Ch 6
Viewers 1k

အခန်း(6)


လီရှန်းအနေဖြင့် သူမ၏ ယခင်ဘဝ၌ ထုန်လင်းပြုလုပ်ခဲ့သည်တို့ကို ပြန်လည်စဥ်းစားလိုက်မိသည်။


ထုန်လင်းက သူမ၏ အိမ်ထောင်ရေးကို အတင်းအကျပ်စီစဥ်ချင်နေခဲ့သောကြောင့် သူမအနေဖြင့် ကျန်းယွဲ့မှ ပညာတတ်လူငယ်အဖြစ်သွားရန် ကူညီခဲ့မှုအပေါ် လက်ခံသည်။ 


ထိုအကြောင်းများကို စဥ်းစားမိလျှင် လီရှန်း၏တစ်ကိုယ်လုံးက နာကြည်းစိတ်ဖြင့် ယားယံနေခဲ့ရသည်။ 


တကယ်တမ်းတွင်ထုန်လင်းက သူမကို ခြိမ်းခြောက်မှုအဖြစ်မှတ်ယူထားခြင်းကြောင့်သာ ဖယ်ရှားလိုခြင်းဖြစ်နိုင်ပြီး သူမကို သတ်ရန် ရည်ရွယ်ခဲ့ခြင်းမရှိခဲ့သော်လည်း သူမကတော့ သေဆုံးသွားခဲ့ရသည်။


ထုန်လင်းကထိုသို့ ရည်ရွယ်သည်ဖြစ်စေ ၊မရည်ရွယ်သည်ဖြစ်စေ ရလဒ်ကတော့ ပြောင်းလဲသွားလိမ့်မည်မဟုတ်ပါချေ။ 


ထို့ကြောင့် သူမဘက်မှ ထုန်လင်းအပေါ်  မည်သည့်အခါမျှ ခွင့်လွှတ်လိမ့်မည် မဟုတ်ပေ။ 


လက်ရှိတွင် လီရှန်းက စွမ်းလီဖန်၏လက်ကို ဆွဲကိုင်ထားပြီး လွှတ်မပေးခဲ့ပေ။ စွမ်းလီဖန်ကလည်း သဘာဝကျစွာဖြင်် ထုန်လင်းကို ဆွဲကိုင်ထားခဲ့သည်။ 


ထို့နောက်တွင် အမျိုးသားနှစ်ဦးဖြစ်သော လီဟုန်ကျွင့်နှင့် ဒါရိုက်တာလျို့တို့က စက်ဘီးဖြင့် စက်ရုံသို့ အရင်ဆုံး စီးနင်းသွားကြသည်။ 


စွမ်းလီဖန်က လီရှန်းနှင့် ထုန်လင်းတို့ကို ခေါ်ကာ ဘတ်စ်ကားဖြင့် နောက်မှ လိုက်သွားခဲ့လေသည်။


စွမ်းလီဖန်အနေဖြင့် အလွန်မကျေမနပ်ဖြစ်နေခဲ့သောကြောင့် ဘတ်စ်ကားပေါ်တွင် လီရှန်းအပေါ် အလွန် မကောင်းဆိုးဝါးဆန်လှသည့် အိမ်ထောင်ဖက်ကို ရှာဖွေရန် ကြိုးပမ်းခဲ့သော လူကို ဆူပူကြိမ်းမောင်းနေခဲ့သည်။


လီရှန်းကလည်း သူမ၏ဘေးတွင် ခေါင်းငုံ့ထိုင်နေပြီး သနားစရာကောင်းသော အမူအရာတို့ကို ဖော်ပြနေခဲ့သည်။


သို့သော် သူမ၏ မျက်လုံးထောင့်ကတော့ ထုန်လင်းကို  စိုက်ကြည့်နေခဲ့လေသည်။ 


တစ်ဖက်လူ၏ မျက်နှာသည်ကား ဖြူဖျော့နေပြီး သူမ၏ စိတ်ကလည်း လူနဲ့မကပ်သည်ကို မြင်တွေ့နိုင်သည်။


ထိုမြင်ကွင်းကိုမြင်ရလျှင် လီရှန်းတစ်ယောက် ထုန်လင်းက ဤကဲ့သို့အခြေအနေကို ခံယူရန်ထိုက်တန်သည်ဟု ခံစားရသည်။ 


ဘတ်စ်ကားက လမ်းကွေ့တစ်ခုကို ချိုးသွားပြီးနောက် စက်ရုံသို့ ရောက်လာခဲ့လေ၏။


ထိုအချိန်တွင် ဒါရိုက်တာလျို့နှင့် လီဟုန်ကျွင့်တို့က သူမ၏ ဦးလေး ကျန်းကျူးရိထံသို့ သွားရောက်တွေ့ဆုံခဲ့ကြပြီးဖြစ်သည်။ 


လီရှန်း ကားပေါ်မှ ဆင်းပြီးနောက်တွင် ဒါရိုက်တာလျို့နှင့် လီဟုန်ကျွင့်ရှေ့တွင် ရပ်နေသော ကျန်းကျူးရိကို အဝေးမှ မြင်လိုက်ရသည်။


ယခုအချိန်တွင် သူ၏ မျက်နှာအမူအရာသည်ကား အလွန်ပင် ရုပ်ဆိုးနေခဲ့သည်။ 


သူ၏ လက်ထဲရှိ ဆေးလိပ်ပြာက သူ၏ လက်ချောင်းများကို မီးလောင်လုနီးပါး ဖြစ်နေသော်လည်း ၎င်းကိုပင် ဂရုမစိုက်နိုင်ပုံရသည်။ ဆိုရလျှင် သူလည်း အလွန်ဒေါသထွက်နေသည်မှာ ထင်ရှားပေသည်။ 


သို့သော် လီရှန်းက ဤအချိန်တွင် မည်သည့်အရာကိုမျှ ဂရုမစိုက်နိုင်တော့ပေ။ 


ရင်းနှီးသော မျက်နှာတစ်ခုကို နောက်တစ်ကြိမ် မြင်ရသောအခါ သူမ၏ ရင်ထဲတွင် စိတ်မသက်မသာ ဖြစ်မှုများ တိုးလာပြီး မထိန်းချုပ်နိုင်တော့ဘဲ ကျန်းကျူးရိဆီသို့ ပြေးသွားကာ “ဉီးလေး” ဟု အော်ခေါ်လိုက်မိသည်။ 


လီရှန်း ကျန်းကျူးရိကို နောက်ဆုံး မြင်ခဲ့ရသည့်  အချိန်မှာ သူမ၏ အဘိုး၏ နာရေးအခမ်းအနားတွင် ဖြစ်သည်။ 


ထိုစဥ်က သူက သူမ၏ အရိုးပြာများကို ပင်းချန်မှ ပြန်ယူလာပေးခဲ့သည်။


ပထမဆုံးအနေဖြင့် သူ့၏ သမီးရင်းပမာ ပြုစုပျိုးထောင်ခဲ့သော ကလေးကို  ဆုံးရှုံးသွားရပြီးနောက် သူ့အဖေ သည်လည်း အသည်းအသန်ဖြစ်ကာ ကွယ်လွန်သွားသည်။


ထိုနှစ်ထပ်ကွမ်း ထိုးနှက်မှုအောက်တွင် ဤရည်မှန်းချက်ကြီးသော အမျိုးသား၏ နားထင်ဆံပင်များမှာ တစ်ညတည်းဖြင့် ဖြူဖွေးသွားခဲ့သည်။ သူ၏ ခါးက ကုန်းသွားခဲ့ပြီး ပိန်ချုံးကာ အိုမင်းရင့်ရော်သွားခဲ့သည်။ 


သို့သော် ယခုအချိန်တွင်မူ သူသည် အလွန်ပင် နုပျိုပြီး တက်ကြွနေတုန်းပင် ဖြစ်ပေသည်။ 


ဒေါသထွက်နေချိန်တွင်ပင် သူသည်က သူ၏ အမူအရာကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ 


သူ၏ လက်ချောင်းထိပ်များတွင် အောက်ခြေနီးပါး လောင်ကျွမ်းလုနီးပါးဖြစ်နေသော ဆေးလိပ်ပြာများကသာ သူ၏ စိတ်အခြေအနေကို ဖော်ပြနေခဲ့သည်။ 


“ဉီးလေး” 


လီရှန်းက ကျန်းကျူးရိထံသို့ ပြေးသွားပြီး နှာခေါင်းရှုံ့ကာ စိတ်နှလုံးထဲမှ စိတ်လှုပ်ရှားမှုများကို ထိန်းချုပ်လိုက်သည်။ သို့သော် သူ၏ မျက်လုံးများက နီရဲမလာဘဲ မနေနိုင်ပေ။ 


သူမက ငိုတတ်သော ကလေးမတစ်ယောက် မဟုတ်သော်လည်း ခါးက မတ်မတ်ရှိနေသေးပြီး ဆံပင်ကလည်း နက်မှောင်နေသေးသော ကျန်းကျူးရိကို မြင်လိုက်သောအချိန်တွင် သူမ၏ နှလုံးသားထဲမှ ဝမ်းနည်းမှုနှင့်  မှားယွင်းစွာ ခံစားရမှုတို့ကို မထိန်းချုပ်နိုင်ခဲ့ပေ။ 


သူမ၏ အပြုအမူသည် ကျန်းကျူးရိ၏ မျက်လုံးများတွင်မူ ဤကလေးက အလွန်ပင် ဝမ်းနည်းနေကြောင်း ပြသနေခဲ့သည်။


ကျန်းကျူးရိမှာ ဒါရိုက်တာလျို့ထံမှ အကြောင်းစုံကို ကြားခဲ့ရပြီး ဒေါသထွက်နေခဲ့ပြီးဖြစ်သည်။ 


ယခုအချိန်တွင် သူ၏ တူမဖြစ်သူမှာ မျက်လုံးများပင် နီရဲနေလောက်အောင်ဝမ်းနည်းနေရသည်ကို မြင်သော် စိတ်ကိုမထိန်းချုပ်နိုင်တော့ဘဲ ချက်ချင်း ဒေါသတကြီး ပြောလာခဲ့သည်


“ဒီကိစ္စကို သေသေချာချာ စုံစမ်းရမယ်” 


“ သေချာပေါက် စုံစမ်းရမယ်.. ကျွန်တော်လည်း ဒီလိုပဲတွေးမိတယ်” 


ဒါရိုက်တာလျို့က တည်ငြိမ်သောမျက်နှာဖြင့်  လှမ်းခေါ်လိုက်သည်။ 


“ရှန်းရှန်း...”


သူက လီရှန်းကို ကြည့်လိုက်ပြီးနောက် ကျန်းကျူးရိကို ဘေးသို့ ဆွဲခေါ်ကာ တီးတိုးပြောလိုက်သည်။ 


“ရှန်းရှန်းရဲ့ အမေက ထူးခြားတဲ့အခြေအနေရှိတယ်၊ အခု သူမရဲ့သမီးက  ဒီလို မတရားမှုမျိုးကို ခံစားနေရတယ်၊ ကျွန်တော်တို့ စက်ရုံကလည်း ဒီကိစ္စကို အလေးထားပါတယ်၊


အဓိက အကြောင်းရင်းကတော့ ဒါရိုက်တာကျန်းနဲ့ စစ်ဆေးကြည့်ချင်တာပါ.. ခင်ဗျားတို့ရဲ့ မိသားစုထဲက တစ်ယောက်ယောက်က ခင်ဗျားရဲ့နောက်ကွယ်မှာ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်နေတာကို စိုးရိမ်လို့ပါ” 


“လုံးဝမဖြစ်နိုင်ဘူး” 


ကျန်းကျူးရိက သူ၏ ရင်ဘတ်ကို ပုတ်ကာ ရဲရဲပြောခဲ့သည်။ 


“ကျွန်တော့်မိသားစုတစ်ခုလုံးက ရှန်းရှန်းကို အရမ်းချစ်တယ်” 


ထို့ကြောင့် ကျန်းမိသားစုဝင် တစ်ဦးတစ်ယောက်က နောက်ကွယ်မှ လုပ်ဆောင်နေခြင်း လုံးဝမဖြစ်နိုင်ပါ။ 


“မင်းလည်း သိပါတယ်၊ ငါတို့မှာ မောင်နှမငါးယောက်ရှိပြီး ကလေးခုနစ်ယောက်၊ ရှစ်ယောက်ရှိတယ်၊ သူတို့တွေအကုန်လုံးက လိမ်မာပြီး  ကြိုးစားတဲ့သူတွေချည်းပဲ၊


အကုန်လုံးက ရှန်းရှန်းကို သနားပြီး ဂရုစိုက်ပေးဖို့တောင် နောက်ကျနေပြီလို့တွေးနေကြတာ၊ သူ့ကို ဒီလိုမိသားစုထဲ လက်ထပ်ဖို့ ဘယ်လိုလုပ် ဆန္ဒရှိမှာလဲ? 


အဲဒီနာမည်က ချန်ဆိုတဲ့ကောင်က အဆင့်ရှစ် ဝန်ထမ်းဖြစ်နေတာကို ထားလိုက်ဦး.. အဆင့် ၁၈ ဖြစ်ရင်တောင်မှ ငါတို့မိသားစုက အဲဒီလို လူနဲ့ စီစဥ်ဖို့အတွက် မဖြစ်နိုင်ဘူး


ငါတို့က သူမအတွက် ငွေကြေးအဆင်ပြေပြီး ကိုယ်အင်္ဂါမပြည့်ဆုံတဲ့သူကို ရှာပေးမဲ့အစား သူမကို  အိမ်မှာပဲ ထားမှာ.. ဒီလိုဒုက္ခ ရောက်ရောက် ဘယ်တော့မှ လုပ်မှာမဟုတ်ဘူး” 


ကျန်းကျူးရိသည်ကား ပြောလေလေ ဒေါသထွက်လာလေလေဖြစ်ပြီး ကျိန်ဆဲချင်စိတ်များပင် ဖြစ်ပေါ်ခဲ့သည်။ သို့သော် သူ၏ ပညာတတ်စွာ ကြီးပြင်းလာမှုက သူ့ကို ကျိန်ဆဲခွင့်မပေးခဲ့ပေ။ 


“သမီးရဲ့ အတန်းထဲက အတန်းဖော်ကျန်းရဲ့ အမေက အဲဒီအကြောင်းကို ပြောခဲ့တာလို့ မပြောခဲ့ဘူးလား ၊

အချိန်မဆွဲဘဲ အခုပဲ သွားမေးကြစို့” 


*



ကျန်းကျူးရိလည်း ဤကိစ္စက အလွန်ပင် ထူးဆန်းနေသည်ဟု ခံစားရသည်။ 


အဘယ်ကြောင့်ဆိုသော် လီရှန်းမှာ လူမှုဆက်ဆံရေး နည်းပါးသော ကလေးဖြစ်ပြီး တခြားသူများကို အလွယ်တကူ စိတ်မဆိုးစေတတ်ပေ။ 


သူမက အားလပ်ရက်များတွင် သူမ၏အိမ်သို့ ပြန်သွားတတ်သော်လည်း အိမ်မှ ပြန်လာပြီးနောက်များတွင် ပို၍ပင် လုံ့လဝီရိယရှိလာတတ်သည်။ 


သူ၏ ဇနီးဖြစ်သူကပင် လီရှန်းကို  သူမ၏သမီးအရင်း ဖြစ်စေချင်ခဲ့သည်။ 


ယခုအချိန်တွင် ဤကလေးမှာ  သူမ၏ အဖေနှင့်လည်း မရင်းနှီး၊ အမေဖြစ်သူကလည်း မရှိတော့သောကြောင့် အလွန် သနားစရာ ကောင်းသော အခြေအနေမျိုးတွင် ရောက်ရှိနေရသည်။ သူတို့က ဤသို့ မဖြစ်စေချင်ပါချေ။ 


ယခုအချိန်တွင် ဤကိစ္စကပေါ်ပေါက်လာပြီဖြစ်ရာ ‘ရန်သူကို သတိမထားမိသွားစေရန်နှင့် ကိစ္စကို အချိန်ကြာကြာ ဆွဲမထားစေရန်’အတွက် အပြစ်ကျူးလွန်သူကို အလျင်အမြန် စုံစမ်းစစ်ဆေးရမည်ဖြစ်သည်။ 


“ဒါဆို အခုပဲ သွားကြမလား” 


တိတ်ဆိတ်နေခဲ့သော လီဟုန်ကျွင့်က မေးလိုက်သည်။ 


ကျန်းကျူးရိက သူ့ကို ကြည့်ပြီး အေးစက်စွာ နှာမှုတ်လိုက်သည်။ 


“ဒီကိစ္စက မင်းမိသားစုနဲ့ ဘာမှမဆိုင်ဘူးဆိုရင် အကောင်းဆုံးဖြစ်လိမ့်မယ်” 


လီဟုန်ကျွင့်သည်ကား ယခုအချိန်တွင် လီရှန်းကို ရိုက်နှက်ရန်အတွက် တုတ်ကို ဆွဲကိုင်ထားစဉ်က ရှိနေခဲ့သော အရှိန်အဝါများအားလုံးကို ဆုံးရှုံးနေခဲ့သည်။ 


သူ၏ ယောက်ဖဟောင်းကို ရင်ဆိုင်ရာတွင် သူထံ၌ မည်သည့်အခါမျှ ယုံကြည်မှု မရှိခဲ့ပေ။ 


ယခုအချိန်တွင် တစ်ဖက်လူက  ထိုကဲ့သို့ ပြောလာသော်လည်း သူက ပြန်ပြောရဲခြင်း မရှိပေ။ ယင်းအစား သူက လည်ပင်းကို ပွတ်သပ်လိုက်မိပြီး အေးဆေးတည်ငြိမ်သည့်အမူအရာဖြင့်သာ ပြန်ဖြေလိုက်သည်။ 


“ဒီလိုမျိုး ဖြစ်လာမှာ မဟုတ်ပါဘူး” 


“ခဏစောင့်ဦး  .. ကျုပ် သွားပြောလိုက်မယ်” 


ကျန်းကျူးရိက ဆေးလိပ်ပြာကို လွှင့်ပစ်လိုက်ပြီး အချိန်ခဏလောက် အပြင်သို့ထွက်ခွင့်တောင်းရန်အတွက် ရုံးခန်းသို့ ပြေးသွားခဲ့သည်။ 


ဒါရိုက်တာလျို့က လက်နှစ်ဖက်ကို ခါးတွင်ထောက်ကာ အပြင်မှာ ရပ်နေခဲ့လေ၏။


လီဟုန်ကျွင့် သက်ပြင်းချလိုက်သည်။ 


သူသည်ကား သူ၏ ယောက်ဖဟောင်းကို အမှန်တကယ် မရင်ဆိုင်ချင်ပေ။ 


“ရှန်းရှန်း၊ မင်း အတန်းဖော်ရဲ့အ‌မေက ဘယ်စက်ရုံမှာ အလုပ်လုပ်တယ်ဆိုတာ သိလား” 


ဒါရိုက်တာလျို့က မေးလာသည်။ 


“သိပါတယ်” 


လီရှန်းက ခေါင်းငြိမ့်လိုက်သည်။ 


“သူမက ပန်းထိုးစက်ရုံမှာ အလုပ်လုပ်တာ” 


သို့သော်လည်း ကျန်းယွဲ့၏ အဖေက ခရိုင်အစိုးရ စားဖိုဆောင်မှ စားဖိုမှူးအကြီးအကဲတစ်ယောက်ဖြစ်သည်။ 


ထိုအကြောင်းကြောင့်လည်း ကျန်းယွဲ့က ဟဲထန်နှင့် ထိုက်တန်သည်ဟူ၍ ခံစားရခဲ့ခြင်းသာ ဖြစ်ပေသည်။


လက်ရှိတွင် စားဖိုမှူးကြီးတစ်ယောက်ဆိုသည်က အလွန်ကောင်းမွန်သော လုပ်ငန်းအမျိုးအစားဟုသတ်မှတ်နိုင် သည်။


စားဖိုမှူးများဆိုသည်က သင့်တော်သောအလုပ်ဖြစ်ရုံသာမကဘဲ နှစ်စဉ် အကဲဖြတ်စစ်ဆေးမှုများလည်း ရှိသောကြောင့်  အလွန်ပင်ခိုင်မာသော အလုပ်အကိုင်လည်းဖြစ်ပေသည်။ 



*



ပန်းထိုးစက်ရုံ... 


ဒါရိုက်တာလျို့က ဤစက်ရုံမှာအထည်ချုပ်စက်ရုံ၏ ပါတနာအဖွဲ့အစည်းဖြစ်ကြောင်း တီးတိုးပြောပြလာသည်။ 


မြောက်ပြန်လေများက အေးစက်စွာ တိုက်ခတ်နေခဲ့လေသည်။လီရှန်းက ရုံးခန်းဘက်သို့ ခြေဖျားထောက်၍ အဆက်မပြတ် ကြည့်ရှုနေခိုက် စွမ်းလီဖန်သည်လည်း စူးစမ်းလိုစွာ ကြည့်ရှုနေသည်။


ထုန်လင်းတစ်ဦးတည်းကသာဤ စက်ရုံသို့ ပထမဆုံးအကြိမ် ရောက်လုခြင်းဖြစ်ပြီး အနောက်ဘက်၌ ကြောက်ရွံ့တုန်လှုပ်လျက် ရပ်နေခဲ့လေသည်။ 



*