Ch 36
Viewers 2k

Chapter 36

[စစ်သူကြီး၏ တောင်းဆိုချက်]



စုန့်ချင်းသည် စုန့်လီချင်းကို စေ့စေ့ကြည့်ရှုလိုက်သည်။ သူသည် ပေါ့ပါးဟန်ဆောင်သော်လည်း သူ၏ မျက်လုံးများမှ မှောင်မိုက်မှုနှင့် စိတ်ပိုင်းဆိုင်ရာ ညှင်းသိုးနေမှုကို မည်သို့ ဖုံးကွယ်နိုင်မည်နည်း။


စုန့်လီချင်းသည် သူ၏ ရှေ့မှောက်၌ မည်သည့် မကျေနပ်ချက်ကိုမျှ မဖော်ပြဖူးဘဲ အမြဲတစေ လိုက်လျောညီထွေရှိသူဖြစ်ကြောင်း စုန့်ချင်းတစ်ယောက် သိချေသည်။


ကျွင်းချီယွီက သူ့အား ဘက်လိုက်သည်ဖြစ်ရာ မည်သို့ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်မည်နည်း။


“ဟုတ်ရဲ့လား၊ ပါးပါး မင်းကို ကြည့်ပါရစေဦး”


စုန့်ချင်းက စုန့်လီချင်း၏ လက်မောင်းကို ညင်သာစွာ ဆုပ်ကိုင်လိုက်ရာ သူ၏ နှလုံးသားက နစ်မြုပ်သွားချေသည်။ စုန့်လီချင်း၏ လက်မောင်းမှာ အလွန်ပိန်လှီနေသဖြင့် စုန့်ချင်း၏ လက်က အလွယ်တကူ ဆုပ်ကိုင်နိုင်၏။ မူလက သူနှင့် အံဝင်ခွင်ကျဖြစ်ခဲ့သော အဝတ်အစားများမှာ ယခုအခါ ပွယောင်း၍ တွဲကျနေတော့သည်။ စုန့်လီချင်းသည် သူ၏ အဝတ်အစားများနှင့် ကွကိတိဖြစ်အောင်ပင် မဝတ်နိုင်တော့ပေ။


တစ်သက်လုံး စစ်မြေပြင်တွင် ကျင်လည်ခဲ့သော စုန့်ချင်းသည် ရုတ်တရက် ရင်ကွဲမတတ် မျက်ရည်များဖြင့် ပြည့်လာသည်။


“လီချင်း မင်း ဖျားနေတာလား၊ ဘာလို့ ဒီလောက် ပိန်သွားရတာလဲ”


စုန့်ချင်းက စိုးရိမ်တကြီး မေးလိုက်ပြီး သူ အမှန်အတိုင်း မပြောမည်ကို စိုးရိမ်နေ၏။


စုန့်လီချင်းသည် အမှန်တရားကို တစ်ဝက်တစ်ပျက် ဖုံးကွယ်နိုင်တော့သည်။


“ကျွန်တော် အနာရောဂါတစ်ခု ရခဲ့ဖူးပါတယ်၊ ဒါပေမဲ့ အခုတော့ လုံးဝ သက်သာသွားပြီ ပါးပါး”


“နေဦး”


စုန့်ချင်းသည် စုန့်လီချင်း၏ အင်္ကျီလက်စထဲတွင် ဝှက်ထားခဲ့သော လက်ကို ဆွဲကိုင်လိုက်သည်။


စုန့်ချင်းသည် စုန့်လီချင်း၏ လက်ကို ကိုင်၍ အနီးကပ် စစ်ဆေးကြည့်ရှုသောအခါ ကွာနေသော လက်သည်းများနှင့် အမာရွတ်စွဲနေသော ဒဏ်ရာများကို မြင်တွေ့ရသည်နှင့်အမျှ စုန့်ချင်း၏ နှလုံးသားကို ကြာပွတ်ဖြင့် ရိုက်သည့်အလား ခံစားလိုက်ရသည်။


“ဒါက ဘယ်လို ဖြစ်ရတာလဲ၊ အိမ်ရှေ့မင်းသား လုပ်တာလား”


“မဟုတ်ပါဘူး ကျွန်တော်ရဲ့ ပေါ့ဆမှုကြောင့်ပါ”


စုန့်လီချင်းက ငြင်းဆိုသော်လည်း သူ၏ အပြစ်ရှိသော စိတ်ကို မဖုံးကွယ်နိုင်ခဲ့ပေ။


စုန့်ချင်းက နားလည်လိုက်သည်။


“လီချင်း ပါးပါးအတွက်၊ စုန့်မိသားစုရဲ့ ဂုဏ်သတင်းအတွက်၊ မင်းက အိမ်ရှေ့မင်းသားရဲ့ ကြင်ယာတော် ဖြစ်ဖို့ ကိုယ့်ကိုယ်ကို စတေးခဲ့ရတယ်၊ သစ်ကိုင်းပေါ်က ဖီးနစ်ငှက်လို ထိုးတက်မယ်လို့ ထင်ခဲ့ပေမယ့် ချီလင်နန်းဆောင်ထဲ ရောက်ပြီးနောက်ပိုင်း မင်းမှာ ကောင်းတဲ့ရက် တစ်ရက်တောင် ရှိခဲ့ဖူးလား၊ အိမ်ရှေ့မင်းသားက မင်းနဲ့ ပတ်သက်တဲ့ နားလည်မှုလွဲမှားတာကို ရှင်းလင်းပေးမယ့်နေ့ ရောက်လာမယ်လို့ ပါးပါး အမြဲ မျှော်လင့်ခဲ့တယ်၊ ဒါပေမဲ့ ဒီလို ညှဉ်းပန်းနှိပ်စက်မှုမျိုးကို မမျှော်လင့်ခဲ့ဘူး၊ မင်း တစ်ခွန်းပဲ ပြောလိုက်ပါ၊ ပါးပါးနဲ့အတူ အိမ်ပြန်လိုက်ခဲ့မလား”


ဖခင်၏ လေးနက်သော အမူအရာကို မြင်သောအခါ သူသည် ဧကရာဇ်ကိုပင် ဆန့်ကျင်ရန် ဆန္ဒရှိကြောင်း စုန့်လီချင်းတစ်ယောက် သိလိုက်သည်။


သို့သော် အိမ်ပြန်သွားခြင်းဖြင့် မည်သည်ကများ ထူးခြားလာမည်နည်း။


သူသည် အသက်ရှင်ဖို့ အချိန်အနည်းငယ်သာ ကျန်ရှိတော့သည်။


ကျန်ရှိသော အချိန်တိုလေးအတွက် မိသားစုတစ်ခုလုံးကို စတေးသင့်သည်လော။


“ပါးပါး၊ ကျေးဇူးပြုပြီး မဆင်မခြင် မလုပ်ပါနဲ့၊ ကျွန်တော်က အခု ကျွင်းချီယွီရဲ့လူ ဖြစ်နေပါပြီ၊ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ ဒီဘဝမှာတော့ သူနဲ့ပဲ သက်ဆိုင်ပါလိမ့်မယ်”


စုန့်ချင်းက သူ့ကို ကြည့်ကာ ခေါင်းခါလိုက်သည်။ 


“မင်း၊ ဒါက မင်း ရင်ထဲက လာတဲ့ အမှန်တရား လုံးဝ မဟုတ်ဘူး”


ရှက်ရွံ့မှုကို ခံစားရသော စုန့်လီချင်းက ခေါင်းငုံ့ကာ အပြစ်ရှိသကဲ့သို့ ခံစားလိုက်ရသည်။


“ပါးပါး ကျွန်တော့်ကို ခေါင်းမာပြီး ကျေးဇူးမသိတတ်တဲ့ သားကို မွေးထုတ်ခဲ့တယ်လို့ပဲ ထင်လိုက်ပါ”


စုန့်ချင်းက လက်မြှောက်လိုက်သော်လည်း ရိုက်ရန် မတတ်နိုင်ဘဲ နောက်ဆုံးတွင် ပျော့ညံ့စွာ ပြန်ချလိုက်သည်။


“ပါးပါး မင်းကို အိမ်ခေါ်လာတုန်းက မင်းက အခုလိုပဲ ပိန်လှီနေခဲ့တာ၊ ဒီလောက် အထုပ် သေးသေးကလေး အငတ်ခံပြီး သေချာပေါက် ဖျော့တော့နေခဲ့တာ၊ ပါးက စားဖို့ပေးတော့ မင်းက တစ်ဝက်ကို ခေါင်းအုံးအောက်မှာ ဝှက်ထားခဲ့တယ်၊ နောက်တစ်နပ်အတွက် အမြဲတမ်း စိုးရိမ်နေခဲ့တာ၊ ဒီလောက် ငယ်တဲ့ ကလေးငယ်လေးက သူ့ ရင်ထဲမှာ စိုးရိမ်ပူပန်မှုတွေ အမြဲ ရှိနေခဲ့တာ၊ မင်းရဲ့ ဦးရီးက မင်း အရွယ်ရောက်လာမှာကို အမြဲ စိုးရိမ်ခဲ့တာ၊ အခုဆို မင်းလည်း အရွယ်ရောက်ပြီး စာမေးပွဲလည်း အောင်ခဲ့ပြီ၊ လီချင်း မင်းက သိပ်ကို အသိဉာဏ်ကြွယ်လွန်းပါတယ်”


ထိုသို့ ပြောပြီးနောက် စုန့်ချင်းက ကျွင်းချီယွီ၏ ရှေ့တွင် ပြတ်သားစွာ မတ်တပ်ရပ်လိုက်သည်။


“အိမ်ရှေ့မင်းသား”


ကျွင်းချီယွီသည် ဖခင်နှင့် သား၏ တီးတိုးစကားပြောဆိုမှုကို စောင့်ကြည့်နေခဲ့သည်။ စုန့်ချင်း၏ ဒေါသထွက်နေသည့် အမူအရာကို မြင်သည့်အခါ စုန့်လီချင်းက တိုင်တောပြီး သူ့အား နှိုးဆွသည်ဟု သံသယဝင်သွားသည်။


“စစ်သူကြီးစုန့် ဘာများ ပြောစရာ ရှိလို့လဲ”


စုန့်ချင်းသည် ကျွင်းချီယွီအား စိုက်ကြည့်ကာ မေးမြန်းလိုက်သည်။ 


“ချီလင်နန်းဆောင်ထဲ ဝင်လာတာက လီချင်းက ကျွန်တော်တို့ရဲ့ ဘိုးဘွားစဉ်ဆက် ဂုဏ်ပုဒ်တစ်ခုခုကို ချိုးဖောက်စေတဲ့ လုပ်ရပ်တစ်ခု လုပ်ခဲ့လို့လား၊ ဒါမှမဟုတ် ခွင့်မလွှတ်နိုင်တဲ့ ပြစ်မှုတစ်ခု ကျူးလွန်ခဲ့လို့လား၊ ဒီလောက် ပိန်ချုံးပြီး အမာရွတ်တွေ ဖြစ်တဲ့အထိ ညှဉ်းပန်းနှိပ်စက်ဖို့က အရှင့်ရဲ့ ရည်ရွယ်ချက်လား”


“စစ်သူကြီးစုန့် ခင်ဗျား ကျွန်တော့်ကို စစ်ဆေးမေးမြန်းဖို့ ရောက်လာတာလား” 


ကျွင်းချီယွီက စုန့်လီချင်းကို တစ်ချက်ကြည့်ကာ ပြောဆိုသည်။ 


“ဖျားနာခြင်းနှင့် သေဆုံးခြင်းက သာမန်ကိစ္စတွေပါ၊ စုန့်လီချင်း ဖျားတာကို စစ်သူကြီးက ကျွန်တော့်ကို အပြစ်တင်နေတာလား၊ ကျွန်တော်က တော်ဝင်ဆေးကုသဆောင် တစ်ခွင်က အကောင်းဆုံး သမားတော်တွေကို ခေါ်ပြီး သူ့ကို ဇွဲအပြည့်နဲ့ ကုသခိုင်းခဲ့တာပါ၊ အခု သူလည်း ပြန်ကျန်းမာလာပြီ၊ လီချင်းက ကျွန်တော့်ကို ဘယ်လိုလုပ် ဒီလိုမျိုး စွပ်စွဲနိုင်တာလဲ၊ ကျွန်တော်က မတရားခံရတာပါ”


“လီချင်း ဖျားနေချိန်မှာ အရှင်က ဘာ်ရောက်နေလဲ”


“ကျွန်တော်…” 


ကျွင်းချီယွီက ခေတ္တရပ်သွားသည်။


“ကျွန်တော် သူ့ဘေးမှာ မရှိခဲ့ပါဘူး၊ ဒါပေမဲ့ အစေခံတချို့ကို ဂရုစိုက်ဖို့ စေလွှတ်ခဲ့ပြီး သမားတော်တွေလည်း သူ့အနားမှာ အမြဲ ရှိနေခဲ့တာ”


“သူက အရှင့်ရဲ့ ကြင်ယာတော်ပါ၊ စုန့်လီချင်းရဲ့ အသက်ရှင်တာနဲ့ သေဆုံးမှုက အရေးကြီးတယ်၊ အရှင် ကိုယ်တိုင် ဂရုစိုက်သင့်တယ် မဟုတ်လား” 


စုန့်ချင်းက ဒေါသတကြီး အော်ပြောလိုက်သည်။


ကျွင်းချီယွီ၏ အမူအရာက အေးစက်သွားသည်။ 


“စစ်သူကြီးစုန့်၊ ပေရှင်းရှုရဲ့ လူသိရှင်ကြား တောင်းဆိုမှုကို ခင်ဗျား မသိတာလည်း မဟုတ်ဘူး၊ ဒါက ကျွန်တော့် ပါးကို ရိုက်လိုက်တာပဲ၊ သူနဲ့ ပေရှင်းရှုက ဒီလို ရွံဖို့ကောင်းတဲ့ လုပ်ရပ်တွေ လုပ်ခဲ့ကြတာကို ကျင်းပြည်နယ်ရဲ့ အိမ်ရှေ့မင်းသားအနေနဲ့ သူ ဖျားနေတဲ့ ရက်အနည်းငယ်လောက်တောင် ဒေါသထွက်ခွင့်တောင် မရှိဘူးလား”


စုန့်ချင်းသည် အဖြစ်မှန်ကို အလုံးစုံ မသိသဖြင့် ဆွံ့အ,သွားပြီး ဒေါသဖြင့်သာ ဆူပွက်နေတော့သည်။


“ကောင်းပြီ ကောင်းပြီ၊ အရှင်က အိမ်ရှေ့မင်းသားပဲ အရာအားလုံးမှာ အပြစ်အနာအဆာကင်းပါတယ်”


ကျွင်းချီယွီက သက်ပြင်းချလိုက်သည်။


“စစ်သူကြီးစုန့်က အနောက်တိုင်းမှာ ကျွန်တော့်ကို ဂရုစိုက်ခဲ့ပြီး ကျွန်တော်တို့ ဆရာတပည့်က သံယောဇဉ် ရှိခဲ့ကြတယ်၊ စစ်သူကြီးရဲ့ ကြင်နာမှုကြောင့်ပဲ ကျွန်တော်က ချီလင်းရဲ့ ဒီလို အကျည်းတန်တဲ့ လုပ်ရပ်တွေကို မပြန့်ပွားအောင် ထိန်းသိမ်းခဲ့တာပါ”


စုန့်ချင်းက ပင်ပန်းနွမ်းနယ်စွာ လက်ဝှေ့ယမ်းလိုက်သည်။


“တော်ပြီ၊ အကယ်၍ အရှင့်မှာ လီချင်းအပေါ် ဒီလောက် မကျေနပ်ချက်တွေ များနေရင် သူ့ကို ကျွန်တော့်ဆီ ပြန်ပေးပါ”


ဘန်း!


ကျယ်လောင်သည့် အသံတစ်ခုက စုန့်ချင်း၏ စကားများကို ဖြတ်တောက်လိုက်သကဲ့သို့ ဂီတသံနှင့် ရယ်မောသံများကိုလည်း ဖြတ်တောက်လိုက်သည်။ လူတိုင်းက တစ်နေရာတည်းကို လှည့်ကြည့်လိုက်ရာ လွန်ခဲ့သည့် ခဏတာအချိန်ကမှ ပျော်ရွှင်နေခဲ့သော ဧကရာဇ်သည် ယခု၌ စားပွဲပေါ်တွင် တိတ်ဆိတ်စွာလဲကျလျက်ပြီး ဝိုင်မှာ နှစ်ပေခန့် အကွာအဝေးထိ မြေပြင်ပေါ်သို့ ဖိတ်စင်နေသည်ကို တွေ့လိုက်ရသည်။


ကျွင်းချီယွီသက အံ့ဩတုန်လှုပ်စွာဖြင့် ဦးစွာ တုံ့ပြန်လိုက်သည်။


“ခမည်းတော်”


ကျွင်းချီယွီက ဧကရာဇ်ကို ထူပေးလိုက်ရာ သူ၏ ပါးစပ်မှ သွေးများ ထွက်နေသည်ကို မြင်လိုက်ရသဖြင့် သူ့ စိတ်က ဗလာနတ္တိဖြစ်သွားသည်။


ကျွင်းချီယွီ၏ စိတ်ထဲတွင် ခန့်ညားထည်ဝါသော ဧကရာဇ်သည် အမြဲတစေ ပြတ်သားပြီး မယိမ်းယိုင်သူဖြစ်ကာ သွေးအန်၍ မေ့လဲခြင်းက ဖြစ်ခဲလှသည်။


ကျွင်းချီယွီသည် ဧကရာဇ်၏ မြင့်မားစွာ ရပ်တည်မှုကို မည်သည့်အခါမျှ မကျော်လွန်နိုင်ဟု ခံစားရသောကြောင့် ပုန်ကန်ခဲ့ခြင်း ဖြစ်သည်။


ဧကရာဇ်သည် သူ၏ သက်တော်ရှည်ပွဲတွင် ပြင်းထန်သည့် ဒဏ်ရာဖြင့် သတိမေ့မြောသွားချေပြီ။ ထိုက်ဟယ်ခန်းမသည် အစေခံများ၊ နန်းတွင်းအပျိုတော်များ၏ အော်ဟစ်သံများနှင့်အတူ ချက်ချင်းပင် ရှုပ်ထွေးသွားတော့သည်။


“လုပ်ကြံသူ”


“ဧကရာဇ်ကို ကာကွယ်ကြ”


ဧကရာဇ်၏ ကိုယ်ရံတော်များသည် ဓားများဖြင့် လူတိုင်းကို ဝိုင်းရံကာ ချက်ချင်း ပြေးဝင်လာကြသည်။


ကျွင်းချီယွီသည် ဧကရာဇ်၏ သွေးခုန်နှုန်းကို စစ်ဆေးကြည့်ရာ အားနည်းနေ၏။ သူသည် လူအုပ်ကို သတိကြီးစွာဖြင့် စူးစမ်းလိုက်သည်။


“မြန်မြန်၊ တော်ဝင်သမားတော်တွေကို ဆင့်ခေါ်ကြ” 


ကျွင်းချီယွီက အမိန့်ပေးလိုက်သည်။


“ထိုက်ဟယ်ခန်းမထဲကို ဘယ်သူမှ ဝင်ထွက်ခွင့် မပြုဘူး၊ မလိုက်နာတဲ့သူ မှန်သမျှကို ချက်ချင်း ကွပ်မျက်မယ်”


လူတိုင်းက ကြောက်ရွံ့စွာဖြင့် တိတ်ဆိတ်သွားပြီး မလှုပ်ရှားရဲတော့ပေ။


တော်ဝင်သမားတော်များက လျင်မြန်စွာ ရောက်ရှိလာပြီး လူတိုင်း ထိတ်လန့်ကာ ဧကရာဇ်ကို ကုသပေးတော့သည်။


ကျွင်းချီယွီသည် ဝါရင့်သမားတော်တစ်ဦးကို ဆွဲကိုင်၍ စိုးရိမ်တကြီး တိုက်တွန်းသည်။ 


“မြန်မြန်၊ ဧကရာဇ်ရဲ့ အခြေအနေက ဘယ်လိုလဲ”


စုန့်လီချင်းက ကျွင်းချီယွီကို တားလိုက်ပြီး

အသံတိုးတိုးဖြင့် စုန့်လီချင်းက ဆိုသည်။ 


“နေဦး ချီယွီ၊ အတွင်းခန်းကို သွား၊ အကယ်၍ တစ်ခုခု ဖြစ်ခဲ့ရင်…”


“အဓိပ္ပာယ်မရှိတာ၊ ခမည်းတော်က ဘာမဟုတ်တာမှ ဖြစ်မှာ မဟုတ်ဘူး”


ကျွင်းချီယွီသည် စုန့်လီချင်းအား အားအပြည့်ဖြင့် တွန်းထုတ်လိုက်သော်လည်း စုန့်လီချင်း၏ စကားများက သူ့ကို တွေးဆမိစေပြီး သူ၏ ရည်ရွယ်ချက်ကို ကျွင်းချီယွီတစ်ယောက် သဘောပေါက်လိုက်သည်။


ဧကရာဇ်သည် ကျင်းပြည်နယ်၏ ကျောက်တိုင်ဖြစ်သည်။ အကယ်၍ သတင်းဆိုးများ ရှိလာပါက ကျင်းပြည်နယ် တစ်ဝက်က ပျက်စီးသွားလိမ့်မည်။ နိုင်ငံခြား သံတမန်များ ရှိနေခြင်းအပြင် ဤမင်းသားများနှင့် မှူးမတ်များအားလုံးက ကြံစည်နေကြသူများ ဖြစ်သည်။ အကယ်၍ သတင်းသာ ပျံ့နှံ့သွားပါက ကမောက်ကမများ ဖြစ်ပေါ်လာမည်မှာ အသေအချာပင်။


“သွား… အတွင်းခန်းကို သွားကြ”


ဧကရာဇ်အား အတွင်းခန်းသို့ သယ်ဆောင်သွားသည်ကို လူတိုင်း စောင့်ကြည့်နေကြ၏။ သူတို့သည် အရှင်မင်းမြတ်၏ ကျန်းမာရေးကို စိုးရိမ်နေကြသည်လား သို့မဟုတ် သတင်းကို အလောတကြီး မျှော်လင့်နေကြသည်လားဟု ဝေခွဲရန် ခက်ခဲချေသည်။


အတွင်းခန်းသည် ပို၍ တိတ်ဆိတ်သွားပြီး တော်ဝင်ဆရာဝန်များသည် လျင်မြန်စွာ အဖြေပေးလိုက်သည်။


“ဧကရာဇ်က အဆိပ်သင့်မှုကြောင့် သတိမေ့မြောနေပါတယ်”


“အဆိပ်သင့်မှု” 


ကျွင်းချီယွီက သံသယဝင်သွားသည်။ 


“ဧကရာဇ်ရဲ့ စားစရာနဲ့ သောက်စရာတွေကို ငွေအပ်နဲ့ အမြဲ စစ်ဆေးလေ့ရှိတာပဲ၊ ဘယ်လိုများ အဆိပ်သင့်တာလဲ”


ဝါရင့်သမားတော်က ခန့်မှန်းရန် မဝံ့ရဲဘဲ ဆိုသည်။ 


“ဘျန်းဆေးခန်းက သမား‌တော်ချီက ဒီနယ်ပယ်မှာ ကျွမ်းကျင်ပါတယ်”


သမားတော်ချီက ပြန်ဖြေသည်။


“ကမ္ဘာပေါ်မှာ ငွေအပ်နဲ့ မတွေ့နိုင်တဲ့ အဆိပ်တွေ ရှိပါတယ် ၊အဆိပ်ရဲ့ အရင်းအမြစ်ကို ဧကရာဇ် သုံးဆောင်ခဲ့တဲ့ အစားအစာနဲ့ အဖျော်ယမကာ အားလုံးကနေ ခြေရာခံရပါလိမ့်မယ်”


“ကောင်းပြီ၊ သမားတော်ချီ ပြောတဲ့အတိုင်း အားလုံး စစ်ဆေးကြ! သမားတော်ချီ ဧကရာဇ်ကို မြန်မြန် အဆိပ်ဖြေပေးပါ”


သမားတော်ချီက တွေဝေနေပုံရသည်။


“ကျွန်တော်မျိုး အဆိပ်အမျိုးအစားကို မသိတာကြောင့် ဆေးကို မဆင်မခြင် မသုံးရဲပါဘူး”


ကျွင်းချီယွီက ခေါင်းကုတ်လိုက်ပြီး အဆိပ်စမ်းသပ်မှု၏ ရလဒ်ကိုသာ စောင့်ဆိုင်းနိုင်တော့သည်။


စုန့်လီချင်းသည် နှုတ်ခမ်းက ခရမ်းရောင် ပြောင်းနေပြီး သွေးမှာ အနက်ရောင် ဖြစ်လာသော ဧကရာဇ်ကို အဝေးမှ ကြည့်လိုက်သည်။


“ချီယွီ” စုန့်လီချင်းက ဆိုသည်။ 


“ပွဲတော်မှာ အစားအစာနဲ့ အဖျော်ယမကာ အားလုံးက တော်ဝင်မီးဖိုချောင်က လာတာ၊ လူတိုင်း ဒါတွေကို စားခဲ့ကြတယ် လူအများရှေ့မှာ တစ်စုံတစ်ယောက်က အဆိပ်ခတ်ခဲ့တယ်ဆိုရင် အဲဒါက ကိုယ်တိုင် ဝန်ဆောင်မှုပေးခဲ့သူပဲ ဖြစ်လိမ့်မယ်”


ကျွင်းချီယွီ၏ မျက်လုံးက ရုတ်တရက် အရောင်တောက်သွားသည်။ 


“ဟုတ်တယ် ဧကရာဇ်ကို ဝန်ဆောင်မှုပေးခဲ့တဲ့ 

အစေခံ အကြီးအကဲတွေနဲ့ နန်းတွင်းအပျိုတော်တွေကို ဖမ်းဆီးလိုက်”


စုန့်လီချင်းက အလျင်အမြန် ထပ်ဖြည့်ပြောလိုက်သည်။ 


“ကျွန်တော်ပြောချင်တာက ဧကရာဇ် တစ်ဦးတည်း သုံးဆောင်ခဲ့တဲ့ အစားအစာနဲ့ အဖျော်ယမကာကနေ စပါ မက်မွန်သီးတွေ ထည့်ထားတဲ့ သေတ္တာ”


ဧကရာဇ် ထိတွေ့ခဲ့သော အစားအစာနှင့် အဖျော်ယမကာ အားလုံးကို ယူဆောင်လာပြီး သမားတော်အုပ်စုက ကြွက်ဖြူများပေါ်တွင် တစ်ခုပြီးတစ်ခု စမ်းသပ်စတင်တော့သည်။

ရလဒ်မှာ တစ်ညီတည်း ဖြစ်သည်။ 


“အဆိပ် မရှိပါဘူး”


“မက်မွန်သီးတွေရော”


ကျွင်းချီယွီ၏ အသံက အနည်းငယ် တုန်ယင်နေသည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထို မက်မွန်သီးသေတ္တာကို ဧကရာဇ်အား ကိုယ်တိုင် ဆက်သခဲ့သောကြောင့် ဖြစ်သည်။


“သူတို့ထဲမှာလည်း အဆိပ် မရှိပါဘူး”


“အဆိပ် လုံးဝ မရှိဘူးလား” 


ကျွင်းချီယွီက မယုံနိုင်စွာ ဒေါသတကြီး ဆိုသည်။ 


“အသုံးမကျတဲ့ သမားတော်တွေ၊ ဧကရာဇ် အဆိပ်သင့်နေတာကို အရင်းအမြစ်တောင် မရှာနိုင်ဘူးလား၊ မင်းတို့ အသုံးကျတာ ဘာရှိလဲ သွား၊ ဧကရာဇ်ကို ကိုယ်တိုင် ဝန်ဆောင်မှုပေးခဲ့တဲ့ နန်းတွင်းအပျိုတော်တွေနဲ့ အစေခံတွေ အားလုံးကို ဖမ်းပြီး ပြင်းပြင်း နှိပ်စက်လိုက်”


စုန့်လီချင်းက ကျွင်းချီယွီကို တားဆီးရန် တွေဝေနေခဲ့သည်။


သို့သော် ယင်းမှာ ကျွင်းချီယွီသည် သူ၏ ဖခင်ကြောင့် စိုးရိမ်ပူပန်နေပြီး ဤအချိန်တွင် အကျိုးအကြောင်းကို နားထောင်မည် မဟုတ်ကြောင်း သိသည်။


အကယ်၍ စုန့်ချီလီသည်လည်း သူ၏ ဖခင်ကို အန္တရာယ်ပြုခံရပါက အပြစ်ရှိသူကို ရှာဖွေရန် နေရာတိုင်းကို တူးဖော်နေမိလိမ့်မည်။


နန်းတွင်းအပျိုတော်နှင့် အစေခံ ဒါဇင်များစွာကို မြေအောက်အကျဥ်းထောင်သို့ ဆွဲခေါ်သွားပြီး သူတို့အားလုံးက ငိုကြွေးကာ သနားခံနေကြသည်။


ကျွင်းချီယွီသည် စိတ်ဓာတ်ကျစွာ ထိုင်ချလိုက်ပြီး တော်ဝင်သမားတော်များသည် အဆိပ်ဖြေနည်းများ အမျိုးမျိုးကို စမ်းသပ်နေသည်ကို စောင့်ကြည့်နေသည်။ သို့သော် အကျိုးမရှိပေ။ အဆိပ်ပြေမည့်အစား ဧကရာဇ်၏ နဖူးမှာ ပို၍ မှောင်မိုက်လာပြီး ၎င်း၏ သွေးခုန်နှုန်းမှာ ပို၍ အားနည်းလာသည်။


“ခမည်းတော်…”


ကျွင်းချီယွီက အရှုံးသမားကဲ့သို့ ခံစားရပြီး စဉ်းစားလေလေ မငြိမ်မသက် ဖြစ်လေလေပင်။


“အရှင်၊ ကျွန်တော်တို့ အဆိပ်ရဲ့ အရင်းအမြစ်ကို ရှာတွေ့ပါပြီ”


သမားတော်ချီက အော်ဟစ်လိုက်ပြီး ကြွက်ဖြူများ ထည့်ထားသော လှောင်အိမ်ကို လက်ညှိုးထိုးပြရာ ယင်းတို့ အားလုံးက အော့အန်နေကြသည်။


____________________________________________________________________________