Chapter 27
စုန့်လီချင်းက ပေရှင်းရှုကိုတင်းတင်းကြပ်ကြပ်ဖက်၍ ရှိုက်ကြီးတငင်ငိုနေသည်။
ပေရှင်းရှုလည်း ရုတ်တရက် အဖက်ခံလိုက်ရသဖြင့် သူ့လက်များမှာ ပြန်ဖက်ရမည်လား တွန်းထုတ်ရမည်လား ဝေခွဲရခက်နေသည်။
ကျင့်၀တ်နှင့် စိတ်အလိုလိုက်မှုအကြား သူ ဒုတိယတစ်ခုကို ရွေးလိုက်သည်။
ထို့ကြောင့် ပေရှင်းရှုလည်း စုန့်လီချင်းကိုပြန်ဖက်လိုက်ပြီး သူ့ပုခုံးပေါ်မှီကာ ခဏကြာအောင် ငိုခွင့်ပေးထားလိုက်သည်။
အကြောင်းမှာ ဤအခိုက်အတန့်လေးမှာ ပေရှင်းရှုအတွက် ဆုလာဘ်တစ်ခုဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့ကြောင့် ယခုလိုအံ့အားသင့်ဖွယ်ကိစ္စကို ရုတ်တရက်ရလိုက်သောကြောင့် သူ မယုံကြည်နိုင်လောက်အောင် ပျော်ရွှင်နေမိသည်။
“ဝူးဝူးဝူး…”
စုန့်လီချင်းမှာ ရှိုက်နေရုံသာတတ်နိုင်ပြီး စကားမပြောနိုင်တော့ပေ။ ခဏကြာမှသာ သူ့ ရှိုက်သံများ တဖြည်းဖြည်း တိတ်သွားပြီး တစ်ချက်တစ်ချက်သာ ရှိုက်သံထွက်လာတော့သည်။
“ငါအကြာကြီး အိပ်ပျော်သွားတာ”
စုန့်လီချင်းက အချိန်အတော်ကြာမှ ပါးစပ်ဟလာပြီး အားနည်းနေသောအသံဖြင့် ရှင်းပြလေသည်။
“ငါအိပ်မက်တွေ အများကြီးမက်လိုက်သေးတယ် ယမမင်းရဲ့ နန်းတော်ကိုလည်း အိပ်မက်မက်တယ်၊ သူတို့က ငါ့ကိုဖမ်းပြီး ၁၈ ထပ်မြောက်ငရဲကို ပို့လိုက်တယ်၊ ငါက လောဘ၊ ဒေါသ၊ မောဟတွေ ကျူးလွန်ခဲ့လို့ အပြစ်ခံရမယ်တဲ့၊ အခါတစ်ရာ အပြစ်ခံပြီးမှ လူပြန်၀င်စားခွင့်ရမယ်တဲ့၊ ငါ အရမ်းကြောက်နေတုန်း မင်းငါ့ကိုခေါ်လိုက်တာ ကြားလိုက်ရတယ်၊ ငါ မင်းအသံနောက်လိုက်ပြီး အသည်းအသန် ထွက်ပြေးလာခဲ့တာ၊ ငါ အလင်းတန်းလေးတစ်ခုထဲ ပြေး၀င်ပြီး…”
ပေရှင်းရှု၏ နှုတ်ခမ်းထောင့်လေးများက ကွေးညွှတ်နေလေသည်။ စုန့်လီချင်းက သူ့ကို ပွေ့ဖက်ပြီး သူ့အိပ်မက်နှင့် ခံစားချက်များကို အေးအေးဆေးဆေး ပြောပြလိမ့်မယ်လို့ သူ ဘယ်တုန်းကမှ မတွေးဖူးခဲ့ပေ။
ဤကဲ့သို့ အခြေအနေမျိုးနှင့်ပင် ပေရှင်းရှုတစ်ယောက် အကြီးအကျယ် ပျော်ရွှင်နေမိသည်။
“အဲအလင်းတန်းထဲမှာ မင်း ငါ့နာမည်ကို ခေါ်ခဲ့တာမလို့ မင်းငါ့ကို ကယ်လိုက်တာပဲ…”
စုန့်လီချင်းက သူ့ကို ထပ်ပြီး တင်းတင်းဖက်ရင်း ဆက်ပြောသည်။
“ငါမင်းကို ဘယ်တော့မှ ပြန်မတွေ့ရတော့ဘူးလို့ ထင်ခဲ့တာ…ချီယွိ”
ပေရှင်းရှု၏အပြုံးက အေးခဲသွားသည်။
ပျော်ရွှင်မှုကြောင့် တဒိန်းဒိန်း ခုန်နေခဲ့သည့် သူ့နှလုံးသားက ချက်ချင်းငြိမ်ကျသွားပြီး သူ့လက်တွေကလည်း နာကျင်မှုကြောင့် တုန်ယင်လာခဲ့သည်။
သူဖက်ထားချင်တဲ့သူက သူမဟုတ်ဘဲ ကျွင်းချီယွိ ဖြစ်နေခဲ့တာကိုး။
ကျွင်းချီယွိနာမည်နှင့်ဆိုလျှင်တောင် သူ့ကိုပွေ့ဖက်ခွင့်ရမည့် အချိန်များကို တစ်မိနစ်တစ်စက္ကန့်လေးပဲဖြစ်ဖြစ် ပေရှင်းရှုလိုချင်မိသည်။
သို့ပေမယ့် သူမလိမ်နိုင်ပေ။ စုန့်လီချင်းက အနှေးနှင့်အမြန် အမှန်တရားကို သိသွားပြီး သူ့ကို ပိုမုန်းရုံသာရှိမည်။
“ငါအကြာကြီး သတိမေ့နေတယ်ဆိုတာကို သိတယ်၊ မင်း ငါ့အနားမှာ ရှိနေပေးခဲ့တာလား”
စုန့်လီချင်းက ပျော်ရွှင်စွာမေးလိုက်သည်။
“ဘာလို့ စကားမပြောတာလဲ၊ ချီယွိ”
“လီချင်း”
ပေရှင်းရှု ဝန်ခံလိုက်သည်။
“ငါက ကျွင်းချီယွိ မဟုတ်ဘူး”
သေချာပေါက်ပင်။ စုန့်လီချင်းက သူ့အသံကိုကြားတော့ ငြိမ်သက်သွားပြီး ရုတ်တရက် တွန်းထုတ်လိုက်သည်။
စုန့်လီချင်းက အားနည်းနေတာကြောင့် တွန်းထုတ်လိုက်သည့်အားက ပျော့ပေမယ့် ပေရှင်းရှုကတော့ အလွန်ပြင်းသည်ဟု ခံစားလိုက်ရသည်။
စုန့်လီချင်းက ပလိပ်ရောဂါနတ်ကို ရှောင်နေသကဲ့သို့ ထိတ်လန့်နေသောအသွင်ဖြင့် ခုတင်ထောင့်တစ်နေရာကို တိုးဝှေ့ပြီး ပုန်းသွားတာကို သူကြည့်နေမိသည်။
“ဘာလို့ခင်ဗျားလဲ၊ ခင်ဗျားက ဘာလို့ ကျွန်တော့်အိမ်မှာ ရှိနေရတာလဲ”
ပေရှင်းရှု၏ နှလုံးသားက အလွန်နာကျင်နေတာကြောင့် သူစကားတောင် မပြောနိုင်တော့ပေ။
“မင်းငါ့ကို ဒီလောက်တောင် မုန်းတာလား လီချင်း”
စုန့်လီချင်းမှာ အေးဆေးတည်ငြိမ်သွားပြီဖြစ်သည်။ သူမျက်ရည်တွေကို သုတ်လိုက်သည်။ သူ ကျွင်းချီယွိကလွဲလို့ တခြားအပြင်လူတွေရှေ့မှာ မငိုခဲ့ဖူးပေ။
“ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး”
စုန့်လီချင်းက စိတ်ရင်းအတိုင်း ပြန်ဖြေလိုက်သည်။
“ကျွန်တော်က…သူလို့ထင်နေခဲ့ရုံပါ”
ပေရှင်းရှု၏ မျက်လုံးတွေ ရုတ်တရက် နီရဲလာသည်။
ဒီစကားတစ်ခွန်းနဲ့တင် လုံလောက်ပြီ။
စုန့်လီချင်းဆီက စစ်မှန်သော စကားတစ်ခွန်းရဖို့အတွက် သူလုပ်ခဲ့သမျှ အရာအားလုံးက ထိုက်တန်သည်ဟု ခံစားလိုက်ရသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်က အတွေ့အကြုံတွေကို စုန့်လီချင်းပြန်တွေးမိပြီး ယခုချိန်ထိ ကျောရိုးထိထဲစိမ့်အောင် ကြောက်ရွံ့နေသေးသည်။
“ဒါပေမဲ့ ခင်ဗျားပြောခဲ့တဲ့ ပြည်ထောင်ပေါင်းစုံတွေ့ဆုံပွဲက အဓိပ္ပါယ်မရှိတဲ့ စကားတွေကြောင့် ချီယွိက ကျွန်တော့်ကို အပြစ်တင်တာ”
“ငါသိပါတယ်၊ ငါ့ရဲ့ စိတ်လိုက်မာန်ပါအပြုအမူတွေကြောင့် မင်းဒီလိုဖြစ်ရတာကို”
ပေရှင်းရှု အသံတိုးတိုးလေးဖြင့် ပြောလိုက်သည်။
“မင်းငါ့ကို မုန်းသင့်ပါတယ်”
“ကျွန်တော် ခင်ဗျားကို မမုန်းပါဘူး”
စုန့်လီချင်း ခပ်ဖွဖွခေါင်းခါလိုက်သည်။ အချစ်အတွက် အရူးအမူးဖြစ်နေရသည့် ဒီခံစားချက်ကို သူနားလည်နိုင်ပါသည်။
ဒီလိုလူတစ်ယောက်က ဘယ်လိုလုပ် မကောင်းတဲ့လူဖြစ်နိုင်မှာလဲ။
“ခင်ဗျား မြန်မြန်သွားတော့၊ ခင်ဗျား ချီလင်အိမ်တော်ကို ခိုးပြီးလာတွေ့တယ်ဆိုတာကို ချီယွိသိသွားရင် ဘယ်လောက်တောင် ဒေါသထွက်မလဲ မသိဘူး”
ပေရှင်းရှုက နှစ်သိမ့်လိုက်သည်။
“စိတ်မပူပါနဲ့၊ မင်းကို ကယ်ပေးဖို့ သူငါ့ကိုတောင်းဆိုခဲ့တာ”
“သူက ခင်ဗျားကို တောင်းဆိုခဲ့တာဟုတ်လား”
ကျွင်းချီယွိက အကူအညီတောင်းခဲ့တယ်ဆိုတာကို စုန့်လီချင်း တကယ် စိတိကူးပင်မယဉ်နိုင်ပေ။
ပြီးတော့ သူ့အတွက်နဲ့ တခြားသူကို အကူအညီတောင်းတယ် ဟုတ်လား။
“ကျွန်တော် အရမ်းတော့မယုံဘူး၊ သူက…ကျွန်တော့်ကို ဂရုမစိုက်ဘူးလို့ ထင်ခဲ့တာ၊ ကျွန်တော့်ကို သေပဲသေခိုင်းမယ်လို့ ထင်ခဲ့တာ”
စုန့်လီချင်း ထပ်ပြီး တွေဝေသွားပြန်သည်။
“တော်၀င်ဆေးခန်းမှာလည်း သမားတော်တွေ အများကြီးရှိတယ်၊ တော်၀င်သမားတော်ချီကလည်း အရည်အချင်းရှိတယ်၊ ဒါတောင် ကျွန်တော့်ကို ကယ်တဲ့လူက ဘယ်လိုလုပ် ခင်ဗျားဖြစ်သွားရတာလဲ”
“အိုး၊ သဲကန္တာရဂျင်ဆင်းကနေ ပြုလုပ်ထားတဲ့ နတ်ဆေးလုံးတစ်လုံးကြောင့်လေ”
ပေရှင်းရှုက ပွင့်ပွင့်လင်းလင်း ပြန်ဖြေလိုက်သည်။
တစ်ခုခုမှားနေသသည်ဟု စုန့်လီချင်း ထင်နေသည်။ တစ်နိုင်ငံလုံး ကြိုးစားရှာဖွေမှ သဲကန္တာရဂျင်ဆင်းတစ်ပင်ပဲ ရှာတွေ့ခဲ့တယ် ဟု ပေရှင်းရှုပြောခဲ့တာကို သူ သတိရသွားသည်။
ဒီလိုဟာကို သူ့အပေါ်မှာ အသုံးပြုတယ်ဆိုတာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
“ဒါက အရမ်းတန်ဖိုးကြီးမယ်ထင်တယ်၊ ခင်ဗျားမှာလည်း ဒီဆေးက အများကြီးရှိတာ မဟုတ်ဘူးမလား”
“စုစုပေါင်း ဆေးလုံး ၉ လုံး ရှိတယ်၊ ငါ လွန်ခဲ့တဲ့ ၆ နှစ်ကတည်းက စသောက်ခဲ့တာ ကံကောင်းလို့ ၃ လုံးကျန်နေသေးတာ၊ မဟုတ်ရင် ငါမင်းကို ကယ်နိုင်မှာမဟုတ်ဘူး”
ပေရှင်းရှုက ပြုံးပြီးပြောလိုက်သည်။
ပေရှင်းရှုကသာ ပေါ့ပေါ့ပါးပါး ပြောလိုက်သော်လည်း စုန့်လီချင်းရင်ထဲမှာတော့ မုန်တိုင်းတစ်ခုအလား လှုပ်ခတ်သွားသည်။
“ခင်ဗျား…”
စုန့်လီချင်း တုန်လှုပ်သွားသည်။
“ဒါက…ဒါက ခင်ဗျားကို အသက်ဆက်ရှင်စေတဲ့အရာလေ!”
“အင်း၊ ဘာပြဿနာရှိလို့လဲ”
ပေရှင်းရှုကိုကြည့်ရတာ ဂရုမစိုက်သည့်ပုံပင်။
စုန့်လီချင်း ပါးစပ်အဟောင်းသားဖြစ်သွားပြီး သူတကယ် အလွန်အမင်း တုန်လှုပ်သွားသည်။
“ဒါက…ခင်ဗျားရဲ့ သက်တမ်းလေ၊ ခင်ဗျားနဲ့ ဘာမှမဆိုင်တဲ့ လူတစ်ယောက်ကို ကယ်ဖို့အတွက်နဲ့ ဘယ်လိုတောင် အသုံးပြုနိုင်ရတာလဲ”
ပေရှင်းရှု သူ့ကို အမှားပြင်ပေးလိုက်သည်။
“အရင်ကတော့ မဆိုင်ဘူးပေါ့၊ ဒါပေမဲ့ နောက်ကျရင်တော့ မဟုတ်တော့ဘူးလေ”
“အဲဒါက အရေးကြီးတဲ့အချက် မဟုတ်ဘူးလေ!”
စုန့်လီချင်း ကြက်သေသေသွားသည်။
“အရေးကြီးတာက အဲဒါက ခင်ဗျားအသက်၊ ခင်ဗျားသာ ကျွန်တော့်ကို ပေးလိုက်မယ်ဆိုရင် ခင်ဗျား သေသွားလိမ့်မယ်”
“ဟဲဟဲ…”
ကြောက်လန့်နေသော သူ့ပုံစံကိုမြင်လိုက်ရတာကြောင့် ပေရှင်းရှု မရယ်ဘဲမနေနိုင်တော့ပေ။
ကြင်နာမှုလေး နည်းနည်းလေးရရုံနဲ့ တအားကြောက်လန့်နေတာပဲ။ ကြည့်လေကြည့်လေ အပြစ်ကင်းပြီး ချစ်စရာကောင်းလေပဲ။
ပေရှင်းရှုက စုန့်လီချင်းနှင့် ပိုနီးအောင် တိုးလာလိုက်သည်။ သို့ပေမယ့် စုန့်လီချင်းက ဒီတစ်ခါ မရှောင်တော့ပေ။
“အသက်ကိုဆွဲဆန့်ပေးတဲ့ အရာဆိုရင်ရော ဘာဖြစ်လဲ၊ စုစုပေါင်း သုံးလုံးပဲ ကျန်တော့တာ ငါနောက်ထပ်သုံးနှစ်ပဲ နေရတော့မှ၊ အခုဆို မင်းနဲ့ဝေမျှလိုက်တော့ နောက်ထပ်တစ်နှစ်ကို မင်းနဲ့တူတူ နေရတော့မှာလေ၊ ဘယ်လိုပဲတွက်တွက် ငါမြတ်တာပဲကို”
“မဟုတ်…”
စုန့်လီချင်း သူ့ကိုငြင်းဖို့ပြင်လိုက်ပေမယ့် ပေရှင်းရှုက စကားဖြတ်ပြောလိုက်သည်။
“မင်းကို သေသေရှင်ရှင်ပစ်ထားပြီး ငါ့ကို နောက်ထပ်သုံးနှစ် အသက်ဆက်ရှင်စေချင်တာလား”
ပေရှင်းရှု သက်ပြင်းချပြီး ပြောလိုက်သည်။
“မင်းနဲ့ မတွေ့ခင်တုန်းကဆိုရင်တော့ ဖြစ်နိုင်လောက်တယ်၊ ဒါပေမဲ့ မင်းနဲ့တွေ့ပြီးနောက်မှာ မင်းသာထွက်သွားရင် ငါအဲသုံးနှစ်ကို တစ်ယောက်တည်း ဘယ်လိုရှင်သန်ရမှာလဲ”
စုန့်လီချင်း ရှိုက်ကြီးတငင် ငိုတော့သည်။
သူ ပေရှင်းရှုကို မိုင်ပေါင်းထောင်ချီဝေးအောင် ရည်ရွယ်ချက်ရှိရှိ တွန်းထုတ်နေပေမယ့် ယခုလိုဆက်ဆံခံရလျှင် ဘယ်သူမဆို စိတ်လှုပ်ရှားသွားမှာပင်။
နွေဦးလေညှင်းလေးတစ်ခုက ပျက်စီးနေသော သူ့နှလုံးသားထံ တိုက်ခတ်လာပြီး ဘ၀သစ်တစ်ခုကို ဆောင်ကြဉ်းပေးလာခဲ့သည်။
သူဒီလိုနွေးထွေးမှုကို ယခင်က ကျွင်းချီယွိထံမှလည်း ခံစားခဲ့ရဖူးသည်။
“ခင်ဗျား ကျွန်တော့်ကို ဒီလိုဆက်ဆံတာကို ကျွန်တော်က သိတောင်မသိခဲ့ဘူး”
စုန့်လီချင်းက သူ့မျက်နှာကို ဖုံးလိုက်သည်။ လက်ချောင်းကြားတွင်တော့ မျက်ရည်များက စီးကျနေသည်။
သူ ရှက်နေမိသည်။
သူ ကျွင်းချီယွိကို သူ့ဘ၀တစ်ခုလုံးစာအတွက် ရည်ရွယ်ထားတာကြောင့် တခြားလူတစ်ယောက်ကို သူ့နှလုံးသားထဲ နေရာမပေးနိုင်ပေ။
“ခင်ဗျားကို ကျွန်တော် ဘယ်လိုပြန်ပေးဆပ်ရမလဲ၊ ခင်ဗျား… ခင်ဗျား ဘာလိုချင်လဲ ကျွန်တော့်ကိုပြော၊ ကျွန်တော် ခင်ဗျားအတွက် ရှာပေးပြီး ဒီလက်နှစ်ဖက်နဲ့ ဆက်သပါ့မယ်…”
စုန့်လီချင်း ဒီအကူအညီကို လက်မခံချင်ပေ။
ဒီလိုချစ်ခြင်းမျိုးက အရမ်းလေးလံလွန်းတယ်၊ သူ့မှာ ဘာမှပြန်ပေးဆပ်စရာ မရှိဘူး။
ပေရှင်းရှုက ပိုပြီး နီးအောင် ရွှေ့လိုက်ပြီး ခပ်ဖွဖွပြောလိုက်သည်
“ပုံမှန်ဆိုရင် အသက်ကယ်ပေးတဲ့ကျေးဇူးကို ခန္ဓာကိုယ်နဲ့ပြန်ပြီး ပေးဆပ်ရတာ မင်းက…”
စုန့်လီချင်း ခေါင်းမော့လိုက်သည်။ သူ့မျက်နှာတစ်ခုလုံးက ငိုထားတာကြောင့် စိုစွတ်နေလေသည်။
“ခင်ဗျားသိပါတယ် ကျွန်တော်က…”
“ငါပြောတာမပြီးသေးဘူး”
ပေရှင်းရှုက သူ့အပြုံးကို ဖိနှိပ်ရင်းပြောလိုက်သည်။
“ငါပြောတာ မင်းက မြင်းလို၊နွားလိုရုန်းပြီး ငါ့ကိုကျေးဇူးပြန်ဆပ်တော့မလို့လား”
စုန့်လီချင်း အနည်းငယ် မခံမရပ်နိုင်ဖြစ်သွားသည်။
“ခင်ဗျား ကျွန်တော့်ကို လှောင်ချင်ရင်လည်း လာကစားမနေပါနဲ့တော့”
“အိုး…မင်းကအခုထိ နားမလည်သေးဘူးပဲ၊ ငါပြောတာ မင်းကို အပြစ်ရှိသလို ခံစားရစေဖို့၊ ကျေးဇူးတင်ခံချင်လို့ ငါ့ကျေးဇူးကို ပြန်ဆပ်ခိုင်းစေချင်လို့ မဟုတ်ဘူး၊ ငါပြောချင်တာက မင်းအသက်က အခုဆို ငါ့ရဲ့ဝေစုတစ်စိတ်တစ်ပိုင်း ဖြစ်နေပြီ၊ ဒီအသက်ကို ခက်ခက်ခဲခဲ ပြန်ရခဲ့တာ မင်းအနာဂတ်မှာ ကောင်းကောင်းမွန်မွန် နေရမယ်၊ ကိုယ့်ကိုယ်ကိုယ် ပျက်စီးအောင်မလုပ်နဲ့၊ ဒါ ငါ့ကို ပြန်ပေးဆပ်တယ်လို့ပဲ သဘောထားလိုက်”
_________________________________________________________________________