အခန်း(၁) အသင့်စား အမဲသားခေါက်ဆွဲ
Viewers 810

 


 

 

 

လင်းရှီမြို့တွင် မြစ်ငယ်လေးတစ်စင်း ရှိပြီး ထိုမြစ်ငယ်လေးသည် ဝူထုန်တောင်သို့ ကွေ့ကောက်ကာ စီးဆင်းနေပါသည်။

 

 

မြစ်ငယ်တစ်လျှောက် အပြာရောင် ကျောက်ခင်းလမ်းသွယ်လေး ရှိပြီး ထိုလမ်း၏ အဆုံး၌ ရိုးရှင်းသော  မုန့်ဆိုင်အသေးလေး တစ်ဆိုင် ရှိ၏။

 

 

 

ထိုမုန့်ဆိုင်လေးကို ကြည့်ရသည်မှာ နှစ်ပေါင်းများစွာ ကြာအောင် ပိတ်ထားခဲ့သည့်အလား ဆိုင်၏ တစ်ခုတည်းသော ဆိုင်ဘုတ်လေးပေါ်၌ ဖုန်မှုန့်များ ကပ်ငြိနေပါသည်။

 

 

 

ဟွာကျွင်း သူမ၏ ညာဘက်လက်ဖြင့် ခရီးဆောင်အိတ်ကို တရွတ်တိုက် ဆွဲ၍ သွားနေရာ မညီညာ‌သော ကျောက်ခင်းလမ်းနှင့် သူမ၏ ခရီးဆောင်အိတ်မှ ဘီးလုံးတို့ ပွတ်တိုက်နေမှုကြောင့် တဒုတ်ဒုတ် အသံများလည်း ထွက်ပေါ်နေ၏။

 

 

 

သူမ၏ ဘယ်ဘက်လက်တွင်တော့ ဝါကျင့်ကျင့် မြေပုံလေး ကိုင်ကာ ပတ်ဝန်းကျင်အား ဂရုတစိုက် ကြည့်ရှူနေ၏။ နောက်ဆုံး၌ မုန့်ဆိုင်လေး၏ အပေါက်ဝသို့ ရောက်ရှိသွားတော့သည်။

 

 

 

“ဟူး၊ နောက်ဆုံးတော့ ရောက်ပြီ၊ အဘိုးရဲ့ မုန့်ဆိုင်ကလည်း တကယ့်ကို ချောင်ကလောင်မှာ ဖွင့်ထားရတယ်လို့၊ မြေပုံသာ မရှိရင် ရောက်မယ်တောင် မထင်ဘူး”

 

 

 

ဟွာကျွင်း သော့ထုတ်ကာ တခါးကို ဖွင့်လိုက်သည်။ ထိုအခိုက် မုန့်ဆိုင်ငယ်လေး၏ အတွင်းပိုင်း အပြင်အဆင်ကို ဘွားခနဲ မြင်လိုက်ရတော့သည်။

 

 

 

ဆိုင်မှာ မီတာနှစ်ဆယ် ပတ်လည်မျှသာ ရှိ၏။ အတွင်းဘက် အကျဆုံး၌ ကောင်တာတစ်ခုနှင့် စားပွဲအနည်းငယ်သာ ရှိသည်။ ကောင်တာ အနောက်တွင်တော့  နံရံ၏ ဘေးတစ်ဖက်ကို  ဖောက်ထားပြီး ဂတ်စ်မီးဖို၊ လျှပ်စစ်မီးဖိုနှင့် ပန်းကန်ခွက်‌ယောက် အစုံအနည်းငယ် တပ်ဆင်ထား၏။ ထိုသည်မှာ မီးဖိုချောင်အသေးစားလေးပင်။

 

 

 

နံရံ၏ အခြားတစ်ဖက်တွင် ဒုတိယထပ်သို့ တက်နိုင်မည့် လှေကားတစ်ခု ရှိပြီး ဒုတိယ အထပ်တွင်တော့ အိပ်ခန်းငယ်လေး ရှိ၏။ ထိုအထဲတွင် ကုတင်တစ်လုံးနှင့် စားပွဲတစ်လုံး ရှိသည့်အပြင် ပြတင်းပေါက်ငယ်လေးလည်း ရှိပါသေးသည်။

 

 

ဟွာကျွင်း အတော်လေး ကျေနပ်သွားရသည်။

 

 

မုန့်ဆိုင်လေးသည် သေးသော်ငြား ပစ္စည်းပစ္စယျ အစုံအလင် ရှိ၏။ ဟွာကျွင်း စိတ်မကောင်းရသည်မှာ သူမသည် ကျွမ်းကျင်စာဖိုမှူးတစ်ဦး ဟုတ်မနေခြင်းပင်။ သူမ ဤမုန့်‌ဆိုင်လေးသို့ လာသည့် အကြောင်းအရင်းမှာ နေဖို့ နေရာတစ်ခု လိုအပ်နေသောကြောင့်ပင်။

 

 

 

တက္ကသိုလ်မှ ဘွဲ့ရပြီးနောက် ဟွာကျွင်း သူမ၏ မေဂျာဖြင့် အလုပ်အကိုင်တစ်ခု ရှာဖွေရန် ခက်ခဲကြောင်း သိလိုက်ရသည်။ မြို့ပြကြီးမှ နေထိုင်စားသောက်စရိတ်အား သူမ မတတ်နိုင်ပေ။

 

 

 

သို့သော် သူမ လမ်းပျောက်နေသည့်အချိန်၌ မုန့်ဆိုင်လေး၏ ပိုင်ဆိုင်မှုစာချုပ်နှင့် သော့တစ်ချောင်း လက်ခံရရှိခဲ့သည်။

 

 

 

ဟွာကျွင်း ဆိုင်ငယ်လေး၏ အထပ်နှစ်ထပ်လုံးကို သန့်ရှင်းရေးလုပ်ရန် အချိန်လေးငါးနာရီခန့် ပေးလိုက်ရ၏။ ထို့နောက် သူမ၏ ခရီးဆောင်အိတ်လေးကို ဖွင့်ကာ ပါလာသော ပစ္စည်းများကို နေရာချလိုက်၏။ ထိုအချိန် အပြင်၌ ည‌မိုးချုပ်သွားတော့သည်။

 

 

 

သူမ မီးအိမ်တစ်လုံးကို ဖွင့်၍  အမဲသား ခေါက်ဆွဲတစ်ပန်းကန် ပြင်လိုက်၏။ ထို့နောက် ကွန်ပျူတာဖွင့်ကာ ခေါက်ဆွဲစားရင်း အလုပ်ရှာနေလိုက်သည်။

 

 

“ဒေါက်၊ ဒေါက်၊ ဒေါက်”

 

 

သစ်သားတံခါးထံမှ အသံထွက်လာပြီး နောက်တစ်စက္ကန့်မှာပင် တံခါး ပွင့်သွား၏။ ထိုအခိုက် တံခါးဝတွင် အဘိုးအိုတစ်ဦး ပေါ်လာ၏။ အဘိုးအိုကို ကြည့်ရသည်မှာ တုန့်ဆိုင်းနေသည့်ဟန်ပင်။

 

 

 

“ဆိုင်ရှင်လေးရေ၊ အားနာပါတယ်ကွယ်၊ စားဖို့ တစ်ခုခုများ ကျန်သေးလား မသိဘူး"

 

 

 

ဟွာကျွင်း သူမရှေ့မှ အဘိုးအိုကို ကြည့်နေမိသည်။ ထိုသူသည်  မီးခိုရောင် ဆံပင်ရှည်ကြီးကို စည်းထားပြီး အဖာအစပ်များရှိသည့် ဖျင်ထည်အင်္ကျီကို ဝတ်ဆင်ထား၏။ ကျောဘက်တွင်လည်း ကြိမ်ခြင်းတောင်းအား လွယ်ထားသေးသည်။

 

 

 

‘ဒီနားမှာ ရိုက်ကူးရေးအဖွဲ့ ရှိတယ် ထင်တယ်၊  ဒီဦးလေးက ရုပ်ရှင်ဇာတ်လမ်းတွဲ ရိုက်နေတာလား’

 

 

 

“ဦးလေး ကျွန်မဆိုင်က မဖွင့်ရသေးဘူးရှင့်၊ အခုတော့ ကျွန်မမှာ အသင့်စား ခေါက်ဆွဲပဲရှိတယ်၊ ဦးလေး စားလို့ အဆင်ပြေရင်တော့ တစ်ပွဲ ပြုတ်ပေးပါ့မယ်"

 

 

 

သူ အနည်းငယ် ရှုပ်ထွေးသွားပြီး ဟွာကျွင်း ပြောလိုက်သည့် စကားကို နားမလည်ပေ။ အဆင်ပြေလျှင်ဟူသည့် စကားကိုသာ နားလည်လိုက်၏။ သူ ခေါင်းအသာ ညိတ်ကာ ပြောလိုက်သည်။

 

 

 

“ဒါဆိုလည်း ကျေးဇူးပြုပြီး လုပ်ပေးပါဦး ဆိုင်ရှင်လေးရေ၊ ကျုပ်က အကုန်စားပါတယ်"

 

 

 

‘အတော်လေး ယဉ်ကျေးတာပဲ’

 

 

 

ဟွာကျွင်း လှည့်ထွက်သွားပြီး အသင့်စား ခေါက်ဆွဲတစ်ထုပ်ကို ဖောက်လိုက်သည်။ အဘိုးအို၏ ပင်ပန်းနေသည့် ပုံစံကို တွေးရင်း သူမ မီးဖိုချောင်းထဲသို့ သွားကာ လျှပ်စစ်မီးဖိုကို ဖွင့်၍ ခေါက်ဆွဲပြုတ်အား အိုးဖြင့် ပြုတ်ပေးရန် ဆုံးဖြတ်လိုက်၏။ ဤသည်မှာ ခေါက်ဆွဲပြုတ်၏ အမြင့်မားဆုံး စံနှုန်းပင်။ သုံးမိနစ်ခန့် ရေနွေးရောရုံ မဟုတ်သဖြင့် ပို၍ပင် စားကောင်းပေလိမ့်မည်။

 

 

 

သူမ ဦးစွာ ရေနွေးတစ်အိုး တည်လိုက်သည်။ ထို့နောက် ကြက်ဥဖောက်ထည့်၏။ ရေနွေးဆူ၍ ကြက်ဥအသင့်ဖြစ်ချိန်တွင် ခြောက်ဆွဲခြောက်ကို ထည့်လိုက်သည်။

 

 

 

ခေါက်ဆွဲနူးသွားချိန်၌ ဟွာကျွင်း  ရေအချို့ကို ဖယ်ထုတ်လိုက်ပြီး ဟင်းခတ်အမှုန့်များ ထည့်တော့၏။ ဟင်းခတ်မှုန့်များ ရေ‌နွေးအပူနှင့် ထိတွေ့မိချိန်တွင် ပျော်ကျသွားတော့သည်။

 

 

 

ထို့နောက် ဟွာကျွင်း တူဖြင့် ညင်သာစွာ မွှေလိုက်၏။ ထိုအခါ သရေယိုစရာ အနံ့‌မွှေးမွှေးလေး သူမ၏ အနံ့ခံအာရုံကို လာရောက် ရိုက်ခတ်တော့သည်။ ဟွာကျွင်း ခေါက်ဆွဲပြုတ်ကို ပန်ကန်လုံး အဖြူလေးထဲသို့ ထည့်ပြီး အဘိုးအို၏ ရှေ့တွင် ချပေးလိုက်သည်။

 

 

 

အဘိုးအို အတော်လေး ဆာလောင်နေသည်မှာ သိသာလှ၏။ သူ့မျက်လုံးများမှာ ဟွာကျွင်း၏ လက်ထဲမှ ပန်ကန်လုံး အပေါ်သို့သာ ကျရောက်နေသည်။

 

 

 

ဟွာကျွင်း ပြောလိုက်၏။

 

 

 

“ဦးလေး ခေါက်ဆွဲက ရပြီနော်၊ စားလို့ ရပြီရှင့်"

 

 

 

အဘိုးအို တခဏမျှ တုန့်ဆိုင်းသွားသည်။ သူ ခေါက်ဆွဲအလွတ်တစ်ပွဲသာ လိုချင်သော်လည်း ဆိုင်ရှင်လေးမှ မမျှော်လင့်စွာဖြင့်  အနံ့အရသာနှင့် ပြည့်စုံသော ခေါက်ဆွဲတစ်ပန်းကန် ချပေးလာ၏။ ထိုထဲတွင် ကြက်ဥပင် ပါသေးသည်။

 

 

 

သူ ခေါင်းမော့ပြီး မဝံ့မရဲပြောလိုက်သည်။

 

 

 

“ဆိုင်ရှင်လေး ကျုပ်၊ ကျုပ်မှာ အဲလောက်ပိုက်ဆံမပါဘူး၊ ခေါက်ဆွဲဖိုးကို ကျုပ် မတတ်နိုင်ဘူး"

 

 

 

ဤမျှ ထူးဆန်း‌သော ခေါက်ဆွဲပန်ကန်လုံးကိုပင် သူ တစ်ခါမှ မမြင်ဖူးပေ။ သို့သော် သူ့အား ခေါက်ဆွဲပန်းကန်လုံးထဲမှ သရေယိုစရာ အနံ့မှာ  ဈေးကြီးကြောင်း အသံတိတ် ပြောပြနေပါသည်။

 

 

 

ဟွာကျွင်း စိတ်မသက်မသာ ဖြစ်နေသည့် အဘိုးအိုကို ကြည့်ရင်း  သူမအဘိုးကို ပြန်ပြောင်း သတိရမိသွား၏။ ထိုအခါ သူမ၏ နှလုံးသား ပျော့ပြောင်း သွားရတော့သည်။

 

 

 

"အဆင်ပြေပါတယ်ရှင်၊ ဒါက အလကားပါ၊ ဘာမှစိုးရိမ်ပါနဲ့၊ ဒီအတိုင်းသာစားလိုက်နော်"

 

 

 

“မဟုတ်၊ မဟုတ်တာကွယ်၊ အလကားတော့ မစားနိုင်ပါဘူး"

 

 

 

အဘိုးအို သူ၏လက်များကို အလျင်အမြန် ခါယမ်းလိုက်သည်။

 

 

 

“ရပါတယ်ဆို၊ ခေါက်ဆွဲက ပြုတ်ပြီးသွားပြီလေ၊ ဦးလေးသာမစားရင် အလကားဖြစ်သွား လိမ့်မယ်နော်"

 

 

 

ဟွာကျွင်း ထိုသို့ပြောပြီး ကောင်တာသို့ ပြန်သွားကာ အဘိုးအို တစ်ယောက်တည်း အေးဆေးစားနိုင်ရန်  ထားခဲ့လိုက်သည်။

 

 

 

အဘ်ိုးအို တုန့်‌ဆိုင်းစွာ ခေါင်းညိတ်ပြီး သက်ပြင်းချလိုက်၏။ ထို့နောက် အသားမာတက်နေသော လက်များဖြင့် တူကိုင်ကာ  ပါးစပ်အပြည့် ခေါက်ဆွဲတစ်လုတ် ထည့်လိုက်သည်။

 

 

 

သူ နတ်သုဒ္ဓါကို စားနေသည့်အလား အားရပါးရ စားလိုက်၏။ သူ့ပါးစပ်ထဲသို့ ခေါက်ဆွဲပူပူ ဝင်သွားသည်နှင့် အရသာခံဖုလေးများကို ထိခတ်လာသည်။

 

 

 

‘ကောင်းလိုက်တာ’

 

 

အဘိုးအို ဤကဲ့သို့ အရသာရှိလှသော အရာကို မစားဖူးပေ။ သူ မည်သည်ကိုမှ ဂရုမစိုက်နိုင်တော့ဘဲ တစ်လုတ်ပြီးတစ်လုတ် စားတော့သည်။ သူ လုံးဝကို မရပ်တန့်နိုင်တော့ဘဲ နောက်ဆုံး ခေါက်ဆွဲအမျှင်ကို စားပြီး ပန်ကန်လုံးကို မကာ အရည်အားလုံးကို သောက်ချလိုက်၏။

 

 

 

သူ ဟွာကျွင်းကို ထပ်မံ ကြည့်လိုက်ချိန်တွင် သူ့မျက်လုံးမှာ ကျေးဇူးတင်မှုများဖြင့် ပြည့်နှက်နေသည်။

 

 

 

“ကျေးဇူးတင်ပါတယ် ဆိုင်ရှင်လေး၊ ကျုပ် ဘဝမှာ ဒီလောက် ကောင်းတာမျိုး မစားဖူးဘူး၊ ဒါပေမဲ့ ကျုပ်မှာ ကြေးပြားတော့ အလုံအလောက် ပါမလာဘူး"

 

 

 

သူ ကြေးပြားနှစ်ပြားကို ထုတ်ကာ စားပွဲပေါ်သို့ တင်ပေးလိုက်၏။ ထို့နောက် သူ့ခြေထောက်နားမှ ကြိမ်ခြင်းကို ကုန်းပြီး ကောက်လိုက်သည်။

 

 

 

“ ဒါတွေက ကျုပ်ကိုယ်တိုင် စိုက်ထားတဲ့ မုန်လာဉဖြူတွေလေ၊ ဒီနေ့ပဲ ဈေးမှာ သွားရောင်းရင်း ကျန်‌ခဲ့တာ၊ ဒါတွေကို ခေါက်ဆွဲဖိုးအနေနဲ့ ပေးလို့ရမလား၊ ဘယ်လောက် ထပ်ပေးရမလဲတော့ မသိဘူး"

 

 

 

ဟွာကျွင်း လက်မခံနိုင်ပေ။ သူမ လက်ခါပြလိုက်သည်။

 

 

 

“ခေါက်ဆွဲတစ်ပန်းကန်ပါပဲ ဦးလေးရယ်၊ ပေးနေဖို့ မလိုပါဘူး"

 

 

 

သို့သော် အဘိုးအို၏ တောင်းဆိုမှုကြောင့် မုန်လာဥဖြူကြီးလေးလုံးကို ယူလိုက်ပြီး သူမ၏ ပထမဆုံးဖောက်သည်ကို လိုက်ပို့ရန် တံခါးဝသို့ သွားလိုက်သည်။

 

 

 

ခါးကိုင်းကိုင်းဖြင့် အဝေးသို့ ပျောက်ကွယ်သွားသည့် အဘိုးအိုကို ကြည့်ရင်း ဟွာကျွင်း သူမ၏ အဘိုးဟွာကို သတိရသွားရာ မျက်ဝန်းများတွင် ဝမ်းနည်းရိပ်များ ယှက်သန်းလာ၏။

 

 

 

ဟွာကျွင်း ရှေ့မှ လမ်းသွယ်လေးသည် နေ့ခင်းကနှင့်‌ မတူတော့ဘဲ ပြောင်းလဲသွားသည်ကို သတိမပြုမိပေ။ လမ်းမီးတိုင်များ ပျောက်ကွယ်သွားပြီး မြေသားလမ်းကို လရောင်ဖျော့ဖျော့မှ အလင်းပေးထားသည်။

 

 

 

သူမ ဆိုင်ထဲသို့ ပြန်ဝင်လာပြီး စားပွဲရှင်းကာ အဘိုးအိုချန်ခဲ့သော ကြေးပြားနှစ်ပြားကို ယူလိုက်၏။ ထိုစဉ် သူမ လမ်းတွင် တွေ့ခဲ့သည့် ရှေးဟောင်းပစ္စည်းဆိုင်ကို သတိရသွားပြီး အားမှ သွားမေးကြည့်ရန် ဆုံးဖြတ်လိုက်သည်။

 

 

 

 

 

နောက်တစ်နေ့တွင် ဟွာကျွင်း စောစော နိုးလာပြီး ဆိုင်တံခါးကို ဖွင့်လိုက်သည်။ အခြားဈေးဆိုင်များမှာ ဖွင့်နေပြီးကြပါ၏။

 

 

 

အပြာရောင် ကျောက်ခင်းလမ်းလေးသည် အသီးအရွက်တန်းနှင့် တူသည်။ ဟွာကျွင်း လမ်းတစ်လျှောက်တွင် အသီးအရွက် ဆိုင်များနှင့် အသားဆိုင် အနည်းငယ်ကို တွေ့ခဲ့သည်။

 

 

 

သူမ ကျောက်ခင်းလမ်း တစ်လျှောက် လည်ပတ်ရင်း ဆန်၊ ခေါက်ဆွဲ၊ ဘန်းမုန့်နှင့် ဖက်ထုပ်အချို့ကို ဝယ်လိုက်သည်။

 

 

 

အဘိုးအိုးထံမှ ရခဲ့သော မုန်လာဥဖြူကြီးများကို သတိရသွားပြီး ဝက်ခြေထောက်နှစ်ချောင်း ထပ်ဝယ်လိုက်၏။

 

 

 

နေ့လည်စာအတွက် ဝက်ခြေထောက်စတူး၊ မုန်လာဥစွပ်ပြုတ်နှင့် ညစာအတွက် ဝက်ရိုးခေါက်ဆွဲ ချက်ရန် ပြင်လိုက်သည်။ ဤဟင်းအမယ်များသည် သူမတစ်နပ်စာတော့ လောက်ငှပါ၏။

 

 

 

သို့သော် ဟွာကျွင်း စိုးရိမ်နေဆဲပင်။ သူမ၏ အိတ်ထဲ၌ ယွမ်(၃၀၀၀)ထက် နည်းနေလေပြီ။ အလုပ်တစ်ခုသာ ရှာမတွေ့ပါက သူမ ငတ်ပေတော့မည်။

 

 

 

ဟွာကျွင်း မုန့်ဆိုင်လေးသို့ ပြန်လာလိုက်ပြီး မုန်လာဥဖြူနှင့် ဝက်ရိုးများကို ဆေးကြောကာ မြေအိုးကြီးတစ်လုံးအား ရှာ၍ အရိုးများနှင့် ခြံနောက်မှ တွင်းရေ ထည့်လိုက်သည်။ ထို့နောက် မီးအေးအေးဖြင့် တည်ထားလိုက်၏။

 

 

 

ဟွာကျွင်း အလုပ်များနေစဉ် အပြင်ဘက်တွင် စည်ကားသိုက်မြိုက်နေသည်။ သူမ ဤနေရာလေးကို သဘောကျသွားတော့၏။

 

 

 

မုန့်ဆိုင်စီးပွားရေးလေးသာ အဆင်ပြေသွားပါက ဤနေရာ၌ အခြေချရမည်မှာလည်း မဆိုးလှပေ။

 

 

 

အရိုးများကို တစ်နာရီကျော်ကြာ ပြုတ်ပြီးနောက် ဟွာကျွင်း လှီးဖြတ်ထားသော မုန်လာဥဖြူများကို  ထည့်လိုက်သည်။ မုန်လာဥအနံ့မှာ လျင်မြန်စွာ ထွက်ပေါ်လာပြီး ဝက်ခြေထောက်ရိုးမှ အသားနံ့နှင့် ပေါင်းစပ်သွား၏။ အရသာမှာကား အံ့မခန်းပေ။

 

 

 

အဘိုးအိုချန်ခဲ့သော မုန်လာဥဖြူများမှာ အရသာ ကြွယ်ဝပြီး လတ်ဆတ်လှသည်။ ဟင်းခတ်အမွှေးအကြိုင်များ ထပ်ပေါင်းထည့်နေရန်ပင် မလိုတော့ချေ။

 

 

 

ဟွာကျွင်း စားတော့မည့်အချိန်မှာပင် မုန့်ဆိုင်ငယ်လေးထဲသို့ အဒေါ်ကြီး တစ်ယောက် ဝင်လာ၏။