အခန်း(8)
ကျင်းယန် ဝှီးချဲပေါ်မှ ယုန်ကိုမ,လိုက်ပြီး သူ၏လက်မောင်းထဲတွင် နေရာချလိုက်၏။ ၎င်းကို တစ်ခဏမျှကြည့်ပြီးနောက် သူ၏နွေးထွေးသည့်နှုတ်ခမ်းဖြင့် ၎င်း၏နှာခေါင်းကိုထိကာ ပြောလိုက်သည်။
“တကယ်ကို လိမ်မာလွန်းတာပဲ၊ ဒီပျက်ကပ်နေ့တွေမှာ ငါ့ကို စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ်”
နှာခေါင်းပေါ်ကို ရုတ်တရက် အနမ်းခံရပြီးနောက် ယင်ရိလျို၏နှလုံးသားက ပေါက်ကွဲသွားလုမတတ်ဖြစ်သွားရသည်။
သူမ၏ ထိခိုက်လွယ်သော ယုန်နှလုံးသားလေးသည်လည်း အဆက်မပြတ် အားပြင်းပြင်းဖြင့် ခုန်နေခဲ့ကာ သူမ၏နှလုံးသားထဲတွင် မထိန်းချုပ်နိုင်စွာ အော်မြည်နေခဲ့သည်။
သူ သူ သူ! သူဘယ်လိုများ!
ကျင်းယန်က ဝှီးချဲပေါ်တွင် ထိုင်ချလိုက်ပြီး ယင်ရိလျိုသည်လည်း သူ၏ပွေ့ဖက်မှုထဲတွင် တွယ်ကပ်နေခဲ့ရသည်။
သူမက သူမ၏နှာခေါင်းကို ထိရန် လက်တိုတိုလေးများကို အသုံးပြုလိုက်ကာ သူမကိုယ်သူမ စိတ်တည်ငြိမ်ရန် ပြောလိုက်မိ၏။
ဤယုန်ခန္ဓာကိုယ်ထဲတွင် မိန်းကလေး ဝိညာဥ်တစ်ခုရှိနေသည်ကို တခြားသူများမသိသောကြောင့် နှာခေါင်းပေါ်သို့ နမ်းခြင်းသည်က တိရစ္ဆာန်ငယ်လေးများအတွက် မေတ္တာကိုပြသခြင်းတစ်ခုသာ ဖြစ်လိမ့်မည်!
ဤကဲ့သို့ တွေးလိုက်ပြီးနောက် သူမ၏နှလုံးသားက နောက်ဆုံးတွင် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။
ကျင်းယန် မြေအောက်ခန်းမှ ထွက်လာသော အခိုက်အတန့်တွင် လူသူကင်းမဲ့နေသော ခြံနှင့် ခပ်ဝေးဝေးမှ အိပ်ပျော်နေသော ဘီလူးကြီးနှင့်
တူသည့် တိတ်ဆိတ်နေသော ဗီလာကိုမြင်လိုက်ရသည်။
မည်သို့ပင်ဖြစ်စေ သူ့ကို ပူပန်စေသော အရာမှာ သူ့အမြင်အာရုံတွင် ပြည့်နေသော မြက်ပင်ရိုင်းများဖြစ်သည်။
သူ၏အမြင်အာရုံက ပို၍စူးရှလာသည်ကို ရှာတွေ့သွားခဲ့ပြီး သူအာရုံစိုက်လိုက်လျှင် မြက်ပင်များ၏ အနားသပ်ချွန်ချွန်များကို မြင်နိုင်လေသည်။
သူ အရှေ့သို့ရွေ့လျားသောအခါတွင် ရွံ့စရာကောင်းသည့်တစ်စုံတစ်ရာကို အနံ့ရလိုက်ပြန်သည်။ ၎င်းသည်က အသားပုပ်နံ့ ဖြစ်ပုံပေါ်၏။
အနံ့မှာ တိရစ္ဆာန်တစ်ကောင်၏ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသော ခြေလက်အင်္ဂါများမှ အနံ့ထွက်နေခြင်းဖြစ်၏။
မြွေ၏အစိမ်းရောင် အရေခွံမှာ အောက်မှ ပိုးကောင်များနှင့်အတူ တွန့်လိမ်နေလေသည်။ ခန္ဓာကိုယ်ရှိသော နေရာတွင် အနက်ရောင် ခြေလက်အစိတ်အပိုင်းတစ်ခု ရှိနေလေသည်။
ကျင်းယန် သူလက်မောင်းထဲ သူမမျက်နှာကိုနှစ်မြုပ်ထားသော ယင်ရိလျိုကိုတစ်ချက်ကြည့်လိုက်၏။
ထို့နောက်တွင် ရေကန်ထဲတွင် ကူးခတ်နေကြသော သန္ဓေပြောင်းရွှေငါးများကို ကျင်းယန် မြင်လိုက်ရပြန်သည်။
ဤသို့ဆိုလျှင် ရွှေငါးများဟု ခေါ်ဆိုခြင်းအစား ရေမကောင်းဆိုးဝါးများဟု ခေါ်ဆိုရန် ပို၍ဆီလျော်ပေသည်။
ဤအရာအားလုံးကို မြင်ပြီးနောက် ကျင်းယန်၏နှလုံးသားထဲတွင် ခန့်မှန်းချက်တစ်ခု ဖြစ်ပေါ်လာခဲ့ရသည်။
ဗီလာထဲသို့ဝင်ပြီးနောက် သူပထဆုံးသတိထားမိသော အရာမှာ ထူးဆန်းသော အနံ့ဖြစ်၏။
လျှောက်ပတ်ကြည့်ပြီးနောက်တွင် စားပွဲပေါ်မှ သစ်သီးပန်းကန်က မှိုတက်နေနှင့်ပြီကို သတိထားမိလိုက်ပြန်သည်။ မီးဖိုချောင်ထဲမှ ရေခဲသေတ္တာကလည်း အကျယ်ကြီး ဖွင့်ထားကာ အတွင်းဘက်က လုံးဝဗလာဖြစ်နေလေသည်။
အစားအသောက်များကို သိုလှောင်ထားသော မြေအောက်ခန်းကို သူပြန်တွေးလိုက်ပြီး ကျင်းယန်တစ်ယောက် သူ၏လက်မောင်းထဲတွင် အပြစ်ကင်းစင်ချင်ယောင်ဆောင်နေလေသော ယုန်ကိုကြည့်လိုက်သည်။
ထို့နောက် သူ၏ဖုန်းကို အိပ်ခန်းထဲတွင် ရှာတွေ့ခဲ့သည်။
နောက်ဆုံးအကြိမ် သူသုံးခဲ့စဥ်က ဖုန်းသည် အားအပြည့်သွင်းထားခဲ့သော်ငြား ယခု အားကုန်နေနှင့်ပြီပင်။ ထို့ကြောင့် ကျင်းယန် အံဆွဲထဲမှ အပိုဘက်ထရီကို ထုတ်ယူလိုက်ပြီး လဲထည့်လိုက်သည်။
ဖုန်းကိုဖွင့်လိုက်လျှင် မျက်နှာပြင်က ကောင်းသေးသော်ငြား လိုင်းကမရှိနေခဲ့ပေ။
ဗီလာ၏ဖုန်းသည်လည်း အလုပ်မလုပ်ပေ။ ဤအခိုက်အတန့်တွင် သူသတိလစ်နေသော အချိန်အတိုင်းအတာအတွင်း ကမ္ဘာကြီးသည် အံ့သြထိတ်လန့်ဖွယ် အပြောင်းအလဲများကို ကြုံခဲ့ရသည်ကို သူ သတိထားမိသွား၏။
အရင်ဆုံး ပြောင်းလဲသွားသော အရာမှာ တိရစ္ဆာန်များနှင့် သဘာဝပေါက်ပင်များ ဖြစ်လေသည်။ ယခင်က ဇာတ်ကားများထဲတွင်သာ ဖြစ်နိုင်သော အရွယ်အစားများက ဤတစ်ခဏအတွင်း သူ၏မျက်လုံးများရှေ့မှောက်တွင် ပေါ်ပေါက်လာကာ သူ့ကို တွေဝေသွားစေခဲ့သည်။
ကျင်းယန် သူ၏ခေါင်းကိုငုံ့လိုက်ပြီး သူ၏လက်မောင်းထဲမှ ယုန်ကို သူမျက်စိနှင့် တစ်တန်းတည်း မြှောက်လိုက်သည်။
“တိရစ္ဆာန်တွေအားလုံးက မင်းလိုမျိုးပဲလား?”
ကြောက်လန့်ဖွယ် ဉာဏ်ကောင်းပြီး နွားထီးတစ်ကောင်လို သန်မာ၏။
ဤကမ္ဘာကြီး၏ အစာကွင်းဆက်က အမှန်တကယ် အထက်အောက် ပြောင်းပြန်လှန်ခံရခြင်း ဖြစ်နိုင်မည်လား?
ယင်ရိလျို သူမခေါင်းကိုငြိမ့်ပြီးနောက် ခေါင်းကို ယမ်းလိုက်ပြန်သည်။ သူမ နှစ်ကြိမ် အော်မြည်လိုက်သော်ငြား ကျင်းယန်က သူမကိုနားလည်မည်မဟုတ်ဟု ခံစားလိုက်ရပြန်သည်။
ရှင်းလင်းစွာပင် သူမက ကျင်းယန်၏ဉာဏ်ကောင်းမှုကို လျှော့တွက်ခဲ့လေသည်။
ကျင်းယန်တစ်ယောက် သူ အပြင်ဘက်တွင် မြင်ခဲ့ရသော တိရစ္ဆာန်များ၏ အရွယ်အစားနှင့် သူတို့ကိုယ်၌ သွေးညှီနံ့များ မည်မျှထွက်နေကြောင်း စဥ်းစားလိုက်၏။
ထို့နောက် သူ မရေမရာပြောလိုက်သည်။
“မင်း ဆိုလိုတာက သူတို့က မင်းလိုမျိုး သန္ဓေပြောင်းခဲ့ပေမယ့် စဥ်းစားဉာဏ်ကို မရခဲ့ကြဘူးလား?”
ကျင်းယန်သည်လည်း သူ အလွန်ငယ်ရွယ်စဉ်အခါက ဝတ္ထုနှစ်ပုဒ်လောက်ကို ဖတ်ခဲ့ဖူးလေ၏။ သူ့၏စိတ်ထဲတွင် ယင်ရိလျိုသည်က စိတ်ဝိဥာဥ်သက်ဝင်မှုကို အောင်မြင်ခဲ့သော သူများနှင့်တူလေသည်။
ယင်ရိလျို ဆွံ့အသွားခဲ့၏။
သူမ ဗလာဖြစ်စွာဖြင့် ခေါင်းငြိမ့်လိုက်လေသည်။
သူမ၏ခေါင်းလေး အထက်အောက် လှုပ်နေခြင်းမှာ အလွန်ပင် ချစ်စရာကောင်းလွန်းနေခဲ့သည်။
ကျင်းယန် ဤအရာကို မြင်သောအခါ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်သည်။
တစ်ညတာ အချိန်အတိုင်းအတာအတွင်း တိရစ္ဆာန်များက ပို၍ကြီးမား ပို၍သန်မာလာပြီး လူသားများကဲ့သို့ ဉာဏ်ပင်ကောင်းလာလျှင် ၎င်းသည်က အမှန်စင်စစ် ကြောက်စရာကောင်းလိမ့်မည်ပင်။
ယခု သူစိုးရိမ်နေသော အရာမှာ အပြင်ဘက်တွင် ရှိနေဆဲဖြစ်သော သူ၏ညီမအကြောင်းသာ ဖြစ်သည်။ ဤအရာ မဖြစ်ပျက်ခင်က နှစ်ယောက်သား သူတို့၏စကားကိုပင် အပြီးမသတ်လိုက်ရချေ။
ယခုအခါ အပြင်ဘက်သည်က ပို၍အန္တရာယ်များလာတာကြောင့် အပြင်ဘက်တွင် တစ်ကိုယ်တည်း ရှိနေသော မိန်းကလေး တစ်ယောက်ကို သူ မည်သို့ စိတ်မပူဘဲ နေနိုင်ပါမည်နည်း?
ဤအခိုက်အတန့်တွင် ယင်ရိလျိုက ကျင်းယန်၏လက်မောင်းကို ထိရန် သူမ၏လက်ဖဝါးလေးကို အသုံးပြုလိုက်သည်။
သူမ သူ့ကို နှစ်ကြိမ်တို့လိုက်သည့်အတွက် ကျင်းယန်က သူ့ကို ခေါ်နေသည်ဟု ထင်တာကြောင့် နူးညံ့စွာမေးလိုက်သည်။
“ဘာဖြစ်လို့လဲ?”
သို့သော်ငြား ယုန်လေးက ၎င်း၏ ခေါင်းကိုယမ်းလိုက်ပြီး သူ၏လက်မောင်းကို အောင်မြင်စွာဖြင့် ထပ်မံတို့လိုက်ပြန်သည်။
သူ တွေးတော ချင့်ချိန်လိုက်သည်။
“နှစ်?”
ယုန်လေးသည် စိတ်လှုပ်ရှားစွာ တကျီကျီအော်လျှက် ခေါင်းငြိမ့်နေကာ သူ့၏ခြေထောက်များပေါ်တွင် ခုန်နေလေသည်။ ထို့နောက် ၎င်းက သူ့ကို တစ်ကြိမ်ထိလိုက်ပြီးနောက် သူ့ကို ထပ်၍ နှစ်ကြိမ်တို့ထိလိုက်လေသည်။
နှစ်၊ တစ်၊ နှစ်။
ဒါကက ဘာကိုဆိုလိုတာလဲ?
ကျင်းယန်၏ မျက်ခုံးများ အနည်းငယ် ကြုတ်သွား၏။
သူ၏ပေါင်ပေါ်က ယုန်လေး၏ မျက်လုံးနီလေးများကို မြင်လျှင် ဉာဏ်ကွန့်မြူမှု တစ်ခုက သူ့ဆီသို့ ဖျပ်ခနဲ ဖြတ်သန်းသွား၏။
“2012?”
ယင်ရိလျို အလွန် အံ့အားသင့်သွား၏။
ကောင်းကင်ဘုံရေ! ရွှေပေါင်လုံးကြီးက အရမ်းကြီးကို ဉာဏ်ကောင်းလွန်းနေတာ မဟုတ်ဘူးလားလို့? !
ကျင်းယန်၏ စိတ်ကတော့ ဤအချိန်၌ သူ့၏ပေါင်ပေါ်တွင် ခုန်ပေါက်နေသော ယုန်လေးပေါ်တွင် မရှိနေခဲ့ပေ။ သူ၏နှလုံးသားက ထိတ်လန့်တုန်လှုပ်ခြင်းထက်ပင် ပိုနေလေ၏။
2012၊ ပျက်ကပ်..
ဤသည်မှာ လွန်ခဲ့သောနှစ်အနည်းငယ်က ကြိုတင်ခန့်မှန်းမှုတစ်ခု ဖြစ်၏။
ယခုအခါ 2020 ရောက်နေနှင့်ပြီ ဖြစ်သော်လည်း ယုန်လေးက သူ့အားအရာတစ်ခုကို ပြောပြရန် အသုံးပြုခဲ့သည် ။
ပျက်ကပ်နေ့များ လာနေခဲ့ပြီ။
ကျင်းယန် ၎င်းကိုသံသယမဝင်ခဲ့ပေ။ အပင်များနှင့် တိရစ္ဆာန်များ၏ သန္ဓေပြောင်းခြင်းနှင့် သူကိုယ်တိုင်တွင် ဖြစ်ပျက်ခဲ့သော အပြောင်းအလဲများကို မြင်ထားရသောကြောင့် သူ ၎င်းကို ယုံကြည်နှင့်ပြီဖြစ်၏။
သို့သော်ငြား ယုန်လေးက သန္ဓေပြောင်းယုန်လေးတစ်ကောင်သာလျှင် အမှန်စင်စစ်ဖြစ်ပါက ၎င်းက 2012 မှတစ်စုံတစ်ရာကို မည်သို့သိပါလိမ့်မည်နည်း?
ကျင်းယန် တက်ကြွစွာ ခုန်နေသော အဖြူလုံးလေးကို လေးလေးနက်နက် ကြည့်လိုက်သည်။
ယင်ရိလျိုသည်ကား ရွှေပေါင်လုံးကြီး၏ မြင့်မားသော ဉာဏ်ရည်အပေါ် ထိတ်လန့်မှုထဲတွင် နစ်မြှုပ်နေဆဲဖြစ်၏။
သူမကိုယ်သူမ ဖော်ထုတ်သည့် အမှားတစ်ခုကို ပြုလုပ်ခဲ့မိပြီး ကျင်းယန်က လက်ရှိ သူမကို သံသယဝင်နေသည်ကို လုံးဝသတိမထားပေ။
ထိုညနောက်ပိုင်းတွင် ကျင်းယန် ငြိမ်းချမ်းစွာ အိပ်မပျော်ခဲ့ချေ။
သူ၏ဦးနှောက်သည်က ပျက်ကပ်နေ့များနှင့် သန္ဓေပြောင်းခြင်းနှင့် ပက်သက်၍ မေးခွန်းများပြည့်နှက်နေခဲ့၏။ အပြင်ဘက်တွင် ရှိနေဆဲဖြစ်သော သူ၏ညီမအကြောင်းကိုလည်း အလွန် စိုးရိမ်နေခဲ့သည်။
နောက်နေ့မနက်တွင်တော့ ပေါ့ပေါ့ပါးပါး လဲဝတ်စရာ အဝတ်အစားအချို့နှင့် အပေါ်ဝတ်အင်္ကျီတစ်ထည်ကို ဝတ်ဆင်ခဲ့ကာ သူ၏စိတ်ကြိုက်ဖန်တီးထားသော ကားကို သိုလှောင်ထားသော သူ၏ကိုယ်ပိုင် ဂိုထောင်သို့ ဦးတည်ခဲ့သည်။
ဤကားများသည်က သူ၏ခြေထောက်များ ကောင်းသေးချိန်က သူ မကြာခဏ မောင်းနှင်သော ကားများဖြစ်၏။ သူ၏ခြေထောက်များ ကျိုးသွားပြီးနောက်တွင် ၎င်းတို့ကို ထပ်မံမထိတော့ချေ။
သို့သော်ငြား ယင်ရိလျိုကို တုန်လှုပ်သွားစေသည်မှာ ဇိမ်ခံကား အတန်းလိုက်ကြီးမဟုတ်ခဲ့ပေ ။
ထို့အစား ကျင်းယန်၏ ကားနောက်ဖုံးထဲ၌ တည်ငြိမ်စွာ တင်ဆောင်ထားသော ကျည်သေတ္တာများ၊ သေနတ်နှင့် လက်နက်ကြီးများပင်ဖြစ်ပေသည်။
သူမ မတွေးနိုင်သော်ငြား ကျင်းမိသားစုက ယခင်က မည်သည့်လုပ်ငန်းကို လုပ်ကိုင်ခဲ့ကြောင်းကို သိချင်လေသည်။
မည်သည့်အခြေအနေတွင်မဆို ဤပစ္စည်းများဖြင့်သာဆိုပါက သူတို့၏ ရှင်သန်နိုင်သော အခွင့်အရေးများမှာ သံသယမရှိအောင် တိုးတက်လာပြီဖြစ်သည်။
ကျင်းယန်က တောင်တက်ခြင်းအတွက် ရည်ရွယ်ကာ အထူးချုပ်ထားသော ဝတ်စုံကို ဝတ်ဆင်လိုက်ပြူး လုံးဝကွဲပြားသော ခံစားချက် ရနေခဲ့သည်။
ဤသည်မှာ သူ့အနေဖြင့် အထိအတွေ့ကို ထပ်မံခံစားနိုင်ခြင်းကြောင့် ဖြစ်နိုင်ပြီး သူ၏မျက်နှာထက်ရှိ မှုန်မှိုင်းသည့်အရိပ်အငွေ့များသည်လည်း အလွန်လျော့ကျသွားခဲ့သည်။
လမ်းကြောင်းကို ချမှတ်ရန်အတွက် မြေပုံကို စစ်ဆေးနေသော သူ၏ပုံရိပ်သည် အလွန်ချောမောခန့်ညားကာ မြင်ရသူများကို ခြေထောက်များပင် ပျော့ခွေသွားစေသည်။
ကျင်းယန်က တစ်ဖက်မှ တောက်လောင်နေသော အကြည့်ကို ခံစားမိသည့်ပုံပေါ်၏။
သူ၏ခေါင်းကို မော့လိုက်လျှင် ယုန်လေး၏ မျက်လုံးနီနီဝိုင်းဝိုင်းလေးများဖြင့် ဆုံတွေ့လိုက်ရသည်။
ပန်းရောင် သန်းနေသော အဖြူရောင်နားရွက်တစ်စုံက ချစ်စရာကောင်းစွာ လွှဲယမ်းနေသည်ကို မြင်ရလျှင် သူ၏နှလုံးသားထဲရှိ တုန်လှုပ်မှုများက အများအပြား လွင့်ပြယ်သွားခဲ့သည်။
သူ လက်ချောင်းများကို ဆန့်ထုတ်လိုက်ပြီး ယုန်နားရွက်လေးကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
ယုန်လေး၏ သိမ်မွေ့သော သွင်ပြင်ကို မြင်ပြီးနောက် သူ၏နှလုံးသားထဲတွင် အပြစ်ရှိစိတ်တို့ မြင့်တက်လာခဲ့သည်။
သူ ဝှီးချဲပေါ်တွင် ထိုင်လျှက်ပင် အရှေ့တွင်ရှိနေသော ဆိုဖာပေါ်သို့ ရွှေ့လိုက်သည်။
ထို့နောက် ၎င်းအပေါ်တွင်ရှိသည့် သိုင်းလွယ်အိတ်အလွတ်လေးကို ကောက်ကိုင်လိုက်ပြီး ယုန်လေး၏ လည်ပင်းပတ်လည်တွင် ချိတ်ပေးလိုက်သည်။
ထိုအသိုင်းလွယ်အိတ်လေးသည်က ယုန်လေးထက် အဆများစွာကြီးမားလေ၏။ ကြည့်ရသည်မှာ အလွန်ရယ်စရာကောင်းနေခဲ့သည်။
ယင်ရိလျိုမှာ သူ၏လုပ်ဆောင်ချက်ကြောင့် အံ့အားသင့်သွားခဲ့ရသည်။ ကျင်းယန် မည်သည့်အရာကို ဆိုလိုခြင်းဖြစ်ကြောင်း သူမ နားမလည်ပေ။
ကျင်းယန်က သူမကို ပြုံးပြပြီး ပြောလိုက်သည်။
“မြေအောက်ခန်းထဲက မင်းအကြိုက်ဆုံး စားစရာတွေကို ထည့်ဖို့ ဒီအိတ်ကိုသုံးလိုက်၊ ဒါက နည်းနည်းမကောင်းဘူးဆိုပေမဲ့ မြေအောက်ခန်းတစ်ခုလုံးက စားစရာတွေနဲ့ပြည့်နေတာပဲမလား”
မှန်ပေသည်။ သူတို့အနေဖြင့် စားစရာတစ်အိတ်ထက် ပို၍ယူလာရမည်ဖြစ်၏။
ကျင်းယန်က ကားနောက်ခန်းထဲတွင် ကယ်လိုရီမြင့်မားသော စားစရာများကို နေရာချထားသည်မှာ ကြာပြီဖြစ်သည်။ လွယ်အိတ်ထဲရှိ အစားအစာများသည်က ယုန်လေး အဆာပြေစားရန်အတွက်သာ ဖြစ်ပေသည်။
======================