Ch 29
Viewers 2k

Chapter 29


ပထမဆုံးအကြိမ်အဖြစ် စုန့်လီချင်းဘက်မှ စ၍ ကျွင်းချီယွိ၏လက်ကို အရင်လွှတ်ပေးလိုက်သည်။


တကယ်တော့…လက်လွှတ်ဖို့က အဲလောက်လည်း မခက်ပါဘူး။


စုန့်လီချင်းက ကျွင်းချီယွိ၏ လက်ချောင်းသွယ်သွယ်လေးတွေ၊ လက်နက်မျိုးစုံ ကိုင်ဆောင်ခဲ့ဖူးပြီး ရန်သူအများအပြားကို သတ်ခဲ့ဖူးသည့် လက်ဖဝါးလေးကို ကြည့်နေမိသည်။ သူ့လက်များမှာ သန်မာပြီး သွယ်လျပေမယ့် ကြမ်းတမ်းမှုမရှိပေ။ ကျွင်းချီယွိဘက်မှ စ၍ သူ့လက်ကို အရင်စပြီးမဆုပ်ကိုင်ခဲ့ဖူးသည့် အတွက်တော့ အနည်းငယ် နှမြောသလို ခံစားနေရသည်။


ထိုအချိန်တွင် ကျွင်းချီယွိမှာတော့ လူတစ်ယောက်၏ လက်ကို လွှတ်ပေးရန်မှာ လွယ်ကူသော်လည်း တင်းတင်းကြပ်ကြပ် ပြန်ဆုပ်ကိုင်နိုင်ရန်အတွက်က ခက်ခဲသည်ကို သူ မသိခဲ့ပေ။


“ချီယွိ၊ ဒီကိစ္စကြောင့် မင်းစိတ်ဆိုးနေတုန်းပဲလား”


ထိုအစား ကျွင်းချီယွိက ပြန်မေးလာခဲ့သည်။


“ဒါဆို ငါကသည်းခံနေပြီး မင်းကို ပေရှင်းရှုရဲ့ရင်ခွင်ထဲရောက်အောင် လွှတ်ပေးထားရမှာလား”


၍စကားပြောပြီးချိန်မှာ အနေရခက်သလို ကျွင်းချီယွိ ခံစားလိုက်ရသည်။ 


သူဘာလို့ စုန့်လီချင်းကို အရမ်းဂရုစိုက်နေမိတာပါလိမ့်။


“အနည်းဆုံးတော့ မင်းက ချီလင်အိမ်တော်နဲ့ မသက်ဆိုင်တော့တဲ့အခါကျရင် ငါမင်းကို ဂရုစိုက်မနေတော့ဘူး”


ကျွင်းချီယွိက သူ့စိတ်ကို တင်းပြီး ထပ်ပြောလိုက်သည်။


စုန့်လီချင်းက ကျွင်းချီယွိကိုကြည့်ပြီး အလေးအနက်ပြောသည်။


“ငါ စုန့်လီချင်းက ဘဝအစကနေ အဆုံးထိ မင်းတစ်ယောက်တည်းကိုပဲ ရွေးချယ်ထားတာ ချီယွိ၊ တကယ်လို့ မင်းကိုတကယ်…တကယ် ထားခဲ့ရမယ့်နေ့ ရှိလာခဲ့မယ်ဆိုရင်တောင် အဲထားရခဲ့တဲ့အကြောင်းအရင်းက တခြားတစ်ယောက်ကို ချစ်မိသွားတဲ့အတွက်ကြောင့်တော့ သေချာပေါက်မဟုတ်ဘူး”


စုန့်လီချင်းမှာ ဘယ်လိုလုပ် တခြားတစ်ယောက်ကိုရှာဖို့အတွက် အချိန်ကျန်မှာလဲ။


“ငါ့ကိုထားခဲ့မယ်ဟုတ်လား”


ကျွင်းချီယွိကတော့ ထိုစကားလုံးများကိုသာ ဖမ်းမိလိုက်သည်။ သူ မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။


“မင်းက ငါ့ကိုထားသွားဖို့ စီစဉ်နေတာလား”


“ငါ…”


စုန့်လီချင်းက သူ့ခန္ဓာကိုယ် ပိုပြီးဆိုးရွားလာတယ်ဆိုတဲ့အကြောင်း၊ ရှင်ခြင်း၊ အိုခြင်း၊ နာခြင်း၊ သေခြင်းတွေက သူဘယ်လောက်ပဲ ဆန္ဒမရှိနေပါစေ၊ သူ့ရဲ့ထိန်းချုပ်မှုအောက်မှာ မရှိဘူးဆိုသည့်အကြောင်းကို ပြောပြမိလုနီးပါးဖြစ်သွားသည်။


“ငါ…ထားကိုထားခဲ့ရမယ့် အချိန်တွေ ရှိကောင်းရှိလိမ့်မယ်”


ကျွင်းချီယွိက သူဆိုလိုချင်တာကို နားမလည်ပေ။


“ဟားဟားဟား! အရမ်းကောင်းတယ်! မင်းဆုံးဖြတ်ချက်ချပြီးပြီဆိုရင် ဧကရာဇ်ဆီမှာ ငါနဲ့ကွာရှင်းချင်တယ်ဆိုတဲ့အကြောင်းကို မြန်မြန်တင်သွင်းလိုက်တော့၊ ဟားဟား…”


ကျွင်းချီယွိက ရယ်လိုက်သည်။ အပြုံးတစ်ပွင့်နှင့်အတူ သူစိတ်ရင်းမှန်ဖြင့် ပျော်ရွှင်နေပေမယ့် သူ့မျက်နှာပေါ်တွင်မူ စိတ်သက်သာရာရမှုက တဖြည်းဖြည်း လျော့ရဲလာခဲ့သည်။ ဘာကြောင့်လဲမသိပါဘဲ သူအပြည့်အဝ မပျော်နိုင်ပေ။


ယင်းအစား သူ အနည်းငယ် ဂနာမငြိမ်ဖြစ်လာခဲ့သည်။


စုန့်လီချင်း၏ထားသွားမှုက သူ့ကို စိုးရိမ်ပူပန်စိတ်ဖြစ်စေသောကြောင့် ကျွင်းချီယွိ အံ့အားသင့်သွားရသည်။


“မင်း ငါ့ကို လိုလိုလားလား ထားသွားလိမ့်မယ်ဆိုတာ ငါမယုံဘူး”


ကျွင်းချီယွိ၏လေသံက ကျိန်ပြောနေသကဲ့သို့ပင်။ သို့သော် အနည်းငယ်သော အပြစ်ရှိစိတ်နှင့်အတူ မဝံ့မရဲ စမ်းသပ်နေကြောင်းကိုတော့ သူတစ်ယောက်တည်းသာသိသည်။


“ငါကတော့ လက်လွှတ်မခံပါဘူး”


စုန့်လီချင်း၏စိတ်ထဲတွင် သူ့ကိုလက်လွှတ်ဖို့ ဘယ်လောက်ထိ ၀န်လေးနေသလဲဆိုတာကို အပြည့်အ၀ပေါ်လွင်အောင် မဖော်ပြတတ်ပေ။


သို့ပေမယ့် ကျွင်းချီယွိမှာမူ ယုံကြည်မှုပြန်ရသွားသည်။


သူ့ ကိုယ်ကိုမတ်လိုက်ပြီး အထက်စီးဆန်ဆန် ပြောလိုက်သည်။


“မင်းက ဂုဏ်သရေ၊ ချမ်းသာမှုတွေနဲ့ခွဲခွာရမှာကို မလိုလားဘူးဆိုတာ ငါသိပါတယ်၊ မင်းတို့စုန့်မိသားစုရဲ့ ဂုဏ်သိက္ခာကိုလည်း မင်းလက်လွှတ်မခံနိုင်ဘူးမလား၊ မင်း နောက်ဆုံးမှာမှ ရထားတဲ့ရာထူးကိုလည်း မင်းဘယ်လိုလုပ် လက်လွှတ်ချင်မှာလဲ”


စုန့်လီချင်းသည် မူလက သူ့ကိုအထင်လွဲတာ မကြိုက်သော်လည်း ယခုချိန်မှာ ရှင်းပြဖို့လည်း စိတ်ကူးမရှိပေ။


“အရှင့်သားက ဒီလိုထင်တယ်ပေါ့…”


စုန့်လီချင်းက ပေါ့ပေါ့ပါးပါးသာ ပြန်ပြောလိုက်သည်။ သူအနည်းငယ် မျက်နှာလွှဲလိုက်ပေမယ့် ငြင်းခုန်ဖို့ကိုလည်း မတတ်နိုင်ပေ။


စုန့်လီချင်း၏ အေးစက်စက်နှင့် ဂရုမစိုက်ဟန်မျက်နှာထားကို ကျွင်းချီယွိအကုန်မြင်နေရသည်။ 


စုန့်လီချင်းက ယနေ့ထူးဆန်းနေသလို အချိန်တိုင်း ခံစားနေရပေမယ့် ဘယ်နားပြောင်းလဲသွားသည်ကိုတော့ သူမသိချေ။


ယခု နောက်ဆုံး သူသိလိုက်ရတာက စုန့်လီချင်း၏ ဂရုမစိုက်မှုဆိုသည်ကိုပင်။


စုန့်လီချင်း၏ အရာအားလုံးအပေါ် စိတ်အားထက်သန်မှုက ယခင်ကထက်အများကြီး ပိုလျော့နည်းလာသည်မှာ သေခြင်းရှင်ခြင်းကိုပါ ဂရုမစိုက်တော့သကဲ့သို့ပင်။


ဒီလို လက္ခဏာမျိုးက…ကျွင်းချီယွိရဲ့ ထိန်းချုပ်မှုအောက်ကနေ လွတ်နေပြီ။


“ဒါဆို မင်းအခု ကျိန်ပြ”


လွတ်သွားရင် အတင်းအကြပ်လုပ်ယူလိုက်။ ဒါက ကျွင်းချီယွိရဲ့ ပုံမှန်ပုံစံပဲ။


“ဘာကိုလဲ”


စုန့်လီချင်းက မေးလိုက်သည်။


“ငါ့ကိုကျိန်ပြ…” 


ကျွင်းချီယွိက ခဏတာ မှင်သက်သွားပြီးမှ စိတ်ထွက်ပေါက်ရှာသည့်အနေဖြင့် ပြောလိုက်သည်။


“မင်းနဲ့ ပေရှင်းရှုနဲ့ ဘယ်တော့မှ ထပ်မတွေ့တော့ပါဘူးဆိုပြီး ငါ့ကိုကျိန်ပြ၊ အဲဒါဆိုရင် ဒီသစ္စာမဲ့မှုကို ငါခွင့်လွှတ်ပေးမယ်”


စုန့်လီချင်း သူ့နှုတ်ခမ်းတွေကို လှုပ်ရှားလိုက်သည်။


သူဘယ်လိုလုပ် ပေရှင်းရှုနဲ့ အဆက်အသွယ်ဖြတ်လို့ရမှာလဲ။ ဒါ ကျေးဇူးကန်းတာ မဟုတ်ဘူးလား။


“ဒါပေမဲ့ ပေရှင်းရှုက ငါ့ကို ကယ်ခဲ့တာလေ၊ ငါသူ့ကို အများကြီး အကြွေးတင်နေတယ်၊ ပြန်ပေးဆပ်မှဖြစ်မယ်”


“သူကမင်းကို ဘာကိစ္စ ကယ်နိုင်မှာလဲ၊ မင်းကိုကယ်တင်ခဲ့တာက နန်းတော်ထဲက တော်ဝင်သမားတော်ပဲ!” 


ကျွင်းချီယွိက ပေါ့ပေါ့တန်တန်ပဲ ပြောလိုက်သည်။ 


“သူမင်းကို ပေးခဲ့တာကဘာလဲ ဆေးလား၊ သူ့ကို ဆယ်ဆပြန်ပေးလိုက်!”


ဆေးမဟုတ်ဘူး။


ကံကြမ္မာပဲ။


စုန့်လီချင်းမှာ အလွန်အင်အားချိနဲ့နေသလို ခံစားရသောကြောင့် သူကိုယ်တိုင် ပြန်ပေးဆပ်နိုင်မှာ မဟုတ်တော့ပေ။


“ပြီးတော့ ပေရှင်းရှုက မြို့တော်မှာရှိနေတယ်၊ သူက နန်းတော်ထဲကိုလည်း အခါအားလျော်စွာ ဝင်ရတယ်၊ ငါငုံ့ကြည့်လိုက်တာနဲ့ သူ့ကိုမြင်နေရမှာကို”


စုန့်လီချင်းက စိတ်ဓာတ်ကျကျနှင့် ပြောလိုက်သည်။

“ငါသူ့ကို ဘယ်တော့မှ ထပ်မရှာတော့ဘူးလို့ပဲ ကျိန်နိုင်မယ်”


ကျွင်းချီယွိလည်း အင်တင်တင်နှင့်ပဲ လက်ခံလိုက်ရသည်။


“မင်း ‘ရှေ့စကားနဲ့နောက်စကားညီတယ်’ ဆိုတဲ့စကားလုံးကို သိတာ ပိုကောင်းလိမ့်မယ်”


“အင်း”


ကျွင်းချီယွိက စိတ်ကျေနပ်သွားသည့် အပြုံးကို ထပ်မံပြသလိုက်သည်။


“တကယ်တော့ မင်း ငါ့ဆန္ဒအတိုင်း လုပ်မယ်ဆိုရင် ပိုကောင်းလိမ့်မယ်၊ ဒါဆို မင်းသိပ်မခံရတော့ဘူး”


ကျွင်းချီယွိ၏ လက်ချောင်းများက စုန့်လီချင်း၏ မေးစေ့ပေါ် မျဉ်းဆွဲသလို ပွတ်ဆွဲနေသည်။ စုန့်လီချင်းက တကယ့်ကိုပိန်လွန်းပြီး ချောင်ကျလှသည်။ သို့ပေမယ့် သူ့အားနည်းချက်တွင် သနားစရာကောင်းသည့် ခံစားချက်တဲတဲလေးလည်း ပါရှိနေသည်။


ကျွင်းချီယွိက သူ့မျက်နှာကို ပွတ်သပ်လိုက်သည်။ ထို့နောက် လည်ပင်းအောက်သို့ ရွေ့လျားသွားသည်။ အင်္ကျီကော်လံကို ဖယ်လိုက်ပြီး ခန္ဓာကိုယ်နှင့် ကွက်တိဖြစ်နေသည့် အဝတ်အစားများကို ပခုံးပေါ်အထိ ချွတ်ချလိုက်ချိန်တွင် ရှင်းလင်းပြတ်သားသည့် ညှပ်ရိုးများက ပေါ်ထွက်လာခဲ့သည်။


ကျွင်းချီယွိ၏ ရမ္မက်ကို ခံစားမိလိုက်သောကြောင့် စုန့်လီချင်း သူ့လက်ကောက်ဝတ်ကို ဆွဲကာ တားလိုက်သည်။


ကျွင်းချီယွိ၏ လိင်ဆက်ဆံမှုက ကြမ်းတမ်းသည်။ သူက မူလကတည်းကကို အထက်စီးဆန်သည့်သူဖြစ်သောကြောင့် အချစ်နှင့်ရာဂမှာလည်း အနိုင်ယူလိုစိတ်ရှိသည်။ စုန့်လီချင်း ယခုအချိန်မှာ ထိုအရာကို လုံးဝမခံနိုင်ပေ။


“ချီယွိ…မလုပ်ပါနဲ့…”


“ဘာလို့ မလုပ်ရမှာလဲ”


ကျွင်းချီယွိက သူ၏ဖြူဆွတ်ဆွတ် အသားအရည်ကို စိုက်ကြည့်နေသည်။ ချောမွေ့ပြီး အပြစ်အနာအဆာကင်းရုံတင်မကဘဲ ထိုပေါ်က မှဲ့သေးသေးလေး၏ ရမ္မက်ကလည်း ရိုးရိုးရှင်းရှင်းနှင့် သေစေနိုင်လောက်သည်။


“ငါ့ကိုစောင့်ပေးပါလား၊ ငါ ရက်အနည်းငယ်လောက် အနားယူနိုင်အောင် စောင့်ပေးလေနော်”


စုန့်လီချင်းက သူ၏စိတ်ပေါ်လိုက်ပြီး ပြောလိုက်သည်။


ကျွင်းချီယွိက တံတွေးမျိုချလိုက်သည်။ သူ့လည်စလုတ်က နိမ့်လိုက်မြင့်လိုက် ဖြစ်နေ၏။


“ငါ ရက်တွေအကြာကြီး စောင့်ပြီးသွားပြီ”


“မင်း…” 


စုန့်လီချင်း ခက်ခက်ခဲခဲနှင့် ပြောရလေသည်။ 


“မင်းရှင်းလဲ့စံအိမ်ကို သွားတယ်မဟုတ်ဘူးလား…”


“တစ်ခါတည်းပဲ” 


ကျွင်းချီယွိက တည့်တိုးပဲပြောလိုက်သည်။


“ငါအခုချိန်မှာ ဟူနွီအာကို စိတ်မဝင်စားသေးဘူး၊ မင်းက ချစ်ကြည်နူးစရာမကောင်းဘဲ ပျင်းစရာကောင်းပေမယ့် အသစ်အဆန်းကို ခံစားရတာ ပိုကောင်းတယ်”


သူက အစားကောင်းများကို သဘောကျပြီး စုန့်လီချင်းနှင့် လိင်ဆက်ဆံရသည်ကို နည်းနည်းလေး စွဲလမ်းနေသည့်အကြောင်းကို ကျွင်းချီယွိက မပြောခဲ့ပေ။ လွန်ခဲ့တဲ့သုံးရက်တုန်းက ဟူနွီအာ သူ့ကို မျက်နှာချိုမသွေးခဲ့တာ မဟုတ်၊ သို့ပေမယ့် သူ ဟူနွီအာဆန္ဒအတိုင်း လုပ်နေရသည့် ပုံစံကို ငြီးငွေ့နေပြီဖြစ်သည်။ စုန့်လီချင်း၏ ခုခံခြင်းနှင့် မျက်ရည်များကပဲ သူ့စိတ်ကိုလွှမ်းမိုးထားသည်။


ထိုအနိုင်ရလိုက်သည့် ခံစားချက်က အားကောင်းလှသည်။


စုန့်လီချင်းမှာတော့ ယခုတစ်ကြိမ်တွင် စက်ဆုပ်ရွံရှာနေပြီး သူ့ဗိုက်ထဲ အဆင်မပြေဟု ခံစားနေရသည်။


သူ့နှလုံးသား၏ အနက်ရှိုင်းဆုံးနေရာမှ ကျွင်းချီယွိ၏ ထိတွေ့မှုကို မခံချင်နေပေ။


“ရက်နည်းနည်းလောက်ပါပဲ…” 


စုန့်လီချင်းက ပေါ့ပေါ့ပါးပါးလေး ပြောလိုက်သည်။


“ငါတောင်းပန်ပါတယ် ချီယွိ၊ ငါအခုမှ အသည်းသန် နေမကောင်းနေရာကနေ ပြန်ကောင်းလာတာလေ”


ကျွင်းချီယွိက မကျေမနပ်ဖြင့် အသံမြည်အောင် တောက်ခေါက်လိုက်သည်။ သူ ဤကိစ္စအပေါ်မှာ စောင့်ထိန်းမှုအနည်းငယ်တော့ ရှိနေဆဲပင်။


စုန့်လီချင်း ထပ်ပြီးသတိလစ်သွားလျှင် ဤတစ်ကြိမ်၌ သူ့ကိုကယ်ဖို့ ရက်အနည်းငယ်ထပ်ကြာပေလိမ့်မည်။


သူစောင့်ရမှာ ပိုတောင်ကြာသွားလိမ့်မယ်။


“ထားလိုက်တော့၊ တကယ်ပျင်းဖို့ကောင်းတယ်”


ကျွင်းချီယွိက သူ့လက်ကိုဝှေ့ယမ်းပြီး ကျောခိုင်းလိုက်သည်။ ထို့နောက် စားပွဲမှာထိုင်ကာ ထူထဲလှသည့် ဖိုင်တွဲများကိုကြည့်ရင်း ပိုလို့တောင် ပျင်းလာသည်။


စုန့်လီချင်းက သူ့အဝတ်များကို ပြန်ပြင်နေပြီး ကြယ်သီးပြန်တပ်လိုက်သည်။ ကျွင်းချီယွိတစ်ယောက် စုတ်တံဖြင့် သူ့နားနှင့်ပါးကို ခြစ်နေခြင်းကို သူမြင်လိုက်ရသည်။ သူ လွန်ခဲ့တဲ့ဆယ်နှစ်က အိမ်စာလုပ်နေသည့်ကျွင်းချီယွိကို မြင်လိုက်ရသလိုပင်။ ထိုအချိန်တုန်းက ကျွင်းချီယွိက ဆိုးသွမ်းနေသော်လည်း ချစ်စရာကောင်းသည်။


စုန့်လီချင်းက ကျွင်းချီယွိ၏ ဘေးတိုက်မျက်နှာကို ထိုအတိုင်းပဲ အချိန်အကြာကြီး ကြည့်နေရင်း မနေနိုင်ဘဲ နှုတ်ခမ်းထောင့်စွန်းတွင် အပြုံးတစ်ပွင့် ပေါ်လာရတော့သည်။


ကျွင်းချီယွိ မော့ကြည့်လိုက်ချိန်တွင် သူ့ကို အရူးလိုပြုံးပြီး ထိုင်ကြည့်နေသည့် ထိုသူ့ကို မြင်လိုက်ရသည်။ ငြိမ်ငြိမ်သက်သက်လေးနှင့် လှသည်။ မမျှော်လင့်ပါဘဲ သူ့နှလုံးသားက တဒုတ်ဒုတ်ခုန်လာလေသည်။


ကျွင်းချီယွိ ခေါင်းခါပစ်လိုက်သည်။


သူရူးများသွားတာလား။ သူက ဆူညံတာပဲကြိုက်တာ၊ ငြိမ်သက်တာကို မကြိုက်ဘူး။ ဒါဆို သူဘယ်လိုလုပ်ပြီး ပျင်းတိပျင်းတွဲထိုင်နေတဲ့ စုန့်လီချင်းကို လှတယ်လို့ ထင်မိသွားတာပါလိမ့်။


“မင်းကဘာလို့ ရယ်နေတာလဲ”


ကျွင်းချီယွိမှာ စိတ်အနှောင့်အယှက်ဖြစ်သွားပြီး သဘာဝကျကျပင် သူ့လေသံကလည်း မကောင်းတော့ပေ။


“ဟင်” 


စုန့်လီချင်း၏အပြုံးက ပျောက်ကွယ်သွားသည်။


“မင်းရဲ့ဒီလိုပုံစံက…အရမ်းကြည့်ကောင်းတယ်လို့ တွေးမိသွားလို့ပါ”


_________________________________________________________________________