အခန်း(14)
ယင်ရိလျိုတစ်ယောက် ဆူညံသံများကြောင့် အနိုးခံလိုက်ရ၏။
သူမ၏မျက်လုံးများကို ဖွင့်ဟလိုက်လျှင် ကျင်းယန်၏ ရင်အုပ်ကျယ်ကျယ်ကို ဦးစွာမြင်လိုက်ရပြီး မနီးမဝေးတွင်ရှိနေသော သန္ဓေပြောင်းကြွက်၏ မြင်ကွင်းကို ဆက်လက်မြင်တွေ့လိုက်ရကာ သူမကို ထိတ်လန့်တုန်လှုပ်မှုသွားစေခဲ့သည်။
ဤကဲ့သို့ သွေးစွန်းမြင်ကွင်းမျိုးကို သူမ မည်မျှပင် မြင်တွေ့ခဲ့ရသည်ဖြစ်စေ၊ အမြဲတစေပင် အေးစိမ့်လောက်စရာ ထိတ်လန့်မှုများကို ပေးခဲ့လေ၏။
ကျင်းယန်၏လက်ထဲမှ တောခုတ်ဓားက သွေးများစွန်းထင်နေသည်ကိုလည်း သူမ သတိထားမိလိုက်၏ ။ သို့ဆိုပါက ကြွက်ကြီးကို အပြင်းအထန် ထိခိုက်သွားစေသူမှာ ကျင်းယန်ပင် ဖြစ်ပေလိမ့်သည်။ ၎င်းကို မြင်တွေ့ခဲ့ရပြီးနောက် သူမ အနည်းငယ် အံ့သြသွားခဲ့ရ၏။
ကြည့်ရသည်မှာ ကျင်းယန်က သူမထင်ထားသည်လောက် အားမနည်းသည့်ပုံပင်။
သို့သော်လည်း တွေးတောကြည့်ပါက ဤသည်မှာ ဖြစ်သင့်သည့်အရာပင်မဟုတ်ပါလား။ ကျင်းယန်သာ လုံလောက်အောင် မသန်မာလျှင် ပျက်ကပ်၏ အစောပိုင်းအဆင့်များ၌လျှင်ပင် ရှင်သန်နိုင်လိမ့်မည်မဟုတ်ပေ။
သူက မြို့တော် B ဆီသို့ လမ်းတစ်လျှောက်ကိုလည်း တစ်ကိုယ်တည်းခရီးသွားပြီး ဇာတ်လိုက်များနှင့် သူတို့၏အသင်းဖော်များကို တစ်ကိုယ်တည်း ယှဥ်ပြိုင်ခဲ့သည်။
ကြွက်ကြီး၏ မျက်နှာက ဆိုးဆိုးရွားရွား တွန့်လိန်နေခဲ့ပြီး သွေးများကလည်း အရှိန်ဖြင့် ပန်းထွက်နေခဲ့သည်။
၎င်းက အရှေ့တွင်ရှိနေသော လူ၏ လည်ပင်းကို ကိုက်ခဲချင်နေခဲ့ပုံရသည်။ သို့သော်လည်း အရှေ့သို့ တိုးမလာခဲ့တော့ပေ။
ထို ကြွက်ကြီးက ကျင်းယန်ကို တခဏမျှစိုက်ကြည့်ပြီးနောက်တွင်တော့ သူ၏ခေါင်းကို လှည့်လိုက်ကာ မျက်ပင်များဆီသို့ ခုန်ဝင်သွားခဲ့ပြီး ကျင်းယန်နှင့် ယင်ရိလျိုတို့၏မြင်ကြင်းရှေ့မှ ထွက်ပြေးသွားခဲ့ကြလေ၏။
ယင်ရိလျို အံ့အားသင့်သွားခဲ့၏။
ကြွက်က ခေါင်းတစ်ဝက်ကို အလှီးဖြတ်ခံလိုက်ရပေမယ့် အဲဒီလောက်တောင် မြန်မြန်ဆန်ဆန် ပြေးနိုင်နေသေးတာလား?
သန္ဓေပြောင်းတိရစ္ဆာန်တွေ အကုန်လုံးက ဒီလိုမျိုးသန်မာကြတာလား?
ကျင်းယန်လည်း ယုန်လေးက နိုးလာခဲ့ပြီဖြစ်ကာ သူ့ကို ၎င်း၏ မျက်လုံးလေးများဖြင့် စိုက်ကြည့်နေခဲ့ကြောင်းကို သတိထားမိသွားခဲ့၏။ သူက ၎င်း၏ ခေါင်းလေးကို ပွတ်သတ်ပေးရန်အတွက် သူ့လက်ကိုမြှောက်လိုက်သော်လည်း သူ၏လက်ကောက်ဝတ်မှ သွေးများကို တွေ့သောအခါ လမ်းတစ်ဝက်တွင် ရပ်တန့်လိုက်မိလေသည်။
ကျင်းယန်တစ်ယောက် တင်းကြပ်နေသော အာရုံများကို ဖြေလျှော့လိုက်သော်ငြား သူ၏ခြေထောက်မှ မချိမဆံ့နာကျင်မှုက လျစ်လျူရှုရန်မဖြစ်နိုင်တော့ဘဲ သူ့ကိုပို၍ကသိကအောက် ခံစားရစေသည်။
သူ ယုန်၏ခေါင်းကို တို့ထိပြီး ပြောလိုက်သည်။
“ကျေးဇူးပြုပြီး ကိုယ့်ကို ဝှီးချဲလေး ပေးပါဦး”
ယင်ရိလျိုက စိတ်ကိုထိန်းချုပ်လိုက်လေသည်။ ထို့နောက် သူမ၏နေရာလွတ်ထဲမှ ဝှီးချဲကထိန်းချုပ်ခလုပ်နှင့်အတူ ပေါ်ထွက်လာခဲ့သည်။
ကျင်းယန် ဝှီးချဲပေါ်တွင် ထိုင်လိုက်ပြီး ယင်ရိလျိုကို လက်မောင်းအတွင်း ပွေ့ချီကလျက် ဗီလာဆီသို့ ဦးတည်လိုက်၏။
“ဒီနေရာက ထပ်ပြီးမလုံခြုံတော့ဘူး၊ ငါတို့ ကျန်းကျိုး အခြေစိုက်စခန်းကို စောနိုင်သမျှ စောစောရောက်အောင်သွားဖို့လိုတယ်..ဒီနေ့ပဲ ထွက်ခွာရအောင်..”
ကျင်းယန် သူ့ဘာသာသူ ပြောလိုက်၏။
ယုန်လေးက သူ၏စကားလုံးများကို မတုံ့ပြန်နိုင်သောကြောင့် သူ့ကိုမော့ကြည့်ပြီး ၎င်း၏နားရွက်များကို လှုပ်ယမ်းပြလာခဲ့လေသည်။
သူတို့ ထုပ်ပိုးပြီး သူတို့၏အထောက်အပံ့ပစ္စည်းများ အားလုံးကို ယင်ရိလျို၏နေရာလွတ်ထဲ သိုလှောင် ပြီးချိန်တွင် ညနေပိုင်းသို့ ရောက်လုနီးပါးဖြစ်နေခဲ့ပေပြီ။
ကျင်းယန်က လမ်းပြမ်းမောင်း SUV ကားထဲသို့ဝင်လိုက်ပြီး ယင်ရိလျိုကို သူ့၏ပေါင်ပေါ်တွင် တင်ပေးလိုက်သည်။ သို့သော်လည်း ယုန်လေးက ကျိန်းသေးပေါက်ပင် မကျေနပ်နေခဲ့ပေ။
၎င်းထံတွင် နူးညံ့သော ဝမ်းဗိုက်လေးရှိပေသည်။ ၎င်းက ယိမ်းယိုင်နေသော ခြေထောက်များဖြင့် ကျင်းယန်၏ပေါင်ပေါ်တက်နင်းလျက် ကျင်းယန်၏လက်မောင်းများကို ဆွဲပြီး အပေါ်သို့ ကိုးယိုးကားရား တက်သွားခဲ့သည်။
ရုန်းကန်နေသော ယုန်လေးကို ကြည့်နေလျက် ကျင်းယန် ၎င်း၏တင်ပါးလေးကို ပင့်ပေးပြီး မေးလိုက်၏။
“မင်းက အပေါ်မှာထိုင်ချင်လို့လား?”
ယင်ရိလျိုခေါင်းငြိမ့်လိုက်၏။ သူမကားထိုင်ခုံပေါ်တွင် ထိုင်နေမည်ဆိုလျှင် သူမကအလွန်သေးငယ်နေသောကြောင့် အပြင်ဘက်ကို မမြင်ရချေ။
ကား၏ dashshboard ပေါ်တွင် နေရာချခံရချိန်တွင် သူမ၏မြင်ကွင်း က ပို၍ ကျယ်သွားခဲ့၏။
ကားဘော်ဒီက အတော်လေး မြင့်သည့်အတွက်ကြောင့် ယင်ရိလျိုအနေဖြင့် လေကာကိုဖြတ်၍ အပြင်ဘက် လောကကြီးကို ရှင်းလင်းစွာ မြင်နိုင်လေသည်။
မထွက်ခွာခင် အချိန်လေးတွင် ကျင်းယန်က ကျင်းမိသားစုဗီလာကို နောက်ဆုံးအအနေဖြင့် တစ်ချက် ကြည့်လိုက်လေ၏။
ဖြတာခနဲကြည့်ရုံဖြင့်ပင် ဗီလာက အလွန်ယိုယွင်းပျက်စီးနေသညာကို မြင်နိုင်ခဲ့ပြီး ခြံထဲတွင်စိုက်ထားသော သစ်ပင်များသည်လည်း နေရာအနှံ့ ပြေးလွှား၍ အရိုင်းဆန်စွာ ကြီးထွားခဲ့ကြသည်။
သူ အသက်ပြင်းပြင်း ရှူရှိုက်လိုက်ပြီး ကားစက်ကိုနှိုးကာ ဖြည်းညင်းစွာ မောင်းထွက်သွားလေသည်။
ကျင်းမိသားစု တောင်တစ်ဝက်ဗီလာသည်က ဆင်ခြေဖုံးတွင် တည်ရှိလေသည်။ မြို့ထဲမှ ထွက်ခွာမည်ဆိုပါက သူတို့အနေဖြင့် မြို့လယ်ခေါင်ကို ဖြတ်သွားရမည်မှာ သေချာပေသည်။
မြို့ထဲသို့ ကားက ဖြည်းညှင်းစွာ မောင်းဝင်လာခဲ့ရင်းဖြင့် မြို့၏လက်ရှိ အခြေအနေက သူတို့၏ မြင်ကွင်းထဲသို့ ဝင်ရောက်လာခဲ့သည်။
လမ်းမနှင့်လမ်းကြားလေးများက ယခင်အခြေအနေများနှင့် တူညီနေဆဲပင်ဖြစ်သော်ငြား လမ်းပေါ်တွင် လူတစ်ယောက်မှမရှိပါချေ။ အလွန်ပင် ခြောက်ခြားဖွယ်ရာကောင်းလောက်အောင် တိတ်ဆိတ်နေခဲ့၏။
လမ်းဘေးနှစ်ဖက်လုံးရှိ စျေးဆိုင်များက အကုန်လုံး ဖရိုဖရဲဖြစ်နေခဲ့၏။ တံခါးများက ပွင့်နေပြီး စျေးဆိုင်ထဲရှိ ကုန်ပစ္စည်းများကလည်း ပြန့်ကျဲနေလေသည်။
ဤနေရာများသည်က ဤအချိန်အတိုင်းအတာအတွင်း အကြိမ်မရေတွက်နိုင်အောင် လုယက်ခံထားရပြီဖြစ်ကြောင်း သိသာစွာ တွေးတောနိုင်ပေသည်။
ကမ္ဘာပျက်ကပ်၏ အစောပိုင်းအဆင့်များအတွင်း မြို့ထဲရှိလူများက ကြောက်စိတ်မွှန်နေခဲ့ကြ၏။
နေ့ရက်တိုင်းပင် မရေမတွက်နိုင်သော လူများက သန္ဓေပြောင်းတိရစ္ဆာန်များ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ မည်သူ့ကမှ မြို့ကို အစီစဥ်တကျ ပြန်လည်ထိန်းသိမ်းရန် သို့မဟုတ် ဇိမ်ခံပစ္စည်းများကို သိမ်းဆည်းရန် အချိန်မရှိကြပေ။
ယင်ရိလျိုတစ်ယောက် နံရံပေါ်၌ ခြောက်သွေ့နေသော သွေးအစွန်းအထင်းများကို အကြိမ်ကြိမ်မြင်နိုင်နေခဲ့ရလေ၏။
ကားက မြို့ထဲကိုရောက်သောအချိန်တွင် ထောင့်ဘက်နားဆီမှ သန္ဓေပြောင်းခွေးကြီးနှစ်ကောင် ရုတ်တရက် ခုန်ထွက်လာခဲ့သည်။
သူမ ရှင်းလင်းစွာမမြင်နိုင်ခင် သေနတ်သံတစ်ချက် မြည်ဟိန်းသွားပြီး သန္ဓေပြောင်းခွေးထဲမှ တစ်ကောင်ကိုထိသွားခဲ့၏။
ကျန်ရှိနေသည့်ခွေးက အဆတ်မပြတ် နောက်သို့ဆုတ်ကာ ထွက်ပြေးသွားချင်နေခဲ့လေ၏။ တစ်ယောက်ယောက်က သူ့ကို သတ်ဖြတ်တော့မည်ကို သိနေသကဲ့သို့ပင်။
ကျင်းယန် ကားကိုရပ်တန့်လိုက်သည်။
မိနစ်ဝက်ခန့်ကြာပြီးနောက်တွင် သေနတ်သံတစ်ချက်က ထောင့်တစ်နေရာဘက်မှ ထွက်ပေါ်လာခဲ့သည်။ ၎င်းသည်ကား ခွေး ထွက်ပြေးသွားချင်ခဲ့သည့် အရပ်မျက်နှာဘက်ကပင် ဖြစ်လေ၏။
ထိုခွေးသည်လည်း ခေါင်းတည့်တည့်သို့ အပစ်ခံလိုက်ရလေသည်။
ပစ်ခတ်သူ၏ စေ့စပ်တိကျမှုက ထိုသူသည်လည်း သာမန်လူတစ်ယောက် မဟုတ်သည်ကို ညွှန်ပြနေခဲ့သည်။
မကြာခင်မှာပင် လူအချို့က လမ်းထောင့်မှ လမ်းလျှောက်၍ထွက်လာခဲ့ကြ၏။
သူတို့က ကျင်းယန်၏ ကားကို အရင်သတိထားမိသွားပြီး ထို့နောက်မှသာ သူတို့၏အကြည့်က မြေပြင်ပေါ်မှ သန္ဓေပြောင်းခွေးနှစ်ကောင်ဆီသိာ့ ရွေ့ပြောင်းသွားခဲ့သည်။
ထိုလူများက ငါးယောက်ရှိနေခဲ့ပြီး လူတိုင်းကယောကျ်ားသားများဖြစ်ကာ သူတို့ထဲတွင် စစ်တပ်ယူနီဖောင်းများ ဝတ်ထားသော နှစ်ယောက်ရှိသည်။ ထိုသူတို့က စစ်တပ်၏ တစ်စိတ်တစ်ပိုင်းဖြစ်သည့်ပုံပင်။
စစ်သားများက နောက်ဘက်ရှိ အခြားလူသုံးယောက်ကို ခွေးများသယ်ဆောင်ရန် ညွှန်ကြားလိုက်၏။
“ ဒီနေ့ပ ကောင်းကောင်း ရိတ်သိမ်းနိုင်တာပဲ၊ ငါတို့ ပြန်ရောက်ရင် အသားစားနိုင်ပြီ!”
သေနတ်နှင့် စစ်သားများထဲမှ တစ်ယောက်က လမ်းလယ်ခေါင်တွင် ရပ်ထားသော SUV ဆီသို့ ဖြည်းညှင်းစွာ ချဥ်းကပ်လာလေသည်။
“ရှုန်းတိ ၊ မင်းက ဘယ်ကများလဲ ”
ယင်ရိလျိုက နောက်ကိုလှည့်ပြီး ကျင်းယန်ကို တစ်ချက်ကြည့်လိုက်ကာ အနည်းငယ် စိတ်လှုပ်ရှားနေခဲ့သည်။
သူတို့က ငါတို့ဆီက မလုယက်လောက်ပါဘူးနောက် ဟုတ်တယ်မလား?
ကျင်းယန်က သူမ၏ခံစားချက်များကို ခံစားနိုင်ပုံပေါ်ပြီး သူမ၏ယုန်နားရွက်နုနုများကို ထိတွေ့လိုက်သည်။
“မစိုးရိမ်ပါနဲ့ အဆင်ပြေပါတယ်”
သူက ကားပြတင်းပေါက်မှန်ကို ချလိုက်ကာ ချဥ်းကပ်လာသောလူဆီသို့ သူ၏မျက်နှာကို ထုတ်ဖော်ပြလိုက်သည်။
“ဆင်ခြေဖုံးက”
ထိုလူက ကျင်းယန်၏ကားထဲကို ကြည့်လိုက်ပြီး သူနှင့် ….ယုန်တစ်ကောင်သာလျှင် ရှိသည်ကို တွေ့လိုက်ရသည်?
ယုန်တစ်ကောင်ရှိနေတာလား?
ယုန်က ကားပြတင်းပေါက်ရှေ့တွင် ထိုင်နေကာ ၎င်း၏ ချစ်စရာကောင်းသော မျက်လုံးလေးများဖြင့် သူ့ကို လှမ်းကြည့်နေပြီး ၎င်း၏ နားရွက်ရှည်ရှည်များက လှုပ်နေခဲ့သည်။
ပျက်ကပ်နေ့များ၍ သူတို့မြင်တွေ့ခဲ့ရသည့် လူသားတိုင်းပေါ်ကို ခုန်အုပ်သော အလွန်ကြီးမားသည့် သန္ဓေပြောင်း တိရစ္ဆာန်ကြီးများနှင့် မတူပါချေ။ ထိုသန္ဓေပြောင်း တိရစ္ဆာန်ကြီးများဆိုလျှင် လူများကိုမြင်သည်နှင့် လျှင်မြန်စွာပြေးလာကာ ကိုက်ဖြတ်ချင်နေကြလိမ့်မည်။
သူ သေနတ်ကို ဖြည်းညှင်းစွာချလိုက်သည်။
ဒီအချိန်မှာ သန္ဓေမပြောင်းသေးတဲ့ တိရစ္ဆာန်တွေ ရှိနေသေးတာလား?
“ငါက ရှစ်ခုမြောက်တပ်စုကပါ. မင်း ဒီကိုလာခဲ့တာက ငါတို့ မြောက်ဘက်ကို သွားတော့မယ်ဆိုတဲ့ သတင်းကိုကြားခဲ့တာကြောင့်မလား?
အတော်လေးကြမ်းတမ်းနေတဲ့အတွက် ငါတို့ကိုအပြစ်မတင်ပါနဲ့.. အခု လောကကြီးက ဗရမ်းဗတာဖြစ်နေတော့ ငါတို့သတိထားရမယ်လေ”
ယင်ရိလျို ခေါင်းကို မော့လိုက်ပြီး ထိုလူကိုကြည့်လိုက်၏။ သူက အတော်ငယ်သည့်ပုံပင် သုံးဆယ်အစောပိုင်း ပတ်ချာလည်ခန့်ရှိပြီး စစ်တပ် ယူနီဖောင်ကို ဝတ်ဆင်ထားခဲ့သည်။
သူက လူကောင်းတစ်ယောက် ဖြစ်သည့်ပုံပင်။
“ငါက ဝမ်ကျန်းကျဲပါ”
“ကျင်းယန်”
ကျင်းယန်ဟူသော အမည်ကို ကြားလျှင် ဝမ်ကျန်းကျဲ သူ့အား အကြိမ်ရေ အနည်းငယ် ကြည့်လိုက်သည်။
ဤမြို့ထဲတွင် ကျင်းမိသားစုဆိုသည်က အလွန် နာာမည်ကျော်ကြားသော မိသားစုဖြစ်ပေသည်။ ထိုမိသားစုထဲတွင်လည်း တစ်ဖက်လူနှင့် တူညီသော အမည်ရှိသည့် အသက်ငယ်ရွယ်သော နာမည်ကြီး စီးပွားလုပ်ငန်းရှင်တစ်ယောက်ကို သူအမှတ်ရလိုက်သည်။
ထိုလူက မကြာခဏ တီဗွီတွင်ပေါ်လာတတ်ပြီး ဤမြို့ထဲမှ ထိပ်တန်း မိသားစုများထဲမှ ဖြစ်ပေသည်။
ကျင်းယန်တွင် ဥရောပမျိုးနွယ်ကဲ့သို့ မျက်နှာအသွင်အပြင်အချို့ ရှိလေ၏။ အေးစက်သောမျက်နှာထားများရှိနေချိန်တွင် သွားမရှုပ်သင့်သော တစ်စုံတစ်ယောက်နှင့်တူသည်။
ထို့ကြောင့် ဤသည်မှာ တူညီသော ကျင်းယန်ဖြစ်ကြောင်းကို ဝမ်ကျန်းကျဲ ချက်ချင်းသိလိုက်သည်။
ထိုသို့ဆိုလျှင် ထိုသူက ဤကဲ့သို့ ကားကောင်းတစ်စီးကို တတ်နိုင်သည်မှာ အံ့သြစရာမရှိပေ။
သူတို့ စကားပြောနေစဥ် အခြားလူများက ခွေးနှစ်ကောင်ကို သယ်လာခဲ့ကြသည်။
ခွေးများက အလွန်ကြီးပြီး လေးလံလွန်းသည်။
ခွန်အားများကို ဆင့်ကဲမပြောင်းလဲခဲ့ကြသော သာမာန်လူများအနေဖြင့် သယ်ယူရန် ခက်ခဲလိမ့်မည်။
=========================