*အခန်း(412)အနုပညာမြောက် လူသတ်မှု + တောက်ဓမ္မကိုနည်းပညာများနှင့် ပေါင်းစပ်ခြင်း (3)
ယခုကိစ္စကို အခွင့်အရေးယူပြီ တရားဝင်အစိုးရအရာရှိများက ဟဲကျောင်ရှန်း၏ ကိစ္စအား ဥပမာထားကာ အင်တာနက်အသုံးပြုသူများအား ကိုယ်တိုင် စဉ်းစားချင့်ချိန်ပြီးမှ ယုံကြည်ကြရန်နှင့် အွန်လိုင်းပေါ်မှ အကြမ်းဖက်မှုများတွက် သေနတ်တစ်လက်၊ ကျည်တစ်တောင့်အဖြစ် အသုံးချမခံရန် သတိပေးပြောဆိုခဲ့ကြသည်။
တစ်ချိန်တည်းမှာပင် အရာရှိများက ထိုကဲ့သို့ ဆင်တူယိုးမား ကိစ္စရပ်များအတွက် အဖွဲ့တစ်ခုကိုပင် ဖန်တီးကာ အွန်လိုင်း အကြမ်းဖက်မှုများအား ဆက်တိုက် စုံစမ်းစစ်ဆေးနေမည်ဖြစ်သည်။
အွန်လိုင်းမှ အစုလိုက်၊ အဖွဲ့လိုက် အနိုင်ကျင့်ခြင်းများ၊ မားကတ်တင်းအကောင့်များနှင့် သတင်းမှား၊ ကောလဟာလများ ဖြန့်နေသည့် အကောင့်များကိုလည်း ထိရောက်စွာ အရေးယူသွားမည်ဖြစ်သည်။
ထျန်ယွင်ကျေးရွာကိစ္စရပ်ဖြင့် ပတ်သတ်၍ ရဲအရာရှိများက အကြမ်းဖျင်းခန့်သာ ခြုံငုံပြောဆိုခဲ့ပြီး အကြောင်းရင်းအား ‘မကောင်းသော အင်အား’ဟု ခေါင်းစဉ်တပ်ခဲ့သည်။
ဖန်းချန်းရဲစခန်း : “အခုလက်တလော အခြေအနေတွေအရ ကျွန်တော်တို့ရဲ့ မြို့မှာ အမည်မသိ မကောင်းတဲ့ အင်အားတွေရဲ့ ကျူးကျော်ခြင်းကို ခံထားရပါတယ်
ရွာသားတစ်ရာကျော်လောက် သေဆုံးခဲ့ရတဲ့အထိ ပြင်းထန်တဲ့ မကောင်းမှုအဖြစ်အပျက်တွေလည်း ဖြစ်ပျက်ခဲ့ပါတယ်
စုံစမ်းတွေ့ရှိချက်များအရ အဲဒီမကောင်းဆိုးဝါးအင်အားက မြို့အများစုကိုလည်း ကျူးကျော်ထားပြီး အင်တာနက်ကို ကြားခံအဖြစ် အသုံးပြုပြီးတော့ မကောင်းဆိုးဝါးစွမ်းအင်တွေ၊ လူကို ဒုက္ခရောက်စေတဲ့ ဂါတာမန္တာန်တွေနဲ့ လူအများအပြားကို ထိန်းချုပ်ထားပါတယ်
တချို့လူတွေကိုဆိုရင် ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့အထိ ပြင်းထန်ပါတယ်”
“ပါဝင်တဲ့ ကိစ္စတွေက အခုအင်တာနက်မှာ နာမည်ကျော်သွားတဲ့ ‘မက်မွန်ပန်းကျိန်စာ’၊ ‘အလိမ်အညာအဖွဲ့တွေ’၊ ‘ချစ်သူကောင်လေး၊ကောင်မလေးတွေကို အနိုင်ကျင့်တဲ့ အဖွဲ့’တွေပါ ပါဝင်နေပါတယ်
ကိုယ်တိုင်ရဲ့ မျက်လုံးကို ဖွင့်ထားပြီး သတိကြီးကြီးထားကြပါ အဲဒီလို မကောင်းမှုကျိန်စာတွေ၊ ဘယ်ကနေ ဘယ်လိုပေါ်လာမှန်းမသိတဲ့ ထူးဆန်းတဲ့ အရာတွေကို မယုံကြည်ကြပါနဲ့ မဝယ်ကြပါနဲ့
အဲဒီလိုမျိုးတွေ ကြုံရ၊တွေ့ရပြီဆိုရင် သတ္တိကိုမွေးပြီးတော့ ကျွမ်းကျင်နားလည်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အကူအညီယူကြပါ”
“အခုလက်ရှိမှာတော့ မြို့အများစုမှာ မကောင်းဆိုးဝါး အင်အားတွေ ပျံ့နှံ့နေမှုအတွက် အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို ဖွဲ့စည်းထားပေးပါတယ် သူတို့ကို သတ္တိရှိရှိ တိုင်ကြားပေးကြပါ”
ကုကျစ်စုန့်၏ သတိပေးချက်ကြောင့် အရာရှိများက ယခုကိစ္စမည်မျှ ပြင်းထန်ကြောင်း သဘောပေါက်သွားကြသည်။
မျက်နှာပေါင်းတစ်ထောင် နတ်ဘုရားက ခေတ်နောက်ကျသည့် ပြည်နယ်များ၊ ဖွံ့ဖြိုးမှုနည်းပါးသော နေရာများ၊ လျှို့ဝှက်နေရာများတွင် ပျံ့နှံ့နေခဲ့ပြီး ယခုအချိန်တွင် တတ်နိုင်သမျှ မြန်မြန် စုံစမ်းခြေရာခံရမည့် ကိစ္စတစ်ခု ဖြစ်လာခဲ့သည်။
ရဲအရာရှိများနှင့် အထူးအဖွဲ့ဝင်များက ယှဉ်တွဲ၍ လုပ်ကိုင်နေကြပြီး နေရာအမျိုးမျိုး၊ ရှုထောင့်အမျိုးမျိုးမှ စစ်ဆေးနေခဲ့ကြသည်။
ထိုသို့ ရှာဖွေမှုများကြောင့် အံ့ဩဖွယ်ကိစ္စများအား တွေ့ရှိခဲ့ရသည်။
မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော ထိုမကောင်းဆိုးဝါးနတ်ဘုရားက အခြေခံလူတန်းစားများနှင့် အလယ်အလတ်တန်း လူတန်းစားများအပြင် ဂုဏ်နှင့် စည်းစိမ်မက်မောသော အဆင့်မြင့် စီးပွားရေးသမားများအထိ နေရာယူထားနိုင်ခဲ့သည်။
သီးသန့်ဖိတ်ခေါ်ခြင်း၊ မျက်နှာတစ်ထောင်နတ်ဘုရားအား ယဇ်ပူဇော်ပသခြင်းများက တချို့နေရာများတွင် အင်မတန် ကျော်ကြားနေသည့်အရာတစ်ခု ဖြစ်နေခဲ့သည်။
ယုံကြည်သူများလည်း များပြားနေပေသည်။
လူမြင်သူမြင် ယုံကြည်ကြသူများအပြင် ပိုမို၍ ထူးဆန်းသော ဂရုချက်များ၊ ဂါထာများသည်လည်း ယခုနှစ်ပိုင်းတွင် အင်တာနက်ပေါ်၌ ပေါ်လာခဲ့သည်။
ဥပမာဆိုရလျှင် လွန်ခဲ့သော နှစ်အနည်းငယ်က ကျော်ကြားခဲ့သော ‘သတ်သေသည့်ဂိမ်း’ နှင့် လွန်ခဲ့သည့် နှစ်နှစ်အတွင်း တဖြည်းဖြည်း နာမည်ရလာသော ‘မက်မွန်ပန်းကျိန်စာ’တို့ ဖြစ်သည်။
သင်္ချိုင်းဂူတွင် တိုက်ရိုက်လွှင့်ခဲ့သော လူငယ်နှင့် စက်ဆုတ်ဖွယ်ကောင်းသည့် ဂရုများ၊ အွန်လိုင်းပေါ်မှ လိမ်လည်သည့် ဂရုများလည်း အပါအဝင်ဖြစ်သည်။
ထိုအဖွဲ့တိုင်း၊အဖွဲ့တိုင်း၏ နောက်ကွယ်တွင် သူတို့၏ နိမ့်ကျမှု၊ တပ်မက်မှုများကို လှုံ့ဆော်ပေးနေသော မမြင်နိုင်သည့် လက်တစ်စုံရှိနေခဲ့သည်။
လောဘ၊ ပျင်းရိခြင်း၊ မနာလိုခြင်း၊ တပ်မက်ခြင်း။
ကမ္ဘာကြီးမှ အထင်သေးသော၊ နှာခေါင်းရှုံ့ကြသော အရာများအား ထိုအင်တာနက်ပေါ်တွင် ပုန်းကွယ်နေသော ဂရုချက်များထဲတွင် မြင်တွေ့နိုင်သည်။
လူတိုင်းလူတိုင်း ပိုမို၍ ဆိုးဝါးလာကြခြင်း၊ တစ်ဦးနှင့်တစ်ဦး သည်းခံနိုင်စွမ်းနည်းပါးလာခြင်း၊ အင်တာနက်ပေါ်မှ လူမှုဆက်ဆံရေးများ၊ အခြေအနေ ပိုမိုသောင်းကျန်းဆိုးဝါးလာကြခြင်းတို့သည်က သဘာဝလွန်အကြောင်းအရာများကြောင့် ဖြစ်ကြောင်း သိလိုက်ရချိန်တွင် လူအများမှာ အံ့ဩမဆုံးဖြစ်ခဲ့ရသည်။
သဘောပေါက်နားလည်သွားသော တာဝန်ရှိသူများသည်လည်း ထိုကိစ္စနှင့် ပတ်သတ်၍ စည်းကမ်းတင်းကြပ်စွာ စုံစမ်းစစ်ဆေးခဲ့ကြသည်။မကြာမီမှာပင် ထိုကဲ့သို့သော မကောင်းဆိုးဝါးနတ်ဘုရားက တိုင်းပြည်အတွင်း၌ ကန့်သတ်ပိတ်ပင်ခံထားရသော အရာတစ်ခု ဖြစ်လာခဲ့သည်။
အဖွဲ့ပေါင်းစုံ၊ ဂရုချက်ပေါင်းစုံအတွက် အင်တာနက်ရဲအရာရှိများ၊ ဝိဉာဉ်ဆိုင်ရာအထူးဌာနဝင်များက သဲလွန်စများကို လိုက်၍ ထိုအဖွဲ့ပေါင်းများစွာ ဖမ်းမိနိုင်ခဲ့သည်။
အင်တာနက်ပေါ်မှ ခံစားချက်များက အတော်လေး သန့်စင်သွားခဲ့ပြီး ထိရောက်မှုလည်း ရှိခဲ့သည်။
သို့သော် ကုကျစ်စုန့်၏ ရင်ထဲတွင်သူတို့သည်က ပြဿနာ၏ အရင်းအမြစ်အား မဖော်ထုတ်နိုင်သေးကြောင်း သိနေခဲ့သည်။
•
သူမ ဖန်းချန်းမှ ထွက်ခွာမည့်နေ့တွင် ယန်ချန်၏ နေအိမ်သို့ သွားရောက်ခဲ့သည်။
အိမ်တွင် နှစ်ရက်၊သုံးရက်ခန့် အနားယူပြီးနောက် ယန်ချန်၏ အခြေအနေက သိသိသာသာ တိုးတက်လာခဲ့သည်။
ဝိဉာဉ်ဆိုင်ရာ အထူးဌာန၏ အင်တာနက်မှ ထွက်ပြေးလွတ်မြောက်သွားသော ဟဲကျောင်ရှန်းအား ဖမ်းဆီးရန် ခက်ခဲနေသည့် အဖြစ်အား ကြားသိရပြီးနောက် သူ ခေတ္တ တိတ်ဆိတ်သွားခဲ့သည်။
အချိန်အနည်းငယ်မျှ စဉ်းစားနေပြီးနောက် ပြောလာလေသည်။
“ကျွန်တော့်မှာ နည်းလမ်းရှိနိုင်မယ်ထင်တယ်”
ကုကျစ်စုန့် တစ်ဖက်လူ၏စကားကို ကြားရပြီးနောက် အနည်းငယ် အံ့အားသင့်သွားခဲ့သည်။
“ဘယ်လိုနည်းလမ်းလဲ?”
သူမသာ ဟဲကျောင်ရှန်းအား ဖမ်းဆီးနိုင်မည့် နည်းလမ်းကို သိထားပါက ယခုကဲ့သို့ ခေါင်းခဲနေရမည်မဟုတ်ချေ။
ဟဲကျောင်ရှန်း၏ အဖြစ်က ထူးခြားပြီး အင်မတန် လျင်မြန်စွာ သွားလာနိုင်စွမ်းရှိသည်။ သူမအနေဖြင့် သူ၏ တည်နေရာအား ယင်စွမ်းအင်မှတဆင့် ခြေရာခံသိနိုင်သော်လည်း သူ့အား ဖမ်းမိနိုင်ရန်အတွက် အင်တာနက်တစ်ခုလုံးအား ထိန်းချုပ်ရန် လွယ်ကူမည်မဟုတ်ပေ။
သမားရိုးကျ ကျမ်းစာများဖြင့် ဖမ်းဆီးခြင်းသည်လည်း အသုံးမဝင်နိုင်ပေ။
ဟဲကျောင်ရှန်းအား ဖမ်းမမိပါလျှင်လည်း သူက စွမ်းအင်ကြီးမားသူလည်းမဟုတ်၊ ဒေါသကြီးသူလည်းမဟုတ်သော်ငြား မကောင်းဆိုးဝါးနတ်ဘုရား၏ သိမ်းသွင်းခြင်းခံထားရသူဖြစ်နေသည်။
ဆက်လက်၍ ထိုနတ်ဘုရား ပိုမိုအောင်မြင်စေရန် ကူညီပေးမည်မှာ ဧကန်မုချပင်ဖြစ်သည်။
ထိုသို့ ကူညီသူရှိနေပါက အင်တာနက်ပေါ်တွင် အမျိုးမျိုးသော မကောင်းဆိုးဝါးအင်အားစုများက လျှင်မြန်စွာ ပျံ့နှံ့နိုင်လိမ့်မည်။
ထို့ကြောင့် သူ့ကို လွှတ်ထား၍ မရပေ။
ဝိဉာဉ်ဆိုင်ရာအထူးအဖွဲ့ာ ထိုကိစ္စဖြင့် ပတ်သတ်၍ နည်းမျိုးစုံ ဆွေးနွေးတိုင်ပင်ခဲ့ကြသော်ငြား ဟဲကျောင်ရှန်းအား ဖမ်းမိနိုင်မည့် နည်းလမ်းကို ရှာမတွေ့ခဲ့ပေ။
ကုကျစ်စုန့်၏ လက်ရှိအတွေးမှာ ကျမ်းစာများ အမြောက်အမြားအသုံးပြု၍ နယ်မြေကျယ်ဝန်းသော ဖွဲ့စည်းပုံတစ်ခု ဖန်တီးရန်ဖြစ်သည်။
ပထမဆုံး ဟဲကျောင်ရှန်း၏ တည်နေရာအကြမ်းဖျင်းအား ခြေရာခံ၍ အနီးအနားတွင် ဖွဲ့စည်းပုံကြီးအား သူသတိမထားမိအောင် ဖန်တီးရန်တွေးထားသည်။
ဖွဲ့စည်းပုံအသက်ဝင်သည်နှင့် နယ်မြေတစ်ခုလုံးအား လွှမ်းခြုံသွားမည်ဖြစ်ကာ ထိုအချိန်တွင် ပိုက်စိတ်တိုက်၍ ဟဲကျောင်ရှန်းအား ရှာဖွေလိမ့်မည်။
သို့သော် ထိုကဲ့သို့ဖွဲ့စည်းပုံ ဖန်တီးရန်မှာ လွယ်ကူသည့်အရာမဟုတ်ပါချေ။ သူမ ရေးဆွဲလျှင်ပင် ပြင်ဆင်ရန် အနည်းဆုံး လဝက်ခန့်ကြာမြင့်မည်ဖြစ်ကာ အချိန်ကုန်၊လူပန်းသည့် ကိစ္စရပ်ဖြစ်သည်။
သရဲများဖမ်းသည့်အချိန် မပါသေးပေ။
အချိန်အနည်းငယ် တိတ်ဆိတ်နေပြီးနောက် ယန်ချန်ထံမှ အင်မတန် ဆန်းသစ်သည့် အကြံတစ်ခု အကြံပေးလာခဲ့သည်။
“မင်းရဲ့ ဂါထာတွေတွေကို အသက်ဝင်စေဖို့အတွက် စကားလုံး၊ ဒါမှမဟုတ်တစ်ခုခုကို အသုံးပြုရတာမျိုး ရှိလား?”
“အဲဒီလိုမျိုး အကြမ်းဖျင်းပြောလို့ရတယ်”
ဥပမာဆိုလျှင် စကားကြီးကိုးလုံးဂါထာတွင် စကားလုံးတိုင်းက မန္တာန်တစ်ခုဖြစ်၍ လက်ဖြင့် ပြုလုပ်သည့် အမူအရာသည်က စွမ်းအင်အား ဖွင့်ထုတ်ပေးသည့် ခလုတ်သဖွယ်ဖြစ်သည်။
ဂါထာရွတ်ဆိုသူ၏ ဝိဉာဉ်စွမ်းအင်သည်လည်း အရေးကြီးဆုံး အခရာဖြစ်သည်။
သုံးမျိုးလုံးသည်က မရှိမဖြစ်အရာများဖြစ်သည်။
ယန်ချန်: “ဒါဆိုရင် ကိုယ့်ရဲ့ ဝန်ထမ်းတွေကို စနစ်အသစ်တစ်ခု ရေးဆွဲခိုင်းပြီးတော့ မင်း လိုအပ်မယ့် ဂါထာ၊မန္တာန်တွေကို စုပြီးတော့ အဲ့ဒီစနစ်ထဲမှာ ကုတ်တစ်ခု သဘောမျိုး ထည့်သွင်းထားမယ်ဆိုရင်ရော? အဲ့လိုဂါထာတွေကို အသက်သွင်းလို့ ရနိုင်လား?”
ကုကျစ်စုန့်: “???”
ဂါထာကုတ်တွေ ?
ပရိုဂရမ်တောက်ဓမ္မပညာ? ?
သူ ဆိုလိုချင်သည်မှာ သဘာဝလွန်ကိစ္စရပ်များနှင့် တောက်ဓမ္မပညာရပ်များအား သိပ္ပံနည်းပညာအသုံးပြု၍ လေ့ကျင့်ခြင်း၊ လုပ်ဆောင်ခြင်းဟူသော အဓိပ္ပာယ်လား?
ခေတ္တ နှုတ်ဆိတ်သွားပြီးနောက် သူမ နားမလည်နိုင်စွာ တွေဝေနေခဲ့သည်။
“အမှန်တိုင်းပြောရရင် ကျွန်မလည်း မသိဘူး၊ နည်းနည်းလောက် စမ်းသပ်ကြည့်ရင်ရော?”
သူမကဲ့သို့ နှစ်ပေါင်းရာချီ နေထိုင်လာသည့် ရှေးလူကြီးမဆိုထားနှင့်။ ယခုခေတ် တောက်ဓမ္မဂိုဏ်းများတွင် ပညာသင်ယူနေဆဲဖြစ်သော တောက်ကျန့်လူငယ်လေးများပင် ထိုမျှ ဆန်းကြယ်သည့် ပေါင်းစပ်ခြင်းကို ကြားဖူးမည်မဟုတ်ချေ။
ယန်ချန် အနည်းငယ်စဉ်းစားနေခဲ့ပြီးနောက် ပြောလိုက်သည်။
“ဒါဆို ကိုယ့်ရဲ့ နည်းပညာအဖွဲ့ကို အဲဒီကိစ္စနဲ့ ပတ်သတ်ပြီး ရှာဖွေဖို့နဲ့ ဖန်တီးဖို့ ကြိုးစားခိုင်းလိုက်မယ်၊ ဒါကသာ အောင်မြင်သွားတယ်ဆိုရင် ကိုယ်တို့ရဲ့ ကုမ္ပဏီအောက်က လျှပ်စစ်ဘရန်းတွေအကုန်လုံးရဲ့ စနစ်ကို update လုပ်လို့ ရတယ်”
ကုကျစ်စုန့်၏ ရှာဖွေချက်အရ တရုတ်နိုင်ငံတွင် ဖုန်းနှင့် လျှပ်စစ်ပစ္စည်းဘရန်း ထုတ်လုပ်မှု၊ ရှယ်ယာဝင်ထားခြင်း၊ တည်ဆောက်မှုအများစုကို ယန်မိသားစုမှ လုပ်ဆောင်ထားခြင်းဖြစ်သည်။
ပရိုဂရမ်တောက်ဓမ္မပညာအကြောင်းကို ပထမဆုံးကြားလိုက်ရချိန်တွင် သူမ၏စိတ်ထဲတွင် အနည်းငယ် စိတ်ကူးယဉ်ဆန်ပြီး မဖြစ်နိုင်သည့် အရာတစ်ခုဟု တွေးလိုက်မိသည်။
သို့သော် သေသေချာချာ ပြန်လည်စဉ်းစားကြည့်မိချိန်တွင် ထိုအကြံက သီအိုရီပိုင်းအရ အောင်မြင်နိုင်စွမ်းရှိနေခဲ့သည်။