အခန်း (၃) ပထမဆုံးသော ရွှေအိုးကြီး
Viewers 811


 

 

ထိုမိန်းကလေး အနားယူ၍ ဝသွားသောအခါ ဟွာကျွင်းကို နှုတ်ဆက်ပြီး ထွက်ခွာသွားတော့သည်။

 

 

ဟွာကျွင်း သူမနောက်သို့ လိုက်ကာ ဆိုင်ပြင်ဘက်အထိ လိုက်ပို့ပေးလိုက်၏။ ထိုစဉ် တစ်ခုခု မှားယွင်းနေသည်ကို သတိပြုမိလိုက်သည်။ နေ့ဘက်တွင် ရှိနေတတ်သော ပတ်ဝန်းကျင်မှ ဆိုင်အားလုံး ပျောက်ကွယ်နေကာ နေရာတိုင်းတွင် ပိန်းပိတ်အောင် မှောင်မည်းနေသဖြင့် မည်သည်ကိုမှ မမြင်ရတော့ချေ။ ဆိုင်မှ ထွက်ပေါ်လာသည့် အလင်းရောင်လေးကသာ တံခါးရှေ့ရှိ နေရာကျဉ်းလေးကို လင်းထိန်စေသည်။

 

 

 

ဆိုင်အဝင်ဝတွင် မြင်းလှည်းတစ်စီး ရပ်ထားပြီး ထိုမြင်းလှည်း၏ အရှေ့ဘက်တွင် မီးအိမ်နှစ်ခု ချိတ်ဆွဲထားသည်။ မိန်းကလေး မြင်းလှည်းပေါ်သို့ တက်ပြီး လိုက်ကာကို မကာ ဟွာကျွင်းကို ခေါင်းညိတ်၍ နှုတ်ဆက်လိုက်၏။ ထို့နောက် သူမ၏ အစေခံမှ မြင်းလှည်းကို မောင်းနှင်ကာ ထွက်ခွာသွားတော့သည်။

 

 

 

“ ငါ တခြားကမ္ဘာကို ရောက်သွားတာလား “

 

 

ဟွာကျွင်း အပြင်တွင် ဆက်မနေရဲသဖြင့် ဆိုင်ထဲသို့ အမြန် ပြေးဝင်ကာ တံခါးပိတ်လိုက်သည်။ ထို့နောက် ဒုတိယထပ်သို့ သုတ်ခြေတင် ပြေးတက်သွားပြီး ကုတင်ပေါ်သို့ ခုန်တက်၍ စောင်ကို ခေါင်းမြီးခြုံကာ အမြန် အိပ်ပျော်သွားစေရန် အတင်း ကြိုးစားလိုက်သည်။

 

 

 

ထိုအရာအားလုံးကို တစ်ဆက်တည်း အလျင်အမြန် လုပ်ဆောင်လိုက်ခြင်းပင်။

 

 

သူမသည် ထိုညက အလွန်ပင် ဂဏှာမငြိမ်ဘဲ အိပ်စက်ခဲ့ရသည်။

 

 

 

မိုးလင်း၍ အောက်ထပ်မှ ဆူညံသံများ ပြန်လည် ကြားရသည့်အချိန်မှသာ ဟွာကျွင်း ပြတင်းပေါက်ကို ဖွင့်ကြည့်လိုက်သည်။ ထိုအခါ အပြင်ဘက်တွင် ပုံမှန်အတိုင်းပင် ဖြစ်နေသည်ကို တွေ့လိုက်ရသည်။

 

 

‘ဒါက အိပ်မက်ပဲလား’

 

 

ဟွာကျွင်း သမ်းဝေရင်း အောက်ထပ်သို့ ဆင်းလာသည်။ ထိုစဉ် စားပွဲပေါ်တွင် မနေ့ညက သိမ်းဆည်းရန် မေ့နေခဲ့သော  ငွေစများကို တွေ့လိုက်ရသည်။

 

 

“ ဘုရားရေ ဘာတွေဖြစ်နေတာလဲ၊ ဒီဆိုင်က ညဘက်ဆိုရင်  တခြားကမ္ဘာကို သူ့အလိုလို ရောက်သွားတာလား “

 

 

ဟွာကျွင်း ငွေတုံးများနှင့် ကြေးပြားများကို ယူဆောင်ပြီး  စက်ဘီးတစ်စီး ငှားစီးကာ မြေပုံပေါ်မှ လမ်းလေးနှင့် အဝေးဆုံးတွင် ရှိသော ရှေးဟောင်းပစ္စည်း ဆိုင်တစ်ဆိုင်ကို ရှာဖွေရန် ဆုံးဖြတ်လိုက်သည်။

 

 

 

သူမတွင် ယွမ်(၃၀၀) သာ ကျန်တော့သဖြင့်  ချွေတာမှ ဖြစ်မည်ပင်။

 

 

ရှေးဟောင်းပစ္စည်းဆိုင်သို့ ရောက်ရန် နှစ်နာရီမျှ ကြာသွားသည်။ ဆိုင်ရှင် တံခါးဖွင့်လိုက်ချိန်တွင် အပြင်ဘက်၌ အမောတကော ဖြစ်နေသော ဟွာကျွင်းကို မြင်လိုက်ရ၏။

 

 

ထို့နောက် ဆိုင်ရှင်မှာ  မှန်ဘီလူးကို ကိုင်၍ ကြေးပြားများကို သေသေချာချာ စစ်ဆေးနေသည်။

 

 

 

“ ခင်ဗျားရဲ့ ကြေးပြားတွေက ဘာလို့ ဒီလောက်တောင် သစ်နေတာလဲ၊ အတုနဲ့ တူပေမဲ့ တကယ့် အစစ်တွေပဲ၊ ကျုပ် သေသေချာချာ ကြည့်ဖို့ လိုမယ်၊ ဒါတွေကို ဘယ်က ရခဲ့တာလဲ “

 

 

 

ဟွာကျွင်း စိတ်မသက်မသာ ပြုံးပြလိုက်၏။

 

 

 

“ဒါတွေက သေသေချာချာ သိမ်းထားလို့သစ်နေရတာပါ၊ ကျွန်မ အဘိုး ထားခဲ့တာလေ”

 

 

အမှန်တကယ်လည်း အဘိုးထားခဲ့သော ဆိုင်ကြောင့် ရရှိခဲ့ခြင်း ဖြစ်သဖြင့် ဤလိမ်ညာမှုသည် အမှန်တရားနှင့် နီးစပ်နေသည်ဟု ဆိုရပေမည်။

 

 

 

ဟွာကျွင်း လျှာခိုးထုတ်လိုက်မိသည်။

 

 

“ ဒါတွေကို လေလံတင်မယ်ဆိုရင် တစ်ပြားကို ယွမ် (၄၀၀၀) လောက် ရနိုင်တယ်၊ ဒါပေမဲ့ လေလံပွဲဆိုတာက ပထမတစ်ချက် အချိန်ကြာမယ်၊ ဒုတိယတစ်ချက် မရောင်းရရင်တောင် လေလံကုမ္ပဏီကို ကော်မရှင်ခ ပေးရဦးမှာဆိုတော့ စွန့်စားရတာ များတယ်”

 

 

 

ဟွာကျွင်း ထိုအကြောင်းအရာများကို နားမလည်သော်လည်း လေလံတင်သည်အထိတော့ မစောင့်နိုင်ပေ။

 

 

“ဒါဆို ဦးလေး ဝယ်မလား၊ ကျွန်မ အရေးတကြီး ငွေလိုနေလို့”

 

 

ဆိုင်ရှင် သက်ပြင်းချလိုက်၏။

 

 

 

“ခင်ဗျား တိုက်ရိုက်ရောင်းချင်တယ်ဆိုရင် ကျုပ် တစ်ပြားကို ယွမ်(၂၀၀၀)နဲ့ဝယ်မယ်၊ ဘယ်လိုလဲ”

 

 

 

သူ ပြောပြောဆိုဆိုနှင့် ဈေးကို တစ်ဝက်နီးပါး လျှော့ချလိုက်သဖြင့် ဟွာကျွင်း စိတ်ထဲမှ “လောဘကြီးတဲ့သူပဲ” ဟု ကျိန်ဆဲလိုက်သည်။

 

 

 

“ ကျွန်မမှာ စုစုပေါင်း ခုနစ်ပြား ရှိတယ်၊ တစ်ပြားကို ယွမ်(၂၅၀၀)နဲ့ ထားပေးပါလား “

 

 

 

ဆိုင်ရှင် မတတ်သာသည့်ပုံစံ ဟန်ဆောင်သည်။

 

 

 

 “ ကောင်းပါပြီ၊ တစ်ပြားကို ယွမ်(၂၅၀၀)ပေါ့”

 

 

ဆိုင်ရှင် ငွေကို အလွန် လျင်မြန်စွာ ပေးချေလိုက်သဖြင့် မိနစ်ဝက်မျှ ကြာသောအခါ ဟွာကျွင်းသည် ယွမ်(၁၇၅၀၀)ကို လက်ခံရရှိလိုက်၏။ ထိုအခါမှသာ လောကဓံ၏ ဖိအားများ လျော့ကျသွားသည်။

 

 

ထို့နောက် ဟွာကျွင်း မနေ့ညက မိန်းကလေး ထားသွားသော ငွေစများကို ထုတ်ပြကာ မေးလိုက်၏။

 

 

“ ဦးလေး ဒါကရော ဘယ်လောက် တန်မလဲ “

 

 

ဆိုင်ရှင် ယူကြည့်သည်။

 

 

 

“ အိုး ဒါက ငွေစတွေပဲ၊ ရှေးဟောင်းလက်ရာနဲ့တော့ တူတယ်၊ ဒါပေမဲ့ ငွေပါဝင်မှုနှုန်းက မမြင့်တော့ သိပ်ပြီး တန်ဖိုးမရှိဘူး”

 

 

ထို့နောက် အလေးချိန်ကြည့်သည်။

 

 

“(၂၃) ဂရမ်လောက် ရှိမယ်၊ ခင်ဗျား ရောင်းမယ်ဆိုရင် ယွမ်(၃၀၀) ပေးမယ်”

 

 

လက်ရှိခေတ်ကာလတွင် ငွေသည် ကြေးပြားလောက် တန်ဖိုးမရှိဟု သူမ မထင်ထားခဲ့ပေ။

 

 

ဟွာကျွင်း အမှတ်တရအနေနှင့် သိမ်းထားရန်သာ ဆုံးဖြတ်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။

 

 

 

 “ကျေးဇူးတင်ပါတယ်၊ ဒီငွေစတွေကိုတော့ မရောင်းတော့ပါဘူး”

 

 

 

“ ကောင်းပါပြီ၊ တခြား ရောင်းစရာရှိရင်လည်း လာခဲ့ဦးလေ၊ ကျုပ် ဈေးကောင်း ပေးပါ့မယ် “

 

 

 

ရှေးဟောင်းဆိုင်မှ ထွက်လာပြီးနောက် ဟွာကျွင်း ပိန်းဥနို့လက်ဖက်ရည်တစ်ခွက် ဝယ်ယူကာ လမ်းဘေးတွင် ထိုင်ရင်း တွက်ချက်နေသည်။

 

 

 

ညဘက်တွင် ဆိုင်ကလေးသည် ရှေးခေတ်နှင့် ချိတ်ဆက်နိုင်သဖြင့် အစားအသောက်များကို ပိုမို ပြင်ဆင်ထားနိုင်၏။

 

 

 

ခေတ်မီနည်းပညာများ၏ အကူအညီဖြင့် ပြုလုပ်ထားသော ခေတ်သစ် အစားအသောက်များသည် ရှေးခေတ်လူများကို အကြိုက်တွေ့စေမည် မဟုတ်ပါလား။

 

 

 

အဘိုးထားခဲ့သော ဆိုင်ကလေးမှာ တကယ့်ကို ရတနာသိုက်ကြီးပင် ဖြစ်သည်။

 

 

 

သူမ ဆိုင်ကို ပိုမို ကြီးမားလာစေရန် ကြိုးစားပြီး ချမ်းသာသော လမ်းကြောင်းပေါ်သို့ တက်လှမ်းတော့မည်။

 

 

 

သို့သော် ဆိုင်လေးသည် ရှေးခေတ်တွင်ပင် ချောင်ကျသော နေရာ၌ ရောက်ရှိနေဟန်။ ထို့ကြောင့် ဆန်းပြားသော ဟင်းလျာများကို ရောင်းချရန် မလွယ်ကူလှပေ။

 

 

 

ထို့အပြင် ဟွာကျွင်းကိုယ်တိုင်လည်း ထိုဟင်းများကို မချက်တတ်ပေ။

 

 

ခရီးသွားများအတွက် စားရလွယ်ကူပြီး ခရီးဆက်နိုင်မည့် ရိုးရှင်းသော မုန့်များကို ရောင်းချခြင်းက ပို၍ ကောင်းမွန်ပေလိမ့်မည်။

 

 

ဆုံးဖြတ်ချက်ချပြီးနောက် ဟွာကျွင်း ကားတစ်စီးခေါ်ကာ အနီးနားရှိ ဈေးသို့ သွားပြီး ယွမ်(၂၆၀)ဖြင့်  အကင်စက်တစ်လုံး ဝယ်ယူလိုက်သည်။

 

 

 

အကင်စက်သည် လွယ်ကူရိုးရှင်းပြီး ဈေးနှုန်းသက်သာကာ အချက်အပြုတ် ကျွမ်းကျင်ရန်လည်း မလိုအပ်သဖြင့် သူမအတွက် အလွန်ပင် သင့်တော်သည်။

 

 

 

သူမ အသားလုံး အမျိုးမျိုး၊ အူဒုံဟင်းရည် အနှစ်များနှင့်အတူ ရိုးရိုးပေါက်စီ အလုံး (၂၀)နှင့် အသားပေါက်စီ အလုံး (၂၀) ကိုလည်း ဝယ်ယူခဲ့သည်။

 

 

 

အစားအသောက်များ သိုလှောင်ရန် ရေခဲသေတ္တာတစ်လုံးနှင့် အခဲခံ သေတ္တာတစ်လုံးကိုလည်း ဝယ်လိုက်သည်။

 

 

ယခုအချိန်တွင် ကုန်ကြမ်းပစ္စည်း များများစားစား မရှိသေးသော်လည်း မကြာမီတွင် အခဲခံသေတ္တာကြီး အပြည့် ဖြည့်နိုင်မည်ဟု သူမ ယုံကြည်သည်။

 

 

 

ဟွာကျွင်း လမ်းလေးထဲသို့ ပြန်လာပြီး ကြက်တစ်ကောင် ဝယ်ယူလိုက်သည်။

 

 

အိမ်တွင် သစ်အယ်သီးများ ရှိနေသဖြင့် ယနေ့၏ အဓိကဟင်းလျာမှာ သစ်အယ်သီး ကြက်သားချက် ဖြစ်လာသည်။

 

 

ကြက်သားကို အသင့်တုံးပြီးသား ဝယ်လာခဲ့ခြင်း ဖြစ်သည်။

 

 

သစ်အယ်သီးများကို အခွံနွှာ၍ ဆေးကြောပြီးနောက် စတင် ချက်ပြုတ်နိုင်ပြီ ဖြစ်သည်။

 

 

သူမ ဦးစွာ ကြက်သွန်မြိတ်နှင့် ဂျင်းကို ဆီသတ်၍ ကြက်သားတုံးများ ထည့်ကာ အရောင်ပြောင်းသည်အထိ မွှေပေးလိုက်သည်။

 

 

 

ပြီးနောက် ဟင်းချက်ဝိုင်၊ ပဲငံပြာရည် အကြည်၊ အနောက်နှင့် အရသာ ပိုကောင်းလာစေရန် သကြားအနည်းငယ် ထည့်လိုက်သည်။

 

 

ထို့နောက် အမွှေးအကြိုင်များနှင့် ကြက်သားများ သမသွားသည်အထိ ဆက်လက်မွှေပေးပြီး နာနတ်ပွင့် အနည်းငယ်နှင့် သစ်အယ်သီးများ လောင်းထည့်ကာ ကြက်သားတုံးများ မြုပ်သည်အထိ ရေနွေးထည့်ပြီး နှပ်ထားလိုက်သည်။

 

 

 

တောသစ်အယ်သီးများ ဖြစ်သဖြင့် အလုံးကြီးပြီး အသားလည်း ပြည့်သည်။

 

 

 

အိုးထဲသို့ ထည့်လိုက်သည်နှင့် သစ်အယ်သီးနံ့မှ ကြက်သားနံ့ကို ဖုံးလွှမ်းသွားပြီး ခေတ်မီ အရသာမှုန့်များနှင့် ပေါင်းစပ်လိုက်သည့်အခါ တစ်အိမ်လုံး မွှေးပျံ့သွားလေသည်။

 

 

ဟွာကျွင်း သစ်အယ်သီး ကြက်သားချက်ကို နှစ်ပုံ ပုံလိုက်၏။ တစ်ပုံမှာ သူမစားရန် ဖြစ်ပြီး ကျန်တစ်ပုံမှာ ညဘက် ဧည့်သည်လာပါက ရောင်းရန်ဖြစ်သည်။

 

 

“အိုး ဆိုင်ဖွင့်ပြီကိုး”

 

 

မနေ့က မုန်လာဥဖြူ ဝယ်သွားသည့် အမျိုးသမီးကြီး ဆိုင်ထဲဝင်လာပြီး သူမနောက်မှ လူကို လှမ်းခေါ်လိုက်သည်။

 

 

 

“ချန်၊ မြန်မြန်လာ၊ ဒါ ကျွန်မပြောတဲ့ ဆိုင်ပဲ”

 

 

 

အမျိုးသမီးကြီး ဟွာကျွင်းကို ပြောလိုက်သည်။

 

 

 

“ သမီးရောင်းတဲ့ မုန်လာဥဖြူတွေက အရမ်းမွှေးတာပဲ၊ အရည်သောက် ချက်လိုက်တာ ဦးလေးလျူဆိုင်က မုန်လာဥတွေထက် အများကြီး မွှေးတယ်၊ ဒီနေ့ရော ရှိသေးလား၊ ထပ်ဝယ်ချင်လို့”

 

 

 

“ အဒေါ် မုန်လာဥဖြူတွေက ကုန်သွားပြီ၊ မနေ့က အဒေါ်ဝယ်သွားတာ နောက်ဆုံးကျန်တဲ့ နှစ်လုံးပဲလေ”

 

 

 

ထိုအဒေါ်မှ နှမြောတသဖြင့် ပြောလာသည်။

 

 

“နှမြောစရာပဲ “

 

 

သူမနှင့်အတူ ပါလာသော အဒေါ်ချန်ဆိုသူမှာ မျက်စိလျင်ပြီး အိတ်ထဲမှ သစ်အယ်သီးများကို မြင်သွားသည်။

 

 

“ ဒါတွေက တောသစ်အယ်သီးတွေ မဟုတ်လား၊ မမြင်ရတာ ကြာပြီ “

 

 

ဟွာကျွင်း ပြုံး၍ ဖြေသည်။

 

 

 

“ အဒေါ်ချန်က မျက်စိ တော်တော်လျင်တာပဲ၊ ဒါတွေက တောသစ်အယ်သီး အစစ်တွေလေ၊ ကျွန်မ အဲဒါနဲ့ ကြက်သားချက်ထားတာ၊ အနံ့လေး ရှူကြည့်ပါဦး၊ မွှေးနေတာပဲ”

 

 

ဟွာကျွင်း မြေအိုးအဖုံးကို ဖွင့်လိုက်သောအခါ သစ်အယ်သီးနှင့် ကြက်သားနံ့ ပေါင်းစပ်နေသော မွှေးရနံ့များ ထွက်ပေါ်လာသည်။

 

 

“ ဘုရားရေ၊ မွှေးလိုက်တာ၊ ဒါ သစ်အယ်သီးအနံ့ အစစ်ပဲ၊ ဒီလိုမျိုး မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ”

 

 

 အဒေါ်ချန် အံ့ဩတကြီး ပြောလိုက်သည်။

 

 

 

“လီ၊ မုန်လာဥ မရှိရင်လည်း ဒီသစ်အယ်သီးတွေ ဝယ်သွားတာပေါ့၊ ပြီးရင် ကြက်တစ်ကောင်ဝယ်ပြီး ချက်စားကြမယ်”

 

 

 

သူတို့နှစ်ဦး သဘောတူချက် ရသွားလေသည်။

 

 

သစ်အယ်သီး( ၇ )ဂျင်ခန့် ကျန်ရှိနေသည်ကို အဒေါ်ချန်မှ (၃)ဂျင်နှင့် အဒေါ်လီမှ (၄) ဂျင်ခွဲဝေ ဝယ်ယူသွားကြသည်။

 

 

ဟွာကျွင်း တစ်ဂျင်လျှင် ယွမ်(၂၀)ဖြင့် ယွမ်(၁၄၀)ရရှိခဲ့သည်။

 

 

သူမ ဤငွေများကို အဘိုးအိုအတွက် အသုံးဝင်မည့် အရာတစ်ခုခု ဝယ်ပြီး ပြန်ပေးရန် နည်းလမ်းရှာရဦးမည်။

 

 

ညစာစားပြီးနောက် ရေခဲသေတ္တာ၊ အခဲခံသေတ္တာနှင့် အကင်စက်တို့ ရောက်ရှိလာသည်။

 

 

 

ပစ္စည်းပို့သူမှ ဟွာကျွင်းကို တပ်ဆင်ပေးသည်။

 

 

ဟွာကျွင်း ညွှန်ကြားချက်အတိုင်း ဟင်းရည်ချက်ကာ အူဒုံအသားတုတ်များကို တစ်ခုပြီးတစ်ခု ထည့်လိုက်သည်။