အခန်း (၆) ဝိဉာဉ်အသိဉာဏ်
ပစ္စည်းကိုပင် ထုတ်ယူ၍မပြီးသေးမီ ကျန်းကျောထံသို့ လူတစ်အုပ် စုပြုံရောက်ရှိလာသည်။
မကြာသေးမီက ကျန်းမိသားစု၏ အရှုပ်တော်ပုံများမှာ သတင်းစာမျက်နှာတိုင်းတွင် နေရာယူထားသဖြင့် ကျန်းကျောနှင့် ရင်းနှီးသော အတန်းဖော်များမှာ အတွင်းရေးကို သိလိုကြသော်လည်း သူ့ကို ဆက်သွယ်၍ မရခဲ့ကြပေ။ ယခု ကျန်းကျော ပေါ်လာသောအခါတွင်လည်း ပြိုင်ပွဲမစမီက အချိန်မရလိုက်သဖြင့် မနှုတ်ဆက်နိုင်ခဲ့ကြသမျှ ယခုမှပင် ဝိုင်းအုံလာကြခြင်း ဖြစ်၏။
ရှေ့ဆုံးသို့ တိုးဝှေ့ထွက်လာသော မိန်းကလေးမှာ ကျန်းကျောထက် ခေါင်းတစ်လုံးစာမျှ ပုသဖြင့် သူ့ကို မော့ကြည့်နေရရင်း မေးလိုက်သည်။
"ကျန်းသခင်လေးရေ… ဘာလို့ WeChatမှာ ပြန်မဖြေတာလဲလို့? ငါ အများကြီး ပို့ထားတာကို!"
"ဟုတ်ပါ့…ဟုတ်ပါ့"
အခြား အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး ကောင်လေးတစ်ယောက်ကလည်း ကျန်းကျော၏ ပခုံးကို ပုတ်ရင်း ဆို၏။
"မင်းက သတင်းစာမျက်နှာတိုင်းရဲ့ ထိပ်ဆုံးမှာပဲဆိုတော့ ညီအစ်ကိုတွေကိုတောင် အဆက်အသွယ် မလုပ်တော့ဘူးပေါ့... ဘာလဲ? မင်း အနုပညာလောကထဲများ ခြေစုံပစ်ဝင်တော့မလို့လားကွ? ဒါတော့ မတရားဘူးနော်"
ကျန်းကျောက နောက်ဆုံးတွင် အနည်းငယ် ပြုံးပြလိုက်ပြီး
"တောင်းပန်ပါတယ်ကွာ… ဖုန်းထဲမှာ မက်ဆေ့ခ်ျတွေ အရမ်းများနေလို့ မမြင်လိုက်မိတာပါ။ အခုတော့ ငါတို့ ဆုံနေကြပြီပဲ မဟုတ်လား?”
ပထမဆုံး ပြောခဲ့သည့် မိန်းကလေးက စိုးရိမ်တကြီး မေးလာပြန်၏။
"ဒါနဲ့... နင်တို့မိသားစု မျိုးဆက်ပြတ်မြေပေါ်မှာ အဆောက်အအုံ ဆောက်မိတယ်ဆိုတာ တကယ်ပဲလား?”
သူမ၏ မျက်လုံးထဲတွင် အမှန်တကယ် စိုးရိမ်နေသည့် အရိပ်အယောင်များ ရှိနေသဖြင့် ကျန်းကျောကလည်း အဆင်သင့်ပင် "မဟုတ်ပါဘူး" ဟု ပြန်ဖြေပေးလိုက်သည်။
"တောက်! ဒါဆို အဲဒီ ပိုင်ရှန့်ဝေ ဆိုတဲ့ အဖိုးကြီးက ကောလာဟလတွေ လျှောက်ဖြန့်နေတာပေါ့ အရှက်မရှိလိုက်တာ!"
မျက်မှန်နှင့် လူကောင်သေးသေး ကောင်လေးတစ်ယောက်က ကျန်းကျော၏ စကားကို ကြားသည်နှင့် ကျိန်ဆဲပစ်လိုက်တော့၏။
သူက ဆက်ပြောလာသည်။
"မင်း ဒီလောက်ကြီးတဲ့ အမှားမျိုး မလုပ်ဘူးဆိုတာ ငါ သိသားပဲ။ မနေ့ကတောင် ပိုင်ရှန့်ဝေရဲ့ ဖန်တွေ Tieba မှာ တင်ထားတဲ့ ပို့စ်တွေကို ငါ Report ထုလိုက်သေးတယ်”
ကျန်းကျောမှာ အိတ်ကပ်ထဲကိုသာ လက်နှိုက်နေရင်း ချောကလက်အချို့ကို ရှာတွေ့သွားတော့၏။ သူ တွန့်ဆုတ်မနေဘဲ တစ်ခုကို ဖောက်ကာ ပါးစပ်ထဲ ထည့်လိုက်ရင်း…
"သူတို့ကို ဂရုမစိုက်နဲ့... ပြောချင်သလို ပြောပါစေ။ နောက်မှ သူတို့ နောင်တရတဲ့အခါ သူတို့လုပ်ခဲ့တဲ့ အမိုက်မှားတွေကို ပြန်ကြည့်ပြီး သင်ခန်းစာ ရသွားကြလိမ့်မယ်”
အရပ်ရှည်ရှည် ကောင်လေးက ရယ်မောလာတော့သည်။
"ငါတို့တောင် ဘာမှလုပ်စရာ မလိုပါဘူးကွာ။ မင်းက ငါတို့ဌာနက ကျောင်းသူလေးတွေရဲ့ အကာကွယ်ပေးခံရဆုံး ပုဂ္ဂိုလ်ကြီးပဲလေ။ မင်းကို ဆဲတဲ့သူမှန်သမျှ အကုန် အဖက်မတန်အောင် ပြန်အဆဲခံထားရပြီးသား။ တခြား အကူအညီလိုရင်လည်း ပြောဦး... ဟောဒီက ကျန်းသခင်လေး အလုပ်တွေ ပြီးသွားရင်တော့ ကျွန်တော်မျိုးကိုလည်း တစ်နပ်လောက် အဝကျွေးမှာကို စောင့်နေမယ်နော်”
"ဟုတ်ပါပြီကွာ အားလုံးကို ကျေးဇူးတင်ပါတယ်။ အကူအညီလိုရင် ပြောမှာပေါ့။ ဒါပေမဲ့ အခုက သိပ်ကိစ္စမရှိသေးဘူး၊ မကြာခင် ပြေလည်သွားတော့မှာရယ်”
ကျန်းကျောက သူနှင့် အနီးဆုံးရှိ ကောင်လေး၏ ပခုံးကို ပုတ်ကာ စနောက်လိုက်၏။
"အဲဒီကျရင်တော့ အကြီးအကျယ်ကို ကျွေးရမှာပေါ့ကွာ၊ သုံးရက်ဆက်တိုက် စားကြမယ်”
အတန်းဖော်များမှာ မူလက ကျန်းကျောကို ညစာ အတူသွားစားရန် ဖိတ်ချင်ပါသော်လည်း လူအများကြီးဆိုလျှင် သတင်းထောက်များကို ဆွဲဆောင်မိသကဲ့သို့ ဖြစ်မည်စိုးသဖြင့် ကျန်းကျောက ငြင်းလိုက်သည်။ သူ စိတ်ဓာတ်မကျနေသည်ကို မြင်ရသည့်အခါမှ အားလုံးလည်း စိတ်အေးသွားကာ လူစုခွဲသွားကြ၏။
ကျန်းကျောက ပြိုင်ပွဲကျင်းပရာနေရာနှင့် အနီးဆုံးဆိုင်သို့သာ သွား၍ ပေါင်မုန့်နှင့် ဒိန်ချဉ် ဝယ်လိုက်သည်။ သူ ပြန်ပြီး အနားယူတော့မည့်အချိန်တွင် သတင်းထောက်တစ်ဦးနှင့် မထင်မှတ်ဘဲ တိုးတော့၏။
အနှီ မိန်းကလေး သတင်းထောက်မှာ ပါးနပ်စွာဖြင့် ဆိုင်ကယ်တစ်စီးကိုပင် ရှာလာခဲ့သေးပြီး သူ လမ်းကြားထဲ ဝင်အလာတွင် ရှေ့မှ ပိတ်ရပ်ပစ်လိုက်သည်။
ကျန်းကျော : "...”
"အချောလေး၊ ကူညီပါဦးနော် မေးခွန်းလေး နည်းနည်းပဲ ဖြေပေးပါလို့"
ထိုသတင်းထောက်မလေးမှာ လက်အုပ်ချီလျက် တောင်းပန်တိုးလျှိုးနေပြီး ဖားသည့်အပြုံးမျိုးဖြင့်လည်း ပြုံးပြနေ၏။
"ကျွန်မ အခုမှ အလုပ်စဝင်တာမို့ ရလဒ်ကောင်းတွေ လိုအပ်နေလို့ပါ။ ကူညီပါနော်”
ကျန်းကျောသည် စိတ်ရှည်တတ်သည့်လူစား မဟုတ်ပေ။ သူက မကြိုက်သည့် မျက်နှာထားဖြင့် လက်ကာပြကာ အားမနာစတမ်း ပြောပစ်လိုက်သည်။
"ဆောရီးပဲ ကျွန်တော် ဘာမှ မပြောနိုင်ဘူး။ ထမင်းစားဖို့ အလျင်လိုနေလို့ ဖယ်ပေးပါဦး၊ ကျေးဇူးတင်ပါတယ်”
သတင်းထောက်က ထပ်ပြောပြန်၏။
"မေးခွန်းတစ်ခုတည်းပါပဲဆို ဖြစ်တယ်မလားဟင်? ကျွန်မ ဒီနေရာကို ခက်ခက်ခဲခဲ ရှာလာရတာကို ထောက်ထားပြီးတော့ပဲဖြစ်ဖြစ်…”
ကျန်းကျောကလည်း ဘုနှင့်ဘောက်ပြန်ပြောလိုက်သည်။
"မရဘူး ငါ သွားရတော့မှာ။ မင်း ဒီလောက် အလုပ်ကြိုးစားနေတာ.. ငါ့အခန်းထဲကို ပြတင်းပေါက်ကနေ ခိုးဝင်ဖို့ပဲ ကြိုးစားကြည့်ပါလား”
အနီးကပ် ကြည့်လိုက်သောအခါ ဤအမျိုးသားမှာ အရပ်ရှည်ပြီး အသားဖြူကာ တီဗီထဲကထက်လည်း ပိုချောနေသည်။ သတင်းထောက်မလေးမှာ စောစောက ကံကောင်းပြီဟု ထင်ထားခဲ့မိသော်လည်း ကျန်းကျော၏ စကားအဆုံးတွင်မူ ဆွံ့အသွားရတော့၏။
သို့နှင့် သူမက စိတ်တိုတိုဖြင့်ပင် ခြိမ်းခြောက်လာတော့သည်။
"ရှင်သာ မပူးပေါင်းပေးဘူးဆိုရင် အခုချက်ချင်း တခြား သတင်းထောက်တွေကိုပါ ဖုန်းဆက်ခေါ်ပစ်လိုက်မယ်...အဲဒီခါကျရင် ရှင် ဘယ်မှ ထွက်သွားလို့မရတော့ဘူး!"
ကျန်းကျော၏ မျက်နှာထားက အေးစက်သွားပြီး သူမကိုသာ စိုက်ကြည့်ပစ်လိုက်၏။
သူ၏ သဘောထားမှာ အလွန်အမင်း ရန်လိုသည် မဟုတ်သော်လည်း ဖော်ရွေသည်လည်း မဟုတ်ပေ။ သတင်းထောက်မလေးမှာ "ငါသာ နည်းနည်းလောက် ထပ်ပူဆာလိုက်ရင် သူ သဘောတူတော့မှာပဲ" ဟု ထင်ခဲ့မိသော်လည်း ကျန်းကျော၏ စူးရှသော အကြည့်နှင့် ဆုံလိုက်ရသောအခါတွင်မူ ရင်ထဲထိပါ တုန်လှုပ်သွားပြီး ထိတ်လန့်သွားရတော့သည်။
ကျန်းကျောမှာ အနည်းငယ် မျက်မှောင်ကြုတ်မိသွားရင်း ဆို၏။
"ငါ အမုန်းဆုံးက ခြိမ်းခြောက်တာပဲ။ မင်းကို သတိပေးလိုက်မယ် မမေးသင့်တာတွေကို မမေးနဲ့"
ထို့နောက် သူက ရှေ့သို့ နှစ်လှမ်း တိုးလာသဖြင့် သတင်းထောက်မလေးမှာ ကြောက်သွားရတော့သည်။ ကျန်းကျော ဘာလုပ်မည် မသိ၍ ကြောက်ကြောက်နှင့် နောက်သို့ ဆုတ်လိုက်ရာ သူမကိုယ်တိုင် လမ်းပိတ်ထားသည့် ဆိုင်ကယ်နှင့် ပြန်တိုက်မိတော့၏။
ယခုအချိန်တွင် အသိဉာဏ်အရှိဆုံး လုပ်ရပ်မှာ ဆိုင်ကယ်ကို ဘေးကပ်ပြီး လမ်းဖယ်ပေးရန် ဖြစ်သော်လည်း သတင်းထောက်မလေးခမျာ ကြောက်ကြောက်လန့်လန့်ဖြင့် အကုန်မေ့သွားပြီး ထစ်ထစ်ငေါ့ငေါ့ပင် မေးလိုက်မိေတာ့သည်။
"ရှင်... ရှင် ဘာလုပ်မလို့လဲ?"
ကျန်းကျောကတော့ အေးစက်စွာ ပြောလိုက်၏။
"လူခေါ်ဦးမလား? ခေါ်ချင်ရင် ခေါ်လေ... မခေါ်ချင်ရင်လည်း နေ”
ပြောပြီးသည်နှင့် သူက နံရံကို ခြေဖျားဖြင့် ပေါ့ပါးစွာ ကန်ကာ အပေါ်သို့ ခုန်တက်လိုက်ပြီး နံရံပေါ်မှတစ်ဆင့် အခြားတစ်ဖက်သို့ ခုန်ချကာ မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။ ကြောက်လန့်နေသည့် သတင်းထောက်မလေးသာ ထိုနေရာ၌ မှင်တက်လျက် ကျန်ရစ်ခဲ့တော့၏။
အဲဒီလိုလည်း လုပ်လို့ရတာပဲလား!
ထိုညနေမှာပင် Weibo ပေါ်၌ #ကျန်းကျော# ဆိုသည့် ခေါင်းစဉ်အောက်တွင် ပို့စ်အသစ်တစ်ခု တက်လာတော့သည်။
"ယောင်္ကျားတွေအားလုံးက တကယ့် ဝက်ကြီးတွေပဲ…ဟွန်း!”
ထိုပို့စ်နှင့်အတူ ဗီဒီယိုတစ်ခုထဲမှ စခရင်ရှော့ တစ်ပုံလည်း ပါလာခဲ့သေး၏။
ဆယ်မိနစ်အကြာတွင်မူ ပို့စ်တင်သူကပင် "ဒါပေမဲ့ အဲဒီဝက်ကြီးက အရမ်းမိမိုက်နေတော့လည်း သူ့ကို လေးစားမိနေပြန်ရော" ဟု ကောမန့် ထပ်ရေးထားပြန်သည်။
အမှန်စင်စစ် ထိုသတင်းထောက်မလေးနှင့် ဖြစ်ရပ်မှာ ကျန်းကျောအပေါ် ဘာသက်ရောက်မှုမှ မရှိခဲ့ပေ။ သူ အခန်းထဲ ပြန်ရောက်သည်နှင့် ဆိုဖာပေါ်၌ ထိုင်ရင်း ပေါင်မုန့်နှင့် ဒိန်ချဉ်ကို ချလိုက်စဉ် ဖုန်းထဲတွင်လည်း ပစ္စည်းလဲလှယ်မှု ပြီးဆုံးကြောင်း သတိပေးချက် တက်လာတော့၏။
ကျန်းကျော "OK" ကို နှိပ်လိုက်ရာ ရေဖန်ခွက်ခန့်သာ အရွယ်အစားရှိသည့် အနက်ရောင် စက်ပစ္စည်းတစ်ခုက အရှေ့မှ စားပွဲပေါ်တွင် ပေါ်လာသည်။ ၎င်း၏ ရှေ့ဘက်တွင် ကင်မရာပါပြီး ဘေးတွင်မူ နှစ်နှင့် ရက်စွဲ ချိန်ညှိရန် အမှတ်အသားများ ပါရှိ၏။
သူ ဤ "အချိန်ပြကင်မရာ" ကို မရွေးချယ်မီကပင် လမ်းညွှန်ချက်ကို ဖတ်ပြီးသားပင်။ တစ်ကြိမ်သာ သုံးခွင့်ရသော်လည်း သူ့အတွက်တော့ လုံလောက်သည်။
ကျန်းကျော ထိုပစ္စည်းကို ကိုင်ကြည့်ရင်း သဘောကျသွားကာ လေချွန်လိုက်မိလျက်။
ယခုက မွန်းလွဲချိန် ဖြစ်၏။ နောက်တစ်ဆင့်မှာ မှောင်သွားသည်နှင့် ကျင်းယွဲ့ဗီလာသို့ သွား၍ တစ်ညတည်းနှင့် အပင်များ ဘာကြောင့် သေကုန်ရသလဲဆိုသည်ကို ဓာတ်ပုံရိုက်ကြည့်ရန်သာ။ သက်သေသာ ခိုင်ခိုင်လုံလုံ ရပါက အရာအားလုံး ရှင်းလင်းသွားပေလိမ့်မည်။
အရေးကြီးသည့် ပြဿနာ ပြေလည်သွားပြီဖြစ်သဖြင့် ကျန်းကျောက ပစ္စည်းများကို ကျောပိုးအိတ်ထဲ ပြန်ထည့်လိုက်သည်။ ထို့နောက် စောစောက ဝယ်လာသည့် ပေါင်မုန့်ကို ထုတ်ကာ ဗိုက်အရင်ဖြည့်ရန် ပြင်လိုက်၏။
သူ ပေါင်မုန့်ထောင့်စွန်းနားကို တစ်ကိုက် ကိုက်ရန် ပြင်လိုက်စဉ်မှာပင် ဖော်ရွေသော အသံတစ်ခု ထွက်ပေါ်လာသည်။
"ဟေ့ လူငယ်လေး၊ ငါ့မှာ ဆီနဲ့ သကြားတွေ အများကြီးပါပြီး အာဟာရဓာတ်လည်း နည်းတယ်နော်။ ငါ့ကို အများကြီးစားရင် ကျန်းမာရေး ထိခိုက်လိမ့်မယ်!”
ကျန်းကျော၏ လက်များ တောင့်တင်းသွားလျက်။ ခဏအကြာတွင် သူက လက်ထဲက ပေါင်မုန့်ကို ငုံ့ကြည့်လိုက်၏။
ဤတစ်ကြိမ်တွင်မူ သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရလေပြီ။ သူ ကိုက်စားတော့မည့် ပေါင်မုန့်က ယဉ်ယဉ်ကျေးကျေး မေးနေခြင်းပင်။
"ဒါကြောင့် မင်းရဲ့ ကျန်းမာရေးအတွက် ငါ့ကို တကယ် စားချင်တာ သေချာရဲ့လား?”
ကျန်းကျော ခေတ္တ တိတ်ဆိတ်သွားပြီးမှ သတိထား၍ ပြန်ဖြေလိုက်သည်။
"...မင်းကို ကိုက်လိုက်တဲ့အခါ မင်း အော်မနေဘူးဆိုရင်ပေါ့”
"မဟုတ်တာ ငါတို့ ပေါင်မုန့်တွေက နာကျင်မှုမှ မခံစားရတာ"
ပေါင်မုန့်က ဆို၏။
"ဒါပေမဲ့ ငါ့ရဲ့ ပေါင်မုန့်ဘဝလေး ဒီလိုပဲ ပြီးဆုံးသွားတော့မယ်လို့ တွေးမိရင်တော့လည်း နည်းနည်းတော့ နောင်တရမိတာပေါ့”
ယခုတော့ သေချာသွားလေပြီ၊ ဤသည်မှာ တစ်စုံတစ်ယောက်က သူ့ကို နောက်ပြောင်နေခြင်းမဟုတ်ဘဲ ဤပစ္စည်းက တကယ် စကားပြောနေခြင်း ဖြစ်သည်။
အက်ပ်က ပေးထားသည့် ကျွမ်းကျင်မှုဖြစ်သော "ဝိဉာဉ်အသိဉာဏ်ရှိသည့် အရာဝတ္ထုများနှင့် ဆက်သွယ်ခြင်း" မှာ ယခုမှ အသက်ဝင်လာခြင်း ဖြစ်ကြောင်း ကျန်းကျော သဘောပေါက်သွားတော့၏။
ကျန်းကျောမှာ စောစောက အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့ရသော်လည်း ယခုမူ သူ အရာအားလုံးကို နားလည်သွားလေပြီ။
ဒါက မယုံနိုင်စရာပဲ! ပေါင်မုန့်က အသက်ဝင်နေတယ်…သူ ဗိုက်အရမ်းဆာနေတဲ့ အချိန်ကြီးမှာမှပေါ့!
ဒါက လူကို ဒုက္ခပေးနေတာ မဟုတ်ဘူးလား?
ကျန်းကျောက ပေါင်မုန့်ကို ခဏမျှ စိုက်ကြည့်နေပြီးမှ မေးလိုက်သည်။
"မင်း ဘာကို နောင်တရနေတာလဲ?”
သူက ပေါင်မုန့်၏ နောင်တကို ဖြေရှင်းပေးပြီးမှ ကောင်းမွန်စွာ စားပစ်ရန် စဉ်းစားလိုက်ခြင်းပင်။
"ငါ သိတယ်!”
ဤတစ်ကြိမ်တွင်မူ ကျန်းကျော၏ ကျောပိုးအိတ်က အကျယ်ကြီး အော်ပြောလိုက်ခြင်း ဖြစ်၏။
"သူက အချောလေးတွေကို ကြိုက်တာ! သူ့ဘဝရဲ့ အကြီးမားဆုံး ဆန္ဒက ရုပ်ချောပြီး သဘောကောင်းတဲ့ ကောင်လေးတစ်ယောက်ဆီကနေ စားသုံးတာကို ခံရဖို့ပဲ!”
ကျန်းကျော : "..."
ဤအိတ် သူ့ဆီ၌ ရှိနေသည်မှာ တစ်နှစ်ကျော်ပြီ ဖြစ်သည်။
သူ ပေါင်မုန့်၏ သက်တမ်းကုန်ဆုံးရက်ကို ကြည့်လိုက်ကာ…
"...မင်းရဲ့ သက်တမ်းက တိုတိုလေးဆိုပေမဲ့ ရည်မှန်းချက်ကတော့ မသေးဘူးပဲ”
ပေါင်မုန့်မှာ စိတ်လှုပ်ရှားသွားပြီး မွှေးကြိုင်သော ထောပတ်နံ့များပင် ထွက်ပေါ်လာသည်။
"ငါ ဆိုင်ရဲ့စင်ပေါ်မှာ ရှိနေတုန်းက တီဗီအစီအစဉ်တွေ အများကြီး ကြည့်ခဲ့ရလို့ အမြင်ကျယ်နေတာပါ... အို... သခင်လေးရယ် မင်းက ချောတာတော့ ချောပါတယ်၊ ဒါပေမဲ့ ငါက အပြုံးချိုတဲ့လူမျိုးကို ပိုကြိုက်တာကွ။ မင်းသာ နည်းနည်းလောက် ပိုပြုံးပြမယ်ဆိုရင် ပြည့်စုံသွားပြီ…”
ဤပေါင်မုန့်ကို ဖုတ်စဉ်က ထောပတ် အများကြီး ထည့်ထားမိပုံပင်။ ဖွန်ကြောင်သော စကားလုံးများကို မွှန်ထူနေအောင် တစ်ချိန်လုံး မရပ်မနား ပြောနေသည်မှာ သည်းခံနိုင်စရာပင် မရှိတော့ပေ။
ဆိုလိုတာက နောက်ပိုင်း သူ စားသမျှ အရာတိုင်းက သူ့ပါးစပ်ထဲ မရောက်ခင် သူ့ကို စကားလာပြောနေတော့မှာလား?
ပေါင်မုန့်တစ်လုပ် စားရဖို့အတွက်တောင် သူက ပြုံးပြနေရဦးမှာတဲ့လား?
ဒါက ဘယ်လို ရူးကြောင်ကြောင် ကျွမ်းကျင်မှုကြီးလဲဟ?!
ကျန်းကျော စိတ်ကို တည်ငြိမ်အောင် ထားလိုက်ကာ ၎င်းမှာ ပေါင်မုန့်တစ်ခုသာ ဖြစ်ပြီး စကားပြောနိုင်လျှင်လည်း ပေါင်မုန့်ပင်၊ စားလိုက်သည်နှင့် အားလုံး ပြီးသွားမည်ဟု မိမိကိုယ်ကို အားပေးလိုက်တော့သည်။
သို့သော် နောက်ဆုံးတွင် သူ ရှုံးနိမ့်သွားခဲ့ရ၏။
"တော်ပြီ…တော်ပြီ၊ ပါးစပ်ပိတ်တော့…မင်းရဲ့ ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။ ငါ သင့်တော်တဲ့ လူတစ်ယောက် ရှာတွေ့တဲ့အချိန်အထိ မင်းမှာ မှိုတွေ မတက်သေးဘူးဆိုရင်ပေါ့လေ”
ကျန်းကျောက ပေါင်မုန့်ကို အိတ်ထဲ ပြန်ထည့်လိုက်ပြီး ဒိန်ချဉ်ဘူးကို ယူလိုက်သည်။ ဤတစ်ကြိမ်တွင်မူ သူ ဘာမှမပြောဘဲ အဖုံးကို ဖွင့်ကာ တစ်ငုံ သောက်ပစ်လိုက်၏။
သူ ဒိန်ချဉ်ဘူးကို လက်ညှိုးထိုးကာ သတိပေးလိုက်သည်။
"မင်းကို ငါ သောက်လိုက်ပြီးပြီ ဘာစကားမှလာမပြောနဲ့တော့၊ မဟုတ်ရင် အိမ်သာထဲ လောင်းချပစ်မယ်”
"မင်းက တကယ် လူကောင်းပဲ"
ပေါင်မုန့်က အိတ်ထဲမှနေ၍ အော်ပြောလိုက်သေး၏။
"စိတ်မပူပါနဲ့ အဲဒီဒိန်ချဉ်ဘူးက ငတုံးမို့ သူ ဘာမှမသိဘူး”
ပေါင်မုန့်၏ ရှင်းပြချက်အရ အရာအားလုံးက စကားမပြောနိုင်ဘဲ အချို့သော အရာများသာ ဝိဉာဉ်အသိဉာဏ် ရှိကြခြင်း ဖြစ်ကြောင်း ကျန်းကျော သိလိုက်ရသည်။ ဆိုလိုသည်မှာ အရာအတော်များများမှာတော့ စား၍ သုံး၍ ရနေသေးသည်ပင်။
ကံကောင်းထောက်မစွာဖြင့် သူ ငတ်မသေနိုင်တော့ပေ။
ဒိန်ချဉ်ကို သောက်၍ ရသော်လည်း ဗိုက်မပြည့်နိုင်သဖြင့် ကျန်းကျောမှာ စိတ်ဓာတ်ကျသွားရပြီး ဖုန်းထုတ်၍ အစားအသောက် မှာရန်သာ ပြင်လိုက်ရတော့၏။
ထိုစဉ် သူ၏ ဖုန်းက အရင် မြည်လာသည်။ သူ ကြည့်လိုက်ရာ..
"ဟော့ယန်?”
ဖုန်းခေါ်ဆိုသူမှာ သူ့ထက် တစ်နှစ်ငယ်သည့် ဂျူနီယာလေး ဖြစ်၏။ သို့သော် ကျန်းကျောက အထက်တန်းအောင်ပြီးနောက် သဘာဝလွန်ပညာသင်ရန် နှစ်နှစ်ခန့် ခွင့်ယူခဲ့ရသဖြင့် ဟော့ယန်မှာ အလုပ်ခွင်သို့ ရောက်နေပြီဖြစ်ပြီး သူကတော့ ကျောင်းမပြီးသေးပေ။
ဟော့ယန်က ဆိုလာသည်။
"စီနီယာ…ကျွန်တော်ပါ။ အခု ဘယ်လိုနေသေးလဲဟင်?”
ကျန်းကျောကလည်း ပြန်ဖြေ၏။
“အဆင်ပြေသွားပါပြီ”
"တော်သေးတာပေါ့။ အသံက ပြီးခဲ့တဲ့ရက်ကထက် ပိုကောင်းလာလို့"
ဟော့ယန်က သက်ပြင်းချရင်း ဆက်ပြောသည်။
"ပြောစရာတစ်ခု ရှိလို့ပါ။ လွန်ခဲ့တဲ့ ရက်ပိုင်းက စီနီယာ... သက်တမ်းကို ခိုးဖို့ ကြိုးစားခဲ့တဲ့ ရှောက်ချီဆိုတဲ့ သရဲနဲ့ တွေ့ခဲ့သေးလား?”
ကျန်းကျော အံ့အားသင့်သွားပြီး ဆိုဖာပေါ်မှပင် ထရပ်လိုက်မိ၏။
"ဟုတ်တယ်၊ ဘာဖြစ်လို့လဲ?”
ဟော့ယန်က ပြန်ပြောလာသည်။
"ဒါကို ဖုန်းထဲမှာ ရှင်းပြဖို့ ခက်တယ်... စီနီယာ အဆင်ပြေရင် 'အထူးအမှုစစ်ဌာန' ကို လာခဲ့ပေးပါလား? ကျွန်တော် လာကြိုပါ့မယ်”