Ch 3
Viewers 1k

အခန်း(3) 



စွမ်းလီဖန် ထွက်သွားသည်နှင့်တစ်ပြိုင်နက် ထုန်လင်းတစ်ယောက် သူမ၏ မျက်နှာပေါ်မှ အပြုံးကို ဆက်လက်ထိန်းထားနိုင်ခြင်း မရှိတော့ဘဲ ဇလုံကို ကိုင်ကာ ဒေါသတကြီးဖြင့် အိမ်ထဲသို့ ဝင်သွားခဲ့သည်။ 


လီရှန်းက သူမ၏ ကျောပိုးအိတ်ကို လွယ်ထားခဲ့ကာအနောက်မှ ဖြည်းဖြည်းချင်း လိုက်သွားခဲ့လေသည်။ 


ဧည့်ခန်းထဲသို့ ရောက်ရှိပြီးနောက် အိမ်နီးချင်းများ မကြားနိုင်တော့သည်ကို သေသေချာချာစစစ်ခဲ့ပြီး ထုန်လင်းက ပြောလာသည်။


“နင့် အဖေနဲ့ ဘာတွေပြောချင်တာလဲ” 


ထုန်လင်းအနေဖြင့် သူမ၏ လေသံမှာ အနည်းငယ် တင်းမာနေသည်ဟု ခံစားရသောကြောင့် ပြန်လည်ပြင်ပြောလိုက်ပြန်သည်။


“နင် ကျောင်းကနေ ခွင့်တောင်းပြီးတောင် ပြန်လာရတယ်ပေါ့” 


“ဒါက ကျွန်မရဲ့ အိမ်ပဲ၊ ကျွန်မ ပြန်လာချင်ရင် အချိန်မရွေးပြန်လာလို့ရတယ်၊ အန်တီရဲ့ ခွင့်ပြုချက် လိုအပ်နေသေးတာလား” 


လီရှန်းက ဇဝေဇဝါဖြစ်နေသောမျက်နှာ အမူအရာဖြင့် မေးလိုက်သည်။



“လီဟုန်ကျွင့်က ကျွန်မရဲ့ အဖေ မဟုတ်ဘူးလား” 


ထုန်လင်း :”.....”


သူမ ဘာတွေတွေးနေတာလဲ ?



“လီရှန်း၊ မင်း ပြန်လာချင်ရင် ပြန်လာလို့ရပါတယ်၊ ဒါပေမဲ့ ကျောင်းကနေ ခွင့်ယူပြီး ပြန်လာလို့တော့ မရဘူးလေ၊ မင်းမှာ ဘာကိစ္စပဲရှိရှိ ကျောင်းပြီးတဲ့အထိ မစောင့်နိုင်ဘူးလား၊ 


 မင်း အခုချက်ချင်း ပြန်လာတယ်ဆိုတော့ လူတွေက မင်း ကျောင်းမှာ အမှားလုပ်ခဲ့တယ်လိုး ထင်ကြလိမ့်မယ်” 


ထုန်လင်းက ဒေါသတကြီး ပြောဆိုကာ မကျေမနပ် ဖြစ်နေသော်လည်း ရင်ထဲ၌ စိုးရိမ်စိတ်များ တလှပ်လှပ် ပေါ်ပေါက်နေခဲ့သည်။


သူမအနေဖြင့် လီရှန်းက ကျောင်း၌ အမှားတစ်ခုခု ကျူးလွန်ခဲ့ခြင်းကို အမှန်တကယ်ပင် သံသယရှိခဲ့သည်။ 


ယခုအချိန်၌ ကမ္ဘာကြီးက ယခင်ကာလများနှင့် ကွဲပြားခြားနားသွားပြီ ဖြစ်သည်။ 


ပညာတတ်တစ်ဦးမှ အမှားကျူးလွန်သည်ဆိုပါက သူ၏ မိသားစုသည်လည်း တစ်ချိန်ချိန်တွင် ထိခိုက်နစ်နာမှုများ ရှိနိုင်သည်။ 


လီရှန်းသာ အမှားကြီးတစ်ခုခု ကျူးလွန်ခဲ့ပါက သူမအနေဖြင့် လီဟုန်ကျွင့်ကို လီရှန်းအား အမွေပြတ်စွန့်လွှတ်ခိုင်းပြီး သူမနဲ့ ဤမိသားစုက မသက်ဆိုင်တော့ကြောင်းကို သတင်းစာထဲတွင် ထည့်သွင်းရန်  သေချာပေါက် ပြောဆိုလိမ့်မည် ဖြစ်သည်။ 


မည်သို့ပင်ဖြစ်စေ သူမ၏ မိသားစုကို လီရှန်းကြောင့် နစ်နာသွားစေ၍  မရပေ။ 


“စိတ်မပူပါနဲ့၊ ကျွန်မ ဘာအမှားမှ မလုပ်ခဲ့ပါဘူး၊ ရှင် ကျွန်မအတွက် အသား သွားမဝယ်တော့ဘူးလား” 


လီရှန်းက ထုန်လင်း၏ မကျေနပ်သော မျက်နှာကို သတိပြုမိသော်လည်း မမြင်ယောင်ဆောင်ကာ တံခါးဘက်သို့ ညွှန်ပြ၍ ပြောလိုက်သည်။


“မြန်မြန် သွားဝယ်လိုက်တော့လေ” 


ထုန်လင်းတစ်ယောက် သူမ၏  ဒေါသကို မြိုသိပ်ထားရုံသာတတ်နိုင်ခဲ့သည်။ 


သို့သော် အပြင်မထွက်မီ “ဟွန်း” ခနဲ နှာမှုတ်ရန် မမေ့ခဲ့ပေ။ 


သူမအဝေးသို့ရောက်သွားချိန်တွင်ပင် လီရှန်းအနေဖြင့် သူမ၏

“သမီးကြီး” အတွက် အသားဝယ်ရန်သွားခြင်းဖြစ်ကြောင်း လူတိုင်းကြားစေရန် ပြောဆိုနေသည်ကို ကြားနေရဖြစ်လေသည်။ 



ထုန်လင်း ထွက်သွားပြီးနောက် လီရှန်းလည်း ခြံဝင်းတစ်ခုလုံးကို ကြည့်ရှုလိုက်ပြီး လက်များကို မသိစိတ်ဖြင့် တင်းကြပ်စွာ ဆုပ်လိုက်မိသည်။ 


သူမ၏ ရင်ထဲ၌ မုန်းတီးမှုများက လှိုက်တက်လာပြီး ဒေါသတရားများက သူမကို ဝါးမြိုပစ်တော့မလို ဖြစ်ပေါ်လာခဲ့သည်။ 


ဤခြံဝင်းထဲရှိ အရာများအားလုံးက သူမအတွက် အလွန်ရင်းနှီးခဲ့သည်။



 ခြံထဲ၌ စိုက်ပျိုးထားသော သစ်ပင်များဖြစ်စေ၊ ထောင့်၌ မွေးထားသော ကြက်များဖြစ်စေ သူမ၏  မှတ်ဥာဏ်ထဲတွင် ရှိနေသည့်အတိုင်း အတိအကျရှိနေခဲ့သည်။ 


သူမ၏ ယခင်ဘဝတွင် ၎င်းက ‘သူများ၏အိမ်’ ဖြစ်ခဲ့သည်။ ယခုမူ ဤအိမ်မှာ သူမ ပိုင်ဆိုင်သင့်သော်လည်း သူများက လုယူထားသော နေရာတစ်ခုသာ ဖြစ်နေပေသည်။ 


ကျန်းဟုန်ကျန့်က လီရှန်း မွေးကင်းစ ကလေးဘဝတွင် ဆုံးပါးသွားခဲ့သည်။ 


သူမ၏ အဘွားဖြစ်သူ မဒမ်လီမှာ ယောက်ျားလေးများကိုသာ အလွန်လိုချင်ခဲ့သည်။ ကျန်းဟုန်ကျန့်က လီရှန်းကို မွေးပေးသောအခါ သူမက ဤချွေးမကို အလွန်အမင်းမကျေမနပ် ဖြစ်ခဲ့သည်။ 


သူမက မူလတွင် ဒုတိယကလေးကို ရလိုခဲ့သော်လည်း ကျန်းဟုန်ကျန့်က မတော်တဆမှုတွင်  ကွယ်လွန်သွားခဲ့လေ၏။


မဒမ်လီမှာ သားဖြစ်သူအတွက် အချိန်ကြာကြာမဆွဲနေခဲ့ဘဲ အလျင်အမြန်ပင် လက်ထပ်ရန် စီစဉ်ပေးခဲ့သည်။ ဤသို့နှင့် ကလေးမွေးရာအတွက် ကောင်းမွန်ပုံရသည့် ထုန်လင်းကို လက်ထပ်ခဲ့လေသည်။ 


ထုန်လင်း၏ ဝမ်းဗိုက်သည်လည်း အလွန်ကောင်းမွန်ခဲ့ပြီး သူမ လက်ထပ်ပြီး တစ်နှစ်အကြာတွင်ပင် အမွှာကလေးနှစ်ယောက်ကို မွေးဖွားခဲ့သည်။ 


ကိုယ်ပိုင်သားသမီးများ ရရှိလာသော ထုန်လင်းမှာ သူမ၏ လင်ပါသမီးကို လက်မခံနိုင်တော့သဖြင့် လီဟုန်ကျွင့်ထံတွင် လီရှန်းအား ကျန်းဟုန်ကျန့်၏ မိသားစုထံသို့ ပြန်ပို့ရန် ဆွဲဆောင်ခဲ့တော့သည်။ 


ထို့ကြောင့် လီရှန်းတစ်ယောက် သူမ၏ အဘွားအိမ်၌ ကြီးပြင်းလာခဲ့ပြီး ပိတ်ရက်များတွင်သာ တစ်ကြိမ်တလေ ပြန်လာလေ့ရှိသည်။ 


နောက်ပိုင်းတွင်တော့ လီရှန်းတစ်ယောက် အထက်တန်းကျောင်းသို့ ဝင်ခွင့်ရရှိခဲ့ပြီး ကျောင်းတွင်ပြောင်းရွှေ့နေထိုင်ခဲ့လေသည်။ 


ယခင်ဘဝတွင် သူမ၏ ဦးလေးများက အဘိုးကျန်း၏ ဝမ်းနည်းပူဆွေးမှုကို နှိုးဆွမိမည်ကို ကြောက်ရွံ့သောကြောင့် ကျန်းဟုန်ကျန့်အကြောင်းကို အိမ်တွင် မည်သည့်အခါမျှ မပြောခဲ့ကြပေ။ထို့ကြောင့် လီရှန်းသည်လည်း ကျန်းဟုန်ကျန့် မည်သို့အကြောင်းကြောင့်  ကွယ်လွန်သွားသည်ကို မည်သည့်အခါမျှ မသိခဲ့ရပါချေ။ 


သူမက မလိုလားအပ်သော ကလေးတစ်ဦးသာ ဖြစ်ပြီး “သူများ၏ ခိုလှုံရာအောက်၌” နေထိုင်ရသည်ကိုသာ သိခဲ့သည်။ 


ထို့အပြင် သူမသည် ရုံးပိတ်ရက်များတွင် အိမ်ပြန်သောအခါ ထုန်လင်းက သူမကို အလွန်ယဉ်ကျေးစွာ(မရင်းနီးစွာ) ဆက်ဆံပြီး အမွှာများကို သူမနှင့် ထိတွေ့ခွင့် မပေးခဲ့ပေ။ 


လီဟုန်ကျွင့်ကလည်း အမွှာများကိုသာ ပွေ့ချီပြီး သူမကို လျစ်လျူရှုခဲ့သဖြင့် သူမအနေဖြင့် ဤအိမ်သို့ ပြန်မလာချင်တော့လောက်အောင် ဖြစ်လာခဲ့ရသည်။ 


ထိုအချိန်၌ သူမမှာ အလွန်ပင် ကြောက်တတ်ပြီး သူတစ်ပါး၏စကားကို နားဝင်လွယ်ခဲ့သည်။ 



ကျန်းယွဲ့က သူမကို အရှေ့မှ လှည့်ဖြားခဲ့ပြီး ထုန်လင်းကတော့ နောက်ကွယ်မှ အကူအညီပေးခဲ့သည်။


ထို့အပြင် လီဟုန်ကျွင့်က သားယောက်ျားလေးများကိုသာ နှစ်သက်ပြီး သမီးမိန်းကလေးများကို မနှစ်သက်ခဲ့သဖြင့် သူမ အတွက် အလုပ်ရှာပေးရန် မည်သည့်အခါမျှ မပြောခဲ့ပေ။ 


သူက သူမကို သူတပါးထံသို့ လက်ထပ်ရန် ပို့ပေးလိုက်ရမည့် အပိုလူဟုသာ အမှန်တကယ် ထင်မြင်ခဲ့သည်။ 


သူမ လက်ထပ်ဖို့ အရွယ်ရောက်လာသည့်အချိန်တွင် သူမ၏ သတို့သမီးတင်တောင်းငွေကို လီချောင်အတွက် မင်္ဂလာကြေးအဖြစ် သုံးစွဲဖို့လုပ်ခဲ့သည်။


ထို့ကြောင့် သူမက “ပညာတတ် လူငယ်များ တိုင်းပြည်၏ တည်ဆောက်ရေးတွင် အကူအညီပေးရေး လျှောက်လွှာပုံစံ” ကို အမြန်ဖြည့်သွင်းပြီး သူမ ပိုင်ဆိုင်သမျှ ငွေအားလုံးဖြင့် ကျေးလက်ဒေသသို့ သွားခဲ့သည်။



ရှင်းထျန်းတိသို့ ရောက်ရှိလာချိန်တွင် သူမအနေဖြင့် ဘဝအတွက် မျှော်လင့်ချက်များ ရရှိလာတော့မည်ဟု ထင်မှတ်ခဲ့သည်။ 


ရလဒ်အနေဖြင့် ပင်းချန်မြို့၌ နေထိုင်ခဲ့ရသည့် ဘဝသည်ကား နေ့စဉ် ခါးသီးသောရေတွင် စိမ်ထားသည့်အတိုင်း ဖြစ်လာခဲ့သည်။ 


သူမအနေဖြင့် အလုံအလောက် မစားရသကဲ့သို့၊ နွေးထွေးသော အဝတ်အစားများကိုလည်း မဝတ်ဆင်ရဘဲ နှစ်နှစ်တာကြာပြီးနောက်တွင် အအေးမိကာ သေဆုံးသွားခဲ့ရသည်။ 


သူမ၏ သေဆုံးခြင်းမှာ ရှင်သန်ခြင်းလည်းမဟုတ် ၊သေဆုံးခြင်းလည်းမဟုတ် ဖြစ်နေလိမ့်မည်ဟု မည်သူက တွေးထင်ခဲ့မည်နည်း။ 


တချို့သူများက ကိုယ်ခန္ဓာပိုင်းဆိုင်ရာ သေဆုံးသော်လည်း သူတို့၏ ဝိညာဉ်များက အသက်ရှင်နေဆဲ ဖြစ်သည်။ 


လီရှန်းမှာ ပညာတတ် လူငယ်အမျိုးသမီးတစ်ဦးအဖြစ်မှ ဝိညာဉ်တစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။


 သူမက ပူသည်၊ ချမ်းသည်၊ ဆာလောင်သည်၊ ဗိုက်ပြည့်သည်ကိုပင်  မသိနိုင်ခဲ့ပေ။ 


သူမ ပင်းချန်မြို့၌ ကျန်းယွဲ့နှင့် ဟဲထန်တို့၏ စုံတွဲက “ဇနီးသည်ကို သေသည်အထိ လိုက်သည့်” ဒရာမာကို ကြည့်ရှုရန် မလိုလားခဲ့တော့သဖြင့် ပိုင်မာခရိုင်သို့ ပြန်လည်မျောလွင့်လာခဲ့သည်။ 


ထိုအချိန်ကိုရောက်မှ လီဟုန်ကျွင့်နှင့် ထုန်လင်းတို့ နေထိုင်ခဲ့သော အိမ်မှာ သူမ၏မိခင်ဖြစ်ခဲ့သည့် မတော်တဆမှုအတွက် ဌာနမှ ခွဲဝေပေးခဲ့သော အိမ်ဖြစ်နေကြောင်းကို တွေ့ရှိခဲ့ရသည်။ 


ထိုကို သူမ၏ မိခင်အရင်းဖြစ်သူမှ ကျန်းဟုန်ကျန့်ကို ပေးခဲ့သည်။ ကျန်းဟုန်ကျန့်မှာ နိုင်ငံ၏ အရေးကြီးသော ပစ္စည်းများကို ကာကွယ်ရင်း သေဆုံးခဲ့သော အာဇာနည်တစ်ဦး ဖြစ်သောကြောင့် ခရိုင်က သူမအား ပင်စင်ပေးခဲ့ရုံသာမက စက်ရုံကလည်း ကျန်းဟုန်ကျန့်၏ အာဇာနည်တစ်ဦးအဖြစ် တရားဝင် အလုပ်အကိုင် ခွဲတမ်းကို ထိန်းသိမ်းထားခဲ့သည်။ 


ထို့ကြောင့် သူမအနေဖြင့် လီချောင်က သူမ၏ မိခင်အရင်းဖြစ်သူ  ချန်ထားခဲ့သော အလုပ်ကို ဆက်ခံခဲ့သည်ကို စိုက်ကြည့်နေခဲ့ရပြီး လီကျူးက ဒါရိုက်တာ လျို့ချင်းကျွင့်၏ အငယ်ဆုံးသားကို လက်ထပ်ခဲ့သည်ကို မြင်တွေ့ခဲ့ရသည်။ 


ထိုမိသားစုမှာ ကျန်းဟုန်ကျန့်ချန်ထားပေးခဲ့သော အိမ်တွင် အချင်းချင်း သဟဇာတဖြစ်စွာရှိနေခဲ့ကာ ပျော်ရွှင်သော မိသားစုတစ်ခုအဖြစ် နေထိုင်ခဲ့ကြသည်။ 


လီရှန်းတစ်ယောက် ဤမြင်ကွင်းများကို ကြည့်ကာ နှလုံးသားထဲတွင် မကျေနပ်မှုများဖြင့် ပြည့်နှက်နေခဲ့ရသည်။ 


နောက်တစ်ခဏတွင် သူမ၏ဝိဥာဥ်ကို စနစ်ဟုခေါ်ဆိုသော တစ်စုံတစာခုမှ ဖမ်းမိသွားခဲ့လေ၏။ လီရှန်းတစ်ယောက် ထိုအချိန်မှစ၍  အသိဥာဏ်ရှိသောတိရိစ္ဆာန်ကဲ့သို့ ကမ္ဘာပေါင်းများစွာတွင် ၉၉၆ ကြိမ် အကျဉ်းချခံခဲ့ရသည်။ 


ယခုအချိန်တွင်တော့ သူမ ပြန်ရောက်လာခဲ့ပေပြီ။ 


ထို့အပြင် အရာအားလုံး မစတင်မီ အချိန်သို့ ပြန်လည်ရောက်လာခဲ့သည်။ 


လီရှန်း သူမ၏ မျက်လုံးများကို ရုတ်တရက် မှိတ်လိုက်ပြီး သက်ပြင်းရှည်ကြီးတစ့ချက်ကို  ချလိုက်ကာ သူမ၏ ဆုပ်ကိုင်ထားသော လက်များကို ဖြည်းဖြည်းချင်း လျှော့ချလိုက်သည်။ 



__စိတ်မရှည်ဖြစ်လို့ မရဘူး။



တစ်စုံတစ်ခုကို ပြန်လိုချင်လျှင် အလွန်အမင်း စိုးရိမ်ပူပန်ခြင်း မဖြစ်နေသင့်ပေ။ 


လီရှန်းတစ်ယောက် အထည်ချုပ်စက်ရုံ ဝန်ထမ်းဝင်းသို့ ပြန်လာခဲ့ခြင်းကို နောင်တရလာခဲ့သည်။ 


သူမအနေဖြင့် အဘိုးဖြစ်သူ၏ အိမ်သို့ တိုက်ရိုက်သွားပြီး သူ့ကို တွေ့ဆုံကာ အနာဂတ်အကြောင်းကို တည်ငြိမ်စွာ စဉ်းစားသင့်သည်။



ခံစားချက်ပြင်းထန်လွန်းနေသော စိတ်ဖြင့် ဤနေရာသို့ ပြန်လာခြင်း မလုပ်သင့်ပေ။ 




*