Chapter29.1,29.2,29.3
Viewers 1k

အခန်း(၂၉.၁) ပန်းကိတ် ကွင်းပြင်ထက်ရှိ ဝမ်မင်ယွီ၏ တက်ကြွတောက်ပနေသော ပုံရိပ်‌ေလးမှာ မုကျန့် မျှော်လင့်ထားသည့်အတိုင်းပင်။ သူဟာ လူအများ၏ အကြည့်ကို ဖမ်းစားထားနိုင်သည့် အလင်းတန်း‌ေလးတစ်ခုနှယ်။ သို့သော် စိတ်အနှောင့်အယှက်ဖြစ်စရာလူများ အနားတွင် ရှိနေခြင်းက စိတ်အခြေအနေကို များစွာ သက်ရောက်စေ၏။ မုကျန့် ကြည့်နေရင်း သူ၏ မျက်နှာမှာ တဖြည်းဖြည်း အုံ့မှိုင်းလာ‌ေတာ့သည်။ အကယ်၍ ဝမ်မင်ယွီသာ ထိုအခြေအနေကို မကိုင်တွယ်နိုင်ခဲ့ပါက သူကိုယ်တိုင် ပြိုင်ပွဲကို အတင်းအဓမ္မ ရပ်တန့်စေ‌ေတာ့မည်ပင်။ ထိုသို့ဖြစ်လင့်ကစား ကွင်းထဲသို့ ကြည့်နေသော သူ၏ အကြည့်များတွင် ရွံရှာမုန်းတီးမှုတို့ ပြည့်နှက်နေဆဲ။ အမတ်ချုပ် ကြောက်ရွံ့တုန်လှုပ်လျက် သူ့ထံသို့ လာရောက်တွေ့ဆုံသောအခါ၌ မုကျန့်က ထိုအဘိုးကြီးမှာ အသုံးမကျသူဖြစ်ပြီး မိသားစုဝင်များကိုပင် ကောင်းမွန်စွာ မဆုံးမထားနိုင်ဟု ခံစားလိုက်ရသည်။ သူက အမတ်ချုပ်ကို လက်ဝေှ့ယမ်းကာ မောင်းထုတ်ပစ်လိုက်ပြီး သူ၏ သဘောထားကို ပြတ်သားစွာ ဖော်ပြလိုက်‌၏။ ဤကိစ္စကို အေးအေးချမ်းချမ်း ဖြေရှင်းရန် လုံးဝ မဖြစ်နိုင်ပေ။ ပွဲခေတ္တနားချိန်တွင် မုကျန့်တစ်ယောက် ဝမ်မင်ယွီ့ကို ဆုံးမမည့်ရည်ရွယ်ချက်ဖြင့် ပွဲကြည့်စင်များအတွင်းမှ ထွက်လာခဲ့သည်။ ဤကဲ့သို့ ကြောက်ရွံ့တုန့်ဆိုင်းနေသည့် ပုံစံမှာ ကြည့်ရဆိုးလှ၏။ တစ်ဖက်လူက မျက်နှာချင်းဆိုင် ရန်စနေမှတော့ တိုက်ရိုက်ပင် သတ်ပစ်လိုက်ရုံသာ။ သူ အနားသို့ သွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်မင်ယွီက ဝေ့ရင်းဝူ၏ နောက်ကွယ်မှ ထွက်လာပြီး လူအများကို အထက်စီးဆန်ဆန် ကြည့်နေသည်ကို တွေ့လိုက်ရသည်။ မုကျန့် ခေတ္တမျှ ရပ်တန့်သွားပြီးနောက် အံ့အားသင့်သော အကြည့်ဖြင့် ကြည့်လိုက်မိ၏။ "ဒီအမူအရာကို... ကိုယ်တော် ရင်းနှီးနေသလိုပဲ" နောက်မှ ရိုသေစွာ လိုက်ပါလာသော ကျောက်သဲချွမ်မှာလည်း အံ့ဩသွားပြီး မသိစိတ်ဖြင့် လွှတ်ခနဲ ပြောလိုက်မိ‌ေတာ့သည်။ "အရှင်မင်းကြီးနဲ့ တကယ်ကို တူတာပဲ" စကားဆုံးသည်နှင့် ကျောက်သဲချွမ်မှာ မိမိကိုယ်ကိုယ် ရူးသွားပြီဟုပင် ခံစားလိုက်ရ၏။ ဝမ်သခင်လေးနှင့် အရှင်မင်းကြီး၏ပုံမှာ တူညီလွန်းနေသဖြင့် သူပင် အလွန်အမင်း အံ့ဩသွားမိပြီး စိတ်လွတ်ကာ အတွင်းစိတ်ထဲမှ အတွေးများကိုပင် လွှတ်ခနဲ ပြောမိသွားခြင်း ဖြစ်သည်။ ဧကရာဇ် သူ့ကို အပြစ်ပေး‌ေတာ့မည်ကို စိုးရိမ်မိခဲ့သော်လည်း အံ့ဩစရာကောင်းသည်ကား ဧကရာဇ်မှာ ထိုစကားကို ကြားသောအခါ၌ စိတ်မဆိုးသည့်အပြင် အဓိပ္ပာယ်ပါပါ ပြုံးလိုက်ခြင်းပင်။ သူဟာ အလွန် စိတ်ကြည်လင်နေပုံရ၏။ သို့သော် ဝမ်မင်ယွီ တစ်ဖက်လူကို တိုက်ခိုက်ပြီးနောက် မြေပြင်ပေါ်သို့ လဲကျသွားသူအား ခွစီး၍ ထပ်မံထိုးနှက်ရန် ပြင်နေသည်ကို မြင်သောအခါတွင်မူ မုကျန့်၏ အမူအရာမှာ ချက်ချင်း ပြောင်းလဲသွား‌ေတာ့သည်။ သူ စဉ်းစားမနေတော့ဘဲ လျင်မြန်စွာ လျှောက်သွားပြီး ဝမ်မင်ယွီကို ကြက်ပေါက်လေးတစ်ကောင်နှယ် မယူ၍ သူ့ဘေးသို့ ဆွဲခေါ်လိုက်၏။ သူ့မျက်နှာတွင် မကျေနပ်မှုတို့ အထင်းသား။ မမျှော်လင့်ဘဲ နောက်တစ်စက္ကန့်တွင် ဝမ်မင်ယွီက သူ၏ လက်မောင်းကို ဖက်တွယ်လာသည်။ သူ့အား ယုံကြည်မှုအပြည့်ဖြင့် အားကိုးတကြီး ကြည့်နေပြီး အနိုင်ကျင့်ခံရသည့်ပုံဖြင့် အနီးဆုံးသူထံမှ အကူအညီ တောင်းနေသည့်နှယ်။ "အရှင်... သူ ကျွန်တော့်ကို အနိုင်ကျင့်နေတယ်" မုကျန့်၏ နှလုံးသားမှာ လှုပ်ခတ်သွားပြီး သူ၏ ဒေါသမှာ ပို၍ ပြင်းထန်လာ၏။ သို့သော် ထိုဒေါသများမှာ ဝမ်မင်ယွီကို အနိုင်ကျင့်ခဲ့သူထံသို့သာ ဦးတည်နေတော့သည်။ သူ၏ မျက်နှာမှာ အုံ့မှိုင်းနေပြီး မြေပြင်ပေါ်ရှိ လူကို အေးစက်စွာ ကြည့်လိုက်၏။ "ထစမ်း... မင်း အနားယူတာ လုံလောက်ပြီ။ ဒုတိယပိုင်း စတော့မယ်၊ ငါကိုယ်တော်ကိုယ်တိုင် ဝင်ကစားမယ်" ဧကရာဇ်၏ စကားကို ကြားလိုက်ရသောအခါ အမတ်ချုပ်၏ မျက်နှာမှာ ပြာနှမ်းသွားတော့သည်။ သူ၏ သားဖြစ်သူမှာ ဧကရာဇ်ကို အကြီးအကျယ် ဒေါသထွက်အောင် လုပ်မိသွားပြီဖြစ်သဖြင့် ကယ်တင်ရန် မဖြစ်နိုင်တော့ကြောင်း သူ ကောင်းကောင်း သိလိုက်၏။ အမတ်ချုပ်ကတော်မှာ ဝေးလွန်းနေ၍ ဖြစ်ပျက်သမျှကို မကြားရပေ။ နောက်ဆုံးတွင် မနေနိုင်တော့ဘဲ မေးမြန်းဖို့ အနားသို့ လာခဲ့ရာ အမတ်ချုပ်၏ အသံကိုသာ ကြားလိုက်ရသည်။ "ငါတို့ ဘာမှ မလုပ်ပေးနိုင်တော့ဘူး။ သူ့အသက်ကို ချမ်းသာပေးဖို့ပဲ အရှင်မင်းကြီးဆီ တောင်းပန်ရတော့မယ်" အမတ်ချုပ်ကတော်မှာ မယုံကြည်နိုင်ဖြစ်သွားပြီး အမတ်ချုပ်၏ လက်မောင်းကို ဆွဲ၍ ဟစ်အော်တော့၏။ "ဘာပြောလိုက်တာလဲ! ဒါ ရှင့်သားအရင်းပဲလေ!" "ငါ့ကို လာပြီး စိတ်မတိုစမ်းနဲ့။ သူ့ကို ဒီလောက်အထိ အလိုမလိုက်ဖို့ မင်းကို ငါ အကြိမ်ကြိမ် ပြောဖူးတယ်။ အခု သူက ဥပဒေမဲ့လွန်း‌ေနပြီ။ ဧကရာဇ်ရဲ့ ဘေးက လူတွေကို မထိဖို့ ငါ သူ့ကို ပြောခဲ့ပေမဲ့ သူ ငါ့စကားကို လုံးဝ နားမထောင်ခဲ့ဘူး။ မြင်းခြေထောက်ကို‌ေတာင် ရိုက်တံနဲ့ ချိန်ရဲတယ်ဆိုတာ လူသတ်ချင်နေတာပဲမလား။ ကောင်းလိုက်တဲ့ကောင်!" အမတ်ချုပ်မှာလည်း ဒေါသတကြီး ပြောဆိုလာတော့သည်။ သူ ဒေါသထွက်နေသည်ကို မြင်သောအခါ အမတ်ချုပ်ကတော်မှာ လေသံကို လျှော့ပြီး ပြောရှာ၏။ "ကျွန်မ သူ့ကို အလိုလိုက်မိတာ မှန်ပါတယ်။ ဒါပေမဲ့ သူက ငယ်သေးတယ် မဟုတ်လား။ ရှင့်ဆီကနေ သကြားလုံး တောင်းတဲ့အခါတုန်းကတောင် ချစ်စရာကောင်းတဲ့ ကလေးလေးပဲလေ၊ ရှင်က ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ။ ဝမ်းရှန့်... ရှင့်သားလေး မရှိတော့မှာကို ရှင် စိတ်မကောင်းမဖြစ်ဘူးလား" "ငယ်သေးတယ် ဟုတ်လား?" အမတ်ချုပ်မှာ မျက်လုံးပြူးလျက် စိတ်တိုရလွန်းသဖြင့် သူ၏ မုတ်ဆိတ်မွေးများပင် တုန်ရီနေသည်။ သူက လေသံကို နှိမ့်၍ ဆဲဆိုလိုက်၏။ "သူက အသက် ၁၇ နှစ် ရှိနေပြီ၊ ဟို ဝမ်မိသားစုက ကောင်လေးထက်တောင် တစ်နှစ်ကြီးသေးတယ်။ သူက အမြဲတမ်း အချိန်ပဲ ဖြုန်းနေတာ။ ဒီကိစ္စကို‌ေတာ့ ငါလည်း မတတ်နိုင်ဘူး။ ဧကရာဇ်နဲ့ သွားတွေ့ချင်သပဆိုရင်လည်း ငါ မတားဘူး၊ မင်းဘာသာ သွားချင်ရင် သွားလိုက်။ အဲဒီ ငတုံးတစ်ယောက်ကြောင့် ငါတို့ မိသားစုတစ်ခုလုံးကိုတော့ အပျက်စီးမခံနိုင်ဘူး!" အမတ်ချုပ်ကတော်မှာ ဆွံ့အသွားရပြီး အမှန်တရားကို သိသော်လည်း လက်မခံနိုင် ဖြစ်နေရှာသည်။ အမတ်ချုပ်ကလည်း သူမ၏ ခံစားချက်ကို နားလည်သဖြင့် ဒေါသကို အနည်းငယ် လျှော့၍ ပြောလိုက်၏။ "သိပ်ပြီး မတွေးနဲ့။ အခြေအနေက ဒီအထိ ရောက်လာမှတော့ ငါတို့ ဘာမှ မတတ်နိုင်တော့ဘူး... ငါတို့မှာ သူတစ်ယောက်တည်း ရှိတာ မဟုတ်ဘူးလေ၊ ဟုန်ကျိနဲ့ ဝမ်ကျန့်တို့အတွက်လည်း ထည့်တွက်ဦးမှပေါ့" ခဏမျှ တိတ်ဆိတ်သွားပြီးနောက် အမတ်ချုပ်ကတော်မှာ သူမ၏ လက်ကိုင်ပုဝါကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလျက် နောက်ဆုံးတွင် လက်တွေ့ကို လက်ခံရန်သာ ခေါင်းညိတ်လိုက်ရတော့သည်။ ထိုအချိန်တွင် ဗိုက်ကို ဆုပ်ကိုင်လျက် ဝမ်မင်ယွီကို မကျေမချမ်း ကြည့်နေသော လူငယ်မှာမူ သူ၏ ချစ်လှစွာသော မိသားစုဝင်များက သူ့ကို စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း မသိသေးပေ။ ဝမ်မင်ယွီတို့ အဖွဲ့မှ ကစားသမားတစ်ဦး ထွက်သွားပြီးနောက် မုကျန့်က အစားထိုး ဝင်ရောက်လာ၏။ နှစ်ဖက်အဖွဲ့လုံး မြင်းပေါ်သို့ တက်လိုက်ကြပြီးနောက် နန်းတွင်း အစေခံများက မောင်းကို တီးခတ်လိုက်ရာ ကြည်လင်ပြတ်သားသော အသံနှင့်အတူ ပွဲ၏ ဒုတိယပိုင်း စတင်ခဲ့‌ေတာ့သည်။ မုကျန့် ပါဝင်လာသည်နှင့် တစ်ပြိုင်နက် လေထုမှာ လုံးဝ ပြောင်းလဲသွား‌ေတာ့၏။ ပွဲကြည့်စင်များအတွင်းရှိ ကြည့်ရှုသူများမှာ တင်းမာမှု၊ စိုးရိမ်မှုနှင့် မျှော်လင့်ချက်များစွာဖြင့် ရောထွေးနေကြသည်။ ကွင်းထဲတွင် မုကျန့်၏ အဖွဲ့သားများမှာ ဧကရာဇ်ထံသို့ ဘောလုံးကို မည်သို့ ပေးရမည်ကိုသာ စဉ်းစားနေကြပြီး ပြိုင်ဘက်အဖွဲ့မှာမူ ဧကရာဇ်ကို ထိခိုက်မိမှာ စိုးရိမ်သလို၊ အစွမ်းကုန် မကစားလျှင်လည်း ဧကရာဇ် ဒေါသထွက်မည်ကို ကြောက်ရွံ့နေကြသဖြင့် အလွန် ခက်ခဲသော အနေအထားသို့ ရောက်နေကြ၏။ သို့သော် ပွဲစတင်ပြီး မကြာမီမှာပင် သူတို့၏ အစီအစဉ်အားလုံးမှာ အချည်းနှီး ဖြစ်သွားကြောင်း သိလိုက်ရသည်။ ဧကရာဇ်က သူတို့ကို လုံးဝ ဂရုမစိုက်၊ သူတို့မှာ ဘောလုံးကိုပင် မထိနိုင်ကြတော့ပေ။ အပြာရောင်ဝတ်ရုံနှင့် လူငယ်မှာ ဒေါသကြောင့် ရူးမတတ် ဖြစ်နေ၏။ ဝမ်မင်ယွီ သူ့ကို ထိုးနှက်ပြီး အရှက်ခွဲခဲ့သည့်အပေါ် ကလဲ့စားချေရန်သာ စိတ်အားထက်သန်နေသည်။ အခြားသူများအားလုံး ဘောလုံးကို အာရုံစိုက်နေချိန်တွင် သူကတော့ ဝမ်မင်ယွီကိုသာ ရှာဖွေနေပြီး မြင်းကို လှည့်၍ ဝမ်မင်ယွီထံသို့ တည့်တည့် ပြေးဝင်ကာ ရိုက်တံကို ရမ်းလိုက်၏။ လေတိုးသံမှာ အဝေးကကြားရုံနှင့်ပင် ပြင်းထန်လှသည်။ ဝမ်မင်ယွီ မျက်မှောင်ကြုတ်ကာ အေးစက်သော အကြည့်ဖြင့် ထိုတိုက်ခိုက်မှုကို လျင်မြန်စွာ ရှောင်တိမ်းလိုက်၏။ ထိုအချိန်၌ တစ်စုံတစ်ယောက်က "ဘောလုံးကို ဖမ်းလိုက်!" ဟု လှမ်းအော်လိုက်သည်။ အပြာရောင်ဝတ်ရုံနှင့် လူငယ်၏ အဖွဲ့သားတစ်ဦးက ဘောလုံးကို သူ့ထံသို့ ပစ်ပေးလိုက်ခြင်းပင်။ အပြာရောင်ဝတ်ရုံနှင့် လူငယ်ဟာ ဝမ်မင်ယွီကို ဒုက္ခပေးချင်သော်လည်း ပွဲတွင် နိုင်ချင်စိတ်လည်း ရှိနေသေး၏။ ဤကဲ့သို့ အဆင့်မရှိသော သူထံတွင် အရှုံးမခံနိုင်သဖြင့် ဘောလုံးကို ရိုက်တံဖြင့် ချိတ်ကာ ဂိုးထဲသို့ အရှိန်အဟုန်ဖြင့် ရိုက်သွင်းလိုက်‌ေတာ့သည်။ သို့သော် အောင်မြင်တော့မည်ဟု ထင်မှတ်နေစဉ်မှာပင် ဘောလုံးမှာ ကြားဖြတ်ယူခြင်း ခံလိုက်ရတော့၏။ ဝမ်မင်ယွီက ဘောလုံးကို ဝေ့ရင်းဝူထံသို့ ပေးလိုက်ရာ တက်ကြွနေသည့် ဝေ့ရင်းဝူမှာ ကွင်းတစ်ဖက်မှနေ၍ ဘောလုံးကို ဂိုးထဲသို့ အောင်မြင်စွာ ရိုက်သွင်းလိုက်တော့သည်။ ဝမ်မင်ယွီတို့ အဖွဲ့ ဂိုးရရှိသွား၏။ သူ အမှတ်စာရင်းကို တစ်ချက် ကြည့်လိုက်ပြီးနောက် အပြာရောင်ဝတ်ရုံနှင့် လူငယ်ဘက်သို့ လှည့်ကာ အလွန်ပင် ရန်စချင်စရာကောင်းပြီး မော်ကြွားနေသော အပြုံးဖြင့် ပြုံးပြလိုက်ရာ ထိုလူငယ်မှာ ဒေါသကြောင့် သွေးအန်မတတ်ပင် ခံစားလိုက်ရသည်။ ထို့နောက် ချက်ချင်းဆိုသလို ဝမ်မင်ယွီက ဘောလုံးနောက်သို့ လိုက်သွားရာ အပြာရောင်ဝတ်ရုံနှင့် လူငယ်သည်လည်း မြင်းကို သူ့ဘေးသို့ ကပ်စီး၍ ဘောလုံးလုရန်အတွက် ရိုက်တံကို ယုတ်မာစွာ ရမ်းလိုက်၏။ သို့သော် ထိုအခိုက်အတန့်တွင် နဂါးရုပ်များ ထွင်းထုထားသည့် ခမ်းနားသော ရိုက်တံတစ်ခု ပျံဝဲလာပြီး ထိုလူငယ်၏ ရိုက်တံကို ပြင်းထန်စွာ ရိုက်ချလိုက်သဖြင့် လူငယ်၏လက်မှာ နာကျင်ထုံထိုင်းသွားရပြီး ရိုက်တံမှာလည်း မြေပြင်ပေါ်သို့ လွင့်ကျသွားတော့သည်။ အပြာရောင်ဝတ်ရုံနှင့် လူငယ်မှာ ဒေါသတကြီးဖြင့် လှည့်ကြည့်လိုက်ရာ မုကျန့်၏ အမူအရာ ကင်းမဲ့သော မျက်နှာနှင့် တိုးတော့၏။ မုကျန့်၏ မျက်ဝန်းများမှာ နက်ရှိုင်းသော ရေကန်ကြီးနှယ် အေးစက်လှသည်။ အထက်တန်းကျသော ပုဂ္ဂိုလ်တစ်ဦး၏ အရှိန်အဝါမှာ ကြောက်မက်ဖွယ် ကောင်းလှသဖြင့် စကားတစ်လုံးမျှ မပြောဘဲနှင့်ပင် လူအများကို တုန်လှုပ်ခြောက်ခြားစေနိုင်သည်။ သူသာ မြင်းပေါ်တွင် ရှိမနေခဲ့ပါက ယခုအချိန်တွင် မြေပြင်ပေါ်၌ ဝပ်တွားဒူးထောက်နေရမည်မှာ သေချာ၏။ "အရှင်မင်းကြီး..." သူ့မျက်နှာမှာ ဖြူလျော်နေပြီး ဦးခေါင်းကို ငုံ့ထားလျက် အသက်ရှူရပင် ခက်ခဲနေရှာသည်။ သူ၏ ခန္ဓာကိုယ်မှာလည်း ကြောက်လန့်တကြား တုန်ရီနေ၏။ မုကျန့်က သူ့ကို လုံးဝ လျစ်လျူရှုကာ အမိန့်ပေးလိုက်သည်။ "ဘာလို့ မလှုပ်ရှား‌ေတာ့တာလဲ? ပြိုင်ပွဲက ဆက်ရှိနေသေးတယ်လေ" ထိုလူငယ် ထိတ်လန့်သွားရသည်။ သူ၏ ရိုက်တံမှာ မြေပြင်ပေါ် ကျနေပြီ ဖြစ်သဖြင့် ပွဲကို မည်သို့ ဆက်ကစားရမည်နည်း။ သူ အံကြိတ်လျက် အစေခံတစ်ဦး,ဦးကို ရိုက်တံ ပြန်ကောက်ပေးရန် ခေါ်ချင်သဖြင့် ကွင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ သို့သော် မုကျန့်က သူ့ကို အခွင့်အရေးမပေးဘဲ အေးစက်စက် အမိန့်ပေး၏။ "ပြေးလေ" အစောပိုင်းကထိ မာန်တက်နေသော ထိုလူငယ်မှာ ယခုအခါ ကောလဟာလများထဲကအတိုင်း မုကျန့်၏ ကြောက်မက်ဖွယ် သတ်ဖြတ်လိုမှု အရှိန်အဝါနှင့် ရင်ဆိုင်လိုက်ရ၍ ထိတ်လန့်နေတော့သည်။ ကျောပြင်တွင်ပင် ချွေး‌ေစးများ ထွက်လာပြီး ဧကရာဇ်ကို တိုက်ရိုက် မရင်ဆိုင်ရဲသဖြင့် သူ၏ ဒေါသနှင့် မကျေနပ်မှု အားလုံးကို ဝမ်မင်ယွီထံသို့သာ ပုံချလိုက်တော့၏။ သူဟာ မြင်းကို အတင်းအဓမ္မ ပြေးခိုင်းလျက် ဝမ်မင်ယွီကို မကျေမချမ်း ကြည့်နေသည်။ သူနှင့် မနီးမဝေးတွင် မုကျန့်သည်လည်း မြင်းကို အေးအေးဆေးဆေး စီးနင်းနေ၏။ သို့သော် ထိုအခြေအနေမှာ သားကောင်ကို ဖြည်းဖြည်းချင်း ဖမ်းယူတော့မည့် သားရဲကြီးတစ်ကောင်အလား။ မုကျန့်က သားကောင်ကို ချက်ချင်း မသတ်‌ေသးဘဲ သူ၏ ကြောက်ရွံ့မှုကို ကြည့်ကာ အရသာခံနေသယောင်။ လွတ်အောင်ပြေးနေသည်ကို စိတ်မကောင်းသဖွယ် ထိုင်ကြည့်လျက် သားကောင်‌ စိတ်ပျက်အား‌ေလျာ့သွားမည့်အချိန်မှ အသက်သွေးကြောကို တစ်ချက်တည်းနှင့် ကုတ်ဖဲ့ရန် စောင့်ဆိုင်းနေသည့်ပုံမျိုးပင်။ နောက်တစ်စက္ကန့်တွင် အပြာရောင်ဝတ်ရုံနှင့် လူငယ် စီးနင်းလာသော မြင်းမှာ ရုတ်တရက် ဟန်ချက်ပျက်ကာ နောက်သို့ လန်ကျသွားသဖြင့် သူသည်လည်း မြင်းပေါ်မှ လွင့်စဉ်ကာ မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပြုတ်ကျသွားတော့သည်။ သူ မြင်လိုက်ရသည်မှာ မြင်းပေါ်တွင် ထိုင်လျက် ရိုက်တံကို ကိုင်ကာ သူ့အား သေလူတစ်ယောက်ကဲ့သို့ ငုံ့ကြည့်နေသော မုကျန့်ကိုပင်။ ဧကရာဇ်က ရိုက်တံဖြင့် သူ့မြင်းခြေထောက်ကို ရိုက်ချလိုက်ခြင်း ဖြစ်သည်။ မြင်းမှာ နာကျင်လွန်းသဖြင့် ဟီသံပေးကာ မြေပြင်ပေါ်ရှိ ထိုလူငယ်ကိုပင် မမြင်ဘဲ ခြေထောက်များဖြင့် ရမ်းသန်းနင်းမိတော့၏။ အရိုးများ ကျိုးသွားသော အသံမှာ ပီပြင်စွာ ထွက်ပေါ်လာပြီး လူငယ်၏ အသည်းအသန် အော်ဟစ်သံများမှာလည်း ဆူညံသွားတော့သည်။ မုကျန့်က ဒဏ်ရာရနေသော ထိုလူ့ကို ခေတ္တမျှ စိုက်ကြည့်နေပြီးမှ လက်ဝေှ့ယမ်းကာ သူ့ကို သယ်ဆောင်သွားရန် အမိန့်ပေးလိုက်၏။ ဆေးကုသမှု ခံယူရမည်မှာ သေချာသော်လည်း သူ တစ်သက်လုံး မတ်တတ်ပြန်ရပ်နိုင်ပါ့မလား သို့တည်းမဟုတ် အသက်ရှင်နိုင်ပါ့မလား ဆိုသည်မှာတော့ မေးခွန်းထုတ်စရာပင်။ "ဒီလို ပြင်းထန်တဲ့ အားကစားမှာ မတော်တဆမှုတွေကတော့ ရှိစမြဲပါပဲ။ ကိုယ်တော်တို့ အားလုံး ပိုပြီး သတိထားရတော့မယ်။ အမတ်မင်းတို့ရော ဘယ်လို ထင်ကြလဲ?" သူဟာ မြင်းကို ပွဲကြည့်စင်ရှိရာသို့ စီးနင်းလာပြီး မြင်းပေါ်မှ ဆင်းကာ အရာရှိများကို အေးစက်စွာ ကြည့်ရင်း မေးလိုက်သည်။ "...ကျွန်တော်မျိုးတို့လည်း အဲဒီလိုပဲ ထင်ပါတယ် အရှင်မင်းကြီး" လေထုမှာ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် အားလုံးက တစ်ညီတစ်ညွတ်တည်းပင် ဧကရာဇ်၏ စကားကို ထောက်ခံလိုက်ကြတော့၏။ မုကျန့် လူအများကို တစ်ချက် ကြည့်လိုက်ရာ အားလုံး၏ နှလုံးသားများမှာ တုန်လှုပ်သွားကြသည်။ ထို့နောက်မှ သူက အကြည့်ကို လွှဲကာ ဝမ်မင်ယွီဘက်သို့ လှည့်လိုက်ပြီး မေး၏။ "ထပ်ပြီး ကစားချင်သေးလား?" ဤသို့သော အဖြစ်အပျက် ဖြစ်ပွားပြီးနောက် ဝမ်မင်ယွီမှာ ဆက်လက် ကစားချင်စိတ် မရှိတော့သဖြင့် ခေါင်းခါပြလိုက်သည်။ မုကျန့် သူ၏ ရိုက်တံကို ကျောက်သဲ့ကွမ်းထံသို့ ပစ်ပေးလိုက်ကာ "ငါကိုယ်တော် ပင်ပန်း‌ေနပြီ၊ ပြန်ကြစို့" ဟု ဆို၏။ ထို့နောက် သူက ဝမ်မင်ယွီကို ခေါ်ဆောင်ကာ ဝေါယာဉ်ဖြင့် ထွက်ခွာသွားတော့သည်။ အခြားသူများမှာလည်း ဦးညွှတ်လျက် ရိုသေစွာဖြင့် လိုက်လံ ပို့ဆောင်ကြ၏။ ဝေါယာဉ်အတွင်း၌ မုကျန့်မှာ စိတ်မရှည်ပုံဖြင့် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပုံရပြီး လေထဲတွင် လွင့်နေသော ပြတင်းပေါက် လိုက်ကာစ‌ေလးများကို မေးထောက်လျက် ငေးကြည့်နေသည်။ ခဏအကြာတွင် သူက ဘေးတွင် ငြိမ်သက်နေသော ဝမ်မင်ယွီကို ကြည့်ကာ မျက်မှောင်ကြုတ်လျက် မေးလိုက်၏။ "ဘာလို့ ဘာမှ မပြောတာလဲ? ကိုယ်တော် အခုလုပ်ခဲ့တာကို မကျေနပ်လို့လား?" ဝေါယာဉ်ထဲ ခြေချလိုက်ကတည်းက ဝမ်မင်ယွီမှာမူ အတွေးများထဲတွင် နစ်မျောနေခဲ့ပြီး မုကျန့်၏ အသံကို ကြားမှ သတိပြန်ဝင်လာသည်။ မုကျန့်က သူ့အား ပိုင်ဆိုင်မှုတစ်ခုကဲ့သို့ သဘောထားကာ တစ်စုံတစ်ယောက်က ထိပါးလာလျှင် လက်ခံမည်မဟုတ်ကြောင်း သူ သိသော်လည်း မုကျန့်ကိုယ်တိုင် ကွင်းထဲသို့ ဆင်းလာလိမ့်မည်ဟုတော့ သူ မထင်ထားခဲ့ပေ။ မုကျန့်၏ လက်စားချေမှုမှာ ရိုးရှင်းသော်လည်း ရက်စက်လှသည်။ တစ်ဖက်လူ ဝမ်မင်ယွီကို ပြုမူခဲ့သည်ထက်ပင် နှစ်‌ဆပြန်ခံရအောင်လုပ်ခဲ့ခြင်းပင်။ မြင်းပေါ်မှ ပြုတ်ကျပြီး မြင်းနင်းခံရအောင် ပြုလုပ်၍ အရိုးပေါင်းများစွာ ကျိုးသွားစေခဲ့၏။ ထိုမြင်ကွင်းမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ် ကောင်းလှသည်။ သူ ထိတ်လန့်သွားမိသော်လည်း ထူးဆန်းသည်ကား သူ၏ စိတ်ထဲတွင် ကြောက်ရွံ့မှု အကြီးအကျယ် မရှိ‌ေနခြင်းပင်။ ထို့ပြင် မုကျန့်၏ ထိုသို့သော အေးစက်စက်အပြုအမူက သူ့အား သာမန် တိရစ္ဆာန်လေးတစ်ကောင်ထက်ပင် ပို၍ တန်ဖိုးထားနေသယောင် ခံစားရစေသည်။ ဝမ်မင်ယွီ နှုတ်ခမ်းကို တင်းတင်းစေ့လျက် ခေါင်းခါယမ်း၍ ပြော၏။ "မဟုတ်ပါဘူး၊ အရှင် ကျွန်တော့်ဘက်က ရပ်တည်ပေးခဲ့တာကို ဝမ်းသာပါတယ်။ သူ ကျွန်တော့်ကို တိုက်ခိုက်တုန်းကတောင် ကျွန်တော့် အသက်ကို ထည့်ပြီး ဂရုမစိုက်ခဲ့တာပဲ၊ ကျွန်တော်ကလည်း သူ့အပေါ် ဘာလို့ စိတ်ပျော့နေရမှာလဲ" သူ၏ အမူအရာမှာ တည်ကြည်နေသော်လည်း မလုံမလဲဖြစ်နေပုံဖြင့် လက်ချောင်းလေးများကို ဆုပ်ကိုင်ထားမိ‌ေလသည်။ "အမှန်အတိုင်း ပြောရရင် ကျွန်တော်လည်း သူ့ကို ဘယ်လို သင်ခန်းစာပေးရမလဲလို့ တွေးနေတာပါ။ ဒါပေမဲ့ ပြဿနာတွေ ဖြစ်လာမှာ စိုးရိမ်လို့သာ" သူဟာ နူးညံ့သိမ်မွေ့သူ မဟုတ်ကြောင်းနှင့် "သွားတစ်ချောင်းအတွက် သွားတစ်ချောင်း" ဆိုသည့်အတိုင်း လက်ခံသူဖြစ်ကြောင်းကို သူ သိ၏။ သို့သော် သူဟာ မဆင်မခြင် ပြုမူမည့်သူ မဟုတ်ဘဲ အကျိုးဆက်ကိုလည်း အမြဲ ထည့်တွက်တတ်သူ ဖြစ်သည်။ ချက်ချင်း လက်တုံ့ပြန်၍ မဖြစ်နိုင်‌ေသးလျှင်ပင် စာရင်းမှတ်ထားပြီး အခွင့်အရေးကို ချောင်းနေမည့်လူစားမျိုးပင်။ သူ၏ စကားကို ကြားသောအခါ မုကျန့်၏ နှုတ်ခမ်းဖျားတွင် အပြုံးတစ်ပွင့် ပေါ်လာပြီး မျက်နှာပေါ်ရှိ အုံ့မှိုင်းမှုများလည်း ပျောက်ကွယ်သွားတော့၏။ အချို့သူများက ဤမျှ နူးညံ့အိစက်သော သတ္တဝါလေးဟာ ပုံမှန်အားဖြင့် သိမ်မွေ့ပြီး ချစ်စရာကောင်းသည်ဟုသာ ထင်မြင်နေကြသည်။ အမှန်စင်စစ်တွင်မူ ဖြူကောင်ကဲ့သို့ ဆူးများရှိနေသည်ကို မသိကြ။ အကယ်၍ တိုက်ခိုက်ခံရပါလျှင် သူက ချွန်ထက်သော ဆူးများ ထုတ်လျက် ပြိုင်ဘက်အား သွေးထွက်သံယိုဖြစ်အောင် ထိုးနှက်ကာ အနိုင်မကျင့်ရဲအောင် ခုခံတတ်သည့် အကျင့်ရှိ၏။ တကယ်လို့ သူ့ကို အနိုင်ကျင့်တဲ့သူက ငါကိုယ်တော်ဆိုရင်ရော? သူ့တစ်ကိုယ်လုံးက အမွေးတွေ ထောင်လာတဲ့အထိ အရမ်း သတိကြီးသွားပြီး သူ့မျက်ဝန်းတွေလည်း ကျယ်လာလိမ့်မယ်။ ပြီးရင် သွားစိပြီး ငါကိုယ်‌ေတာ့်လက်ကို သွေးထွက်တဲ့အထိ မလွှတ်စတမ်း အားပါပါ ကိုက်ထားရင်ထားလိမ့်မယ်။ မဟုတ်သေးဘူး... လက်ကိုကိုက်တာက နူးညံ့လွန်း‌ေသးတယ်။ အားနည်းတဲ့ လည်ပင်းသားကို ကိုက်တာကမှ ပိုပြီး သင့်တော်တာ။ ဒါဆိုရင် သူ ငါကိုယ်‌ေတာ့်ရင်ခွင်ထဲ မလွှဲသာမရှောင်သာ တိုးဝင်လာပြီး ပခုံးကို ဖက်တွယ်ထားရလိမ့်မယ်။ သူ့ရဲ့ ခြေတံရှည်‌ေလး‌ေတွကလည်း ငါကိုယ်‌ေတာ့်ခါးကို တရင်းတနှီးနဲ့ တင်းတင်းကျပ်ကျပ် ရစ်ပတ်ထားလိမ့်မယ်။ ပခုံးနဲ့ လည်ပင်းအဆက်နားက အရေပြားကို ကိုက်လိုက်တာနဲ့ သူ့နှုတ်ခမ်း‌ေလး‌ေတွပေါ်မှာ သွေးစရဲရဲတွေ စွန်းထင်သွားပြီး‌ေတာ့ တချို့သွေးစက်တွေကိုဆိုရင် မျိုတောင် မျိုချမိသွားလိမ့်မယ်။ ဒါဆိုရင် ငါကိုယ်‌ေတာ့်ခန္ဓာကိုယ်နဲ့ တစ်သားတည်း ဖြစ်သွားပြီ။ နှစ်ကိုယ့်တစ်စိတ် ဖြစ်သွားတော့မှာ။ မုကျန့် နာကျင်မှုကို မခံစားရဘဲ ထိတ်လန့်လောက်စရာ စိတ်လှုပ်ရှားမှုနဲ့အတူ ပြုံးလိုက်မိမှာ။ ဒီလို ဖြစ်လာမဲ့အချိန်ကို ငါကိုယ်တော် အမှန်တကယ် မျှော်လင့်မိပါရဲ့။ ဝမ်မင်ယွီမှာ မုကျန့် ဘာတွေးနေသည်ကို မသိသော်လည်း ထိုသူ၏ မျက်နှာပေါ်မှ အပြုံးကို မြင်လိုက်ရသောအခါ တုန်လှုပ်ချောက်ချားသွားကာ မသက်မသာ ခံစားလိုက်ရ‌တော့၏။ သူဟာ အလိုလိုပင် နောက်သို့ ဆုတ်လိုက်မိပြီး ဤထူးဆန်းသော နှာဘူးကောင် မင်းဆိုးမင်းညစ်နှင့် ဝေးဝေးနေရန်သာ ကြိုးစားလိုက်တော့သည်။ "ပြဿနာတက်မှာကို မကြောက်နဲ့။ ကိုယ်တော် ပြောဖူးသလိုပဲ မင်းလုပ်ချင်တာကိုသာ လုပ်စမ်းပါ။ အဲဒီ အရေးမပါတဲ့သူတွေကြောင့် ကစားပွဲ ပျက်သွားရတာ။ မင်း ပိုလိုကစားချင်‌ေသးရင် ဘယ်အချိန်မဆို ကစားဖော်တွေ ခေါ်ပေးလို့ရတယ်" ပိုလိုပွဲ ပျက်သွားပြီးနောက် အပြန်လမ်းတွင် မုကျန့်က သူ့ကို ဤသို့ ပြောခဲ့၏။ ဝမ်မင်ယွီ နားထောင်ပြီးနောက် တစ်ခုခု မှားနေသလို ခံစားလိုက်ရသည်။ သူ၏ စိတ်ထင်ပေလော။ ဧကရာဇ်၏ စကားလုံးများမှာ သူ့အပေါ် အလွန်အမင်း အလိုလိုက်ကာ ကြင်နာယုယနေသကဲ့သို့ပင်။ ခမ်းနားထည်ဝါလှသော ဖုန်းလိုင်နန်းဆောင်အတွင်း၌ ဝမ်မင်ယွီဟာ စိတ်လက်ပေါ့ပါးစွာဖြင့် သူ၏ နားရွက်ရှည် ယုန်ဖြူလေးအသွင်သို့ ပြောင်းလဲလိုက်သည်။ ဖြူဖွေးအိစက်သော အမွေးလုံးလေးအဖြစ်ဖြင့် မွှေးကြိုင်လှသော ပန်းကိတ်ကို မြိန်ရည်ယှက်ရည် စားသောက်ရင်း သူ၏ ယုန်ဘဝ‌ေလးကို တွေးတောကာ မျက်မှောင်ကြုတ်နေမိ၏။ ခဏမျှ စဉ်းစားပြီးနောက် သူ၏ အတွေးများမှာ မွှေးကြိုင်ချိုမြိန်‌လှသော မုန့်များဆီသို့ ရောက်ရှိသွားကာ မုကျန့်ကို ခေါင်းထဲမှ ထုတ်ပစ်လိုက်ပြီး ထပ်မံ မတွေးတောရန် ဆုံးဖြတ်လိုက်တော့သည်။ ထိုမုန့်များမှာ ချိုသော်လည်း မအီဘဲ ကြွပ်ရွနေ၏။ ပန်းကိတ်လေးတွေက တကယ် မွှေးတာပဲ။ ဝမ်မင်ယွီ ခေါင်းငုံ့လျက် မုန့်ကို အားပါပါ ကိုက်လိုက်ပြီး ပါးဖောင်းဖောင်းလေးများဖြင့် ဝါးစားနေသည်။ သူ၏ တွဲကျနေသော ယုန်နားရွက်လေးများမှာ နူးညံ့သော တိမ်တိုက်လေးနှစ်ခုနှယ် တုန်နေတော့၏။ ပန်းကိတ်နှစ်ခု စားပြီးသောအခါ ဗိုက်ပြည့်သွားသော်လည်း ပါးစပ်ကမူ စားချင်စိတ်မပြတ်သေးပေ။ နှုတ်ခမ်းလေးကို လျှာဖြင့် သပ်လိုက်ကာ ထပ်စားချင်သေးပုံဖြင့် လက်ဖဝါးပေါ်ရှိ မုန့်အကြေလေးများကိုပင် လျက်နေမိသည်။ ဗိုက်ဝသွားသောအခါ ခုတင်ပေါ်တွင် ပက်လက်လှန်လျက် ပျင်းရိစွာ လဲလျောင်းလိုက်၏။ သူ၏ ဖြူဖြူ‌ေဖွးဖွေး ဗိုက်လေးမှာ အသက်ရှူလိုက်တိုင်း နိမ့်ချည်မြင့်ချည် ဖြစ်နေသည်။ စားပြီးတော့ အိပ်ချင်လာပြီ။ တကယ် အိပ်ချင်နေပြီ။ ဝမ်မင်ယွီ၏ မျက်ခွံများမှာ မှေးစင်းလာပြီးနောက် မတတ်နိုင်တော့ဘဲ မှိတ်ကျသွားတော့၏။ သူ၏ အသက်ရှူသံမှာလည်း မှန်မှန်လေး ဖြစ်လာသည်။ သို့သော် နှစ်မိနစ် မပြည့်သေးမီမှာပင် ခုတင်ပေါ်မှ ယုန်လေးမှာ ရုတ်တရက် လန့်နိုးလာပြီး နားရွက်များကို လှုပ်ခတ်လျက် မျက်လုံးများ ပြူးသွားတော့၏။ ခုတင်ပေါ်မှ အမွေးလုံးလိုက်လေး လှိမ့်၍ ထလာ‌ေတာ့သည်။ သူ့မှာ အိမ်စာတွေ ကျန်သေးတာပဲ! သေစမ်း! အိပ်မဲ့အစီအစဉ် ပျက်သွားပြီ။ ဝမ်မင်ယွီ ခုတင်ပေါ်မှ ကမန်းကတန်း ခုန်ဆင်းလိုက်ပြီးနောက်မှ သူ၏ နူးညံ့သော ခြေဖဝါးလေးများကို ကြည့်ကာ ယုန်ဘဝ ရောက်နေဆဲဖြစ်ကြောင်း သတိရသွားသည်။ ခုတင်ပေါ်သို့ ပြန်တက်ကာ လူအသွင်သို့ ပြောင်းလဲပြီးမှ အဝတ်အစားများ ဝတ်ဆင်ကာ အိမ်စာလုပ်ရန် ပြေးထွက်သွားတော့၏။ အစောပိုင်းက သူ စဉ်းစားနေခဲ့သော မေးခွန်းမှာမူ ခေါင်းထဲမှ လုံးဝ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ အိမ်စာ မပြီးသေးတာထက် ပိုအရေးကြီးတာ ဘာရှိဦးမှာလဲ! ဘာမှ မရှိဘူးလေ! ဝမ်မင်ယွီ စာကြည့်ခန်းရှိ စားပွဲတွင် ခေါင်းငုံ့လျက် အိမ်စာများကို အသည်းအသန် ရေးနေသည်။ တစ်ခါတစ်ရံတွင် မျက်မှောင်ကြုတ်လျက် ခေတ္တရပ်ကာ စဉ်းစားပြီးမှ ဆက်ရေး၏။ နောက်ဆုံးတွင် အိမ်စာများ အားလုံး ပြီးသွားသောအခါ သူ ပျင်းကြောဆန့်လိုက်ပြီး တံခါးဝသို့ လှမ်းကြည့်လိုက်သည်။ မည်သူမျှ မရှိပေ။ ထို့နောက် စိတ်အပန်းဖြေရန်အတွက် သူ၏ ဝတ္ထုစာအုပ်ကို တိတ်တဆိတ် ထုတ်ကာ ဆက်လက် ရေးသားနေတော့၏။ သူ Heat ဝင်ပြီး နေမကောင်းဖြစ်နေခဲ့သည်ကတစ်ကြောင်း၊ အလုပ်များနေသည်ကတစ်ကြောင်းကြောင့် စာမရေးဖြစ်သည်မှာ ကြာပြီဖြစ်၍ ဘာအကြောင်း ရေးရမည်ကိုပင် မေ့လုနီးပါး ဖြစ်နေသည်။ ရေးထားပြီးသား ဇာတ်လမ်းကို ပြန်ဖတ်ကြည့်ရာ အလွန် ရယ်စရာကောင်းနေသည်ဟု ခံစားရ၏။ အကြောင်းမှာ ဇာတ်လမ်းထဲမှ ဗီလိန်မှာ အမြဲတမ်း အနှောင့်အယှက်ခံနေရပြီး ထိုဇာတ်ကောင်မှာ မုကျန့်ကို အခြေခံထားခြင်းကြောင့်ပင်။ ဗီလိန်တစ်ယောက် အကြိမ်ကြိမ် ကံဆိုးနေရသည်ကို မြင်လိုက်ရသဖြင့် ဝမ်မင်ယွီဟာ ယခုတစ်ကြိမ်တွင်တော့ သူ၏ ကံကြမ္မာကို ပြောင်းလဲပေးရန် ဆုံးဖြတ်လိုက်သည်။ ထို့ကြောင့် ကလောင်တံကို ကိုင်ကာ ဆက်လက် ရေးသားလိုက်တော့၏။ သခင်ငယ်လေးဟာ ကိုယ်ရံတော်အသစ်ကို အပြင်ထွက်ကစားရန် အကြိမ်ကြိမ် ခေါ်ထုတ်သွားခဲ့သည်။ သူ၏ ထက်မြက်မှု၊ အလုပ်များကို အမှားမရှိအောင် လုပ်ဆောင်နိုင်မှုနှင့် အေးဆေးတည်ငြိမ်မှုတို့ကြောင့် သခင်ငယ်လေးမှာ သူ့ကို ပို၍ပင် သဘောကျလာ၏။ သခင်ငယ်လေးက သူ၏ နောက်လိုက်များအပေါ်တွင်လည်း ရက်ရောသူဖြစ်၍ စိတ်တိုင်းကျသောသူတိုင်းကို ငွေကြေးဆုချလေ့ရှိသည်။ သို့သော် ဗီလိန်ကမူ "ဆင်းရဲခြင်းနတ်ဘုရား" ပူးကပ်နေသူဖြစ်ရာ ငွေပေးခြင်းမှာ အသုံးမဝင်ပေ။ ထို့ကြောင့် သခင်ငယ်လေးက ဆုလာဘ်ကို တခြားအရာအဖြစ် ပြောင်းလဲလိုက်ပြီး သူ ဘာလိုချင်သလဲဟုသာ မေးလိုက်၏။ သို့သော် ဗီလိန်က မည်သို့ဖြေရမည်ကို မသိချေ။ ခေတ္တမျှစဉ်းစားပြီးနောက် သခင်ငယ်လေးက ဆုလာဘ်အဖြစ် သူ နှစ်သက်သောအရာများကို ပေးရန်သာ ဆုံးဖြတ်လိုက်သည်။ ဖင်ဖင်ခန်းမမှ မုန့်များ၊ ချွမ်ယီမျှော်စင်မှ နာမည်ကြီး ဟင်းလျာများ၊ တိုက်ခိုက်တတ်သော ပုစဉ်းရင်ကွဲများ၊ ထူးဆန်းသော သစ်ရွက်များ... တန်ဖိုးရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ စိတ်ဝင်စားစရာကောင်းသော အရာမှန်သမျှကို ပေးအပ်ခဲ့၏။ ဤသို့ဖြင့် ဗီလိန်မှာ အခြားအစေခံများနှင့် ကွာခြားလာတော့သည်။ အခြားသူများက ဆုငွေကိုယူပြီးနောက် အိမ်ပြန်သိမ်းကြသော်လည်း ဗီလိန်မှာမူ သခင်လေး နှစ်သက်သော စားစရာများကို စား၍ သခင်လေး နှစ်သက်သော အရုပ်များကိုသာ ဆော့ကစားနေရသည်။ ထုံးစံအတိုင်းပင် သခင်လေးက သူ၏ သဘောထားကို မေးမြန်းလာရာ သူတို့နှစ်ဦးမှာ စကားစမြည်ပြောရင်း ရင်းနှီးလာကြတော့၏။ တချို့သူများက ဗီလိန်တစ်ယောက်တည်း သခင်လေး၏ အာရုံစိုက်မှုကို ရရှိနေခြင်းအပေါ် မနာလိုဖြစ်ကာ သင်ခန်းစာပေးဖို့ ကြိုးစားလာကြသည်။ တစ်စုံတစ်ယောက်က သခင်လေး၏ ကျောက်စိမ်းဆွဲပြားကို ခိုးယူ၍ ဗီလိန့်ကို ခိုးမှုဖြင့် စွပ်စွဲရန်အတွက် ဗီလိန့်အခန်းထဲတွင် သွားထားရန် ကြံစည်၏။ သို့သော် မမျှော်လင့်ဘဲ သူ မလှုပ်ရှားမီမှာပင် ဗီလိန်၏အခန်းမှာပြိုကျသွားတော့သည်။ အခန်း(၂၉.၂) ဟုတ်သည်... အမှန်တကယ် ပြိုကျသွားခြင်းပင်။ ဘေးခန်းများ ဘာမှမဖြစ်သော်လည်း သူ၏ အခန်းမှာမူ ငလျင် ကွက်လှုပ်သကဲ့သို့ ပြိုကျသွားခဲ့၏။ ကံကောင်းသည်မှာ မည်သူမျှ ထိခိုက်ဒဏ်ရာ မရရှိခြင်းပင်။ သခင်ငယ်လေးမှာ ထိုအကြောင်း ကြားသောအခါ အပြေးအလွှား ရောက်လာပြီး အံ့ဩတကြီး ဖြစ်နေ‌ေတာ့သည်။ သူက ဗီလိန့်ဘက်သို့ လှည့်ကာ ဆို၏။ "မနေ့ကပဲ ငါ မင်းကို ကျောက်စိမ်းဆွဲပြား ဆုပေးမယ်လို့ ပြောခဲ့တာ၊ အခုတော့ မင်းရဲ့ အခန်းပါ ပြိုသွားပြီ။ မင်းမှာ တကယ့်ကို စည်းစိမ်ဥစ္စာ ကံမပါတာပဲ" ဗီလိန့်ကို အကွက်ဆင်မည့် အစေခံပင် ထိုစကားကို ကြား၍ ချွေးစေးများ ထွက်လာသည်။ အကယ်၍ သူသာ စောစောစီးစီး အခန်းထဲ ဝင်သွားခဲ့မိလျှင် အပျက်အစီးများအောက်မှာ ပိမိနေတော့မည် မဟုတ်ပါလား။ ယခုအခါတွင် မည်သူမျှ ဗီလိန့် အနားသို့ မကပ်ရဲကြတော့ပေ။ သူတို့ပါ ရောပြီး ကံဆိုးသွားမည်ကို စိုးရိမ်နေကြ၏။ သခင်လေးကမူ ထိုအရာများကို မကြောက်ပေ။ သူဟာ မိမိကိုယ်ကိုယ် အလွန်ကံကောင်းသူဟုသာ ယူဆထားပြီး ဗီလိန်၏ ကံဆိုးမှုက သူ့ကို မထိခိုက်နိုင်ဟု ယုံကြည်‌ေနသည်။ ထို့ပြင် ဗီလိန်က သူ၏ ပြဿနာများစွာကိုလည်း ဖြေရှင်းပေးခဲ့သူ ဖြစ်၏။ ထို့ကြောင့် အိမ်တော်ထိန်းက စိုးရိမ်ပြီး ဗီလိန့်ကို ဖယ်ရှားရန် အကြံပေးလာသောအခါမှာပင် သခင်လေးက ငြင်းပယ်ပစ်လိုက်‌ေလသည်။ ထိုည၌ သခင်လေးဟာ ဗီလိန့်တွင် နေစရာမရှိ‌ေတာ့သည်ကို မြင်သွားပြီးနောက် သူ့အား အစောင့်အဖြစ် ထားရှိလိုက်ပြီး ပင်ပန်းလျှင် အိပ်စက်နိုင်ကြောင်းလည်း ခွင့်ပြုပေးခဲ့၏။ ဝမ်မင်ယွီ ဤနေရာတွင် ရေးလက်စကို ရပ်လိုက်ပြီး ကတောင်တံဖြင့် မေးကို တတောက်တောက် ထောက်ကာ "ကံဆိုးခြင်း" ဆိုသည်မှာ ဤဇာတ်လမ်းအတွက် အလွန်ပင် သင့်တော်လှသည်ဟု သူ တွေးနေမိသည်။ ဝမ်မင်ယွီ နောက်ဘာဆက်ရေးရမည်နည်းဟု စဉ်းစားသော်လည်း အကြံမရသဖြင့် ကလောင်ကို ချလိုက်‌ေတာ့သည်။ ဆက်မရေးတော့ဘူး၊ ဗိုက်ဆာပြီ... သွားစားတော့မယ်! ဝမ်မင်ယွီ သူ၏ ပစ္စည်းများကို သေချာစွာ သိမ်းဆည်းပြီး အိပ်‌ေဆာင်သို့ ပြန်လာခဲ့၏။ သို့သော် အခန်းထဲသို့ ဝင်လိုက်သည်နှင့် ရင်းနှီး‌ေနသော ထွားကျိုင်းကျိုင်း ပုံရိပ်တစ်ခုကို တွေ့လိုက်ရသည်။ ရှောင်ရှန်း... မဟုတ်သေး၊ စစ်သူကြီး ဝေ့ရင်းဝူပင်။ (ရှောင်ရှန်း - တောင်ငယ်လေး) ထိုသူက လှောင်အိမ်အလွတ်တစ်ခုကို ကိုင်ထားလျက် ဝမ်မင်ယွီကို မြင်သောအခါ၌ မျက်ဝန်းများ တောက်ပသွား‌ေတာ့သည်။ နန်းတွင်း အစေခံများမှာ ယခုမှ သက်ပြင်းချနိုင်သွားကြ၏။ သူတို့၏သခင် မရှိ‌ေသးချိန်တွင် စစ်သူကြီးဝေ့က အတင်းဝင်ဖို့ ကြိုးစားနေသဖြင့် သူတို့မှာ အကျပ်ရိုက်နေခဲ့ခြင်း ဖြစ်သည်။ နှစ်ဖက်စလုံးကို အပြစ်ပြုမိ၍ မရသဖြင့် ကြံရာမရဖြစ်နေစဉ် ကံကောင်းထောက်မစွာဖြင့် ဝမ်မင်ယွီ အချိန်မီ ပြန်ရောက်လာခဲ့‌၏။ စစ်သူကြီးဝေ့က ရယ်မောကာ ဆို၏။ "တကယ်ကို တိုက်ဆိုင်တာပဲ! ညီလေး အခုလေးတင် ပြန်ရောက်လာတာလား။ အစ်ကို့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ပြဖို့ အရှင်မင်းကြီးဆီကို ခွင့်တောင်းခဲ့တာ။ ဒါပေမဲ့ ဒီရောက်တော့ လှောင်အိမ်တံခါး ပွင့်သွားပြီး သူတို့တွေ အထဲကို ပြေးဝင်သွားကြတယ်လေ" "အိမ်မွေးတိရစ္ဆာန်?" ဝမ်မင်ယွီက နားမလည်စွာဖြင့် ခေါင်းလေးစောင်း၍ မေးလိုက်သည်။ ဝေ့ရင်းဝူမှာ ဝမ်မင်ယွီ၏ ပုံစံကို ကြည့်လျက် ပို၍ပင် ချစ်စရာကောင်းသည်ဟု ထင်မြင်မိလာပြီး မနေနိုင်တော့ဘဲ ပြောလိုက်၏။ "တကယ်တော့ နန်းတွင်းစားတော်ပွဲ‌မှာတည်းက မင်းကို မြင်ရတာ အစ်ကို့ရဲ့ အိမ်မွေးယုန်လေးနဲ့ တူလွန်းလို့ မိတ်ဆက်ပေးချင်နေတာ" ထို့နောက် သူက ခေါင်းကို ကုတ်လျက် စိုးရိမ်တကြီး မေးပြန်သည်။ "ညီလေးကို ယုန်နဲ့ နှိုင်းမိလို့ စိတ်ဆိုးသွားလား? အစ်ကိုက တခြား ရည်ရွယ်ချက် မရှိပါဘူး" ဝမ်မင်ယွီ စိတ်မဆိုးသော်လည်း ရင်ထဲတွင် ဒိတ်ခနဲ ဖြစ်သွားသည်။ ရှေ့မှ Husky နှင့် တူသော လူမှာ အလွန်ပင် အာရုံစူးစိုက်မှု ကောင်းလှသည်ဟု သူ ခံစားရ၏။ သူ ခေါင်းခါပြ၍ ဆိုသည်။ "အစ်ကိုရဲ့ အိမ်မွေးတိရစ္ဆာန်လေးကို အရင် သွားရှာလိုက်ဦး၊ အဝေးကြီး ရောက်သွားရင် မကောင်းဘူး" စစ်သူကြီးဝေ့က အမြန် ခေါင်းညိတ်ပြလေသည်။ ဝင်းထဲသို့ ဝင်လိုက်သည်နှင့် ရှာနေစရာပင် မလိုတော့ပေ။ သူတို့လေးများမှာ လျှောက်ပြေးမနေဘဲ ငြိမ်သက်စွာ ထိုင်နေကြ၏။ ယုန်တစ်ကောင်တည်းတောင် မဟုတ်ဘဲ အဖြူရောင်၊ အနက်ရောင်၊ မီးခိုးရောင်၊ အညိုရောင်နှင့် အဖြူအမည်း ရောနေသော ယုန်အုပ်လိုက်ကြီးပင် ဖြစ်သည်။ ဝမ်မင်ယွီမှာ ယုန်စခန်း ဖွင့်လိုက်ရသကဲ့သို့ပင် ခံစားလိုက်ရ၏။ သူတို့၏ အမွေး‌ေလးများမှာ နူးညံ့ချောမွတ်နေပြီး သေချာစွာ ပြုစုစောင့်ရှောက်ခံထားရကြောင်း သိသာလှသည်။ ဝေ့ရင်းဝူမှာ ယုန်များကို ကြည့်ပြီး ရတနာတစ်ခုကို ပြသနေသကဲ့သို့ မျက်ဝန်းများ တောက်ပနေ၏။ "ကြည့်ပါဦး... အစ်ကို့ရဲ့ ရှောင်မေ၊ ရှောင်လန်၊ ရှောင်ကျူး၊ ရှောင်ကျွီ၊ ရှောင်ရွှမ်း နဲ့ ရှောင်ရွှယ် တို့က တကယ် ချစ်စရာကောင်းတယ် မဟုတ်လား!" ထွားကျိုင်းသန်မာလှသည့် လူကြီးတစ်ဦးက ဤမျှ ချစ်စရာကောင်းသော တိရစ္ဆာန်လေးများကို ချစ်ခင်ယုယကာ နာမည်များပင် ပေးထားပြီး လှပအောင်လည်း ပြင်ဆင်ပေးထားခြင်းမှာ အလွန်ပင် ကွာခြားလှသော မြင်ကွင်းတစ်ခု ဖြစ်သည်။ ဒါပေမဲ့... ယုန်လေးတွေက တကယ် ချစ်စရာကောင်းတာပဲ၊ သန်မာတဲ့ အမျိုးသားတွေလည်း ဒါကို ကြိုက်ရင်ကြိုက်မှာပေါ့။ ဝမ်မင်ယွီက ထိုအရာဟာ မထူးဆန်းဟု တွေးလိုက်‌ေလသည်။ ဝေ့ရင်းဝူက မျက်လုံးပြာနှင့် အဖြူရောင် နားရွက်ရှည်ယုန်လေးကို ချီကာ ဝမ်မင်ယွီထံ ပေးလိုက်ပြီး ဆို၏။ "ဒါက ရှောင်ရွှမ်း၊ အရှင်မင်းကြီးဆီက ရတဲ့ လက်ဆောင်အသစ်လေးပဲ။ သူက နည်းနည်းတော့ ရှက်တတ်တယ်" ဝမ်မင်ယွီ ထိုအခါမှသာ ယခင်က ဆုလာဘ်မှာ လူမဟုတ်ဘဲ ချစ်စရာကောင်းသော ယုန်လေး ဖြစ်ကြောင်း သိလိုက်ရသည်။ ထိုယုန်လေးမှာ ဝေ့ရင်းဝူ ချီထားသည်ကို မကြိုက်ဘဲ ရုန်းကန်နေ၏။ ဝေ့ရင်းဝူကလည်း ယုန်လေးကို ထိခိုက်မိမှာ စိုးရိမ်သဖြင့် အားမသုံးရဲဘဲ ရှိနေစဉ် ယုန်လေးက လွတ်မြောက်သွားပြီး ဝမ်မင်ယွီ၏ ရင်ခွင်ထဲသို့ လျင်မြန်စွာ ခုန်ဝင်သွားတော့သည်။ သူက ဝမ်မင်ယွီကို အလွန်ခင်မင်‌ေနပုံရပြီး နူးညံ့သော ခြေဖဝါးလေးများဖြင့်ပင် ဖက်တွယ်ထား၏။ ဝေ့ရင်းဝူ : "..." သူ ထိုနေရာမှာပင် ငိုချင်စိတ် ပေါက်သွားတော့သည်။ ဤယုန်လေးမှာ သူ့ကိုကျတော့ မကြိုက်ဘဲ ဝမ်မင်ယွီကိုကျမှ ဘာလို့ ဤမျှ ခင်မင်နေရသနည်း။ ဝမ်မင်ယွီမှာ ဝေ့ရင်းဝူ၏ ဝမ်းနည်းပက်လက် မျက်နှာကို ကြည့်ရင်း ရယ်ချင်စိတ်ကို မနည်းထိန်းထားရ၏။ ယုန်တစ်ကောင်က သူ့ကို ခင်မင်နေခြင်းမှာ သဘာဝကျလှသည် မဟုတ်ပါလား၊ အကြောင်းမှာ သူကိုယ်တိုင်ကလည်း ၎င်းတို့နှင့် အမျိုးအနွယ်တူ ဖြစ်နေခြင်းကြောင့်ပင်။ သို့သော် တခြားသူများက ထိုအကြောင်းကို မသိပေ။ သူ ဝေ့ရင်းဝူကို နှစ်သိမ့်စကား အနည်းငယ် ပြောလိုက်ရာ ထိုသူ၏ စိတ်အခြေအနေမှာ ပြန်ကောင်းလာပြီး သူတို့နှစ်ဦး ဆက်လက်၍ စကားစမြည် ပြောဖြစ်ကြသည်။ "သူတို့က လှောင်အိမ်တံခါးကို ကိုယ်တိုင်ဖွင့်ပြီး ထွက်ပြေးတတ်ကြတယ်။ ခုန်တာကလည်း မြန်မှမြန်၊ မျက်စိတစ်မှိတ်အတွင်းမှာတင် ပျောက်ပျောက်သွားတာပဲ" ဝေ့ရင်းဝူက ညည်းတွားနေသော်လည်း သူ၏ မျက်နှာမှာမူ "ငါ့ကလေးတွေက သိပ်တော်တာပဲ" ဟု ပြောနေသည့်နှယ်။ ဝမ်မင်ယွီကလည်း "ဟုတ်တာပေါ့၊ ယုန်တွေက အရမ်းဉာဏ်ကောင်းပြီး ပြိုင်ပွဲဝင်ကစားသမားတွေလိုပဲ သွက်လက်တယ်" ဟု ထောက်ခံလိုက်သည်။ ထိုစကားကို ကြားသောအခါ ဝေ့ရင်းဝူမှာ စိတ်တူကိုယ်တူ သူငယ်ချင်းတစ်ဦးကို တွေ့လိုက်ရသကဲ့သို့ စိတ်လှုပ်ရှားသွား‌ေတာ့သည်။ "ဟုတ်တယ်! ယုန်တွေက တကယ် အံ့ဩဖို့ကောင်းတာ။ ညီလေးက တကယ်ကို အမြင်ရှိတာပဲ! ဒီနေ့ကစပြီး မင်းက ငါ့ရဲ့ ညီအစ်ကို‌ေကာင်းပဲ! တခြားသူတွေက အစ်ကို ယုန်မွေးတာကို ထူးဆန်းတယ်လို့ပဲ ပြောကြတာ။ သူတို့တွေက မျက်စိမရှိကြဘူး၊ ဒီလောက် ချစ်စရာကောင်းတဲ့ ယုန်လေးတွေကို ဘယ်သူက မချစ်ဘဲ နေနိုင်မှာလဲ!" ဝမ်မင်ယွီကလည်း အပြည့်အဝ ထောက်ခံလိုက်၏။ "သေချာတာပေါ့!" ယုန်တွေက ကမ္ဘာပေါ်မှာ ချစ်စရာအကောင်းဆုံးနဲ့ အတော်ဆုံးပဲ။ "စကားမစပ်... ညီလေးလည်း ယုန်မွေးထားတာလား? ဒီက မြက်တွေက တကယ် လတ်ဆတ်ပြီး ကောင်းလိုက်တာ၊ သူတို့တွေ အားရပါးရ စားနေကြတယ်" ထိုစကားကို ကြားမှ ဝမ်မင်ယွီဟာ သူ၏ တန်ဖိုးရှိလှသော မြက်ခင်းပြင်ကြီးကို ကြည့်လိုက်မိရာ မြက်များမှာ အကုန်အစင် ပြောင်သလောက် ဖြစ်နေသည်ကို တွေ့လိုက်ရသဖြင့် ရင်ထဲတွင် ဆို့တက်သွားတော့သည်။ သူ၏ အဖိုးတန် စားစရာများ ကုန်သွားပြီ။ ဤချစ်စရာကောင်းသော ယုန်လေးများကို သူ စိတ်တိုသွားမိ‌ေတာ့၏။ သူများ စားစရာ‌ကို ဘာလို့ ဒီလောက်အထိ ခိုးစားရတာလဲ? သူ၏ စားစရာများ ဆုံးရှုံးသွားသဖြင့် ဝမ်မင်ယွီခမျာ နာကျင်နေသော နှလုံးသားကို ကုစားရန်အတွက် ယုန်များကိုသာ ပွတ်သပ်နေလိုက်တော့သည်။ ထို့ကြောင့် မုကျန့် ရောက်လာသောအခါ ဝမ်မင်ယွီမှာ ယုန်များ ဝိုင်းရံခြင်း ခံနေရသည်ကို တွေ့လိုက်ရ‌တော့၏။ ခေါင်းပေါ်တွင် တစ်ကောင်၊ ပခုံးပေါ်တွင် တစ်ကောင်၊ ရင်ခွင်ထဲတွင် တစ်ကောင်နှင့် ခြေထောက်ကို ဖက်တွယ်ထားသည်မှာ တစ်ကောင်— ဝမ်မင်ယွီမှာ ဖြူဖွေးနူးညံ့သော အမွေးလုံးများကြား နစ်မြုပ်နေတော့သည်။ ဝမ်မင်ယွီ ရှေ့သို့ နှစ်လှမ်းတိုးလိုက်လျှင် သူတို့လေးများကလည်း နောက်မှ လိုက်လာကြပြီး သူ၏ ဝတ်စုံစကို ဖက်တွယ်ကာ အရည်ရွှမ်းသောမျက်လုံးလေးများဖြင့် ကြည့်လျက် ချစ်စဖွယ် အသံလေးများ ပေးနေကြသည်။ ဝမ်မင်ယွီ သွားလေရာသို့ သူတို့လေးများက တကောက်ကောက် လိုက်ပါနေကြတော့၏။ "သူတို့တွေ မင်းကို တကယ်ခင်ကြတာပဲ။ ယုန်တွေဆိုတာ ပုံမှန်အားဖြင့် အမှီအခိုကင်းပြီး လူကပ်တတ်တဲ့ သတ္တဝါတွေမဟုတ်ဘူး။ အစ်ကို သူတို့ကို မွေးလာတာကြာပြီ၊ အစာကျွေးတဲ့အချိန်ကျမှပဲ အစ်ကို့အနားကို ကပ်ကြတာ" ဝေ့ရင်းဝူက ထိုမြင်ကွင်းကို ကြည့်ကာ မနာလိုစိတ်နှင့် နှလုံးသားထဲမှ နာကျင်စွာ ပြောလိုက်သည်။ မုကျန့် ရောက်ရှိလာသည်ကို တွေ့သောအခါ ဝေ့ရင်းဝူသည် ချက်ချင်းပင် ဦးညွှတ်ဂါရဝပြုလိုက်၏။ ထိုအခါ မုကျန့်က ခပ်လှမ်းလှမ်းမှ လျှောက်လာပြီး ဝမ်မင်ယွီ၏ ပခုံးပေါ် တွယ်ကပ်နေသော ယုန်ကလေးကို ဆွဲမလိုက်သည်ကို မြင်လိုက်ရသည်။ ယုန်ကလေးမှာ ကုတ်သားကို အဆွဲခံလိုက်ရသဖြင့် ထိတ်လန့်တကြားဖြစ်ကာ အကူအညီမဲ့နေရှာ၏။ ခြေထောက်တိုလေးများမှာ လေထဲတွင် ယမ်းခါနေပြီး မုကျန့်၏ အမူအရာကင်းမဲ့သော မျက်နှာကို မြင်လိုက်ရသောအခါ အလိုလိုနေရင်း အန္တရာယ်ကို ခံစားလိုက်ရပုံပင်။ "အာ..." ဝမ်မင်ယွီဟာ သူ၏အမျိုးအနွယ်တူ ယုန်ကလေး၏ ခံစားချက်ကို သိရှိသွားပြီး ချက်ချင်းပင် လက်လှမ်း၍ ပြန်ပွေ့လိုက်သည်။ "အရှင်... အဲဒီလိုမျိုး ဆွဲမလိုက်ရင် သူ ကြောက်သွားမှာပေါ့" မုကျန့် စိတ်မရှည်သလို ဖြစ်သွားပြီး ထိုယုန်ကို ဝေ့ရင်းဝူ၏လက်ထဲသို့ ပစ်ပေးကာ အေးစက်စက် အမိန့်ပေးလိုက်၏။ "မင်းရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ယူပြီး အခုချက်ချင်း ထွက်သွားတော့" ဝေ့ရင်းဝူမှာ "အမိန့်တော်အတိုင်းပါ" ဟုပင် မပြောနိုင်တော့ဘဲ ကမန်းကတန်း တုံ့ပြန်လျက် ယုန်များကို လှောင်အိမ်ထဲသို့ ပြန်ထည့်လိုက်‌ေတာ့သည်။ ယုန်ကလေးမှာမူ ဝမ်မင်ယွီကို အလွန်တွယ်တာနေသဖြင့် သူ၏ အဝတ်စများကို ဆွဲကာ မလွှတ်တမ်း ရှိနေတော့၏။ မုကျန့်၏ မျက်နှာက ပို၍ အိုစာမည်းမှောင်လာသည်။ ယုန်အားလုံးကို သိမ်းဆည်းပြီးနောက် ဝေ့ရင်းဝူဟာ အလွန် နှမြောတသဖြစ်နေပုံဖြင့် ထွက်သွားရန် ပြင်လိုက်သည်။ မသွားခင် သူက ဝမ်မင်ယွီဘက်သို့ လှည့်ကာ နှုတ်ဆက်လိုက်သေး၏။ "ညီလေး... နောက်ရက်အနည်းငယ်နေရင် ငါ မင်းဆီ လာကစားဦးမယ်နော်" သူ ဝမ်မင်ယွီ၏ ပခုံးကို ပုတ်ရန် ပြင်လိုက်သော်လည်း မုကျန့်၏ စူးရှသော အကြည့်ကို မြင်လိုက်ရသဖြင့် လက်ကို ချက်ချင်း ပြန်ရုတ်သိမ်းလိုက်ရသည်။ ဖုန်းလိုင်နန်းဆောင်နှင့် အတော်ဝေးဝေးသို့ ရောက်မှသာ သူ့ဝမ်းကွဲအစ်ကို၏ သတိပေးချက်ကို သတိရတော့၏။ "ဝမ်မင်ယွီနဲ့ သိပ်ပြီး မနီးစပ်‌ေစနဲ့" တဲ့။ ဒါပေမဲ့ ဘာဖြစ်လို့လဲ? သူက ငါ့ရဲ့ ညီအစ်ကို‌ေကာင်းပဲဟာ! အရှင်မင်းကြီးရဲ့ ဒေါသကလည်း မသေးဘူး၊ တစ်လမှာ ရက်ပေါင်း သုံးဆယ်လောက် ဒေါသထွက်နေတာပဲ။ အရှင်မင်းကြီး စိတ်ကြည်တဲ့အချိန်ကျမှ ကျန့်ဝမ်ဆီသွားပြီး ယုန်အကြောင်း ထပ်ဆွေးနွေးရမယ်။ ဝေ့ရင်းဝူမှာ ခွေးကြီးတစ်ကောင်နှယ် ခေါင်းတညိတ်ညိတ်နှင့် သူ၏ အကြံအစည်မှာ အလွန်ပင် ပြည့်စုံသည်ဟု ထင်နေတော့သည်။ ဝေ့ရင်းဝူ ထွက်သွားပြီးနောက် ဝမ်မင်ယွီနှင့် မုကျန့်တို့ နှစ်ဦးတည်းသာ ကျန်ရစ်ခဲ့ရာ ပတ်ဝန်းကျင်မှာ ပို၍ တိတ်ဆိတ်သွား၏။ ယခုလေးတင် ယုန်များကို ပွတ်သပ်နေခဲ့သဖြင့် ဝမ်မင်ယွီ၏ ဝတ်ရုံများပေါ်တွင် ယုန်မွေးများစွာ ကပ်ငြိနေသည်။ သူဟာ စိမ်းစိုစို ဝါးပင်ပုံများ ထိုးထားသည့် အဖြူရောင် ပိုးထည်ဝတ်စုံကို ဝတ်ဆင်ထားရာ ဖြူဖွေးဖွေး ယုန်မွေး‌ေလးများမှလွဲ၍ တခြားအရောင်ရှိသည့် ယုန်မွေးများမှာမူ သိသာနေ‌ေတာ့၏။ ဝမ်မင်ယွီ စိတ်မသက်မသာ ဖြစ်သွားရပြီး သူ၏ ဝတ်ရုံလက်စကို ကိုင်၍ ခါလိုက်ကာ အဝတ်အစားပေါ်မှ ယုန်မွေးများကို ပုတ်ထုတ်ရန် ကြိုးစားလိုက်သည်။ မုကျန့်မှာမူ သူ့အား မကျေနပ်သော အမူအရာဖြင့် စိုက်ကြည့်နေဆဲပင်။ ဝမ်မင်ယွီမှာ မုကျန့် ဘာကြောင့် စိတ်မကြည်ဖြစ်နေသည်ကို မသိသဖြင့် အလိုက်သင့် မေးလိုက်သည်။ "စစ်သူကြီးဝေ့ကို ယုန်တွေယူလာခွင့်ပေးတာက အရှင်ကိုယ်တိုင်လည်း ယုန်မွေးချင်လို့လားဟင်?" မုကျန့်ကို စိုက်ကြည့်နေသည့် သူ့ပုံစံမှာ အင်တာနက်ပေါ်၌ လူသိများသော "ခင်ဗျား အခန်းထဲမှာ တခြားခွေးတစ်ကောင် ရှိနေ‌ေသးတာလား?" ဆိုသည့် Meme တစ်ခုနှင့်ပင် တူနေသည်ကိုမူ သူ သတိမထားမိခဲ့ပေ။ မုကျန့်က စဉ်းစားမနေဘဲ ချက်ချင်းပင် ငြင်းလိုက်သည်။ "မဟုတ်ဘူး" သူ စိတ်မရှည်သယောင် ဖြစ်သွားပြီး ဝမ်မင်ယွီ၏ ကော်လာကို ရုတ်တရက် ဆွဲဖွင့်လိုက်ကာ အဝတ်ပေါ်မှ ယုန်မွေးများကို ဖယ်ရှားပေးလိုက်၏။ ဝမ်မင်ယွီပင် ကြောင်တောင်တောင် ဖြစ်သွားရပြီး ဤမင်းဆိုးမင်းညစ်ကြီးက နေ့ခင်းကြောင်တောင်ကြီး "ဘာ‌ေပြာမ‌ကောင်းတာတွေများ လုပ်တော့မလဲ"ဟု ထိတ်လန့်သွားမိ‌ေလသည်။ အရာရာကို စနစ်တကျ ရှိစေချင်သော စိတ် (OCD) ရှိသူ မုကျန့်မှာ ဝမ်မင်ယွီ၏ ကိုယ်ပေါ်မှ ကျန်ရှိနေသော ယုန်မွေးများကို တစ်ခုချင်း စိတ်ရှည်လက်ရှည် ဖယ်ရှားပေးနေ၏။ ယုန်လေးများမှာ ဝမ်မင်ယွီ၏ ရင်ခွင်ထဲ ခုန်ဝင်ခြင်း၊ ပခုံးကို ဖက်ခြင်းနှင့် ခြေထောက်ကို ခြစ်ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်အနှံ့တွင် ယုန်မွေးများ ကပ်နေလေသည်။ ၎င်းတို့ကို ဖယ်ရှားပေးခြင်းက ခန္ဓာကိုယ်၏ ထိခိုက်လွယ်သော နေရာအချို့ကိုပါ ထိတွေ့မိစေသဖြင့် အဝတ်အစားများ ခြားနေလင့်ကစား ရင်းနှီးလွန်းသော အနေအထားသို့ ရောက်ရှိသွား၏။ ဝမ်မင်ယွီသည် မသိစိတ်အရ နောက်သို့ ဆုတ်ကာ ဆိုလိုက်သည်။ အခန်း(၂၉.၃) "...ကျွန်တော် အဝတ်အစား သွားလဲလိုက်ပါဦးမယ်" မုကျန့်က သူ့ကို မတားဘဲ ခေါင်းညိတ်ပြလိုက်ပြီးနောက် ခြံဝင်းထဲမှ အ‌ဆောင်တော်ထဲသို့ လိုက်ဝင်လာကာ စားပွဲတွင် ထိုင်၍ လက်ဖက်ရည် သောက်နေတော့သည်။ မကြာမီမှာပင် ဝမ်မင်ယွီတစ်ယောက် ဝတ်စုံသစ်တစ်စုံဖြင့် ထွက်လာ၏။ သူဟာ ရုပ်ရည်‌ေချာ‌ေမာသူဖြစ်၍ မည်သည့်အဝတ်နှင့်မဆို လိုက်ဖက်လွန်းလှသည်။ မုကျန့်၏ အကြည့်များမှာ ဝမ်မင်ယွီထံသို့သာ ကျရောက်နေပြီး အနားသို့ ရောက်လာသည်နှင့် ရင်းနှီးနေသော သစ်သီးနံ့ မွှေးမွှေးလေးကိုလည်း ရလိုက်၏။ ၎င်းမှာ ချိုမြိန်ပြီး စိတ်ကို မူးယစ်စေသော ရနံ့မျိုးပင်။ မုကျန့် ရုတ်တရက် လက်ကို ဆန့်ထုတ်လာပြီး ဝမ်မင်ယွီ၏ လည်ပင်းနားမှ ဆံစတစ်စကို ဆွဲယူ၍ ဆော့ကစားနေတော့သည်။ ထိုအပြုအမူကြောင့် ဝမ်မင်ယွီမှာ ကိုယ်ကို ကိုင်းပေးလိုက်ရသဖြင့် မုကျန့်နှင့် အလွန်နီးကပ်သွားကာ သူ၏ ဘေးကပ်လျက် ထိုင်ခုံတွင်သာ ဝင်ထိုင်လိုက်ရတော့၏။ မုကျန့်၏ အကြည့်များမှာ ဝမ်မင်ယွီ၏ မျက်နှာအစိတ်အပိုင်း တစ်နေရာချင်းစီကို ဖြည်းဖြည်းချင်း ထိတွေ့နေသည့်နှယ်။ မျက်ခုံး၊ မျက်လုံးမှသည် နှာခေါင်း၊ နှုတ်ခမ်း၊ မေးစေ့နှင့် လည်တိုင်ရှိ လည်စေ့လေးအထိ စေ့စေ့စပ်စပ် ကြည့်နေတော့သည်။ ဝမ်မင်ယွီမှာ တစ်ကိုယ်လုံးပင် တောင့်တင်းသွားရပြီး ထိုအကြည့်များက တစ်ခုခုကို ဖော်ထုတ်တော့မည့်အလား ခံစားလိုက်ရသဖြင့် စိတ်မသက်မသာ ဖြစ်သွားမိ‌ေတာ့၏။ သို့သော် ခဏအကြာတွင်မူ မုကျန့်က သူ၏ ဦးခေါင်းထက်သို့ ကြည့်ကာ ခွေးကလေးတစ်ကောင်ကို ပွတ်သပ်ပေးသကဲ့သို့ ဝမ်မင်ယွီ၏ ခေါင်းကို ပွတ်ပေးလိုက်ပြန်သည်။ ဝမ်မင်ယွီမှာ ကြောင်တောင်တောင် ဖြစ်သွားရပြန်၏။ အမှန်စင်စစ်တွင်မူ ဝမ်မင်ယွီ ယုန်မွေးဖို့အကြောင်း ပြောလိုက်တုန်းက မုကျန့်၏ ပထမဆုံး တုံ့ပြန်မှုမှာ ရွံရှာမိခြင်းပင် ဖြစ်သည်။ သူ၏ ငယ်ဘဝ အတွေ့အကြုံများကြောင့် သူဟာ ခွေးနှင့် ကြောင်လို အိမ်မွေးတိရစ္ဆာန်များကိုပင် မွေးဖို့မဆိုထားနှင့် လုံးဝ မနှစ်သက်ခဲ့သူ မဟုတ်‌ေလာ။ သို့သော် ဝမ်မင်ယွီ၏ ချစ်စရာ မျက်နှာ‌ေလးကို ကြည့်ရင်းမှ ဝမ်မင်ယွီ၏ ခေါင်းပေါ်တွင် ယုန်နားရွက်လေးများ ပေါက်နေပြီး ယုန်အမြီးတိုလေးနှင့်အတူ ကြည်လဲ့လဲ့ မျက်လုံးဝိုင်းလေးများဖြင့် သူ့ကိုသာ မျက်တောင်မခတ် စိုက်ကြည့်နေပါလျှင် မည်မျှအထိ ချစ်စရာကောင်းမည်နည်းဟု မုကျန့် စိတ်ကူးယဉ်မိသွားသည်။ အဲဒါက ယုန်တစ်ကောင်ဆိုရင်တော့ မွေးထားလို့ရတာပေါ့။ မုကျန့်၏ ယမကာဖယ်ရိုမုန်းနံ့များမှာ ပို၍ သင်းပျံ့လာသဖြင့် သူ စိတ်ကြည်လင်နေကြောင်း ဝမ်မင်ယွီ သတိထားမိလိုက်သည်။ ခုနလေးတင် ဒေါသထွက်နေပြီး အခုကျမှ ဘာအကြောင်းမှမရှိဘဲ ပျော်နေပြန်ပြီ? တကယ်ကို ခန့်မှန်းရခက်တဲ့ မင်းဆိုးမင်းညစ်ပဲဟု ဝမ်မင်ယွီ တွေးလိုက်သည်။ သူပင် နားမလည်နိုင်တော့ချေ။ မုကျန့် စိတ်ကျေနပ်သွားပြီးနောက် လက်ကို ရုတ်သိမ်းလိုက်ကာ ဝမ်မင်ယွီကို ခေါ်၍ ဥယျာဉ်တော်အတွင်းသို့ လမ်းလျှောက်ထွက်ခဲ့၏။ ဝမ်မင်ယွီ နောက်မှ လိုက်လာရသော်လည်း မုကျန့် တစ်ခုခု ထူးဆန်းနေသည်ဟုသာ ခံစားနေရသည်။ သူ အတွေးလွန်နေသဖြင့် လမ်းကို သေချာမကြည့်မိဘဲ ခလုတ်တိုက်ကာ လဲကျလုနီးပါး ဖြစ်သွား၏။ ထိုအခါ လက်တစ်ဖက်က သူ့ရှေ့တွင် ရုတ်တရက် ပေါ်လာပြီး သူ့ကို တည်ငြိမ်စွာ ဖေးမပေးလိုက်သည်။ မုကျန့်၏ အသံမှာ တည်ငြိမ်လှ၏။ "မင်းက အသက် ၆၀ ကျော်နေပြီလား? လမ်းကိုတောင် သေချာ မလျှောက်တတ်‌ေတာ့ဘူးလား?" ဤလှောင်‌ေပြာင်မှုမှာ အမှန်ပင် ခံရသင့်သည်။ ဝမ်မင်ယွီ ရှက်ကိုးရှက်ကန်းဖြစ်သွားကာ ရယ်လျက် ဆိုလိုက်၏။ "ကျေးဇူးတင်ပါတယ် အရှင်။ ကျွန်တော် လမ်းကို သေချာ အာရုံစိုက်ပြီး လျှောက်ပါ့မယ်" ထိုသို့ပြောပြီးနောက် သူ၏လက်ကို ပြန်ရုတ်သိမ်းရန် ကြိုးစားသော်လည်း... ဆွဲထုတ်၍ မရဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့မှာ တွဲထားသော သူတို့၏ လက်နှစ်ဖက်ကိုသာ ကြောင်ကြည့်နေမိ‌ေတာ့၏။ မုကျန့်ကမူ ဝမ်မင်ယွီ လမ်းကောင်းကောင်းမလျှောက်သဖြင့် ဆွဲခေါ်သွားခြင်းမျိုးသာ ဖြစ်ဟန်ရှိပြီး အေးဆေးတည်ငြိမ်စွာပင် ရှိနေလျက်။ ဝမ်မင်ယွီမှာမူ တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားလိုက်ရပြီး ဆုပ်ကိုင်ခံထားရသော လက်ပေါ်တွင် ကြက်သီးများပင် ထသွားတော့သည်။ သူ စကားပြောရန် နှုတ်ခမ်းပြင်လိုက်သော်လည်း ပြန်လည် ထိန်းချုပ်လိုက်ရ၏။ မုကျန့်ကို လက်လွှတ်ပေးဖို့ ပြောချင်သော်လည်း ထိုသို့ပြောလိုက်ခြင်းက ပို၍ ထူးဆန်းသွားမည်ကိုလည်း စိုးသဖြင့် မပြောဖြစ်တော့ပေ။ သူ တုံ့ဆိုင်းသွားကာ စိတ်ထဲတွင် ခေါင်းပူမတတ်စဉ်းစားပြီး ဝေခွဲမရဖြစ်နေစဉ်မှာပင် မုကျန့်က သူ၏ လက်ကို လွှတ်ပေးလိုက်၏။ ဝမ်မင်ယွီမှာ လွတ်လပ်သွားသော လက်‌ေလးကို ချက်ချင်းပင် ပြန်သိမ်းလိုက်ပြီး ဝတ်ရုံလက်စထဲသို့သာ ထည့်ထားလိုက်‌ေတာ့သည်။ သူ၏လက်‌လေးမှာ ယမကာဖယ်ရိုမုန်းများအတွင်း နစ်မြုပ်နေခဲ့ရသည့်အလား။ သူ တိတ်တဆိတ် သက်ပြင်းချလိုက်မိ၏။ လမ်းတစ်လျှောက်တွင် ပွင့်ဖတ်များဖြင့် ဝေဆာနေသော အရောင်စုံ ပန်း‌ေလးများကို တွေ့မြင်ရသည်။ ဤကဲ့သို့သော ရှုခင်းဟာ စိတ်ကို အပန်းပြေစေပြီး အေးအေးလူလူ ကြည့်ရှုချင်စိတ်ကိုပါ ဖြစ်ပေါ်စေ၏။ ဝမ်မင်ယွီမှာ ပန်းများကို ကြည့်ရင်း အတွေးများ လွင့်မျောနေမိသည်။ ဤမျှလှပသော ပန်းအများစုမှာ အမည်ပင် မသိနိုင်သဖြင့် ယင်းတို့ကို ပြုစုပျိုးထောင်ရန် မည်မျှ ခက်ခဲမည်ကို သူ တွေးနေမိ၏။ မင်းမျိုးမင်းနွယ်နှင့် အထက်တန်းစားများသာလျှင် ကျွမ်းကျင်သူများကို ငှားရမ်း၍ အထူးတလည် စိုက်ပျိုးနိုင်ကြမည် မဟုတ်ပါလား။ ဆောင်းဦးပေါက်ချိန်မှာတောင် ပန်းတွေက ဘာလို့ ဒီလောက် လှလှပပ ပွင့်နေရတာလဲဟု သူ အံ့ဩနေစဉ် မုကျန့်က ပန်းတစ်ပွင့် ခူးလိုက်သည်ကို မြင်လိုက်ရသည်။ သူ အမြင်မမှားလျှင် ထိုပန်းပွင့်မှာ ထိုပန်းခင်းတစ်ခုလုံးတွင် အလှဆုံးပန်းဖြစ်၏။ ဝမ်မင်ယွီမှာ နားမလည်နိုင် ဖြစ်သွားရတော့သည်။ ပန်းတွေက ဒီလောက်လှတာကို ဘာလို့ ခူးပစ်တာလဲ? ကြည့်ရုံနဲ့ မရဘူးလား? နောက်တစ်စက္ကန့်တွင် မုကျန့်က သူ့အနားသို့ လျှောက်လာကာ ထိုပန်းကို သူ၏ ဆံနွယ်ကြား ထိုးပေးလိုက်သည်ကို မြင်လိုက်ရတော့၏။ ဝမ်မင်ယွီ : "...???" "အရှင်?" သူ ထိုပန်းကို ချက်ချင်း ဖြုတ်ချဖို့ ပြင်လိုက်သော်လည်း မုကျန့်က သူ၏လက်ကို ဆွဲထားကာ ဆိုသည်။ "ဒါက လှတယ်၊ မင်းနဲ့လည်း လိုက်ဖက်တယ်" ဝမ်မင်ယွီမှာ အသက်ရှူပင် ရပ်မတတ် ဖြစ်သွားရပြီး အကူအညီမဲ့နေရှာ၏။ ဧကရာဇ်က သူ့ကို ရည်ရွယ်ချက်ရှိရှိ နောက်ပြောင်နေတာလား? သူက ယောက်ျားကြီးတစ်ယောက်လေ၊ ဆံပင်မှာ ပန်းပန်ထားတာက မိန်းမချောလေးတွေနဲ့ပဲ လိုက်ဖက်တာ မဟုတ်လား။ ဝမ်မင်ယွီ မတတ်နိုင်တော့ဘဲ မျက်မှောင်ကြုတ်လျက် ညည်းတွားလိုက်သည်။ "ဒါဆိုရင် နန်းတွင်း အစေခံတွေကို ခပ်လှမ်းလှမ်းမှာ နေခိုင်းပါဦး၊ အရှင်မင်းကြီးတစ်‌ေယာက်တည်းဆီက အကြည့်ခံရတာဆိုရင် တော်သေးတာပေါ့" ထိုစကားကို ကြားသောအခါ မုကျန့် ပြုံးလိုက်ပြီး အစေခံများကို အဝေးတွင် စောင့်ဆိုင်းရန် အမှန်တကယ်ပင် အမိန့်ပေးလိုက်၏။ မုကျန့် ပန်းခူးလိုက်သော နေရာသို့ ဝမ်မင်ယွီ လှမ်းကြည့်လိုက်သည်။ ထိုပန်းများမှာ ပန်းရောင်နုနုလေးများ ဖြစ်ပြီး ပွင့်ဖတ်များမှာ အထပ်ထပ် ဖြစ်နေကာ အလွန်ပင် လှပလှ၏။ သူ စကားလမ်းကြောင်းလွှဲရန်အတွက် သူ့ဆံပင်ကိုသူ အသာအယာ ကိုင်လျက် မေးလိုက်သည်။ "အရှင်... ဒါက ဘာပန်းလဲဟင်?" မုကျန့် : "ဟိုင်ထန်ပန်း" ဝမ်မင်ယွီ : "..." ပန်းဟာ ဘာပြဿနာမှ မရှိဘဲ လှပလွန်းပါသည်။ သို့သော် သူကမူ အလိုလိုပင် ပြောပြရန်မသင့်သည့် တစ်စုံတစ်ခုကို သွားပြီး အမှတ်ရမိသွား၏။ မမေးခဲ့သင့်ဘူး။ သို့သော် မုကျန့်က သူ၏ အမူအရာ ပြောင်းလဲသွားသည်ကို သတိထားမိသွားပြီ။ "ဘာဖြစ်လို့လဲ?" ဝမ်မင်ယွီက ခေါင်းခါယမ်းကာ ပြုံးလျက် ဆို၏။ "ဘာမှမဟုတ်ပါဘူး။ အရင်က ဒီပန်းအကြောင်းကို ကြားပဲ ကြားဖူးတာ၊ အခုမှ မြင်ဖူးလို့ပါ" "ဟုတ်လို့လား?" မုကျန့်၏ မျက်နှာမှာ အေးစက်သွားတော့သည်။ "ကိုယ်တော် အမှန်အတိုင်းပဲ ကြားချင်တယ်" ဝမ်မင်ယွီ : "..." မင်းက ငါ့ကို တကယ်ကြီး အခက်တွေ့အောင် လုပ်နေတာပဲ။ ဝမ်မင်ယွီမှာ အခြားရွေးချယ်စရာ မရှိတော့သဖြင့် ဇာတ်လမ်းတစ်ပုဒ်ကို အမှန်တစ်ဝက် အလိမ်တစ်ဝက်ဖြင့် လုပ်ကြံပြောလိုက်ရတော့သည်။ "အာ... ဒီ ဟိုင်ထန်ပန်းတွေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကို ကြားဖူးတာပါ၊ ဒါပေမဲ့ အရှင်မင်းကြီးကို ပြောပြဖို့တော့ မသင့်တော်‌ေလာက်ဘူး ထင်ပါတယ်" "ပြောစမ်း" (ပြတ်သားသော လေသံဖြင့်) "ပြောကြတာကတော့... ဒီ ဟိုင်ထန်ပန်းတွေက မကောင်းဆိုးဝါးတွေတဲ့။ ညဘက်ရောက်ရင် သူတို့က အရမ်းချောမောတဲ့ လူသားအသွင်ကို ပြောင်းလဲတတ်ကြတယ်၊ ယောက်ျားလား မိန်းမလားဆိုတာ ခွဲခြားလို့ မရနိုင်လောက်အောင် လှကြတာ။ ပြီးတော့ သူတို့က အမျိုးသားတွေကို ဖြားယောင်းပြီး ပေါင်းဖော်တတ်ကြတယ်။ အမျိုးသားတွေကလည်း သူတို့ရဲ့ အလှမှာ နစ်မျောသွားပြီး အချိန်အကြာကြီး မရပ်မနားပေါင်းဖော်မိရင်းကနေ နောက်ဆုံးတော့ သူတို့ရဲ့ အသက်စွမ်းအားတွေအကုန် စုပ်ယူခံရပြီး သေဆုံးသွားကြရတယ်တဲ့" ထိုစကားကို ကြားသောအခါ မုကျန့်၏ မျက်နှာတွင် အထင်သေးသော အမူအရာ ပေါ်လာ၏။ ဝမ်မင်ယွီသည်လည်း ပခုံးတွန့်လိုက်မိသည်။ သူကိုယ်တိုင်ပင် ထိုကဲ့သို့သော ဇာတ်လမ်းများကို ဖတ်ခဲ့စဉ်က အကြိမ်ကြိမ် အံ့ဩခဲ့ရသည် မဟုတ်‌ေလာ။ ဒါက တကယ် ဖြစ်နိုင်လို့လား? အဲဒီလို အရာတွေကို သုံးလို့ ရလို့လား? အဲဒီလောက်ကြီး ကြာနေရင် လူလို့တောင် ပြောလို့မရတော့ဘူးမလား? သေချာပေါက် သေမှာပေါ့! သူ့မှာ မျက်နှာလေး နီမြန်းလျက် နှလုံးခုန်မြန်နေရသော်လည်း သူ့ကိုယ်သူ အတွေ့အကြုံရှိသူတစ်ဦးအဖြစ် ဟန်ဆောင်ကာ မုကျန့်ကို အမှန်တစ်ဝက် အလိမ်တစ်ဝက်ဖြင့် ပြောပြလိုက်ခြင်းပင်။ မုကျန့်က အစပိုင်းတွင် ထိုမျှထူးဆန်းသော ဇာတ်လမ်းကို စိတ်ဝင်စားခြင်း မရှိသော်ငြား သူ၏ အကြည့်များမှာ ဝမ်မင်ယွီ၏ နားနောက်တွင် ပန်ထားသော ပန်းလေးထံသို့ အလိုလို ကျရောက်သွား၏။ ထိုနုနယ်သော ပန်းရောင်ပန်းလေးဟာ ဝမ်မင်ယွီ့ကို အရောင်မှိန်သွားစေခြင်း မရှိဘဲ သူ၏ မျက်ခုံးနှင့် မျက်လုံးများကို ပို၍ပင် ပေါ်လွင်စေကာ အသားအရည်ကိုလည်း ကျောက်စိမ်းတမျှ ဖြူစင်သွားစေသည်။ တစ်ချိန်တည်းမှာပင် သူ၏ မြင့်မားသွယ်လျသော ကိုယ်ဟန်မှာ မိန်းမဆန်မသွားပါဘဲ ထူးခြားသော ဆွဲဆောင်မှုတစ်ခု ရှိနေလျက်။ "ပန်းနတ်သားလေး" မုကျန့်က သူ့ကို ကြည့်ကာ ထိုသို့ ရုတ်တရက် ပြောလိုက်၏။ ဝမ်မင်ယွီက သူ တစ်ခုခု ဆက်ပြောမည်ဟု ထင်ကာ ခေါင်းလေးစောင်းလျက် စောင့်နေသော်လည်း မည်သည့်စကားမျှ ထပ်ထွက်မလာတော့ပေ။ တစ်နာရီခန့် လမ်းလျှောက်၍ ပန်းကြည့်ပြီးနောက် ဝမ်မင်ယွီ ထိုပန်းကို ဖြုတ်ချရန် အခွင့်အရေး ရသွား‌ေတာ့သည်။ သို့သော် ဧကရာဇ်ကိုယ်တိုင် ရွေးခူးပြီး ပန်ပေးထားသော ပန်းဖြစ်သဖြင့် လွှင့်ပစ်ရန် မသင့်တော်သောကြောင့် သူ့မှာ ထိုပန်းကို ပြန်လည် ယူဆောင်လာခဲ့ရသေး၏။ ထိုပန်းရောင်ပန်းလေးကို ကြည့်ရင်း ဝမ်မင်ယွီတစ်ယောက် ထူးဆန်းသော အကြံတစ်ခု ရသွားသည်။ သူက အစေခံများကို ချက်ချင်း ထွက်သွားစေပြီး သူ၏ ဝတ္ထုစာအုပ်များကို ထုတ်ကာ အသည်းအသန် ပြန်ရေးနေတော့၏။ စိတ်ကူးစိတ်သန်းများ ကြွနေသဖြင့် အလွန်ပင် မြန်ဆန်စွာ ရေးနိုင်ခဲ့‌ေလသည်။ ယနေ့ ဖြစ်ပျက်ခဲ့သမျှကို အခြေခံ၍ သူဟာ ဝတ္ထုစာအုပ်ထဲတွင် ထည့်သွင်း ရေးသားလိုက်ခြင်းပင်။ သခင်ငယ်လေးမှာ ကစားရသည်ကို အလွန်နှစ်သက်သူဖြစ်ရာ ပြည့်တန်ဆာအိမ်များမှာ စိတ်ဝင်စားစရာကောင်းကြောင်း ကြားသည့်အခါ၌ ကိုယ်တိုင် သွားရောက်ကြည့်ရှုချင်လာ‌ေတာ့သည်။ မမျှော်လင့်ဘဲ သူ၏ မိသားစုက သိရှိသွားပြီး သူ၏ အစ်ကိုဖြစ်သူက သူ့အား ဖမ်းဆီးကာ ခြေထောက်ကို ရိုက်ချိုးမည်ဟု ဆိုလာတော့၏။ သခင်ငယ်လေး ထိတ်လန့်သွားပြီးနောက် အကြံတစ်ခု ရလာသည်။ ၎င်းမှာ ဗီလိန့်ကို အမျိုးသမီးအဖြစ် ဝတ်ဆင်ခိုင်းလိုက်ရန်သာ။ ပြည့်တန်ဆာအိမ်သို့ သွားချင်ရခြင်းမှာ သူဟာ အမျိုးသမီးတစ်ဦးကို သွား‌ေတွ့ချင်‌ေနခြင်း မဟုတ်ဘဲ သူ၏ အစောင့်သာ အမျိုးသမီးဝတ်စုံ ဝတ်ထားလျှင် မည်သို့ရှိမည်ကို သိချင်နေခြင်းသာ ဖြစ်ကြောင်း လုပ်ကြံပြောဆိုရန်ပင်ဖြစ်၏။ ဤသည်မှာ အလွန် အဓိပ္ပာယ်မရှိသော အကြံဖြစ်သော်လည်း သခင်လေး၏ စရိုက်အရ ဖြစ်နိုင်ခြေလည်း ရှိနေသည်။ ဗီလိန်: "..." သူ မလှုပ်ရှားသည်ကို မြင်သောအခါ သခင်လေးမှာ စိတ်တိုလာပြီး သူ၏ အဝတ်အစားများကို အတင်းအဓမ္မ လဲလှယ်ရန် ကြိုးစားတော့သည်။ ဗီလိန်ခမျာ အမူအရာကင်းမဲ့စွာဖြင့် သူ၏ ခါးပတ်ကို ကိုင်ထားလျက် တိတ်တဆိတ် ခုခံသော်လည်း နောက်ဆုံးတွင် အရှုံးပေးသွားရကာ လဲလှယ်လိုက်ရတော့၏။ သူ အမျိုးသမီးဝတ်စုံဖြင့် ထွက်လာသောအခါ သခင်လေးမှာ မျက်လုံးပြူးကာ ကြည့်နေမိပြီး ပြောလိုက်သည်။ "မင်းက အမျိုးသမီးဝတ်စုံနဲ့ ဒီလောက် လှလိမ့်မယ်လို့ ငါ မထင်ထားဘူး။ မင်းသာ တကယ့် အမျိုးသမီးဆိုရင် အိမ်ရှေ့မှာ လာတောင်းရမ်းတဲ့သူတွေနဲ့ ပြည့်နေ‌တာကြာပြီ" ဗီလိန့်မှာမူ လုံးဝ စိတ်မချမ်းသာနေပေ၊ ချက်ချင်း အဝတ်ပြန်လဲရန် ပြင်လိုက်သော်လည်း သခင်လေးက သူ့အား အတင်းအဓမ္မ တားဆီးထားပြန်သည်။ သူ၏ အစ်ကိုဖြစ်သူက တံခါးကို ကန်ဖွင့်တော့မည့်အချိန်မှာပင် သခင်လေးက ဗီလိန်ကို ကြည့်ရင်း တစ်ခုခု လိုအပ်နေသည်ဟု ခံစားလိုက်ရ၏။ သူ၏ ခေါင်းကို အလုပ်ပေးလိုက်ပြီးနောက် တစ်စုံတစ်ခုကို သတိရ‌သွားတော့သည်။ သူ့မျက်လုံးများ တောက်ပသွားပြီး အကြံရသွားပုံနှင့် ညာဘက်လက်ကို လက်သီးဆုပ်၍ ဘယ်ဘက်လက်ဝါးဖြင့် ရိုက်လျက် ဆိုလိုက်၏။ "ဟုတ်သားပဲ၊ ခဏစောင့်ဦး" ထို့နောက် သူဟာ ပန်းတစ်ပွင့်ကို အပြေးအလွှား သွားခူးကာ ဗီလိန်၏ နားနောက်တွင် ပန်ပေးလိုက်ပြီး ပြောသည်။ "လှပတဲ့ ပန်းဆိုတာ လှပတဲ့လူနဲ့ပဲ ထိုက်တန်တာပေါ့" ဗီလိန်မှာမူ မျက်နှာမည်းသွားရပြီး လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားလျက် ထိုနေရာတစ်ခုလုံးကို ဖျက်ဆီးပစ်ချင်စိတ်သာ ပေါက်နေတော့သည်။ ဝမ်မင်ယွီက ဤနေရာတွင် စာရေးခြင်းကို ရပ်လိုက်ပြီး သူ ရေးထားသည်ကို ပြန်ကြည့်ကာ သဘောကျနေ၏။ ခွေးဧကရာဇ်က ငါ့ခေါင်းပေါ် ပန်းပန်ပေးသလိုပဲ ငါလည်း ဒီဇာတ်လမ်းထဲက ဗီလိန်ကို ပန်းတွေ ပန်ပေးလိုက်မယ်။ အလှဆုံး ပန်းတွေကို ပန်ခိုင်းပြီး ဘယ်မိန်းမထက်မဆို ပိုလှနေအောင် လုပ်ပစ်မယ်ကွ။ မုကျန့်တစ်ယောက် အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ထားပြီး လက်ကိုင်ပုဝါလေး ကိုင်လျက် မျက်လုံး‌ေလးမှိတ်ပြကာ ချိုမြိန်သော အသံ‌ဖြင့် "သခင်လေး... လာ‌ေလ~" ဟု ပြောနေသည်ကို ဝမ်မင်ယွီ စိတ်ကူးယဉ်ကြည့်လိုက်သည်။ အား... ဒါက တကယ်ကို ရယ်ရတာပဲ! ဝမ်မင်ယွီမှာ ရယ်ရလွန်းသဖြင့် မြေပြင်ပေါ်မှာပင် လူးလိမ့်နေတော့သည်။