Chapter1
Viewers 146


အခန်း (၁)ကူးပြောင်းလာပြီးနောက် ခိုးမှုဖြင့် စွပ်စွဲခံရခြင်း


အာ့…နာလိုက်တာ...


ခေါင်း‌‌နောက်‌စေ့က အရမ်းနာ‌နေသည်။သတိပြန်ရလာချိန်တွင် ကျန်းလဲ့၏ ခေါင်းထဲ၌ ထိုအတွေးတစ်ခုသာ ရှိနေသည်။

ဘာလို့ ဒီ‌လောက် နာနေတာလဲ?ခုတ‌လော ညဉ့်နက်တဲ့အထိ အလုပ်လုပ်ပြီး အိပ်ရေးပျက်ထားမိလို့များလား ဟု ကျန်းလဲ့ တွေးနေမိသည်။


ကျန်းလဲ့သည် မကြာသေးမီကမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ဖြေဆိုပြီးခါစပင် ရှိသေးသည်။ မိဘမဲ့တစ်ယောက်ဖြစ်သဖြင့် တက္ကသိုလ်တက်ရန် ကုန်ကျစရိတ်များအတွက် တစ်နေ့ကို အလုပ်သုံးခုအထိ လုပ်ကိုင်နေရသူလည်းဖြစ်သည်။


ပင်ပန်းသလားဟုဆိုလျှင် ပင်ပန်းသည်မှာ အမှန်ပင် ဖြစ်သည်။ သို့သော် သူ အသက်ရှစ်နှစ်အရွယ်တွင် ဖခင်ဖြစ်သူ ကွယ်လွန်သွားခဲ့ပြီး မိခင်ဖြစ်သူကလည်း သူ့ကို စွန့်ခွာသွားခဲ့သည့် နောက်ပိုင်း သူသည် ဤဘဝမျိုးဖြင့် ရုန်းကန်ရှင်သန်လာခဲ့ရသည်မှာ ကြာပြီဖြစ်၏။


သူသည် ဤဘဝကို အသားကျနေပြီဖြစ်သည်။ တကယ်တော့လည်း... တစ်ချို့ကိစ္စတွေက ပြန်မတွေးမိတာကမှ စိတ်သက်သာရာရစေတာမျိုး မဟုတ်လား....


ထို့ကြောင့် ခေါင်းနောက်စေ့မှ ချွေးစေးများ ပြန်နေသော်လည်း ထိုပြင်းထန်သော နာကျင်မှုကို အံကြိတ်ခံရင်း ဘယ်အချိန်ရှိပြီလဲဟု သိလို၍ သူ၏ ဖုန်းအစုတ်လေးကို ရှာဖွေလိုက်၏။


အချိန်မီ အလုပ်သွားမှ ဖြစ်လိမ့်မည်။


သို့သော် စမ်းလိုက်ချိန်တွင် တစ်စုံတစ်ခု လွဲမှားနေသည်ကို သူ ခံစားလိုက်ရသည်။


သူ၏ ဘဝက ခက်ခဲသော်လည်း သူ့ထံတွင် ဖခင်ဖြစ်သူ ချန်ရစ်ခဲ့သည့် အမွေအချို့ ရှိနေသေးသည်။ဥပမာ- ဆယ်နှစ်ကျော်ကြာ အသုံးပြုထား‌သော‌ကြောင့် စပရိန်များပင် ပေါ်ထွက်နေပြီဖြစ်သော မွေ့ရာဟောင်းသည်လည်း ထိုအထဲတွင် အပါအဝင်ဖြစ်သည်။


ထိုမွေ့ရာမှာ အိုဟောင်းလွန်းသဖြင့် ရောင်းစား၍လည်းမရသည့်အပြင်၊ အမှိုက်ပုံသို့သာ ပို့ဆောင်ရမည့်အခြေအနေတွင် ရှိနေသဖြင့် ကျန်းလဲ့ထံ၌ ကံကောင်းထောက်မစွာ ကျန်ရှိနေခဲ့ခြင်းဖြစ်သည်။


အလွန်အိုဟောင်းနေသည့်တိုင် ထိုမွေ့ရာလေးက သူ့ကို နှစ်ပေါင်းများစွာ သက်သောင့်သက်သာ အိပ်စက်နိုင်စေခဲ့သည်။


သို့သော် ယခုမူကား မည်သို့ဖြစ်‌နေသနည်း။ သူ့အောက်တွင် ခံစားနေရသည်မှာ မွေ့ရာ၏ နူးနူးညံ့ညံ့ ခံစားချက်မျိုး မဟုတ်ဘဲ မြေပြင်ပေါ်၌ တိုက်ရိုက်အိပ်နေရသကဲ့သို့ မာကျောပြီး အေးစက်စက်ဖြစ်နေသည်။


ငါအိပ်ယာပေါ်က လိမ့်ကျသွားတာလား...


ကျန်းလဲ့တစ်‌ယောက် မြေပြင်ကို လက်ဖြင့် ထောက်ရင်း မျက်လုံးကို သတိထားကာ ဖွင့်၍ ထရန် ကြိုးစားလိုက်သည်။ သို့သော် လက်ချောင်းများဖြင့် မြေပြင်တွင် ထောက်မိလိုက်ချိန်တွင် လက်သည်းကြားထဲသို့ တစ်စုံတစ်ခု ဝင်ရောက်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ဒါက မဟုတ်‌သေးဘူး

သူ မျက်လုံးများကို ရုတ်တရက် ဖွင့်ကြည့်လိုက်၏။


ထိုအခါ လက်ချောင်းများတွင် စိုစွတ်‌နေသည့် ရွှံ့များ ပေကျံနေသည်ကို တွေ့လိုက်ရပြီး သူကိုယ်တိုင်မှာလည်း ရွှံ့ထူ‌နေသော မြေပြင်ပေါ်၌ လဲလျောင်းနေသည်ကို မြင်လိုက်ရသည်။


ကျန်းလဲ့၏ မျက်ဝန်းများ မှောင်မိုက်သွားပြီး မေ့လဲမတတ် ဖြစ်သွားရသည်။ 

ဒါ ငါ့အိမ် မဟုတ်ဘူး....


သူက ယိုင်တိုင်တိုင်ဖြင့် ထ,ရပ်လိုက်ပြီး မျက်လုံးမှ စီးကျလာသော မျက်ရည်များကို လျစ်လျူရှု၍ ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။


အနီးအနားတွင် ကွင်းပြင်ကျယ်ကြီးသာ ရှိပြီး အဝေးတစ်နေရာတွင်မှ ရွာငယ်‌လေးတစ်ခုကို ဝိုးတဝါး မြင်နေရသည်။ ကံ‌ကောင်းသည်မှာ လူနေအိမ်ခြေရှိ‌နေသည်ကို တွေ့ရသဖြင့် သူ ဤနေရာသို့ မည်သို့ရောက်လာမှန်း မသိသော်လည်း ပြန်လမ်းရှိနိုင်မည်ဟု သူ တွေးလိုက်မိသည်။


ကျန်းလဲ့ သက်ပြင်းချလိုက်မိ၏။


သို့သော် မကြာမီပင် သူ၏ စိတ်ထဲတွင် ‌တွေဝေသွားပြန်သည်။ အကြောင်းမှာ ထိုရွာငယ်လေးက ရွှံ့အိမ်များဖြင့် တည်ဆောက်ထားပြီး အချို့သော အိမ်ခေါင်မိုးများမှာပင် မြက်ခြောက်များဖြင့် မိုးထားသည်ကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသောကြောင့်ပင်ဖြစ်သည်။


အချို့သော အိမ်ခြေအနည်းငယ်‌လေးသာ အခြေအနေ ကောင်းမွန်ပြီး၊ မြေသားနံရံများတွင် အုတ်ခဲများ ရောနှောထားသည်ကို တွေ့ရ၏။


ကျန်းလဲ့မှာ ငယ်စဉ်ကတည်းက ကျေးလက်ဒေသတွင် နေထိုင်ခဲ့သူဖြစ်သည့်အတွက် ကျေးလက် အိမ်ပုံစံများကို ကောင်းစွာသိရှိထားသူဖြစ်သည်။ သူနေထိုင်ခဲ့သည့်ရွာမှာ အခြေအနေသိပ်မကောင်းလှသော်လည်း အိမ်တိုင်းသည် ဘိလပ်မြေအိမ်လေးများ ဖြစ်ကြသည်။ တံခါးအပြင်ဘက် နံရံများတွင် အဖြူရောင်ကြွေပြားများ ကပ်ထားကြပြီး အချို့အိမ်များဆိုလျှင် နှစ်ထပ်တိုက်ပင် ဖြစ်ကြသည်။ ကျန်းလဲ့၏ အိမ်နီးချင်းအိမ်မှာပင် နှစ်ထပ်အိမ်ဖြစ်နေသေးသည်။


ထို့ကြောင့် ဤကဲ့သို့သော အိမ်ပုံစံမျိုးမှာ ခေတ်သစ်ကျေးလက်ဒေသတွင် လုံးဝမရှိနိုင်ကြောင်း သူ အခိုင်အမာ ယုံကြည်လိုက်သည်။ ထို့အပြင် ဤမြေပြင်များမှာလည်း ပက်ကြားအက်နေပြီး တောင်ပေါ်ဒေသနှင့်လည်း လုံးဝမတူပေ။


သေစမ်း... ဘယ်ဘုရားက ငါ့ကို ဒီနေရာ ပို့လိုက်တာလဲ!


ကျန်းလဲ့မှာ အကြောင်းရင်းကို ရှာမရ ဖြစ်နေစဉ်မှာပင် ရွာထဲသို့သွားပြီး အခြေအနေကို မေးမြန်းရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် သူ၏ ဦးနှောက်ထဲသို့ စိမ်းသက်သော မှတ်ဉာဏ်များ အတင်းအကျပ် ဝင်ရောက်လာ၏။


ကျန်းလဲ့၏ မျက်ဝန်းများက ရုပ်သံလိုင်း မဖမ်းမိသည့် ရှေးဟောင်းအဖြူအမည်း ရုပ်မြင်သံကြားစက်ကဲ့သို့ အဖြူရောင် အစက်အပြောက်များဖြင့် ဝေဝါးသွားသည်။


ခဏအတွင်းမှာပင် သူက မျက်လုံးများကို ရုတ်တရက် ဖွင့်လိုက်ပြီးနောက် သူ့ကိုယ်သူ မယုံကြည်နိုင်စွာဖြင့် ငုံ့ကြည့်လိုက်မိသည်။ ရေ‌လျှော်လွန်း၍ အရောင်လွင့်နေသော မီးခိုးရောင် လက်တိုအင်္ကျီ၊ ခြေထောက်တွင် ဝတ်ထားသော ဘောင်းဘီမှာလည်း အဖာထေးများဖြင့် စုတ်ပြတ်သတ်နေသည်။


ခြေထောက်တွင် စီးထားသည့် ဖိနပ်ကို ကြည့်လိုက်သောအခါတွင်လည်း သူတစ်ခါမှ မမြင်ဖူးခဲ့‌သော လက်ချုပ်အဝတ်ဖိနပ်များ ဖြစ်‌နေ၏။ ထိုအဝတ်ဖိနပ်များမှာလည်း ညစ်ပတ်နေပြီး ခြေမပင် ထွက်နေလုနီးပါး ဖြစ်နေသည်။ 

ဟာကွာ တကယ့်ကို အညစ်အပတ်တွေချည်းပဲ!


ကျန်းလဲ့တစ်‌ယောက် ခဏတာမျှ ဝမ်းနည်းသွားရသည်။


သူသည် အသက်ရှစ်နှစ်အရွယ်တွင် မိဘမဲ့ဘဝသို့ ရောက်ခဲ့ရသော်လည်း ဤမျှအထိ ဆိုးရွားသော အဝတ်အစားမျိုးကို ဝတ်ဆင်ခဲ့ရခြင်း မရှိခဲ့ပေ။ ရွာထဲရှိ ကြင်နာတတ်‌သော ဦး‌လေးကြီးများ၊ အဒေါ်ကြီးများနှင့် အဘိုးအဘွားများက သူတို့ ကလေးများ ဝတ်ဆင်ပြီးသော အဝတ်အစားဟောင်းများကို သူ့အား ပေးလေ့ရှိကြသည်။


ဟောင်းနွမ်းနေသော်လည်း ထိုအချိန်က ကျေးလက်အခြေအနေမှာ အတော်အတန် ကောင်းမွန်သဖြင့် ကလေးအဝတ်အစားများကို တစ်ထည်ပြီးတစ်ထည် ဝယ်ယူထားကြပြီး သူတို့၏ အဝတ်ဟောင်းများမှာလည်း အသစ်နှင့် မခြားနားလှပေ။


ကျန်းလဲ့မှာ မူလပိုင်ရှင်၏ မှတ်ဉာဏ်များကို အမြန်ပြန်လည် စီစစ်ကြည့်လိုက်ရာ မူလပိုင်ရှင်မှာလည်း ကျန်းလဲ့ ဟုပင် အမည်ရပြီး အသက်မှာ ၁၅ နှစ်သာ ရှိသေးကြောင်း၊ သူနှင့်ဆိုလျှင် လေးနှစ်မျှ ငယ်ကြောင်း သိလိုက်ရသည်။


ကျန်းလဲ့ကိုယ်တိုင်မှာမူ မိသားစုအခြေအနေကြောင့် ကျောင်းကို တစ်နှစ်ရပ်နားခဲ့ရသည့်အတွက် သူ့အတန်းဖော်များထက် တစ်နှစ်ကြီးနေသူဖြစ်သည်။


တက္ကသိုလ်ဝင်ခွင့်ရခဲ့သော်လည်း ယခုကဲ့သို့ အချိန်ခရီးသွားပြီးနောက်တွင် အသက်လေးနှစ် ပိုငယ်သွားရခြင်းမှာ ရှုံးစရာမရှိသည့် ကိစ္စဟု သူ ယူဆလိုက်သည်။


ကျန်းလဲ့တစ်‌ယောက် မှတ်ဉာဏ်များကို ပြန်လည်စုစည်း‌နေရင်းမှပင် အချို့အကြောင်းအရာများက ရင်းနှီးနေသကဲ့သို့ ခံစားလာရသည်။


မကြာမီပင် သူ့မျက်နှာ မကောင်းတော့ပေ။ အကြောင်းမှာ ဤဇာတ်လမ်းသည် သူဖတ်ဖူးခဲ့သည့် "ကျွန်ုပ်၏ ခုနစ်ဆယ်ကျော်ပြည့်နှစ်များ" ဟုခေါ်သော ခေတ်နောက်ခံ ဝတ္ထုတစ်ပုဒ်နှင့် ဆင်တူနေသောကြောင့်ဖြစ်သည်။ ထိုဝတ္ထုထဲတွင် ကျန်းလဲ့ဆိုသူမှာ လုံးဝအသုံးမဝင်သည့် ဇာတ်ပို့ငယ်‌လေး တစ်ယောက်သာ ဖြစ်သည်။


နောက်ဆုံးတွင် အလွန်ဆိုးရွားသော အဆုံးသတ်ကို ကြုံတွေ့ရပြီး သူ့မိသားစုဝင်များမှကလည်း တစ်ယောက်မျှ ကောင်းမွန်စွာ မဆုံးပါးခဲ့ကြရပေ။


ကူးပြောင်းခြင်းနတ်ဘုရား‌ရေ... ကျွန်တော့်ကို ဘယ်နေရာကို ပို့လိုက်တာလဲ! ကျွန်တော် ကျန်းလဲ့က ဒီဘဝမှာ မကောင်းမှုလည်း မလုပ်ခဲ့သလို ကောင်းကင်နဲ့ မြေကြီးကို မစော်ကားခဲ့ဖူးဘူးလေ!ဒါကြီးက မတရားဘူး‌!


သို့သော် သူ မည်မျှပင် အော်ဟစ်နေပါစေ ကူးပြောင်းခြင်းနတ်ဘုရားက သူ့ကို ပြန်ပို့ပေးရန်မှာ လုံးဝ မဖြစ်နိုင်တော့ပေ။


သူ၏ အရင်ခန္ဓာကိုယ်မှာ နေ့ရောညပါ အလုပ်လုပ်ရင်း ရုတ်တရက် သေဆုံးသွားခဲ့ကြောင်း သူ သိရှိလိုက်ရပြီဖြစ်သည်။


ကျန်းလဲ့မှာမူ မတတ်သာသည့်အတွက် ကိုယ့်ကိုယ်ကိုယ် နှစ်သိမ့်၍ ‌ပြောလိုက်သည်။

“ကောင်းပါပြီ ကျွန်တော့်ကို အသက်ရှင်သန်ခွင့် ထပ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”


ယခုတွင် သူသည် ဤကံကြမ္မာကို လက်ခံလိုက်ရပြီဖြစ်၍ လက်ရှိအခြေအနေကို အမြန်ဆုံး ဖြေရှင်းရန် ကြိုးစားလိုက်သည်။ ကျန်းလဲ့မှာ မိုက်မဲသူမဟုတ်ပေ။ ဤ လွင်ပြင်ကျယ်ကြီးထဲတွင် အကြောင်းပြချက်မှမရှိဘဲ သူ လဲလျောင်းနေစရာ အကြောင်းမရှိပေ။


သူက ခေါင်းနောက်စေ့ကို ပြန်စမ်းကြည့်လိုက်ပြီးနောက် ခေါင်းနာနေခြင်းမှာ ဤခန္ဓာကိုယ်၏ ဝေဒနာဖြစ်ပြီး ရုတ်တရက် သေဆုံးခဲ့ရသည့် နောက်ဆက်တွဲ မဟုတ်ကြောင်း သေချာစေလိုက်သည်။


ကျန်းလဲ့မှာ ငယ်ရွယ်သူပီပီ လက်ရှိအခြေအနေကို အမြန်ပင် နားလည်သွားပြီး စာအုပ်ထဲမှ ဇာတ်ကွက်တစ်ခုနှင့်လည်း ချိတ်ဆက်မိသွားသည်။


မူရင်းဝတ္ထုထဲမှ ကျန်းလဲ့ ဆိုသူမှာ ဇာတ်လမ်းထဲတွင် အခန်းကဏ္ဍ အနည်းငယ်သာ ပါဝင်သော အရေးမပါသည့် ဇာတ်ပို့ငယ်လေးသာ ဖြစ်သည်။ ထို့ကြောင့် သူ့ကိုယ်ပိုင်အမည်နှင့် တူနေသော်လည်း သူ သိပ်ပြီး ဂရုမစိုက်ခဲ့ပေ။


သို့သော် ကျန်းလဲ့မှာ မှတ်ဉာဏ်ကောင်းသူဖြစ်သည်။ သူ ဖတ်ဖူးခဲ့သည့် ဝတ္ထုထဲတွင် ကျန်းလဲ့ တစ်ယောက် ပစ္စည်းခိုးမှုဖြင့် အဖမ်းခံရပြီး အလုပ်ကြမ်းစခန်းသို့ ပို့ခံရလုနီးပါး ဖြစ်ခဲ့ရသည့် ဇာတ်ကွက်ကို ဝိုးတဝါး ပြန်မှတ်မိလိုက်သည်။ သူ့မိသားစုမှာ ထိုကိစ္စကို အခြားလူ မသိအောင် ဖုံးကွယ်ထားနိုင်ရန် အဖိုးအခကြီးစွာ ပေးဆပ်ခဲ့ရသည်။


မူလက ကျန်းလဲ့တစ်‌ယောက် ဤကိစ္စကို သိပ် အာရုံမစိုက်ခဲ့သော်လည်း ယခုအခါတွင်မူ ထိုပစ္စည်းခိုးမှုဆိုသည် ရိုးရှင်းမည်မဟုတ်ကြောင်း သူ သဘောပေါက်လိုက်သည်။


မဟုတ်သေးဘူး ငါ ဒီဇာတ်ကွက်ကို မဖြစ်မနေ ရှောင်ရမယ်။


ကျန်းလဲ့သည် အမြန်ဆုံး ဆုံးဖြတ်ချက်ချလိုက်ပြီး မူလပိုင်ရှင်၏ မှတ်ဉာဏ်အတိုင်း ရွာအနောက်မှ လှည့်ပတ်၍ ကျန်းအိမ်သို့ ပြန်လာခဲ့သည်။


ကံကောင်းစွာဖြင့် ကျန်းမိသားစု နေထိုင်ရာ အိမ်မှာ ရွာ၏ အစွန်အဖျားတွင် တည်ရှိပြီး အနီးတွင်လည်း လမ်းကြားငယ်လေးတစ်ခု ရှိနေသည်။ ကျန်းလဲ့မှာ လမ်းတစ်လျှောက် ပုန်းလျှိုးကွယ်လျှိုးဖြင့် အခြားလူများထံ အမိမခံဘဲ အိမ်သို့ အဆင်ပြေချောမွေ့စွာ ပြန်ရောက်လာခဲ့သည်။


သူသည် မိမိ၏ အနာဂတ်နေအိမ်ကို လေ့လာရန် စိတ်မကူးမိခင် သက်ပြင်းချလိုက်မိသည်။ 

ထိုစဉ် ဘေးနားမှ အသံတစ်ခု ထွက်ပေါ်လာ၏။ 


"ကျန်းလဲ့ နင် ဘာလုပ်နေတာလဲ။"


ကျန်းလဲ့တစ်‌ယောက် အလန့်တကြားဖြစ်သွားပြီး ဘေးကို လှည့်ကြည့်လိုက်ရာ ခပ်ပိန်ပိန် မိန်းကလေးလေးတစ်ယောက် ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ မျက်နှာမှာ ဝါဖျော့နေပြီး အရမ်းပိန်လွန်းသည့်အတွက် မျက်လုံးများက ပိုမိုကြီးမားနေသယောင် ရှိသည်။ သူမက သူ့ကို ထူးဆန်းစွာ စိုက်ကြည့်နေသဖြင့် ကျောရိုးထဲထိ စိမ့်သွားသကဲ့သို့ ခံစားလိုက်ရသည်။


ကျန်းလဲ့သည် မူလပိုင်ရှင်၏ မှတ်ဉာဏ်ကို အသုံးပြု၍ ချက်ချင်းပင် သူမသည် မူလပိုင်ရှင်၏ အစ်မဖြစ်သူ၊ သူနှင့် တစ်နှစ်သာ ကွာသည့်အစ်မဖြစ်ကြောင်း မှတ်မိသွားသည်။


သူ့အသက် ၁၉ နှစ်အရွယ်တွင် သူ၏ အတန်းဖော် မိန်းကလေးများမှာ အရပ်ရှည်ရှည်၊ အသားအရေ ဝင်းပပြီး ဆယ်ကျော်သက်အရွယ် အလှတရားနှင့် ပြည့်စုံနေသည်ကို ကျန်းလဲ့ ပြန်တွေးမိလိုက်သည်။ 


သို့သော် အစ်မဖြစ်သူ ကျန်းဟွမ်းမှာမူ အလွန်ပိန်လွန်းနေသည်။ သူမကို ၁၀ နှစ်အရွယ်လောက်သာ ရှိသေးသည်ဟု ပြောလျှင်ပင် လူအများ ယုံကြည်လောက်သည်။ အရပ်မှာမူ ၅ ပေ ၃ လက်မ ခန့် ရှိသော်လည်း အရိုးပေါ်အရေတင် ဖြစ်နေသဖြင့် ဝါးလုံးကဲ့သို့ ပိန်လှီနေသည်။


မူလပိုင်ရှင်၏ မှတ်ဉာဏ်များအရဆိုလျှင် သူသည် ကျန်းဟွမ်းကို သိပ်ပြီး သဘောမကျပေ။ ကျန်းဟွမ်းမှာ လောဘကြီးပြီး သူ့ဆီက အရသာရှိသော အစားအစာများကို အမြဲလုစားတတ်သည်ဟု သူ ကထင်သည်။ အစ်မဖြစ်သူမှာ သူ့ကို အနည်းငယ်မျှ အ လျှော့မပေးဘဲ အသေးအမွှားကိစ္စများကိုပင် အချိန်အကြာကြီး အပြစ်တင်ပြောဆိုတတ်သည့်အတွက် အခြားသော မောင်နှမများကဲ့သို့ သူ့ကို အလိုက်တသိ မပြုမူပေးကြဟု သူ ယူဆထားသည်။


ကျန်းလဲ့ကမူ မူလပိုင်ရှင်၏ မှတ်ဉာဏ်အတိုင်း မဆုံးဖြတ်လိုက်ပေ။ ကျန်းဟွမ်းမှာ အလွန်ပိန်လွန်းနေပြီး မူလပိုင်ရှင်ကသာ အမှန်တကယ် အရှက်မရှိ သူမဆီက အစားအစာများကို လုစားခဲ့ခြင်းဖြစ်မည်ဟု သူ ထင်မြင်မိသည်။ ထိုမျှ ပိန်လှီနေသော သူမဆီမှ အစားအစာ လုစားရမည်ကိုပင် သူ အားနာမိသည်။


"အစ်မ... ကျွန်တော် ဘာမှ မလုပ်ပါဘူး" 


အသက် ၁၉ နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်သည့် ကျန်းလဲ့အတွက်မူ ဤမျှသေးကွေးပြီး ပိန်လှီနေသော မိန်းကလေးကို အစ်မဟု ခေါ်လိုက်ရသည်ကို အနည်းငယ် အနေရခက်နေသည်။


ကျန်းဟွမ်း၏ မျက်နှာမှာ တစ္ဆေတစ်ကောင် မြင်လိုက်ရသည့်အလား အံ့အားသင့်သွားသည်။ ထို့နောက် တစ်စုံတစ်ခုကို သတိရသွားပုံဖြင့် ရေသွားခပ်ရန် ကိုင်ထားသည့် ပုံးကို ပစ်ချလိုက်သည်။ ထိုအချိန်၌ ပိန်လှီ‌နေသော မိန်းကလေး၏ ပထမဆုံးတုံ့ပြန်မှုမှာ အသိတရားမဲ့သည့် သူမ၏ မောင်လေးကို ကာကွယ်ပေးရန်ပင်ဖြစ်သည်။ 


"ကျန်းလဲ့ နင့်ကို ဘယ်သူ အနိုင်ကျင့်လိုက်တာလဲ။ ငါ သူ့ကို သေအောင် ပြန်လုပ်မှာ ကြည့်နေလိုက်! နင့်အစ်မက ဘယ်သူလဲဆိုတာ သိလား!"


ကျန်းဟွမ်း၏ လှုပ်ရှားမှုမှာ အနည်းငယ် ရယ်ရစရာ ကောင်းနေသော်လည်း ကျန်းလဲ့မှာမူ ရယ်မောနိုင်ခြင်း မရှိပေ။ သူ့နှာခေါင်းထဲတွင်ပင် ထိန်းမနိုင်သိမ်းမရ ဆို့တက်လာသည်။ သူ့ကို ဤသို့ ကာကွယ်ပေးမည့်သူ မရှိခဲ့သည်မှာ ကြာပြီဖြစ်သည်။


သူ့မျက်လုံးထဲတွင် မျက်ရည်များ ဝဲလာသည်။ ကျန်းဟွမ်းက သူ့ကို ကြောက်စရာကောင်းသည့်အကြည့်ဖြင့် ကြည့်လိုက်ပြီး ကျန်းလဲ့၏ ခေါင်းကို တစ်ချက် ပုတ်လိုက်သည်။ 


"ယောက်ျားလေး ဖြစ်ပြီး ဘာလို့ ငိုနေတာလဲ! ငါဆို ၅ နှစ်သမီးတည်းက မငိုတော့ဘူး!"


ကျန်းဟွမ်းက ပိန်လှီနေသော်လည်း သူမ၏ အားမှာ အတော်လေး ပြင်းသည်။ ကျန်းလဲ့မှာ နာကျင်မှုကြောင့် မျက်ရည်များ အဆက်မပြတ် စီးကျလာရသည်။ ဤတစ်ခါက အမှန်တကယ် နာသွားခြင်းပင်။


ကျန်းဟွမ်းမှာ သူမ၏ လက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး စိတ်ထဲတွင် နောင်တရသွားပုံရသည်။ 


ဒါက တကယ်ပဲ ငါ့ကို အမြဲ ဒုက္ခပေးနေတဲ့ မောင်လေး ဟုတ်သေးရဲ့လား? ဒီလောက် သနားစရာကောင်းနေတာ တကယ့်ကို ထူးဆန်းလိုက်တာ?


ကျန်းဟွမ်းတစ်ယောက် သူမ၏မောင်လေးမှာ တစ်ခုခု အကြီးအကျယ် ကြုံတွေ့ခဲ့ရပြီဟု ယူဆ၍ ချက်ချင်းပင် အိမ်ထဲသို့ ပြေးဝင်သွားပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ 


"အမေ၊ အဖေ၊ ဒုတိယအစ်ကို! ဒီကောင်စုတ်လေး အနိုင်ကျင့်ခံလာရတယ် ၊ ခြံထဲမှာ တအိအိနဲ့ ငိုနေတယ်!"


ကျန်းလဲ့က ပြန်‌ပြောလိုက်သည်။

"ကျွန်တော်က ဒီတိုင်း မျက်ရည်‌လေး ကျနေရုံပါဗျာ"


မူလက တိတ်ဆိတ်နေသည့် ခြံဝင်းလေးမှာ ချက်ချင်းပင် ဆူညံသွားသည်။ အဘွားကျန်းအပါအဝင် မိသားစုဝင်များအားလုံးက ကျန်းလဲ့ကို ဝိုင်းရံထားကြပြီး တစ်ယောက်တစ်ခွန်း မေးမြန်းနေကြသည်။


ကျန်းလဲ့တစ်ယောက် ပို၍ပင် ငိုမိတော့သည်။ 


ဒုတိယအစ်ကိုရေ! ကျွန်တော့် ခေါင်းနောက်စေ့ကို သံလက်ဝါးနဲ့ မပုတ်ပါနဲ့တော့! နာတယ်ဗျ! တကယ်ကို နာတယ်!


မိသားစု၏ ဂရုစိုက်မှုမှာ တကယ်ပင် လေးလံလှချေ၏။



"ရွှီကျစ်ချင်း...မင်း တကယ်ပဲ ကျန်းလဲ့က ငါ့ကြက်ဥတွေကို ခိုးစားနေတာ မြင်လိုက်တာ ‌သေချာလား!" 

ကျန်းလဲ့ သတိပြန်ရလာခဲ့သည့် ထိုကွင်းပြင်နေရာတွင် လူအုပ်စုတစ်ခု ရောက်နေလေသည်။ စရိုက်ကြမ်းသည့် အမျိုးသမီးတစ်ဦးက ခါးထောက်ပြီး ဘေးနားရှိ ပိန်လှီလှီ လူငယ်တစ်ဦးကို စိုက်ကြည့်နေသည်။


ရွှီကျစ်ချင်း…တစ်ဖြစ်လဲ ရွှီယိုချိုက်က ကျန်းလဲ့ကို ထိုနေရာတွင် မတွေ့ရသဖြင့် စိတ်ထဲမှ တိုးတိုးလေး အော်ဟစ်လိုက်မိသည်။ သူ၏ အစီအစဉ်အတိုင်း မဟုတ်ဘဲ တစ်ခုခု လွဲချော်နေသကဲ့သို့ ခံစားနေရသည်။


သို့သော် သူက ကြက်ဥပျောက်သွားသည့် အ‌ဒေါ်စွင်ကို ခေါ်လာရန် အလောတကြီး ပြေးသွားခဲ့ရခြင်းဖြစ်သည်။ သူ၏ စကားများကို ပြန်ပြင်ရန် နောက်ကျနေပြီ ဖြစ်သည့်အပြင် သူကလည်း ပြင်လိုစိတ်လည်း မရှိပေ။


ကျန်းလဲ့ဆိုတဲ့ ငကြောက်ကောင်က ပန်ရွှယ်ကို လိုက်နှောင့်ယှက်ရဲတယ်တဲ့လား! ငါ ဒီကောင်စုတ်ကို သင်ခန်းစာကောင်းကောင်း ပေးရမယ်...


ထိုသို့တွေးရင်း ရွှီယိုချိုက်က လက်ကို ဆုပ်၍ စိုးရိမ်နေဟန် ဆောင်လိုက်သည်။

"ကျွန်တော် တကယ် မြင်တာပါ! အ‌ဒေါ်စွင်ကို ခေါ်ပြီး ခိုးရာပါ ပစ္စည်းတွေနဲ့ ဖမ်းမိအောင် လုပ်မယ်လို့ တွေးထားတာ... သူက ဒီလောက်မြန်မြန် ထွက်ပြေးသွားမယ်လို့ ဘယ်သူထင်မလဲ!"


ရွှီယိုချိုက်က ပြောလိုက်၏။

"အ‌ဒေါ်စွင် .... အဲ့ဒီ ကျန်းလဲ့က အလုပ်မရှိ အကိုင်မရှိ ငပျင်းတစ်ယောက်ပဲ။ သူ အ‌ဒေါ့် ကြက်ဥတွေကို ခိုးတာ မဆန်းပါဘူး။ ကျွန်တော် တွေ့သွားမှန်း သိတော့ ကြက်ဥတွေကို ပစ်ချပြီး ပြေးသွားတာ ဖြစ်မယ်...အ‌ဒေါ် အမြန်ဆုံး အတွင်းရေးမှူးဆီ သွားတိုင်လိုက်ပါ။ လူမိအောင် မဖမ်းနိုင်ရင် အ‌‌ဒေါ့် ကြက်ဥအတွက် ဘယ်သူမှ လျော်ပေးမှာ မဟုတ်ဘူး!"


အနီးနားရှိ ဝါးခြင်းတောင်းထဲတွင် ပါလာသည့် ကြက်ဥများမှာ မြေပြင်ပေါ်သို့ ပြန့်ကျဲနေပြီး ကြက်ဥများအားလုံးမှာ ကွဲ‌ကြေ‌နေသည်။ ကြက်ဥအနှစ်များမှာ မြေကြီးထဲသို့ စိမ့်ဝင်နေပြီး မြင်သူတိုင်းအတွက် နှမြောစရာ ကောင်းလှ‌နေသည်။


_________


Xi's note -ရွှီကျစ်ချင်း- အဲ့ခေတ်က လူငယ်တွေကို ကျစ်ချင်းလို့ခေါ်ပါတယ်တဲ့။ ပညာတတ်လူငယ်လို့လည်း အဓိပ္ပာယ်ရတယ်...ရွှီယိုချိုက်ကို ရွှီကျစ်ချင်းလို့ ဘာ‌ေကြာင့်ခေါ်လဲဆိုတာတော့ နောက်အပိုင်းမှသိရမှာပေါ့နော်။ ခုမှအပိုင်းတစ်ဆိုတော့လေ သေချာမသိရသေးဘူး