Chapter3
Viewers 148


အခန်း (၃) ကျန်းလဲ့ မေ့လဲခြင်းနှင့် ရွှီယိုချိုက် ပျာယာခတ်သွားရခြင်း


ကျန်းလဲ့တစ်ယောက် ဘယ်ကနေဘယ်လိုဖြစ်ပြီး ရုတ်တရက်ကြီး လျှာစောင်းထက်လာသလဲဆိုသည်ကို ရွှီယိုချိုက်မှာ နားမလည်နိုင်အောင် ရှိနေလေသည်။ သူ့အမြင်မှာတော့ ကျန်းလဲ့ဆိုသည်မှာ လုံးဝ ဦးနှောက်မရှိသူ တစ်ယောက်သာ ဖြစ်သည်။


အကယ်၍ မှားယွင်းစွပ်စွဲခံရလျှင်တောင် ဒီကောင်လေးဟာ လုံးစေ့ပတ်စေ့ ပြန်လည်ရှင်းပြနိုင်လိမ့်မည်မဟုတ်ဘဲ အရှက်တကွဲဖြစ်မည်စိုးသည့်စိတ်ကြောင့် ရှူးရှူးရှားရှားနှင့် စိတ်လိုက်မာန်ပါပြုမူ၍ တိုက်ခိုက်လိမ့်မည်။


ထိုအခါ ကျန်းလဲ့ဘက်မှ အကြမ်းနည်းဖြင့် ဖြေရှင်းလာခဲ့လျှင်တော့ အကောင်းဆုံးပင်ဖြစ်သည်။ မလုံမလဲစိတ်ကြောင့် ပြဿနာထရှာပါသည်ဟု သက်သေပြပြီးသား ဖြစ်သွားတော့မှာ ဖြစ်လေ၏။


ကျန်းလဲ့က သူ့ကိုတိုက်ခိုက်လာမည်ကို ရွှီယိုချိုက် မကြောက်လန့်မိပေ။ ယခုလက်ရှိ အခြေအနေကသာ ရွှီယိုချိုက်အတွက် မလွယ်ကူနေခြင်း ဖြစ်သည်။


ရွှီယိုချိုက်၏ မျက်နှာပေါ်မှ ထိတ်လန့်အံ့ဩမှုများမှာ ဖုံးကွယ်ထားရန် မဖြစ်နိုင်တော့ပေ။ 


ကျန်းလဲ့က နှာခေါင်းရှုံ့လိုက်မိလေ၏။ အကယ်၍ မူလခန္ဓာကိုယ်ပိုင်ရှင်သာ ဤနေရာမှာ ရှိနေလျှင်တော့ အရာအားလုံးဟာ ရွှီယိုချိုက် မျှော်မှန်းထားသည့်အတိုင်း အတိအကျကို မလွဲမသွေ ဖြစ်လာလိမ့်မည်ပင်။


မူလဝတ္ထုဇာတ်ညွှန်းနှင့် သူ့တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များကို အခြေခံပြီးပြောရလျှင် မူလခန္ဓာကိုယ်ပိုင်ရှင် မူးလဲနေချိန်တွင် ရွှီယိုချိုက်က ရွာသားများအား သွားခေါ်ခဲ့ပြီး 'ခိုးရာပါပစ္စည်းနှင့်တကွ ဖမ်းမိသည့်' အခြေအနေဖြင့် အလဲထိုးရန် စီစဉ်ထားပုံရကြောင်း ကျန်းလဲ့က ခန့်မှန်းလိုက်သည်။


စာအုပ်ထဲရှိဇာတ်ကြောင်းအရ အခင်းဖြစ်ပွားစဉ်တစ်လျှောက်လုံးတွင် မူလခန္ဓာကိုယ်ပိုင်ရှင်သည် တစ်ကြိမ်တစ်ခါမှ နိုးလာခဲ့ခြင်း မရှိသောကြောင့် ရွာသားများ ရောက်လာချိန်မှာတော့ စွင်ယွီလန်တို့မိသားစု၏ ကြက်‌ဥများဖြစ်သည့် ခိုးရာပါပစ္စည်းနှင့်အတူ လက်ပူးလက်ကြပ် မိသွားခဲ့ကြသည်။


ထိုအချိန်က မူလခန္ဓာကိုယ်ပိုင်ရှင်မှာ ရှင်းပြရန် ကြိုးစားခဲ့ပါသော်ငြား အရာအားလုံး နောက်ကျသွားခဲ့ပြီဖြစ်သည်။ နဂိုကတည်းက ရွာထဲရှိ သူ၏ နာမည်ဂုဏ်သတင်းက မကောင်းသည့်အပြင် ယခုတစ်ဖန် ရွှီယိုချိုက်၏ "ခိုင်လုံသည့်သက်သေ"ကိုပါ ထပ်ပေါင်းပြီးနောက် ရွာသားများ၏ သူ့အပေါ်ယုံကြည်မှုမှာ ပိုလို့ပင် လျော့နည်းသွားပါလေတော့၏။


မူလခန္ဓာကိုယ်ပိုင်ရှင်မှာ မည်မျှပင်ရှင်းပြပါစေ သူ့အား မည်သူကမှ မယုံကြည်တော့သဖြင့် ဒေါသပေါက်ကွဲကာ ရွှီယိုချိုက်အား ရိုက်နှက်တော့သည်။ တစ်ဖက်လူက သူ့အား လုံးဝ ပြန်လည်ရိုက်နှက်ခြင်းမရှိခဲ့ဘဲ မူလခန္ဓာကိုယ်ပိုင်ရှင်ကိုသာ စိတ်ကြိုက်ရိုက်နှက်ခွင့်ပေးထားသဖြင့် သူ သတိပြန်ဝင်လာချိန်မှာတော့ လက်လွန်သွားခဲ့လေပြီဖြစ်ကာ နောက်ပြန်ဆုတ်ရန် နောက်ကျသွားလေပြီပင်။


လူတိုင်း၏အမြင်မှာတော့ မူလခန္ဓာကိုယ်ပိုင်ရှင်က ကြက်ဥခိုးရန် ကြိုးစားခဲ့သည်ကို ရွှီယိုချိုက်က ဖော်ထုတ်လိုက်သဖြင့် သူက ယမ်းပုံမီးကျကာ ဒေါသပေါက်ကွဲ၍ ရိုက်နှက်သည်ဟု အထင်မှားသွားကြတော့သည်။


ထိုအချိန်တွင် ရွှီယိုချိုက်ကတော့ အပြစ်ကင်းစင်သည့် သတင်းပေးသူလေး ဖြစ်သွားသည်။မားမားမတ်မတ်ရှေ့ထွက်ကာ အရိုက်နှက်ခံခဲ့ပြီး မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှားယွင်းသည့် လုပ်ရပ်များအား ဖော်ထုတ်ပေးခဲ့သည့် ရဲရင့်သောစိတ်ထားရှိသူ၊ အမှန်စင်စစ် သူရဲကောင်းလေးတစ်ယောက်ပင် ဖြစ်သွားတော့၏။


နောက်ဆုံးမှာတော့ မူလခန္ဓာကိုယ်ပိုင်ရှင်မှာ "သူခိုး"အဖြစ် ကင်ပွန်းတပ်ခံရပြီး သူ၏နာမည်ဆိုးအား ရှင်းလင်းရန် နည်းလမ်းလည်း မရှိတော့ပေ။ လူငယ်ပြုပြင်ရေးစခန်းဆီသို့ အပို့ခံရလုနီးနီးပင် ဖြစ်သွားလေသည်။


မူလဝတ္ထုဇာတ်ကြောင်းအား ပြန်တွေးကြည့်နေသည့် ကျန်းလဲ့ : "...


သူဝတ္ထုကို ဖတ်နေစဉ်တုန်းက သိပ်အာရုံမစိုက်မိခဲ့ပေ။ မူလခန္ဓာကိုယ်ပိုင်ရှင်အကြောင်း ရေးသားထားသည့် ဇာတ်ကြောင်းများအား ပြုံးကာ ဖတ်ရှုခဲ့ပြီး ထိုဝတ္ထုထဲမှ ပြဿနာများကိုလည်း နားမလည်ခဲ့ပေ။


ဝတ္ထုထဲရှိ အချို့သော အကြောင်းအရာများမှာလည်း အဓိကဇာတ်လိုက်နှင့် ဇာတ်လိုက်မတို့၏ ရှုထောင့်များမှသာ အခြေခံ၍ရေးသားထားပြီး သူတို့၏ သဘောကျမှုများကိုသာ အသားပေးရေးထားကာ နှစ်ဦးနှစ်ဖက် မျှမျှတတ ရေးသားထားခြင်းမျိုး မဟုတ်ပေ။ 


ယခုဖြစ်စဉ်မှာဆိုလျှင်လည်း ဝတ္ထုထဲမှဇာတ်ကြောင်းမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မှတ်ဉာဏ်များနှင့် အသေးစိတ် တူညီနေခြင်းမရှိပေ။


ထိုအချိန်က စာဖတ်သူတစ်ယောက်အနေနှင့် သူဟာ စေ့စေ့စပ်စပ် ဂရုမစိုက်ခဲ့မိပေ။သို့သော် ယခုအချိန်မှာတော့ သူသည် ဝတ္ထုထဲသို့ အမြှောက်စာဇာတ်ကောင်လေးအဖြစ် ကူးပြောင်းလာခဲ့ပြီဖြစ်လေရာ မူလဝတ္ထုဇာတ်ကြောင်းမှ အရာအားလုံးအား စုံလုံးကန်းယုံကြည်ပစ်ရန် မဖြစ်နိုင်တော့ပေ။


"အဲ့ဒီကျန်းအိမ်က ကလေးက သနားစရာလေးလို့ ဘာလို့ထင်နေမိလဲမသိဘူး... သူကြက်ဥတွေ တကယ်မခိုးခဲ့တာလည်း မဖြစ်နိုင်ဘူးလား"


"ဒါပေမဲ့ ရွှီကျစ်ချင်းက သူ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တယ်လို့ ပြောနေတယ်မလား"


ကျန်းလဲ့မှာ ရွာသားများ၏ တီးတိုးဆွေးနွေးနေသံများကို ကြားလိုက်ရသည်။ မူလဇာတ်ကြောင်းမှာဆိုလျှင် ရွာမှတာဝန်ရှိသည့် ရွာလူကြီးများ၊ စွင်ယွီလန် အပါအဝင် လာရောက်ကြည့်ရှုသည့် ရွာသူရွာသားများ စသည့် လူအားလုံးက မူလခန္ဓာကိုယ်ပိုင်ရှင်အား သူခိုးတစ်ယောက်အဖြစ် ခိုင်ခိုင်မာမာ ယုံကြည်ခဲ့ကြသည်။


သို့ရာတွင် ယခုအချိန်မှာတော့ သူတို့အားလုံးဟာ သူခိုးအဖြစ်စွပ်စွဲရန် မဝံ့မရဲဖြစ်နေကြလျက်။ ဤအဓိပ္ပါယ်မှာ မူလဇာတ်ကြောင်းကို ပြောင်းလဲ၍ ရနိုင်သည်ဟူသည့် အဓိပ္ပါယ်ပင် မဟုတ်ပါလား။


ထိုသို့ သဘောပေါက်သွားမှုကြောင့် ကျန်းလဲ့က စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်မိသည်။ သူသည် ယခင်ကလည်း ကူးပြောင်းသည့် ဝတ္ထုများစွာကို ဖတ်ရှုခဲ့ဖူးလေရာ အချို့သော ကူးပြောင်းသူများမှာ ဝတ္ထုဇာတ်ကြောင်းများကို ပြောင်းလဲ၍မရနိုင်ခြင်းမျိုးလည်း ရှိသဖြင့် စိတ်ပူနေခဲ့မိခြင်းဖြစ်သည်။ သို့ရာတွင် ယခု ဝတ္ထုဇာတ်ကြောင်းမှာတော့ ပိုပြီးကိုင်တွယ်ရ လွယ်ကူမည့်ပုံပေါ်လေ၏။


ထိုစဉ် ရွှီယိုချိုက်မှာ တွေဝေနေရာမှ သတိပြန်ဝင်လာသည်။ သူက မည်သို့သော အားနည်းချက်တစ်ခုလေးကိုမှ ထုတ်ပြ၍မဖြစ်သည်ကို သဘောပေါက်လိုက်သည်။ သို့မဟုတ်ပါက ယနေ့စွပ်စွဲမှုက သူ့ဘက်မှ ရှုံးနိမ့်သွားပေလိမ့်မည်။ ရွှီယိုချိုက်က ချက်ချင်းပင် ရိုးသားဖြူစင်သည့်မျက်နှာထားလေးကို ပြောင်းလဲလိုက်သည်။


"ဒေါ်လေးစွင်ရဲ့ ကြက်ဥတွေကို မင်းခိုးနေတာ ငါ့မျက်စိနဲ့ တပ်အပ်မြင်ခဲ့တာပါ... ဘယ်လိုလုပ် မှားယွင်းစွပ်စွဲတာ ဖြစ်ရမှာလဲ"


သူက ကျန်းလဲ့အား လက်ညှိုးထိုးပြီး ပြတ်ပြတ်သားသား ပြောလိုက်၏။

"မင်းက မင်းရဲ့အပြစ်ကို ဖုံးကွယ်ချင်လို့ ဆင်ခြေတွေ လျှောက်ပြောနေတာပဲ"


ကျန်းလဲ့က စိတ်ထဲမှကြိတ်၍ ခေါင်းခါယမ်းလိုက်သည်။

ကျွတ်စ် ကျွတ်စ် မင်းတတ်နိုင်တာ ဒါအကုန်ပဲလားကွာ....


အပြင်ဘက်တွင်တော့ ကျန်းလဲ့က သက်ပြင်းချကာ မသိမသာ မျက်မှောင်ကြုတ်လိုက်သည်။ 

"ရွှီကျစ်ချင်း... ကျွန်တော်ကတော့ အစ်ကို့ကို အထင်ကြီးခဲ့ရတာဗျာ... လူတွေက အစ်ကို့အကြောင်းကို မကောင်းပြောကြရင်တောင် ကျွန်တော်က ယုံကြည်ခဲ့တာ မဟုတ်ပါဘူး။ဒါပေမယ့် အခုတော့... သူတို့ပြောနေကြတာတွေက တကယ်မှန်နေတဲ့ပုံပဲ"


မယုံတစ်ဝက်ယုံတစ်ဝက်နှင့် မရေမရာ ဖြစ်နေကြသော ရွာသားများအဖို့ သူ၏စကားများမှာ သံသယဝင်သွားစေရန် လုံလောက်သွားလေပြီ။ ထို့အပြင် ရွှီယိုချိုက်မှာ စိတ်သဘောထားကျဉ်းမြောင်းသူ၊ ဒေါသထွက်လွယ်သူ၊ ပညာတတ် သူငယ်ချင်းအချင်းချင်းကတောင်မှ သဘောမတွေ့သူ စသည့် ဂုဏ်ပုဒ်များက အခိုင်အမာရှိထားလေသည်။


ကျန်းလဲ့၏ မသိမသာ စောင်းပါးရိပ်ခြည်ပြောသည့်စကားများကြောင့် ရွှီယိုချိုက်၏ မူလအစီအစဉ်ဖြစ်သည့် စွပ်စွဲချောက်ချရန် အကြံအစည်မှာ လုံးဝကို လမ်းလွဲသွားလေပြီ။ 

ထိုအစား ရွှီယိုချိုက်၏ မျက်နှာကြီးမှာ ဒေါသကြောင့် ရှုံ့တွလာပြီး ဆတ်ဆတ်ခါနာသွားရသည်။

"ငါ့အကြောင်း မင်းကိုဘယ်သူပြောတာလဲ ဟမ်... ကျန်းမင်လား အဲ့မျိုးမစစ်က အမြဲပေါက်ကရလေးဆယ် ပြောတတ်တယ်ကွ... ငါသူ့ပစ္စည်းတွေလည်း တစ်ခါမှမခိုးဖူးဘဲနဲ့... သူ့ရဲ့ပန်းသီး အပုပ်အသိုးတွေက ဝက်စာတောင် ကျွေးလို့မရတဲ့ဟာကို ငါက ဘာကိစ္စနဲ့ ယူရမှာလဲ"


ရွှီယိုချိုက်မှာ သတိလက်လွတ် ပေါက်ကွဲမိပြီးကာမှ ကျောက်မန်ချန်းအပါအဝင် ရွာသားများက သူ့အား ထူးဆန်းသည့်အကြည့်များဖြင့် ကြည့်ရှုနေကြသည်ကို သတိပြုမိသွားသည်။


ယခုလိုစားစရာ အရင်းအမြစ်များရှားပါးသည့် ခေတ်တွင် အသီးအနှံများသည် တကယ့်ရှားပါးရတနာတစ်ပါးဖြစ်သည်။ သို့ရာတွင် ယခုတော့ ရွှီယိုချိုက်မှာ ရွာသားများ တန်ဖိုးထားသည့် ပန်းသီးကို ဝက်စာကျွေးရန်ပင် မတန်သည့် ပန်းသီးအပုပ်အသိုးများဟု ပစ်ပစ်နှစ်နှစ် ချိုးဖဲ့ပြောဆိုနေသည်။ ဤသို့ဆိုလျှင် သူတို့ရွာသားများက ဝက်ထက်ပင် ပိုဆိုးသူများဟု ပြောဆိုလိုက်ခြင်းပင် မဟုတ်ပါလား။


"ရွှီကျစ်ချင်း"


ကျောက်မန်ချန်းက ရွာသူကြီးတစ်ဦး၏ လုပ်ပိုင်ခွင့်အာဏာအပြည့်နှင့် ခက်ထန်စွာခေါ်လိုက်သည်။


"မင်းက ဆင်းရဲသားနဲ့ လူလတ်တန်းစား လယ်သမားတွေဆီကနေ ပညာပြန်သင်ယူဖို့ ဒီကန်းကျစ်ရွာကို လာခဲ့တာနော် ... မင်းရဲ့နောက်ခံက ပြစ်ချက်ရှိနေရင်တောင် ကိုယ့်ကိုယ်ကိုယ် ကောင်းမွန်အောင် ပြန်လည်ပြုပြင်နိုင်ရင် ရဲဘော်ရဲဘက်ကောင်း ဖြစ်နိုင်ဦးမယ်.. ဒါပေမယ့် အခု မင်းပြောနေတဲ့ပုံကိုကြည့်ဦး ဒါက လုံးဝကို အရင်းရှင်ဝါဒီတစ်ယောက်ရဲ့ အပြုအမူမျိုးဖြစ်နေတယ်"


ကျောက်မန်ချန်းက ပြစ်မှုတစ်ခုပြီးတစ်ခု စွဲချက်တင်လာသောကြောင့် ရွှီယိုချိုက်၏မျက်နှာမှာ သွေးဆုတ်ဖြူလျော်လာသည်။

"ကျွန်... ကျွန်တော် အဲ့လို မရည်ရွယ်...."


ကျန်းလဲ့မှာ ရယ်ချင်စိတ်ကိုထိန်းကာ တိတ်တိတ်လေး ပွဲကြည့်နေလိုက်သည်။

ရွှီယိုချိုက်မှာ သူ့ကိုယ်သူ ထက်မြက်သည်ဟု ထင်နေသော်လည်း ဖြေရှင်းချက်ပင် မပေးနိုင်တော့ပေ။ဆင်ခြေဆင်လက်များကိုသာ ထပ်ခါထပ်ခါပြောနေ တော့သည်။


ဒီလိုဆိုမှတော့ ကျန်းလဲ့က ဘာများ ဆက်လုပ်စရာ လိုတော့မလဲ...


ကျန်းလဲ့သည် သူ ဤဝတ္ထုထဲသို့ ကူးပြောင်းလာရသည့် အကြောင်းအရင်းမှာ ရွှီယိုချိုက်၏ ရိုက်နှက်မှုကြောင့် မူလခန္ဓာကိုယ်ပိုင်ရှင် သေဆုံးသွားခြင်းကြောင့်များ ဖြစ်နေမလားဟု သံသယဝင်သွားမိသည်။


မူလခန္ဓာကိုယ်ပိုင်ရှင်၏ အကျင့်စရိုက်အရဆိုလျှင် ကြက်ဥများကို အမှန်တကယ် မခိုးယူခဲ့ပေ။ သူက ရွှီယိုချိုက်ကြောင့် မှားယွင်းစွပ်စွဲခံခဲ့ရခြင်းပင်။

ယခုအချိန်တွင် ကျန်းလဲ့မှာ သူ၏ ခန္ဓာကိုယ်ကိုယူထားရသဖြင့် သူ့မှာ လက်စားချေပိုင်ခွင့် အပြည့်အဝရှိသည်။


ယခုအချိန်တွင်တော့ သူသည် ကောင်းမွန်စွာ အသက်ရှင်သန်နိုင်ပြီ ဖြစ်သည်။ ရွှီယိုချိုက်က လူသတ်မှုကျူးလွန်ခဲ့သည်ကို သက်သေမပြနိုင်သော်လည်း စိတ်ရှည်ရှည်နှင့် စောင့်ကြည့်ရန်သာလိုအပ်သည်။


အနည်းဆုံးတော့ သူဟာ ရွှီယိုချိုက်အား စွပ်စွဲခံရ၍ နာမည်ပျက်သည့် ခံစားချက်က ဘယ်လိုမျိုးလဲဆိုသည်ကို ကောင်းကောင်းကြီး တွေ့ကြုံခံစားခိုင်းလိုက်နိုင်ခဲ့လေပြီ။


"ရွှီကျစ်ချင်း"


အထစ်ထစ်အငေါ့ငေါ့နှင့် အသုံးမဝင်သည့် ဆင်ခြေများကိုသာ တတွတ်တွတ်ပြောဆိုနေသည့် ရွှီယိုချိုက်အား ကျန်းလဲ့က စကားဖြတ်ပြောကာ သူ့မျက်လုံးများကို တည့်တည့်စိုက်ကြည့်လိုက်သည်။


"ကျွန်တော် ဒေါ်လေးစွင်ရဲ့ ကြက်ဥတွေကိုခိုးနေတာ ခင်ဗျားမျက်စိနဲ့ တပ်အပ်မြင်ခဲ့တယ်လို့ ပြောခဲ့တယ်နော်... ဒါဆို အတိအကျ ဘယ်နေရာမှာ မြင်ခဲ့တာလဲ"


ရွှီယိုချိုက်၏ စိတ်မှာ တောင်စဉ်ရေမရနှင့် ကစဉ့်ကလျားဖြစ်နေပြီး စဉ်းစားနေရန်အချိန်လည်း မရှိတော့ပေ။ 

ထို့ကြောင့် ကျန်းလဲ့၏ စကားနောက်ကိုသာလိုက်ပြီး ပြန်ဖြေလိုက်၏။

"ငါ... ငါ ဒီနေရာမှာ မြင်ခဲ့တာပါ ဒေါ်လေးစွင်ရဲ့ ကြက်ဥတွေကို...."


ထိုစကားလုံးများ သူ့ပါးစပ်ထဲမှထွက်လာသည့် အခိုက်အတန့်မှာပင် ကျန်းလဲ့က သက်ပြင်းချလိုက်သည်ကို မြင်လိုက်ရ၏။ ရွှီယိုချိုက်မှာမူ ကြောက်စရာကောင်းသည့် အကောင်တစ်ကောင်က သူ့ရင်ဘက်ပေါ် တွားသွားပြီး တက်လာသကဲ့သို့ လေးလံလာသည်။


လုံလောက်ပြီဖြစ်သဖြင့် ကျန်းလဲ့က ဆက်ပြောလိုက်သည်။

"ရွှီကျစ်ချင်း ကျွန်တော်ထင်တာသာ မမှားရင် ခင်ဗျားတို့ ပညာတတ်လူငယ်တွေအားလုံးက ရွာရဲ့တစ်ဖက်ခြမ်းမှာ နေကြတာလေ ... အလုပ်ပြီးသွားရင်လည်း အားလုံးက ခင်ဗျားတို့ကို အနားယူဖို့ပေးထားတဲ့ ပညာတတ်လူငယ်လေးတွေရဲ့ အိပ်ဆောင်ကို ပြန်ကြရတာ... ဘာလို့ ခင်ဗျားက ဒီနေရာကို ဖြတ်သွားရတာလဲ... နောက်ပြီး မှောင်မှောင်မဲမဲကြီးထဲမှာ ခင်ဗျားဘာလုပ်ဖို့ ကြံစည်နေတာလဲ"


ပညာတတ်လူငယ်လေးများမှာ တောင်သူလယ်သမားများထံမှ ပြန်လည်ပညာသင်ယူရန်အတွက် ကျေးလက်ဒေသသို့ စေလွှတ်ခံထားရခြင်းဖြစ်သည်။ ဒီဘက်ခေတ်တွင် အလုပ်ကြိုးစားပြီး ဆင်းရဲဒုက္ခခံနိုင်သူများအား လူတော်လူကောင်းများအဖြစ် သတ်မှတ်ကြပြီး အခွင့်ထူးခံ ဇိမ်ကျကျနေထိုင်ခွင့် မပေးထားပေ။


ယောက်ျားလေး ပညာတတ်လူငယ်လေးများ၏ အိပ်ဆောင်မှာ ပြန်လည်ပြုပြင်ထားသည့် နွားတင်းကုပ်တစ်ခုဖြစ်သည်။ ထိုနွားတင်းကုပ်ကို ဆောက်လုပ်ခဲ့ချိန်တွင် မည်သူကမှ နွားချေးစော်နံသည့် နွားတင်းကုပ်အား ရွာလယ်မှာ မထားချင်ကြသဖြင့် ရွာအဝင်လမ်းနှင့် မီတာပေါင်းများစွာဝေးသည့်နေရာတွင် နွားတင်းကုပ်ကို ဆောက်ထားခဲ့ခြင်းဖြစ်သည်။


ပညာတတ် လူငယ်လေးများသည် ရွာသားများနှင့်အတူတကွ လယ်ထဲမှာ နေ့စဉ်နေ့တိုင်း ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ကြရသည်။ ယခုအချိန်မှာ အလုပ်များသည့် ကောက်စိုက်ကာလ ဖြစ်လေရာ မြို့ကြီးသားနုနုယွယွ ပညာတတ်လူငယ်လေးများ မဆိုထားဘိ ရွာခံများသည်ပင် တစ်နေကုန်တစ်နေခမ်း လယ်ယာအလုပ်များ လုပ်ရသဖြင့် ပင်ပန်းနွမ်းနယ်နေကြသည်။ 


မည်သို့သော လူမျိုးကမှ တစ်နေကုန် ပင်ပင်ပန်းပန်း လယ်ယာလုပ်ထားပြီးမှ ညဘက်တွင် တစ်မျှော်တစ်ခေါ်ကြီး ရွာတစ်ဖက်ခြမ်းသို့လာသည်မှာ ယုတ္တိမတန်ပေ။ ထို့ကြောင့် ကျန်းလဲ့က ထိုအချက်ကို ထောက်ပြလိုက်သည်နှင့် လူတိုင်းဟာ တစ်စုံတစ်ရာမှားယွင်းနေသည်ကို ချက်ချင်းပင် တွေးတောဆင်ခြင်မိကြသည်။


ရွှီယိုချိုက်မှာ ဇောချွေးများပြန်လာပြီး ပျာပျာသလဲဖြင့် ရှင်းပြလာသည်။

"ငါ.. ငါက အခြားသူတွေနဲ့ သိပ်အဆင်မပြေတော့ ပညာတတ်လူငယ်တွေရဲ့ အိပ်ဆောင်မှာ မနေချင်လို့ပါ... အဲဒါကြောင့် ခေါင်းကြည်အောင်လို့ လမ်းလျှောက်ထွက်လာတာ"


ဤဆင်ခြေမှာ အနည်းငယ်တော့ အဓိပ္ပါယ်ရှိနေသော်လည်း ယခုခေတ်မှာ စည်းလုံးညီညွတ်မှုအား အလွန်အလေးထားသည့် ကာလဖြစ်လေရာ လူအများနှင့် လိုက်လျောညီထွေမဖြစ်ဘဲ တစ်ယောက်တည်း သင်းကွဲဖြစ်နေသည်မှာ အမြင်သိပ်မကောင်းပေ။


လူတိုင်း၏အတွေးထဲ၌ : 'လူတစ်ယောက်နှစ်ယောက်လောက်က မင်းကို သဘောမကျတာလောက်ကိုတော့ နားလည်ပေးလို့ရပါတယ်... ဒါပေမယ့် လူတိုင်းက သဘောမကျဘူးဆိုရင်တော့ မင်းကိုယ်တိုင်ကိုက ပြဿနာဖြစ်နေတာပဲ'


ထိုသို့တွေးမိကြလေလေ ရွှီယိုချိုက်၏ စကားများအား ယုံကြည်ရန် ခက်ခဲလာလေလေ ဖြစ်လာကြသည်။


ထို့အပြင် ကျန်းလဲ့ပြောသည့်အတိုင်း သူတို့အားလုံးဟာ "ပစ္စည်းမဲ့ ညီအစ်ကိုများ" ဖြစ်ကြလေရာ သေချာတွေးကြည့်လျှင် ထိုသို့အတိအကျ အဓိပ္ပါယ်ရသည် မဟုတ်ပါလား။


အိုး.. ကျန်းအိမ်က ကောင်လေးက ဒီလိုလည်း ပြောတတ်သေးတယ်လား...

ကျန်းလဲ့၏ ထိုသို့သောစကားကြောင့် သူ့ကိုသံသယဝင်ခဲ့မိကြသော ရွာသားများအားလုံးမှာ စိတ်မကောင်းဖြစ်သွားကြသည်။


မည်သူကမှ ပေါ်တင်ထုတ်မပြောသော်လည်း ရွာသားများ အားလုံး၏ စိတ်နှလုံးမှာ ကျန်းလဲ့ ဘက်သို့ အလေးသာနေပြီဖြစ်သည်။ သို့သော်လည်း မလုံလောက်သေးပေ။ 

ကျန်းလဲ့က ဖြည်းညှင်းစွာ ခေါင်းညိတ်လိုက်သည်။

"ကောင်းပါပြီ အစ်ကိုက ဒီနေရာကို ခေါင်းကြည်ချင်လို့ လမ်းလာလျှောက်တာလို့ ပြောခဲ့တယ်နော်..."


အနီးနားရှိ လူတစ်ယောက်က ထပြီးပြောလာသည်။

"ဒီကျန်းအိမ်က ကောင်လေးနှယ် အရမ်းရိုးသားတာပဲ... ဘယ်သူက ညကြီးမိုးချုပ် လမ်းလျှောက်ထွက်မှာလဲ ဒီစကားကို ငတုံးပဲယုံမယ်... ရွာကို ဒုက္ခပေးချင်တဲ့သူတွေကပဲ ညဘက်မှာ လျှောက်သွားတတ်ကြတာ"


ကျန်းလဲ့၏နှုတ်ခမ်းများမှာ တွန့်ကွေးသွားသော်လည်း သူက ပြန်လည်ထိန်းချုပ်လိုက်သည်။

"ရွှီကျစ်ချင်းက ဒေါ်လေးစွင်တို့မိသားစုနဲ့ ရင်းနှီးလားဗျ"


ရွှီယိုချိုက်ပင် ပြန်မဖြေရသေးခင်မှာ စွင်ယွီလန်က ထိတ်ထိတ်ပျာပျာ အမူအယာနှင့် လက်တခါခါပြောလာသည်။ 

"ဘယ်ကသာ ရင်းနှီးရမှာလဲကွယ်... ဒီရွှီမျိုးရိုးကောင်လေးရဲ့နာမည်ကိုတောင် မသိရပါဘူး"


ရွှီယိုချိုက်၏မျက်နှာကြီးမှာ မည်းမှောင်သွားတော့သည်။

ဒီတောသား လူရိုးလူအ တွေကများ ရာရာစစ ငါ့ကိုအထင်သေးရဲတယ်ပေါ့...


ကျန်းလဲ့က ခေါင်းညိတ်လိုက်သည်။

"ရွှီကျစ်ချင်းကသာ ဒေါ်လေးနဲ့ မရင်းနှီးရင် ဒီကြက်ဥတွေက ဒေါ်လေးစွင်ရဲ့ ကြက်ဥတွေမှန်း ဘယ်လိုလုပ် သေချာသိနေတာလဲ... ကြက်ဥတွေမှာ ဒေါ်လေးရဲ့နာမည် ရေးထားလို့လား"


ဒေါ်လေးစွင်က ခေါင်းခါပြလေ၏။

"ဒေါ်လေးက ကြက်ဥတွေပေါ်မှာ နာမည်မရေးထားပါဘူး"


ရွှီယိုချိုက်မှာ ထိတ်ထိတ်ပျာပျာ ဖြစ်လာတော့သည်။

"ကျွန်... ကျွန်တော်က ဒီခြင်းတောင်းကို.. ဒေါ်လေးစွင် သယ်သွားဖူးတာ တစ်ခါမြင်ဖူး..."


ယခုတစ်ကြိမ်တော့ ကျန်းလဲ့ကိုယ်တိုင် ဖော်ထုတ်ရန်ပင် မလိုအပ်တော့ပေ။ ဒေါ်လေးစွင်က အရင်ဆုံး ဖြတ်ပြောလာသည်။


"ငါ ဒီခြင်းတောင်းကို ဟိုဘက်ရွာက ဝါးခြင်းတောင်းယက်သမားဆီကနေ ကြက်ဥတစ်လုံးနဲ့ လဲလှယ်ပြီး ရခဲ့တာ...တို့ရွာက လူတွေအများကြီးဆီမှာလည်း ဒီလိုခြင်းတောင်းမျိုးတွေ ရှိကြတယ်။ကျန်းအိမ်မှာတောင် ဒီလိုခြင်းတောင်းမျိုး တစ်ခုရှိတယ်မဟုတ်လား"


ကျန်းမိသားစုမှ သက်လတ်ပိုင်းအရွယ် အမျိုးသမီးကြီးက စိတ်အားထက်သန်စွာဖြင့် ခေါင်းတဆတ်ဆတ်ညိတ်ပြသည်။

"ဟုတ်တယ်... ကျွန်မတို့အိမ်က ခြင်းတောင်းနဲ့လည်း ချွတ်စွပ်တူတယ်... ကျွန်မတို့အိမ်မှာသာ ကြက်ဥကုန်မနေရင် ဒီခြင်းတောင်းကို ကျွန်မတို့အိမ်ကခြင်းတောင်းလို့ ထင်မိမှာပါပဲ"


ရွှီယိုချိုက်၏ နှုတ်ခမ်းများမှာ တဆတ်ဆတ် တုန်ရီနေသည်။ သူဟာ ယခုအချိန်တွင် လုံးလုံးလျားလျားကို ပျာယာခတ်နေပြီဖြစ်ပြီး မည်သို့ခုခံပြောဆိုရတော့မည်ကိုလည်း မသိတော့ပေ။


ကျန်းလဲ့ကတော့ သူ့ကို အခွင့်အရေးပေးရန် အစီအစဉ်မရှိပေ။ ခေါင်းကိုငုံ့ချလိုက်ပြီး မျက်ရည်များကို ညှစ်ထုတ်လိုက်သည်။သူ့ပုံစံမှာ ငိုမချမိစေရန် မျက်ရည်များကို အတင်းထိန်းထားရသည့် ပုံစံဖြစ်နေသဖြင့် လူများက သူ့အား သနားမိသွားကြသည်။


"ကျွန်တော်က အမြဲတမ်း အစ်ကိုတို့လို ထက်မြက်ပြီး ဗဟုသုတနဲ့ပြည့်စုံတဲ့ ပညာတတ်လူငယ်တွေကို လေးစားခဲ့တာပါ...."


သူ့အသံမှာ တုန်ရီမောဟိုက်နေသည်။

"ဒါပေမယ့် ရွှီကျစ်ချင်းက ကျွန်တော့်ကို အခုလိုချောက်တွန်းလိမ့်မယ်လို့တော့ တစ်ခါမှ မထင်ထားခဲ့မိဘူး...ကျွန်တော့်ကို သိပ်သဘောမကျကြဘူးဆိုတာ ကျွန်တော်သိပါတယ်... ဒါပေမယ့် ကျွန်တော်က ကန်းကျစ်ရွာသား ဖြစ်နေတုန်းပါပဲ... အစ်ကို့ရဲ့ အပြုအမူတွေက ရွာမှာရှိတဲ့ ဦးလေးတွေနဲ့ ဒေါ်လေးတွေအပေါ် ဘယ်လိုအဓိပ္ပါယ် သက်ရောက်စေလဲ အစ်ကိုသိလား...ကျွန်တော့်ကို ဂုဏ်သိက္ခာကျဆင်းအောင် ချောက်တွန်းမယ်ဆိုလည်း ရပါတယ်။ ဒါပေမယ့် အခြားရွာသားတွေက ကျွန်တော်တို့ရွာက ရွာသားတွေကို ရိုးသားမှုမရှိဘူးလို့ မြင်ကြလိမ့်မယ်... အဲ့ဒီအခါကျ ကျွန်တော်တို့ ကန်းကျစ်ရွာသားတွေက ဘယ်လိုလုပ် ထပ်ပြီး ခေါင်းမော့နိုင်တော့မှာလဲ"


သူပြောလိုက်သည့်စကား ဆုံးသွားသည်နှင့် ရွာသူရွာသားများက သဘောတူညီစွာ ခေါင်းညိတ်ပြကြသည်။ ဤခေတ်တွင် ရွာတစ်ရွာ၏ နာမည်သတင်းကို လွန်စွာဂရုစိုက်ကြသည်။ ရွာနာမည်ပျက်လျှင် ရွာသားတွေလည်း အရှက်ရတော့မှာဖြစ်သည်။


သူတို့၏ သားသမီးများက သတို့သား၊ သတို့သမီး ရှာသည့်အခါ အခြားသောရွာသားများက သူတို့ရွာမှလူများကို အကျင့်စာရိတ္တ မကောင်းသူများဟု မြင်နေကြလျှင် ဘယ်နှယ့်လုပ်ရပါမည်နည်း။


သို့ရာတွင် မည်သူမျှ စကားမပြောနိုင်သေးခင်မှာပင် ကျောက်မိန်လျန်က ရုတ်တရက် အော်ဟစ်လိုက်သည်။

"ယောင်းအာ"


ရွာသားများမှာလည်း အချိန်ကိုက် လှည့်ကြည့်လာကြလေရာ စောနကမှ မတ်မတ်ရပ်နေခဲ့သည့် ရဲရင့်သောလူငယ်လေးမှာ သွေးဆုတ်ဖြူလျော်နေသော မျက်နှာလေးဖြင့် မေ့လဲကျသွားသည်ကို မြင်လိုက်ရတော့သည်။


နဂိုက ကျန်းလဲ့အား ကြည့်မရကြသော သူများပင်လျှင် ထိတ်လန့်တကြား အော်ဟစ်မိသွားသည်။


"ကျန်းလဲ့က ရွှီယိုချိုက်ကြောင့် မေ့လဲသွားရှာပြီဟေ့"


____


ယောင်းအာ-အငယ်ဆုံးလေး