Chapter1
Viewers 1k

အခန်း(၁)အချိန်ကူးပြောင်းခြင်း


ဝမ်မင်ယွီ သူ့မျက်လုံးများကို ဖွင့်လိုက်သည်နှင့် တပြိုင်နက် ရှေးခေတ်မှာသာ မြင်တွေ့ရလေ့ရှိသည့်ခေတ်ဟောင်းပုံစံ လိုက်ကာများ၊ နူးညံ့လှပပြီး သေသပ်သည့် ပန်းထိုးလက်ရာများအပြင် ဆန်းပြားကျနစွာဖြင့် အသေးစိတ်ထွင်းထုထားသည့် ကုတင်တိုင်များကို မြင်လိုက်ရသည်။


သူ နားမလည်နိုင်‌သေးခင်မှာပင် စိတ်ထဲတွင်ဗလာကျင်းစွာနှင့် မျက်တောင် တဖျတ်ဖျတ်ခတ်လိုက်မိသည်။  

အာ ဟုတ်သား သူ အချိန်ကူးပြောင်းလာတာပဲ...

ပင်ပင်ပန်းပန်းနဲ့ အလုပ်တွေ ထပ်လုပ်စရာမလိုတော့ဘူးပဲ...


သူ လူးလှိမ့်လိုက်ရင်း အိပ်ရာထဲတွင်ဆက်အိပ်ဖို့ပြင်လိုက်၏။


သူသည် ကြယ်တာရာခေတ်ဆီမှ လွန်ခဲ့သည့်နှစ်ပေါင်းထောင်ချီက ရှေးခေတ်အပြာ‌ရောင်ကြယ်ကြီးတစ်ခုဆီသို့ ကူးပြောင်းလာခဲ့သည်မှာ လဝက်ပင်ရှိနေပြီဖြစ်၏။သူ ဤနေရာသို့ရောက်လာသည်နှင့်ပတ်ဝန်းကျင်ကို အသားမကျသေးခင်မှာပင် မူလပိုင်ရှင်၏ အမည်ခံဖခင်ဖြစ်သူ ကွမ်းယန်မြို့စားက သူ့ကိုဆေးသုံးကာ မူးမေ့စေခဲ့ပြီး နန်းတော်ဆီပို့ဆောင်လိုက်၏။


ထိုအချိန်က သူသည် လုံးဝကို ကူကယ်ရာမဲ့နေခဲ့သောကြောင့် ဘာကိုမှ ရေရေရာရာမသိခဲ့ပေ။ထိုအချိန်တွင် ရှေးခေတ်ဝတ်စုံဝတ်ထားသော သက်လတ်ပိုင်းလူတစ်ယောက်က သူ့ကိုငုံ့ကြည့်ပြီး အေးစက်စွာပင် သတိပေးလာသည်။

"မြိုစားအိမ်‌ေတာ်က မင်းကို နှစ်တွေအကြာကြီး ထောက်ပံ့ပေးခဲ့တာ အခုတော့ မင်း ပြန်ပေးဆပ်ရမယ့်အလှည့်ပဲ...မင်းကြီးကို သေချာ ကောင်းကောင်းမွန်မွန်ခစား ရမယ် ကြားလား... မင်း နန်းတော်ထဲမှာ မနေနိုင်ဘူးဆိုရင် အသက်ရှင်ရက် ပြန်လာနိုင်မယ် ထင်မနေနဲ့"


ထိုသို့ ပြောပြီးသည့်နောက်တွင် ထိုလူမှာ ဝမ်မင်ယွီကို ထပ်ပြီး အကြည့်တစ်ချက်‌ပေးဖို့ပင် ပျင်းနေပုံရပြီး သူ့ကို တစ်ခွန်းပဲပြောလာ၏။

"သူ့ကို စောင့်ကြည့်ထား"

ထို့နောက် ဝတ်ရုံလက်ကိုခါကာ ထွက်သွားလေတော့သည်။


ဝမ်မင်ယွီမှာ ယခုလိုမျိုး အော်ဟစ်ခံလိုက်ရသောကြောင့် သူက မူလခန္ဓာကိုယ်ပိုင်ရှင်မဟုတ်သော်လည်း သူ့လက်သီးကိုသူ တင်းတင်းဆုပ်ထားလိုက်မိသည်။ သူ ထိုမကောင်းသည့် အဖေဆိုသည့်လူကို ရိုက်နှက်ပစ်ချင်နေမိသည်။


ဝမ်မင်ယွီသည် မူလခန္ဓာကိုယ်၏ မှတ်ဉာဏ်များနှင့် အစေခံများ၏ တီးတိုးပြောသံများအရ ယခုလက်ရှိအခြေအနေများကို တဖြည်းဖြည်း နားလည်လာ၏။


မူလပိုင်ရှင်မှာ ကွမ်းယန်မြို့စားနှင့် ပြည့်တန်ဆာတို့၏ တရားမဝင် ကလေးဖြစ်၏။သူ့မိခင်အရင်းသည် သူ့ကိုမွေးဖွားစဉ်ကပင် ကလေး မွေးဖွားရ ခက်ခဲခြင်းကြောင့် ဆုံးပါးသွားခဲ့ပြီး သူသည်လည်း တန်ဖိုးထားခြင်း မခံခဲ့ရပေ။ ဆယ်စုနှစ်တစ်စုကြာပြီးနောက်မှ နောက်ဆုံးမှာ သူ့ကိုမှတ်မိလာရသည့် အကြောင်းကတော့ မြို့စားကွမ်းယန်က ညီလာခံတွင် လျှာခေါက်စကားမှားသွားရသည့် အတွက်ကြောင့်ပင်ဖြစ်၏။ ထို့ကြောင့် သူ့သားတွေထဲကတစ်ယောက်ကို အာဏာရှင်ဧကရာဇ်ဆီသို့ဆက်သဖို့အတွက် စေလွှတ်ရတော့မည်ပင်။


မူလပိုင်ရှင်မှာ ယခုလိုမျိုး လေးလံလွန်းလှသည့်ဝန်ထုပ်ဝန်ပိုးကို မကိုင်တွယ်နိုင်တာကြောင့် သူ့ကိုယ်သူအဆုံးသတ်ဖို့ ရွေးချယ်ခဲ့သည်။ထို့‌နောက် ဝမ်မင်ယွီက သူ့ခန္ဓာကိုယ်ထဲသို့ ကူးပြောင်းလာခဲ့၏။


အစေခံတွေဆီမှ ထိုအကြောင်းကို ကြားပြီးသည့် နောက်မှာပင် ထိုတရားမဝင်သားအတွက် မြို့စားကွမ်းယန်သည် စိုးရိမ်စိတ် တစ်စွန်းတစပင် မရှိခဲ့ပေ။ထိုအစား သူသည် ဝမ်မင်ယွီက သေခြင်းတရားကိုပင် ပြက်ရယ်ပြုကာ ခုခံရဲသည့်အတွက် ဒေါသထွက်သွားပြီး နောက်တစ်ကြိမ် ထပ်ပြီး သတ်သေမည်ကို စိုးရိမ်သောကြောင့် ဝမ်မင်ယွီကို ဆေးခတ်လိုက်ပြီး နန်းတော်ထဲသို့ပို့ဆောင်လိုက်သည်။


မြို့စားကွမ်းယန်၏ မျက်လုံးထဲတွင်တော့ တရားမဝင်သည့်သားတစ်ယောက်က စွန့်ပစ်သင့်သည့် အသုံးမဝင်သော နယ်ရုပ်တစ်ခုသာသာပင်။ သူ နန်းတော်ထဲသို့ ရောက်သည်နှင့်တပြိုင်နက် အာဏာရှင်ဘုရင်ကြောင့် အမြန်ပင် သေရလိမ့်မည်။လူကို ကောင်းမွန်သည့် အခြေအနေနှင့် အသက်ရှင်လျက် နန်းတော်သို့ ပို့ဆောင်နိုင်ခြင်းကပင် လုံလောက်နေပြီဖြစ်၏။


ထိုအရာအားလုံးမှာ သူ ကူးပြောင်းလာပြီးသည့်နောက်ပိုင်း ကြုံခဲ့ရသော အရာများပင်ဖြစ်၏။အခုအချိန်မှာတော့ သူ နန်းတော်ထဲကိုရောက်နေတာ ဆယ်ရက်ခန့်ရှိနေပြီဖြစ်သည်။


အစတွင် သူသည် အာဏာရှင်ဧကရာဇ်ကို အိပ်ရာထဲတွင် ခစားရမည်ဟု ကြားခဲ့ရပြီး ကြောက်ရွံ့မှုကြောင့်တုန်လှုပ်နေခဲ့ရသည်။ရုပ်ရှင်ထဲကလိုပင် ဇာတ်လမ်းအစမှာကတည်းက အသက်မရှင်နိုင်တော့သည့် အမြောက်စာလေးလိုမျိုး သူ့ကိုယ်သူ ခံစားနေရ၏။ သို့သော် သူ နန်းတော်ထဲရောက်လာသည့်အခါတွင် သီးသန့်နန်းဆောင်တွင် အထားခံရပြီး တစ်နေ့ကို စားသောက်ဖွယ်ရာသုံးနပ်က သူ့တံခါးရှေ့ကိုရောက်လာသည်။နန်းတွင်းအစေခံများကလည်း သူ့ကို ခစားနေကြ၏။


မည်သူကမှ အမြဲတမ်း သတိကြီးကြီးမထားနိုင်ပေ။ဝမ်မင်ယွီက ရက်အနည်းငယ်စောင့်ပြီးနောက် ဘာအမှားမှမရှိဘူးဆိုတာ သတိထားမိသွားသည်။ရလဒ်အနေနှင့် သူလည်း စိတ်လွတ်လက်လွတ်ဖြစ်ကာ သူ့အာရုံတွေပါပြေလျော့သွား၏။

ဤကျယ်ပြောလှသည့်နေရာကြီးမှာ သူက ဘယ်သူမှမဟုတ်၊ ဘာမှမဟုတ်ပေ။လုံးဝကိုအရေးမပါပေ။ပြီးတော့ ဧကရာဇ်ကလည်း သူ့တည်ရှိမှုကို မေ့ပျောက်သွားလောက်ပါပြီ..


ဝမ်မင်ယွီသည် ဧကရာဇ်က သူ့ဆီခြေကြွမလာဖို့နှင့် သူ့ကိုနန်းဆောင်မှာ အေးအေးဆေးဆေးပေးနေဖို့ရန် စိတ်အားထက်သန်စွာ မျှော်လင့်နေမိသည်။

အာဏာရှင်ဧကရာဇ်၏ အန္တရာယ်ကိုသာ လစ်လျူရှုထားမယ်ဆိုလျှင် နန်းတော်ထဲက ဘဝမှာ တကယ့်ကို အံ့အားသင့်စရာပင်ဖြစ်၏။နေ့ရော၊ညရော ဘာအလုပ်မှ လုပ်စရာမလိုဘဲ နေ့တိုင်း ကောင်းကောင်းစား၊ကောင်းကောင်းသောက်နိုင်သည်။ 


သူ၏ မူလကမ္ဘာတွင် ဝမ်မင်ယွီသည် မိဘမဲ့တစ်ယောက်ဖြစ်ခဲ့ပြီး သူ့မိဘများ မရှိကြတော့ပေ။သူ၏ ကျူရှင်စရိတ်နှင့်‌ နေထိုင်အသက်ရှင်ရန်ကုန်ကျစရိတ်များအတွက် အလုပ်များလုပ်ခဲ့ရသည်။ထို့အပြင် သူက အိုမီဂါတစ်ယောက်ဖြစ်ပြီး သူ၏ လိင်ကို ဖုံးကွယ်ရန်နှင့် ဘီတာတစ်ယောက်အဖြစ် ဟန်ဆောင်ရန်အတွက် ဈေးကြီးသည့် inhibitors များ ဝယ်ခဲ့ရသည်။ ထိုသို့မဟုတ်လျှင် သူက အယ်လ်ဖာတစ်ယောက် သို့မဟုတ် ထို့ထက်ပိုသည့် အယ်လ်ဖာများနှင့် အိမ်ထောင်ပြုဖို့ တွန်းအားပေးခံရမည်ဖြစ်သည်။

အဘယ်ကြောင့်ဆိုလျှင် အိုမီဂါများက ရှားပါးပြီး တန်ဖိုးရှိသည့် မျိုးစိတ်ဖြစ်သောကြောင့်ပင်။


ယခုတွင်တော့ ယခင်ကလို ပုန်းကွယ်နေရန် မလိုအပ်တော့ဘဲ ကြီးမားသော ကုတင်ကြီးပေါ်တွင် အနားယူနိုင်ပြီး ဂွမ်းကပ်အိပ်ယာပေါ်မှာ ပျော်ရွှင်စွာ လူးလှိမ့်နိုင်ပြီပင်။


ဘယ်လောက်တောင် ကောင်းလိုက်လဲ!


ပျော်ရွှင်နေသောကြောင့် ဝမ်မင်ယွီ၏ ခေါင်းပေါ်မှ ယုန်နားရွက်လေးနှစ်ဖက်ပင် ထွက်ပေါ်လာပြီး သူ၏ မျက်နှာပေါ်သို့ နူးနူးညံ့ညံ့လေးဖြင့်ပင် တွဲလွဲခိုလာ၏။သူက အိပ်ယာပေါ်တွင် မှောက်လျက်အိပ်နေကာ သူ၏ မျက်နှာကို ခေါင်းအုံးထဲတွင် အပ်ထားသောကြောင့် သေးငယ်လှသည့် နှင်းဖြူရောင် အမွေးပွ အမြီးလုံးလေးမှာ သူ့တင်ပါးထက်မှ ရုတ်တရက် ထွက်ပေါ်လာ၏။


ဤပုံစံကတော့ အိုမီဂါတစ်ယောက်အဖြစ် ဝမ်မင်ယွီ၏တိရစ္ဆာန် ပုံစံလေးပင်။ အယ်လ်ဖာနှင့် အိုမီဂါ နှစ်မျိုးစလုံးက တခြားပုံစံဖြင့် မွေးဖွားလာခဲ့ခြင်းဖြစ်ပြီး ထိုပုံစံမှာ ခံစားချက်ကို လှုံ့ဆော်ခံရသည့်အချိန်နှင့် နေမကောင်းဖြစ်သည့် အချိန်မှသာလျှင် ထွက်ပေါ်လာတတ်ကြသည်။ 


ဝမ်မင်ယွီက နားရွက်ကျယုန်ကလေးဖြစ်ပြီး သူ ကုတင်ပေါ်မှာ အိပ်နေသည့်အချိန်ဆိုလျှင် နူးညံ့ပျော့အိသည့် ဂျယ်လီအတုံးလေးနှင့်တူလှပြီး လူတွေကို သူ့တင်ပါးလေးအား တို့ထိကာ ဂျယ်လီလိုမျိုး အိတုန်ကာ ခါယမ်းသွားမလားဆိုသည့်စိတ်နှင့် စူးစမ်းကြည့်ချင်လာအောင် လုပ်နေ၏။ 


စက္ကန့်အနည်းငယ်လောက် မှေးပြီးသည့်အခါမှာတော့ သူ့မျက်နှာပေါ်တွင် ယားယံမှုတချို့ကို ခံစားလိုက်ရသည်။ သူက ထိုအရာကို လှမ်းထိလိုက်သောအခါ သူ့နားရွက်များနှင့် အမြီးက ထပ်ပြီး ထွက်နေပြီဖြစ်ကြောင်း သိလိုက်ရပြီး သူ မြန်မြန်ဆန်ဆန်လေးပင် အထဲသို့ ပြန်သွင်းထည့်လိုက်၏။


သူ ပြန်သွင်းပြီးတာနှင့် ခဏချင်းမှာပင် နန်းတွင်းအစေခံစန်းရှီက ရောက်ရှိလာပြီး ယဉ်ကျေးစွာပင် ခြေလှမ်းအနည်းငယ် ခွာကာ မတ်တပ်ရပ်ရင်း အသံတိုးတိုးဖြင့်မေးလာ၏။ 

"သခင်လေး နိုးနေပါပြီလား ...ကျွန်တော်မျိုးကို သခင်လေး ကိုယ်လက်သန့်စင်ဖို့အတွက် ပြင်ဆင်ပေးစေချင်ပါသလား"


ဝမ်မင်ယွီက ပြန်ဖြေလိုက်ပြီး မိန်းမစိုးအဝတ်အစားဝတ်ထားသည့် စန်းရှီက လှည့်ထွက်သွားကာ ရေဇလုံတစ်ခုကို ယူလာပြီး သူ မျက်နှာသစ်ဖို့ ကူညီပေးလာ၏။ 


မျက်နှာသစ်နေရင်းမှပင် ဝမ်မင်ယွီက ရေဇလုံထဲတွင် ရောင်ပြန်ဟပ်နေသော သူ၏ ပုံစံကို ကြည့်လိုက်မိသည်။ မူလပိုင်ရှင်၏မျက်နှာမှာ သူ၏အရင်က ပုံသဏ္ဌာန်နှင့် လုံးဝကို တစ်ထပ်တည်းကျနေပြီး မူလပိုင်ရှင်၏ နာမည်ကပါ သူ၏နာမည်နှင့် အသံထွက်ချင်း တူနေ၏။တိုက်ဆိုင်မှုတွေကတော့ များလွန်းလှသည်။ ထိုသို့ တိုက်ဆိုင်မှု များလွန်းသည့် ကံကြမ္မာကြောင့်လားမသိ သူ ဤနေရာသို့ ကူးပြောင်းလာခဲ့ရသည်။


နောက်ထပ် ထူးဆန်းသည့် အရာတစ်ခုကမှာ သူက ဤနေရာသို့ ကူးပြောင်းလာခဲ့ပြီး သူ၏ခန္ဓာကိုယ်ကပါ ပြောင်းသွားတာတောင် သူ့ အိုမီဂါ လက္ခဏာတွေက ဘာလို့ရှိနေသေးရတာလဲ...သူနဲ့မူလပိုင်ရှင်က ခန္ဓာကိုယ်တွေပါ ပြောင်းသွားကြတာလား....ဒါသူ့ရဲ့ ကိုယ်ပိုင်ခန္ဓာ ကိုယ်များလား...


ဝမ်မင်ယွီက ခဏတာစိတ်ရှုပ်ထွေးနေပြီး အသိပြန်မဝင်သေးခင်အထိ ဗလာကျင်းစွာပင် စိုက်ကြည့်နေမိ၏။ သူက ခေါင်းကို ငုံ့ကာ သူ့မျက်နှာအား သူ့လက်များဖြင့် ပွတ်သပ်လိုက်မိ၏။ 

[ကြောင်လေးတွေ၊ယုန်လေးတွေ ပွတ်သလိုမျိုး လုပ်လိုက်တာပါ ]


စန်းရှီက ယခုလေးတင်မှ စွတ်ထားသော ရေစိုတဘက်ကို သူ့အား လက်နှစ်ဖြင့် ကမ်းပေးလာ၏။ 

"သခင်လေး "

ဝမ်မင်ယွီ: အာ ဟုတ်သား...ငါ ငါ့မျက်နှာကို မတော်တဆ ငါ့ရဲ့လက်ဖဝါးတွေနဲ့ ပွတ်မိသွားတယ်...ဒါ လူသားတွေ လုပ်သင့်တဲ့ အပြုအမူမဟုတ်ဘူးပဲ...


သူက အဝတ်ကိုယူလိုက်ပြီး လူသားတွေ၏ အပြုအမူနှင့် ကိုက်ညီစွာပင် ပြုမူလိုက်ပြီး ဖြည်းညင်းစွာနှင့် မျက်နှာအနှံ့နှံ့စပ်အောင် ဆေးကြောသန့်စင်လိုက်သည်။ 


မျက်နှာသစ်ပြီးသည်နှင့် ဝမ်မင်ယွီက မနက်စာစားဖို့အတွက် ထိုင်လိုက်သည်။ 

ဝမ်မင်ယွီက တစ်စုံတစ်ယောက် ပျောက်နေသည်ကို သတိရသွားသောကြောင့် ပုံမှန်အတိုင်းပင် မေးလိုက်၏။ 

"ယိုဖုရော..."


စန်းရှီက ခဏလောက်တုံ့ဆိုင်းနေပြီးမှ အသံတိုးတိုးဖြင့်ပြောလာ၏။ 

"...သူ လုပ်စရာတစ်ခုရှိလို့ ထွက်သွားပါတယ်"

ဝမ်မင်ယွီက အသားပေါက်စီကိုသာ တစ်ကိုက် ကိုက်လိုက်သည်။ သူကငတုံးမဟုတ်ပေ။ ယိုဖုက သူ့ကို ဂရုစိုက်ဖို့ တာဝန်ပေးခံထားရပြီး တခြားလုပ်စရာအလုပ်မရှိပေ။ သူက ဝမ်မင်ယွီဆီမှာနေရင် အနာဂတ်မရှိဘူးဟု ထင်ပြီး နည်းလမ်းထွက်ရှာခြင်းပင်ဖြစ်မည်။

 ဒါတွေက လူတွေရဲ့သဘာဝဖြစ်တာမို့ သူနားလည်လို့ရပါတယ်လေ...


ထို့ကြောင့် ဝမ်မင်ယွီက ထိုအကြောင်းကိုကြားသောအခါ သိပ်အများကြီး တွေးမနေဘဲ မနက်စာကိုသာ ပျော်ပျော်ကြီး စားလိုက်တော့သည်။ သူ အရင်က ဒိတ်လွန်နေသော အားဖြည့်စွက်အစားအစာများကိုသာ စားခဲ့ရသည်။ ပူနွေးပြီးအရသာရှိသည့် စားစရာတွေကိုစားဖို့ လုံးဝ အခွင့်အရေးမရှိခဲ့ပေ။ 


သူ ကူးပြောင်းလာရတာကို ကြိုက်နေမိပြီ။ ကူးပြောင်းလာပြီးသည့်နောက် သူ ပျော်ရွှင်ရတယ်လေ...

သူက အခုတော့ သေခြင်းနဲ့ရှင်ခြင်းအကြားဆက်နွယ်နေတဲ့ သည်လှပတဲ့ ရှေးခေတ်လေးထဲမှာ ပိတ်မိနေပြီ ဖြစ်၏။ 


ဝမ်မင်ယွီကတော့ စန်းရှီ သူ့အား တိတ်တိတ်လေးကြည့်နေတာကို သတိမပြုမိဘဲ စားနေရင်းမှပင် ပျော်ရွှင်မှုကြောင့် မျက်လုံးလေးတွေ ကွေးတက်နေ၏။ 


သည်ရက်တွေမှာ စန်းရှီ သူ ခစားနေရသည့် သခင်၏ ပုံစံကို အမှန်တကယ်ပင် နားလည်လာပြီဖြစ်၏။ သူက ရုပ်ရည်လည်း ကြည့်ကောင်းတယ်၊သဘောလည်းကောင်းတယ်၊၊အကောင်းမြင်တတ်တယ်၊ လွယ်လွယ် စိတ်ကျေနပ်ပြီး ချော့မြှူဖို့လွယ်...


ဤနေရာမှာ သာမန်လူတစ်ဦးသာဆိုလျှင် အာဏာရှင်ထံဆက်သခံရပါက ချက်ချင်းပင် မူးမေ့သွားလောက်မည်ဖြစ်ပြီး နေ့ရက်တိုင်းကို မျက်ရည်နှင့် ဖြတ်သန်းပြီး ငိုယိုနေမှာပင်။ အစာစားချင်စိတ်လည်း ရှိမှာမဟုတ်သလို အိပ်ပျော်မှာတောင်မဟုတ်ပေ။ သူ့သခင်ကတော့ အေးအေးချမ်းချမ်းနှင့်နေဖို့ အကောင်းဆုံးကြိုးစားပြီး ခံစားချက်များကို သူ့အစေခံတွေအပေါ်တွင် ထွက်ပေါက်မရှာတတ်ပေ။ သူစားရသည့် သုံးနပ်တည်းအပေါ်လည်း ငြီးငြူခြင်းမရှိဘဲ ချစ်ဖို့ကောင်းသည့်အပြုံးလေးကို အမြဲတမ်းဆင်မြန်းထားပြီး သူ့ကိုကြည့်လိုက်ရုံဖြင့်ပင် လူတွေကို အမောပြေစေပြီး ပျော်ရွှင်သွားစေ၏။ 

ယခုလိုမျိုး သခင်မျိုးကို ခစားရခြင်းဟာ အရမ်းကံကောင်းသည်ဟု စန်းရှီ ခံစားမိသည်။ 


ဝမ်မင်ယွီ စားသောက်လို့ပြီးသည်နှင့် စန်းရှီက စားပွဲကို သန့်ရှင်းရန်အတွက် ရောက်လာသည်။ သူက သူ့ကို ကျေးဇူးတင်ပြီး ကူညီချင်သော်လည်း ချက်ချင်းပင် ပယ်ချခံလိုက်ရသည်။ 

"သခင်လေး ဒါက ကျွန်တော်လုပ်သင့်တဲ့ အလုပ်ပါ"


သူ ကူကယ်ရာမဲ့သွားရသည်။ သို့သော်လည်း သူ စတားနက်တွင် အရင်က မြင်ဖူးခဲ့သည့် စားသောက်ဆိုင် ရီဗျူးတစ်ခုကို သတိရသွားမိသည်။ ပြောထားသည်မှာ သူမ စားပွဲထိုးနှင့် မျက်လုံးချင်းဆုံလိုက်သည်နှင့် တပြိုင်နက် သူတို့က ချက်ချင်းပင် အနားသို့ရောက်လာကာ သူမ လိုအပ်သည်ကို မေးမြန်းလာ၏။ သူတို့ကအရမ်းကို တက်ကြွလွန်းပြီး သူမကို သန့်စင်ခန်း အသုံးပြုဖို့ပါ ကူညီပေးကြဦးမည်ပင်။ 


သူက ထိုနေရာတွင် တစ်ခါမှ မစားခဲ့ဖူးသော်လည်း ဝန်ဆောင်မှုကို အဓိကထားခြင်းကြောင့် ခံစားရသည့် ခံစားချက်ကို သူ စပြီး နားလည်စပြုလာသလိုပင်...ထိုအရာက သူ့ကို နည်းနည်း ကိုးရိုးကားယားဖြစ်စေသည်။


မနက် မိုးလင်းကတည်းကနေ ညအထိ ဘာအလုပ်လုပ်စရာမှမရှိတာမို့ ဝမ်မင်ယွီ အလွန်ကို အားနေ၏။သူက ပြတင်းပေါက်ဘေးမှာ လှဲအိပ်ကာ လှပသည့်ရှုခင်းများကို ကြည့်နိုင်ပြီး ပါးပြင်ပေါ်ဖြတ်တိုက်သွားသည့် အရမ်းကို သက်တောင့်သက်သာရှိလှတဲ့ လေပြည်လေညင်းကိုပင် ခံစားလို့ရနေ၏။ 


ခြံဝင်းထဲသို့ လှမ်းကြည့်လိုက်သောအခါ မြေပြင်ပေါ်ရှိ အလွန်စိမ်းလန်းကာ လတ်ဆတ်နေသော တီမိုသီမြက်များကို သူ သတိပြုလိုက်မိပြီး ကြည့်ရတာနှင့်ပင် ယုန်တွေကို ဆွဲဆောင်နေသည်။


တုံ့ဆိုင်းမှုပင်မရှိဘဲ ဝမ်မင်ယွီက မတ်တပ်ရပ်ကာ လေ၏အလျင်လိုမျိုး အပြင်သို့ ထွက်ပြေးသွားလိုက်သည်။ သူက မြက်တွေကို လက်အပြည့် ဆုပ်ယူလိုက်ပြီး သန့်ရှင်းအောင်သုတ်ကာ ပါးစပ်ထဲသို့ အပြည့်ထိုးထည့်လိုက်၏။ တစ်လုပ်ဝါးလိုက်တိုင်း သူ့မျက်လုံးများမှာလည်း တောက်ပနေ၏။ဒီမြက်တွေက သူတွေးထားတာထက် ပိုချိုပြီး ပိုအရသာ ရှိတာပဲ!


စန်းရှီ ပြန်ရောက်လာသောအခါ သူ၏ အံ့အားသင့်စရာ‌ ကောင်းသည့် သခင်ကို ပထမဆုံးမြင်တွေ့ခဲ့စဉ်ကအချိန်အား ပြန်သတိရမိနေ၏။ 

သူ့တွင် ပိုးသားလိုပြန့်ကျဲနေသည့် ဆံနွယ်များ၊လှပလွန်းသည့် မျက်ခုံး၊မျက်လုံးများနှင့် သူ၏ နှုတ်ခမ်းသားများကို ပိုပြီးနီမြန်းသွားစေသော အလွန်ဆွဲဆောင်နိုင်သည့် ရေခဲနှင့် ကျောက်စိမ်းလိုမျိုး အသားအရေတို့ ရှိပြီး နွေဦးမက်မွန်ပွင့်လေးနှင့်လည်း တူလှကာ တကယ့်ကို ယစ်မူးရီဝေဖွယ်ပင်။


သူက ရင်သပ်ရှုမောဖွယ်အလှမျိုးကို ပိုင်ဆိုင်ထားရပြီး သူ၏ကျက်သရေရှိလှသည့်အမူအရာမှာ စကြဝဠာ၏အလှတရားတစ်ခုကဲ့သို့ပင် ဖြစ်နေ၏။

အရှင်မင်းကြီးသာ သူ့ကိုတွေ့သွားပါက သူ့အပေါ်စိတ်ယိမ်းယိုင်သွားမည်မှာ အသေအချာပင်။


စန်းရှီကသက်ပြင်းချလိုက်ပြီး လှမ်းကြည့်မိသောအခါ ယခုလေးတင် သူ‌တွေးနေသည့် မသေမျိုးလိုသခင်လေးက သစ်ပင်အောက်တွင် ဆောင့်ကြောင့်ထိုင်ကာ မြက်တွေကို စားနေမည်ဟု မထင်ထားမိပေ။ 


....!!!!


စန်းရှီမှာ မယုံကြည်နိုင်စွာပင် မျက်လုံးများပင် ပြူးကျယ်သွားရသည်။ 

သခင်လေး ရူးသွပ်သွားပြီ!


သခင်လေးက မြက်တွေကို ခန့်ခန့်ညားညားပုံစံကြီးနဲ့ စားနေပေမယ့် ဘာနေနေ

အဲ့ဒါက မြက်ပဲလေ!

စားနေတယ်!

မြက်တွေကို!

ထိုခဏအတွင်းမှာပင် စန်းရှီမှာ ခွေးသွေးဇာတ်လမ်းများကို ဖန်တီးနေမိပြီး သူ့မျက်လုံးများက ဝမ်မင်ယွီကို စာနာပြီးရင်နင့်စွာနှင့် ကြည့်နေမိသည်။ သူက ခပ်မြန်မြန်ပင် ရှေ့သို့တိုးသွားလိုက်ပြီး ဝမ်မင်ယွီ၏လက်ထဲမှ မြက်များကို ဆွဲယူကာ လွှင့်ပစ်လိုက်၏။ ထို့နောက် အခန်းထဲသို့ ခေါ်သွားကာ အရမ်းကောင်းမွန်လှသည့် မုန့်ပန်းကန်ပြားကို ချပေးလာ၏။ 


လွန်ခဲ့သည့် ခဏလေးကပင် ဝမ်မင်ယွီမှာ ယုန်တွေ နှစ်သက်လွန်းသည့်မြက်ကို ပျော်ပျော်ရွှင်ရွှင်စားနေခဲ့သော်လည်း ယခုတွင်တော့ သူ့မှာ လက်ဗလာဖြစ်သွားရှာပြီပင်။ 

သူ စိတ်ညစ်သွားရသည်။


စန်းရှီက သူ့ကိုကြည့်ရင်း လေးလေးနက်နက်ပြောလာ၏။

"သခင်လေး ဗိုက်မပြည့်သေးဘူးလားဟင်...ဒီမှာ အဆာပြေမုန့်တချို့ ကျန်နေသေးပါတယ် သခင်လေးတစ်ခုခုလိုတာရှိရင် ကျွန်တော်မျိုးကိုပြောပါ...ဘယ်လောက်ပဲ ဗိုက်ဆာဆာ မြက်တွေကိုတော့ မစားရပါဘူး..."


အာ....

ဝမ်မင်ယွီမှာ အတော်လေးကြာမှသာ တုံ့ပြန်နိုင်တော့၏။ ဒီကမ္ဘာပေါ်တွင် လိင်အမျိုးအစားက နှစ်မျိုးသာရှိပြီး ယောက်ျားနှင့် မိန်းမဟူ၍ပင်။ လူသားတွေက တိရစ္ဆာန်အသွင်အပြင် မရှိကြပေ။ထို့ကြောင့် သူတို့ကသေချာပေါက်ပင် တီမိုသီမြက်ကို ဒီတိုင်းကြီးစားလိုက်မှာ မဟုတ်ပေ။ အလွန်ဆုံးမှ ဆေးဖက်ဝင်အပင်အဖြစ်သုံးခြင်းသာဖြစ်ပြီး စားဖို့ကတော့ မဖြစ်နိုင်ပေ။ 


ဝမ်မင်ယွီက မုန့်ကိုတစ်ကိုက်စီကိုက်ရင်း ငြိမ်သက်စွာစားနေမိ၏။ 

ဒါဆို သူက အရူးတစ်ယောက်လိုမျိုး အမြင်ခံနေရပြီလား?


ဝမ်မင်ယွီက သူ့လက်တွေနှင့် မျက်နှာကို အုပ်ထားလိုက်သည်။ ရှက်လွန်းလို့ မြေကြီးကို သူ့လက်တွေနဲ့ ကျင်းတူးပြီး သူကိုယ်တိုင် အဲ့ထဲဝင်သွားဖို့ မစောင့်နိုင်တော့ပေ။ 


စန်းရှီ သူ့ဘာသာတွေးနေမိသည်မှာတော့

"သခင်လေးက အခုတောင် စိတ်ဖိစီးပြီး မြက်တွေကို စားနေပြီ...သူက အရှင်မင်းကြီးကို အပြင်မှာ တကယ်သာ တွေ့ရင် ဘယ်လိုများနေမလဲ...အရှင်မင်းကြီးနဲ့ဝေးဝေးမှာနေတာက ပိုကောင်းလောက်မယ် "

စန်းရှီက သူ၏စိတ်ထဲတွင် ဧကရာဇ် ဒီကို ကြွချီမလာဖို့အတွက် ဆုတောင်းနေသည်။


သို့သော် ဆန္ဒနှင့်ဘဝမှာ တစ်ထပ်တည်းမကျနိုင်ပေ။ အာဏာရှင်ကြီးမှာ ယနေ့ ညီလာခံအပြီးတွင် ဤနေရာသို့ ရောက်လာခဲ့၏။


အစကတော့ ဝမ်မင်ယွီ ထင်ထားသလိုပင်။အာဏာရှင်ကြီးမုကျန့်က နန်းတော်ထဲရှိ သူ၏ဖြစ်တည်မှုကို မေ့လျော့သွားခဲ့ပြီပင်။ သို့သော် ညီလာခံတွင် ကွမ်းယန်မြို့စား၏ ရန်သူက ထိုအကြောင်းကို တမင်အစဖော်လာခဲ့သည်။


ရာဇပလ္လင်ပေါ်တွင်ထိုင်နေသော မျက်နှာအမူအရာမရှိ၊ အရှိန်အဝါကြီးမားလွန်းလှသည့် ထိုသူကို ကြည့်မိရုံမျှဖြင့်ပင် မြို့စားကွမ်ယန်မှာ အသက်ရှုရပ်သွားစေဖို့ လုံလောက်နေပြီပင်။ 


ဧကရာဇ်က ထူးဆန်းစွာပင်ပြောလာ၏။

"ငါကိုယ်‌တော်မေ့သွားတာပဲ...ပြီးရင်သွားကြည့်ရမယ်..နန်းတော်ထဲမှာ ပုရွက်ဆိတ်တွေအတွက် နေရာမရှိဘူး"


ပုရွက်ဆိတ်ဆိုသည်မှာ ဆက်သခံရသည့် အလှလေးကိုပြောသလား တခြားအဓိပ္ပာယ်ရှိသလားဆိုသည်မှာ ဘယ်သူမှမသိနိုင်ပေ။ 


အောက်က မှူးမတ်များမှာတော့ သူ့တို့၏ ဦးရေပြားမှတဆင့် ကျောရိုးအထိပင် အေးစိမ့်သွားကြပြီး ခေါင်းကိုငုံ့ထားကာ ကိုယ်စီ အတွေးထဲတွင် နစ်မျောနေကြ၏။ 


ညီလာခံပြီးသွားသောအခါ မုကျန့်မှာ သူပြောခဲ့သည့်အတိုင်း အမှန်တကယ်ကိုပင် မြို့စားကွမ်ယန် ဆက်သလိုက်သူထံသို့ သွားရောက်ခဲ့သည်။


ဝမ်မင်ယွီကတော့ အခြေအနေများကို မသိရှာပေ။ သူက မုန့်စားပြီးနောက် ခြံဝန်းထဲတွင် ထိုင်ဖို့ ‌တွေးလိုက်မိသည်။ သို့သော် သူ တံခါးအပြင်ဘက်သို့ ထွက်ရန် ပြင်လိုက်သည်နှင့် ကိုယ်ရံတော်များကို တွေ့လိုက်ရပြီး တစ်စုံတစ်ယောက်နှင့်ပါ မျက်လုံးချင်း ဆုံမိသွားတော့၏။ 


သူ့အနီးအနားရှိ အစေခံများမှာ မြေပြင်ပေါ်သို့ ဒူးထောက်လိုက်ကြပြီး ကြောက်ရွံ့မှုကြောင့် ခေါင်းငုံ့ထားကြကာ အသံတစ်သံမှပင်မထွက်ရဲကြပေ။ 


မတ်တပ်ရပ်နေသော ထိုလူမှာ ရွှေရောင်ချည်မျှင်များဖြင့် ပြုလုပ်ထားသော အနက်ရောင်ဝတ်ရုံပေါ်တွင် မြင့်မြတ်ပြီးထည်ဝါလှသော ရွှေရောင်လက်သည်းခွံငါးခုပါသည့် ရွှေနဂါးကြီးက ဝိုင်းပတ်ထားပြီး၊ အလယ်တွင် တိမ်ပုံသဏ္ဌာန်ကို ပုံဖော်ထားသည့် ဝတ်ရုံကို ဝတ်ဆင်ထားသည်။ရှုပ်ထွေးစွာပုံဖော်ထားသော အနက်ရောင်ခါးပတ်ကြိုးတစ်ခုက ထိုသူ၏ ခါးထက်တွင်နေရာယူထားပြီး တော်ဝင်ဆန်သည့်အရှိန်အဝါကို ဖော်ထုတ်ပြနေ၏။


ဒါပေမယ့် အခက်ခဲဆုံးကတော့ ဒီလူရဲ့ မျက်လုံးတွေကို လစ်လျူရှုပြီး ရှောင်လွှဲဖို့ပဲ...

လုံးဝကို ဖိနှိပ်ချုပ်ချယ်လွန်းတယ်...


ထိုခဏမှာပင် အကြည့်တစ်ချက်ကြောင့် ဝမ်မင်ယွင်၏ ဦးရေပြားမှကျောရိုးတိုင်အောင် အေးစိမ့်သွားရသည်။

သူတို့အချင်းချင်း အရင်ကတစ်ခါမှ မဆုံဖူးသော်လည်း သူ့ရှေ့ကလူမှာ မည်သူဖြစ်သည်ကို ခန့်မှန်းဖို့ရန် လွယ်ကူလှသည်။ပြောရရင်_အပြောင်းအလဲမြန်တဲ့စိတ်ရှိပြီး ဆိုးညစ်တဲ့စရိုက်ရှိတဲ့လူလို့ လူတွေသိကြတဲ့ အာဏာရှင် ဧကရာဇ်ပင်


ထိုသူ၏ အကြည့်တစ်ချက်က သူ၏ ခန္ဓာကိုယ်၊ အရေပြား၊အရိုး၊ကိုယ်တွင်းအင်္ဂါများနှင့် သူ့အတွေးတွေပါမချန် တစ်ကိုယ်လုံး ဗလာကျင်းစွာနှင့် ဘာမှတောင်မကျန် ထိုးဖောက်ဝင်ရောက်သွားသကဲ့သို့ ဝမ်မင်ယွီ ခံစားလိုက်ရလေသည်။