင် ကျေးဇူးပြုပြီး ပြန်ပေးပေးပါ”



ဟူနွီအာကသူ့ကို အရူးတစ်ယောက်လို ကြည့်လိုက်ပြီးနောက်မှာ ခေါင်းကိုဖြည်းညင်းစွာ ခါယမ်းလေသည်။



“ဒီပစ္စည်းက အိမ်ရှေ့စံမင်းသားနဲ့ မင်းရဲ့ကြားက ချစ်ခြင်းအထိမ်းအမှတ်လို့ ကြားမိတယ်”



စုန့်လီချင်း ခေါင်းညိတ်ပြလိုက်သည်။



“ဟုတ်တယ်”



တစ်ဖက်သတ် ချစ်ခြင်းအထိမ်းအမှတ်ပေါ့။



စုန့်လီချင်း ၀မ်းပန်းတနည်းနဲ့ ခံစားလိုက်ရသည်မှာ တစ်ဖတ်သက်ဆိုတာကိုတော့ ထည့်မတွက်ဘူးဆိုတာပင်။ အများဆုံးအနေနဲ့ သူ့ရဲ့အတွေးသက်သက်ပဲ၊ သူ့ဘက်ကပဲ စွဲလမ်းခဲ့ရတာ။



ဟူနွီအာ ပြုံးလိုက်သည်။ သူမျက်ခုံးတွေ၊ မျက်လုံးတွေက ကွေးညွှတ်နေကာ နှစ်လိုဖွယ်ကောင်းလှသည်။



ထို့နောက် သူက အင်္ကျီလက်ထဲကနေ တစ်ခုခု ထုတ်လိုက်သည်။ သူ့လက်ထဲမှာ ဖျစ်ညစ်ထားပြီး ခါယမ်းလိုက်တဲ့ အချိန်မှာတော့ စုန့်လီချင်း ကျပျောက်သွားတဲ့ ကျောက်စိမ်းဆွဲပြား ဖြစ်နေတာကို တွေ့လိုက်ရသည်။



“ဒါက မင်းပြောတဲ့ဟာလေးလား”



ဟူနွီအာက နောက်ထပ်နှစ်ခါလောက် ထပ်လှုပ်လိုက်ပြီး သူ့ကိုပြန်ပေးသလို ဟန်ဆောင်လိုက်သည်။



စုန့်လီချင်းက စိတ်လောကာ လှမ်းဆွဲလိုက်သည်။



ဟူနွီအာက ခွေးတစ်ကောင်ကို ကျီစယ်နေသလိုမျိုး ဆတ်ခနဲ နောက်ဆုတ်လိုက်သည်။ စုန့်လီချင်း နှစ်ကြိမ်တိတိ ဖမ်းလို့မမိတာကိုတွေ့တော့ သူ့ပါးစပ်သူအုပ်ကာ ရယ်နေသည်။



“ဟားဟားဟား...”



ဟူနွီအာရဲ့ရယ်သံက ကျယ်လောင်စူးရှလှသည်။



စုန့်လီချင်း ရင်ထဲမှာ စိုးရိမ်ကြောင့်ကြနေတာကြောင့် သူအလျင်စလိုနဲ့

“မင်း...မင်းလိုချင်ရင် ငါအဲဒီ ကျောက်စိမ်းဆွဲပြားကို ပေးမယ်လေ။ ငါ့ကိုတော့ အဲဒီမှာ ချိတ်ထားတဲ့ ပန်းဖွားလေးပဲ ပြန်ပေးပါ”



“အင်း...စဉ်းစားလိုက်ဦးမယ်”



ဟူနွီအာက ကျောက်စိမ်းဆွဲပြားကို ကစားရင်း

“ဒါက ထိပ်တန်းဟယ်ထျန်းကျောက်စိမ်းပဲ။ ခင်ဗျားတို့ အလယ်ပိုင်းဒေသမှာဆို တန်ဖိုးကြီးတယ်မလား။”



“ဟုတ်တယ်”



သူဘာကိုပြောချင်နေမှန်း စုန့်လီချင်း မသိပေ။



ဟူနွီအာက ရုတ်တရက် ခဏလောက် တိတ်ဆိတ်သွားကာ မျက်လုံးထဲတွင် ဝမ်းနည်းမှုတချို့‌ ပေါ်လာခဲ့သည်။ သူသက်ပြင်းချလျက် ဝမ်းနည်းမှုကို ထိန်းချုပ်လိုက်ပြီး မျက်လုံးထဲမှာ ခါးသီးမှုနဲ့ မကျေမချမ်းနိုင်မှုတွေ ပေါ်လာခဲ့သည်။



“ဒါ ငါတို့နိုင်ငံတော်ကပိုင်တဲ့ ပစ္စည်းပဲ။ မင်းတို့လို သူခိုးဓားပြတွေက လုယူသွားခဲ့တာ။ ဒါတောင်မင်းက ခန္ဓာကိုယ်ပေါ်မှာ ထည်ထည်ဝါဝါနဲ့ ချိတ်ဆွဲထားလိုက်သေးတယ်။ မင်းပြောတော့ ပညာရှိတွေ သူတော်ကောင်းတွေအကြောင်း ရေးထားတဲ့ စာအုပ်တွေဖတ်တယ်ဆို။ ဒါပေမယ့် တကယ်တမ်းမင်းက အရှက်မရှိတဲ့ ကြောင်သူတော် လူယုတ်မာကောင်ပါပဲလား!”



စုန့်လီချင်း ဒီကျောက်စိမ်းဆွဲပြားရဲ့ မူရင်းဇစ်မြစ်ကို မသိပေ။ ထိုကျောက်စိမ်းဆွဲပြားလေးက သူ့အဖေပေးခဲ့တာဖြစ်ပြီး အနောက်ပိုင်းဒေသက ရူ့နိုင်ငံတော်ကို အနိုင်ရခဲ့တဲ့အတွက် စစ်အောင်နိုင်ခြင်းလက်‌ဆောင်လို့ ပြောခဲ့ဖူးသည်။



“မင်းက ရူ့နိုင်ငံတော်ကလား”



“ဟုတ်တယ်”



ဟူနွီအာက ပွင့်ပွင့်လင်းလင်း ဝန်ခံခဲ့သည်။



“ငါ့အဖေဆီက ကြားဖူးတယ်။ မင်းက ဗိုလ်ချုပ်စုန့်ရဲ့သားဆို၊ အိုး…မွေးစားသားတဲ့။ မင်းရဲ့ ကောင်းမွန်လှတဲ့အဖေက ကျင်းကော်ရဲမက်တွေကို ဦးဆောင်ပြီး ငါတို့ကို အနိုင်တိုက်ခဲ့တာလေ။ ငါမြို့တံခါး ကျိုး‌ပေါက်သွားတာကို မှတ်မိတယ်။ မြို့ထဲမှာ မီးရှို့၊ လူသတ်၊ လုယက်တာအပြင် ရှိသမျှ ရာဇဝတ်မှုတွေ အကုန်လုပ်ခဲ့တယ်။ တကယ်စက်ဆုပ်စရာ ကောင်းတာပဲ။ စုန့်လီချင်း မင်းကမင်းကိုယ်မင်း ထန်ဟွားလန်ဆိုပြီး၊ ဗိုလ်ချုပ်သားဆိုပြီး အရမ်းဂုဏ်သရေရှိလှပြီ ထင်နေတာလား။ မင်းခန္ဓာကိုယ်ထဲမှာ အပြစ်သွေးတွေ စီးဆင်းနေတာ”



“နိုင်ငံတော်ရဲ့ သမာသမတ်ကျမှုရှေ့မှာ မှန်တာတွေ မှားတာတွေ မရှိဘူး။ မတူညီတဲ့ အခြေအနေ၊ အချိန်အခါ၊ အနေအထားတွေပဲ ရှိတယ်”



စုန့်လီချင်း သူနဲ့ ပြိုင်မငြင်းချင်ပေ။



“နောက်ပြီး လူတွေကို လူကောင်းလူဆိုးဆိုပြီး ခွဲခြားထားတယ်လို့ ငါဘယ်တုန်းကမှ မခံစားမိဘူး”



ဟူနွီအာက မနှစ်မြို့စွာနဲ့

“သူ‌တော်ကောင်းဟန်ဆောင်တာတွေ ရပ်လိုက်တော့။ မင်းက ငါ့အမူအကျင့်စရိုက်တွေက နိမ့်ကျတယ်လို့ ထင်နေတာလား။ ဒါပေမယ့် မင်းရဲ့ ဖေဖေလေးကရော ဘာထူးလို့လဲ။ သူကဆောင်ကြာမြိုင်အိမ်ကို ဦးစီးနေရုံတင်မကသးဘူး၊ ငါကြားတာတော့ သူအရင်က…”



“ပါးစပ်ပိတ်ထား! ငါ့ကိုစော်ကားတာက ကိစ္စမရှိဘူး။ ဒါပေမယ့် ငါ့အဖေကိုတော့ မင်းစော်ကားလို့ မရဘူး”



စုန့်လီချင်း စိတ်ဆိုးနေပြီပဲဖြစ်သည်။ သူ့ဘဝမှာ ကြိုးစားအားထုတ်ခဲ့တာတွေ အကုန်လုံးက ဖခင်နှစ်ဦးရဲ့ ဂုဏ်သတင်းနဲ့ ဂုဏ်သိက္ခာကို ကာကွယ်ဖို့သာ။



သူစိတ်ဆိုးနေတာကို မြင်တော့ ဟူနွီအာက သူ့လက်မောင်းသူ တဖတ်ဖတ်ရိုက်ရင်း တခစ်ခစ်ရယ်နေသည်။



“ငါပြောတာမှန်လို့ မင်းဒေါသထွက်နေတာမလား။ မင်းရဲ့ ဖြူစင်မှုကို ထိခိုက်စေလို့လေ”



ဟူနွီအာက သရော်ပြုံးပြုံးလိုက်ပြီး မေးဖျားကိုမော့ကာ စိတ်ကြီး၀င်နေသံဖြင့် ပြောလိုက်သည်။



“ပြီးတော့ငါက ရူ့ဘုရင်ရဲ့ တစ်ဦးတည်းသောသားတော်၊ အိမ်ရှေ့စံမင်းသားပဲ။ အဆင့်အတန်းနဲ့ မျိုးရိုးအရ ပြောမယ်ဆိုရင် ငါကမင်းထက်တောင် ပိုမြင့်မြတ်သေးတယ်”



“မင်းက ရူ့နိုင်ငံတော်ရဲ့ အိမ်ရှေ့စံမင်းသား…”



စုန့်လီချင်း ထိတ်လန့်သွားရသည်။



သူဘယ်ဘက်ကနေ ဘယ်လိုကြည့်ကြည့် ဟူနွီအာဆီမှာ မင်းသားတစ်ပါးရဲ့ စိတ်နေသဘောထားမျိုး ရှိမနေပေ။



“နိုင်ငံတစ်နိုင်ငံရဲ့ အိမ်ရှေ့စံမင်းသားက ဘယ်လို...ဘယ်လိုလုပ်ပြီး…”



စုန့်လီချင်း ဘယ်လိုမှ မယုံနိုင်ပေ။



“ဘယ်လိုလုပ်ပြီး နိမ့်ကျတဲ့ အိမ်မွေးတိရစ္ဆာန် ကစားစရာကျွန် ဖြစ်သွားရတာလဲဟုတ်လား။ တိုင်းပြည်ပျက်စီးသွားတာတွေ၊ မိသားစုချေမှုန်းခံလိုက်ရတာတွေကို ငါလည်းဘယ်ဖြစ်ချင်ပါ့မလဲ”



ဟူနွီအာက ဒီလိုသာ ပြောနေပေမယ့် သူ့မျက်နှာပေါ်မှာ ဘာဝမ်းနည်းမှုမှမရှိဘဲ ပြုံးတောပြုံးနေလိုက်သေးသည်.



စုန့်လီချင်း မသိမသာ တုန်သွားသည်။



ဟူနွီအာက ရှေ့တိုးလာတော့ သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားကြသည်။



“အခုရော မင်းကိုယ်မင်း အိမ်ရှေ့စံမိဖုရားဖြစ်ဖို့ အရည်အချင်းပြည့်မီတယ်လို့ ထင်နေတုန်းပဲလား”



စုန့်လီချင်းရဲ့ နှလုံးသားမှာ အပြင်းအထန် ထိုးနှောက်ခံလိုက်ရသည်။ သူ့အရိုးထဲမှာ နက်နက်ရှိုင်းရှိုင်း ကိန်းအောင်းနေတဲ့ သိမ်ငယ်မှုက ဟူနွီအာရဲ့ ထိုးဆွမှုကြောင့် ပေါ်ထွက်လာပြီး သူ့မျက်နှာတစ်ခုလုံး မည်းမှောင်သွားသည်။



“ငါ...ငါ အရည်အချင်း မပြည့်မီပါဘူး”



စုန့်လီချင်းက တိုးတိုးလေးပြောလိုက်သည်။



ဟူနွီအာက တခစ်ခစ်ရယ်ရင်း ပြောလိုက်သည်။



“မင်းက အလွယ်တကူနဲ့ အရှုံးကို ၀န်ခံတတ်တာပဲ”



စုန့်လီချင်း အသက်ရှူမဝတော့ပေ။ သူလေသံတိုးတိုးလေးဖြင့် ပြောလိုက်မိသည်။



“ငါက ငါ့ပစ္စည်းကိုပဲ ပြန်လိုချင်ရုံပါ”



ဟူနွီအာက နှုတ်ခမ်းကိုလျှာနဲ့သပ်လိုက်ပြီး

“ကောင်းပြီလေ၊ တခြားတစ်ခုနဲ့ လဲကြတာပေါ့”



“မင်းပြောပါ”



စုန့်လီချင်းမှာ အခုဆို ပန်းဖွားလေးပဲပြန်ယူပြီး ဒီနဲ့နည်းနည်းဝေးတဲ့နေရာကို အပြေးထွက်သွားချင်စိတ်ပဲ ရှိတော့သည်။



ဟူနွီအာက သူ့နားကပ်လာပြီး သူ့နားနားလေးကို တစ်ခုခု ကပ်ပြောသည်။



“မင်း အိမ်ရှေ့စံမင်းသားကို ညအနည်းငယ်လောက် ငါ့ဆီငှားရင်ရော ဘယ်လိုလဲ”



“ဘာ!”



သူဘာကိုဆိုလိုချင်မှန်း စုန့်လီချင်းမသိပေ။



ဟူနွီအာက ပြန်ဖြေသည်။



“အိမ်ရှေ့စံမင်းသားကို တွယ်ကပ်မနေနဲ့တော့။ သူ့ကိုငါ့ဆီမှာ ရက်အနည်းငယ်လောက် နေခိုင်းလိုက်။ ဒါက အလဲအလှယ်ပဲ။ မင်းသာကတိပေးရင် ဒီအပေါစားပစ္စည်းကို ပြန်ပေးမယ်။”



“မရဘူး!”



စုန့်လီချင်း စဉ်းစားမနေဘဲ ငြင်းဆန်လိုက်သည်။



“ဘာလို့လဲ”



ဟူနွီအာက မျက်မှောင်ကြုတ်လျက်

“ရက်အနည်းငယ်လေးပဲလေ။ အိမ်ရှေ့စံမိဖုရားက အဲ့လောက်တွန့်တိုတာတော့ မဟုတ်ပါဘူးနော်။ ငါ့ဘေးနားမှာ ယောက်ျားတစ်ယောက်ယောက်မရှိရင် ငါမနေတတ်ဘူး။ အိမ်ရှေ့စံမင်းသားမရှိဘဲ ငါမနေနိုင်ဘူး”



စုန့်လီချင်း ဒေါသထွက်သွားသည်။



“ချီယွိက ငါ့ချစ်သူ၊ ငါ့…အမျိုးသား။ ငါသူ့ကို ဘယ်လိုလုပ် တခြားတစ်ယောက်လက်ထဲ ထည့်ပေးနိုင်မှာလဲ”



ဟူနွီအာက အချက်ကျကျ ပြန်ပြောသည်။



“အလယ်ပိုင်းလွင်ပြင်က လူတွေက ဇနီးသုံးယောက်၊ ကိုယ်လုပ်တော်လေး‌ယောက် ထားကြတယ်။ ဧကရာဇ်ဆို သူ့မောင်းမဆောင်ထဲမှာ ကိုယ်လုပ်တော် သုံးထောင်တောင်ရှိတယ်။ အိမ်ရှေ့စံမင်းသားကရော အနာဂတ်မှာ မိန်းမတွေ ထပ်မယူတော့ဘူးလို့ မင်းအာမခံနိုင်လို့လား”



စုန့်လီချင်းမှာ မနေ့ညက တစ်ညလုံးခံခဲ့ရတဲ့ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ နာကျင်မှုတွေဒဏ်ကနေ အခုထိ မသက်သာသေးပေ။ သူ ဟူနွီအာရဲ့စကားကြောင့် ထိတ်လန့်တုန်လှုပ်သွားပြီး အမြင်အာရုံတွေလည်း ဝေဝါးလာခဲ့သည်။ ခေါင်းတစ်ခုလုံး မူးနောက်နေပြီး လဲကျတော့မလိုလို ဖြစ်လာသည်။



သူ အာမမခံနိုင်ဘူး…



သူ့မှာ ဘာအာမခံချက်ရှိလို့လဲ။



သူ့အပေါ်ထားတဲ့ ကျွင်းချီယွိရဲ့ ချစ်ခြင်းမေတ္တာလား။ ဒါက သူတစ်ယောက်တည်း ထင်ယောင်ထင်မှားဖြစ်နေရုံ သက်သက်ပဲ။



“ချီယွိသဘောထားကလည်း ရှိသေးတယ်။ ဘယ်လိုလုပ် တခြားသူတွေက သူ့ကိုအတင်းလုပ်လို့ရမှာလဲ။ ရယ်စရာပဲ။ ငါတို့ကအခုမှ ပူပူနွေးနွေး ဇနီးမောင်နှံတွေ။ ငါမင်းကို ကတိပေးလိုက်ရင် ငါ့ရဲ့ချစ်ခြင်းမေတ္တာကို ငါကိုယ်တိုင်စော်ကားရာ ရောက်လိမ့်မယ်။ ငါချစ်တဲ့သူကို တခြားသူတွေ လာလုတာ ခွင့်မပြုနိုင်ဘူး”



“စော်ကားတာ၊ လုတာတဲ့လား”



ဟူနွီအာက ဟာသတစ်ခုကို ကြားလိုက်ရသလိုမျိုး ခုနကထက်တောင် ပုံကြီးချဲ့ပြီး ရယ်မောလိုက်သေးသည်။



သူ့ကိုယ်သူ သရော်နေပုံရတဲ့ ဟူနွီအာရဲ့ တစ်မူထူးခြားတဲ့ မျက်လုံးတွေကို စုန့်လီချင်း ကြည့်နေမိသည်။



ဟူနွီအာက ရယ်နေရင်း မျက်ရည်ကျလာတော့မှ နောက်ဆုံးတွင် ရယ်တာရပ်လိုက်သည်။



“မင်းက... မင်းကတအား အတာပဲ၊ အိမ်ရှေ့စံမိဖုရားရဲ့။ ကိုယ့်ကိုကိုယ်လည်း ကြည့်ပါဦး။ မင်းက မနေ့ညကမှ အသစ်ရောက်လာတာ မဟုတ်လား။ မင်းနုံးချည့်နေပုံအရတော့ သခင်က မင်းအပေါ် အများကြီး အားစိုက်ထုတ်ခဲ့တဲ့ပုံပဲ”



စုန့်လီချင်းက သူ့အနား မကပ်ချင်ပေမယ့် ဟူနွီအာကတော့ ကပ်ချင်နေသည်။



“ဒီနားလာပါဦး၊ ငါမင်းကို လျှို့ဝှက်ချက်လေးတစ်ခု ပြောပြမလို့။ အင်း၊ လျှို့ဝှက်ချက်ရယ်လို့လည်း မဟုတ်ပါဘူး။ စစ်တပ်ကလူတိုင်း သိတယ်။ မင်းအဖေတောင် သိတယ်။ အနောက်ပိုင်းဒေသမှာတုန်းက ငါကအမြဲတမ်း အိမ်ရှေ့စံမင်းသားကို အသုံးတော်ခံပေးခဲ့တာလေ။ သူက အဲ့နေရာမှာ အရမ်းကျွမ်းကျင်နေတာကို မင်းသတိမထားမိဘူးလား အဟဲဟဲ…”



စုန့်လီချင်းရဲ့မျက်နှာက တစ်စထက်တစ်စ ပိုပိုဖြူဖျော့လာကာ မူးနောက်လာသည်။



ကျွင်းချီယွိ ဒီ‌လောက်ချောချောမွေ့မွေ့ လွယ်လွယ်ကူကူလုပ်တတ်တာကို မအံ့ဩတော့ဘူး။ သူနဲ့ဟူနွီအာက အရင်ကတည်းက လက်ထပ်ထားပြီးသား ဖြစ်နေတာကိုး။



စုန့်လီချင်း သူ့နှလုံးသားထဲမှာ အပေါက်တစ်ပေါက် ဖောက်ခံလိုက်ရသလို ခံစားနေရသည်။ အလွန်နာကျင်ကာ နှလုံးသားတစ်ခုလုံး ပွင့်ထွက်တော့မလိုပင်။



သူ့ခံစားချက်တွေက စင်ကြယ်ပြီး အပြစ်အနာအဆာကင်းနေရမယ်လို့ အမြဲတမ်း မျှော်လင့်ခဲ့တာကြောင့် သူ့ကိုယ်သူ သန့်စင်အောင် ထိန်းသိမ်းနေထိုင်ခဲ့ကာ သူချစ်ရတဲ့ တစ်ဦးတည်း‌သောသူဆီမှာပဲ အရာအားလုံး မြှုပ်နှံမယ်လို့ စိတ်ကူးထားခဲ့သည်။



ဒါပေမယ့် အခုတော့ သူထင်ထားခဲ့တဲ့ အချစ်က လုံးဝမသန့်စင်ဘူးဆိုတာကို သူသိလိုက်ရသည်။



ဟူနွီအာရဲ့ ရန်စသလိုရယ်သံက အလွန်စူးရဲကာ အရူးတစ်ယောက်နှင့် တူနေသည်။



“မင်းက ကျင်းကော်ဧကရာဇ်ဆီကနေ မင်္ဂလာပွဲ ချီးမြှင့်ခံရရတယ်ဆိုရင်တောင် ဒါကငါ့အပေါ် အခွင့်ကောင်းယူတာပဲ။ ငါသုံးပြီးသားယောက်ျားကို သုံးတာက ညစ်ပတ်တယ်လို့ ထင်မိလား။ ငါအရင်ဦးအောင် ယူသွားတာကို မင်းအပြစ်မတင်ဘူးမလား၊ အိမ်ရှေ့စံမိဖုရား”


_______________________________________________________________________