အခန်း (၆) ကံကောင်းသည့်ဧည့်သည်
Viewers 819


 

 

 

ဟွာကျွင်း ညည်းညူလိုက်၏။ ငါမှာလည်း ဘယ်လိုတောင် ကံမကောင်းရတာလဲ။ စားပြီဆို ဝယ်သူက ရောက်လာပြီ

 

 

သို့သော် မည်သူကများ ငွေကို ငြင်းဆန်နိုင်မည်နည်း။ သူမ တံခါးသွားဖွင့်လိုက်ရသည်။

 

 

 

တံခါးအပြင်ဘက်တွင် လူငယ်နှစ်ဦး ရပ်နေသည်။ နှစ်ယောက်လုံးက စစ်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားသည်။

 

 

 

 

တံခါးခေါက်သည့်သူက ဟွာကျွင်းကို မြင်သော ခဏမျှ ကြောင်အသွားပြီးမှ ပြောလာ၏။ မိန်းမငယ်လေးက လူသူကင်းမဲ့တဲ့ တောင်ခြေမှာ ဘယ်လိုစိတ်ကူးနဲ့များ တစ်ယောက်တည်း ဆိုင်လာဖွင့်ထားပါလိမ့်။ အာ... ခင်ဗျား ဘာကြီးဝတ်ထားတာလဲ။

 

 

 

သူ့နောက်က အမျိုးသားသည် လှမ်းဆူလိုက်သည်။ မော့ချွမ် မရိုင်းနဲ့။

 

 

 

ထို့နောက် ရှေ့တစ်လှမ်းတက်လိုက်ပြီး ဟွာကျွင်းကို အရိုအသေပြုလိုက်၏။ သခင်မလေး မလန့်သွားပါနဲ့။ ကျွန်တော်တို့က ယွီလင်တပ်တော်ကပါ။ တာဝန်အရ မြို့တော်ကို ပြန်လာတာပါ။ ဒါပေမဲ့ ညက အတော်နောက်ကျနေပြီဆိုတာ သိလိုက်ရတယ်။ မြို့ထဲမှာလည်း ညမထွက်ရ အမိန့်ရှိတော့ ဒီညတော့ မြို့ပြင်မှာပဲ တည်းခိုဖို့ စီစဉ်ထားပါတယ်

 

 

 

 

ကျွန်တော်တို့ ဒီနေရာကနေ မီးရောင်ကို တွေ့လိုက်လို့ စားစရာတစ်ခုခုများ ဝယ်လို့ရနိုင်မလား သိချင်လို့ပါ

 

 

သူက အရပ်ရှည်ပြီး ခန့်ညားသည့်ဟန်ပန်ဖြင့်ပေ။ ထို့အပြင် ဓားသဏ္ဍာန် မျက်ခုံးများ၊ သောက်ရှူးကြယ်အလား မျက်လုံးများဖြင့် စိတ်ဓာတ်ပြတ်သားပြီး ဇွဲမလျော့တတ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ စစ်ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားပြီး ဆံပင်များကို ကျနစွာ စည်းနှောင်ထားသည်။

 

 

 

 

ဟွာကျွင်းသည် ထိုပုံစံမျိုးကို နှစ်သက်ပေသည်။ သူမရှေ့မှ အမျိုးသားမှာ လုံခြုံသည့် ခံစားချက်ကို ပေးစွမ်းပါသည်။ သူမ နောက်သို့ နှစ်လှမ်းဆုတ်လိုက်ပြီး ထိုသူတို့အတွက် လမ်းဖွင့်ပေးလိုက်သည်။

 

 

 

ကျေးဇူးပြုပြီး အထဲဝင်လာပါဦး။ ရှင်တို့ အချိန်မှန်ရောက်လာတာပဲ။ ရောင်းဖို့ ကျန်ပါသေးတယ်

 

 

အထဲသို့ဝင်ပြီးနောက် ကျန်းရှီယွဲ့ ပထမဦးဆုံး အခန်းကို ကြည့်လိုက်သည်။ မုန့်ဆိုင်၏အတွင်းပိုင်း အပြင်အဆင်က ထူးဆန်းလှသည်။

 

 

 

သူ နံရံနားက ခုံဆီသွားပြီး ထိုင်လိုက်သည်။ ထိုနေရာမှနေ၍ မီးဖိုချောင်နှင့် ကောင်တာ အနောက်သို့ မြင်နိုင်သည်။ ထိုအခါ ထူးဆန်းသည့်အရာများကို မြင်လိုက်ရသည်။

 

 

 

မော့ချွမ် နောက်မှကပ်လိုက်လာသည်။ သူသည် များစွာ ‌တွေးတောမနေဘဲ တိုက်ရိုက်ပဲ မေးချလိုက်သည်။ ဆိုင်ရှင်၊ ခင်ဗျားရဲ့ဆိုင်က ဘာလို့တခြားဆိုင်တွေနဲ့ မတူရတာလဲ။

 

 

 

ဟွာကျွင်းသည် သူမစားရန် ပြင်ဆင်ထားသည့် ငါးချဉ်စပ်ဟင်းအိုးကို သူတို့ထံသို့ ယူဆောင်လာပေးကာ သဘာဝကျကျပင် ပြန်ဖြေလိုက်သည်။

 

 

 

ဘာဖြစ်လို့လဲဆိုတော့ ကျွန်မက အရမ်းဝေးတဲ့နေရာက လာတာလေ။ ကျွန်မဇာတိက နေထိုင်မှုပုံစံက ဒီနေရာနဲ့ အရမ်းကို ကွဲပြားတယ်။ အဲ့တော့ ဆိုင်အပြင်အဆင်ကလည်း မတူတာ သဘာဝပါပဲ။ ဒါပေမဲ့ ကျွန်မ ဇာတိက အစားအစာတွေကတော့ အရမ်းကိုကောင်းပါတယ်

 

 

မော့ချွမ် နှာရှုပ်ကာ ကျန်းရှီယွဲ့ကို ပြောလိုက်သည်။ အနံ့က တကယ်ကောင်းတာပဲ

 

 

 

ကျန်းရှီယွဲ့သည် ထိုဟင်းကို ကြည့်လိုက်သည်။ ထူးဆန်းသည့် မုန့်ဆိုင်တွင် ထူးဆန်းစွာ ဝတ်ဆင်ထားသော ဆိုင်ရှင်က သူတစ်ခါမျှ မစားဖူးသည့် ဟင်းကို ချပေးထားသဖြင့် တူ ကိုင်ရန်ပင် မဝံ့မရဲ ဖြစ်နေပါသည်။

 

 

ဟွာကျွင်းသည် ထိုသူက ယခင် ဖောက်သည်များနှင့် မတူကြောင်း သိလိုက်သည်။ သူသည် စစ်သည်တစ်ဦး ဖြစ်သဖြင့် ထူးခြားသည့် အရာမှန်သမျှကို သံသယဝင်တတ်သော ဗီဇ ရှိနေခြင်း ဖြစ်သည်။

 

 

 

ဟွာကျွင်းသည် တူတစ်စုံကို ယူပြီး ငါးအသားလွှာတစ်တုံးကို ယူစားပြလိုက်ပြီးနောက် ကျန်းရှီယွဲ့ကို ပြောလိုက်သည်။ ဒါက အဆိပ်မပါပါဘူး။ စိတ်ချလက်ချ စားပါရှင်

 

 

ကျန်းရှီယွဲ့ ခေါင်းညိတ်လိုက်သည်။ တောင်းပန်ပါတယ်

 

ကျွန်တော်ယုံပါတယ်ဗျာ

 

 

 

ဟွာကျွင်းသည် ကောင်တာသို့ ပြန်သွားပြီး ကျန်းရှီယွဲ့ စားနေသည်ကို ခိုး၍ ကြည့်ကာ သဘောကျနေလေသည်။

 

 

 

သူသည် အလွန်တိတ်ဆိတ်စွာ စားသောက်နေပြီး ထိုင်နေသည့်တိုင်အောင် သူ၏ ကိုယ်နေဟန်ထားမှာ ခပ်မတ်မတ်ရှိနေသည်။

 

 

သူ၏ ရှည်လျားသော လက်ချောင်းလေးများက တူကို ညင်သာစွာ ကိုင်ထားပြီး တစ်လုတ်ပြီးတစ်လုတ် စားနေသည်။ သူ၏ ပါးစပ်မှာ အနည်းငယ်သာ ဟထားပြီး မျိုးရိုးမြင့်မိသားစုမှ သခင်လေးတစ်ဦးကဲ့သို့ပင် တည်ငြိမ်စွာ စားသောက်နေပါသည်။

 

 

 

သူက အရမ်းချောတာပဲ ဟွာကျွင်း တွေးလိုက်သည်။ ရှေးလူကြီးတွေ ပြောတာမှန်တယ်။ လှတာက စားလို့ရတယ်တဲ့။ ငါဒီနေ့တော့ ကိုယ်တွေ့ကြုံလိုက်ရပြီ

 

 

သူတို့သည် စကားအနည်းငယ်သာ ပြောကြပြီး စကားစမြည် ပြောခြင်းထက် အစားအသောက်အပေါ်တွင်သာ အာရုံစိုက်ထားကြသည်။

 

 

 

မကြာမီတွင် စားပွဲပေါ်ရှိ ဟင်းပွဲများမှာ ပြောင်စင်သွားတော့သည်။

 

 

 

 

မော့ချွမ် ပါးစပ်သုတ်လိုက်သည်။ သူက ဆက်စားချင်နေသေးသည့်အတွက် ဟွာကျွင်းကို ပြောလိုက်သည်။ ဆိုင်ရှင် ဒီငါးမှာ နာမည်ရှိလား။ ချဉ်ငန်စပ်အရသာမျိုး တစ်ခါမှမစားဖူးဘူး။ ဒီလိုအရသာရှိတဲ့ဟင်းမျိုးတစ်ခါမှ မစားဖူးဘူး

 

 

 

မစားဖူးတာ မဆန်းပါဘူး။ ကျွန်မဆို ဒီနေ့ နှစ်အိုးတောင် ချက်ထားတာ၊ ဒါပေမဲ့ တစ်ကိုက်တောင် မမြည်းရသေးဘူးလေ

 

 

ဟွာကျွင်း ပြန်ဖြေလိုက်သည်။ ဒါကို ငါးချဉ်စပ်ဟင်းလို့ ခေါ်တယ်။ ငါးအသားလွှာတွေကို မုန်လာချဉ်တွေနဲ့ ချက်ထားတာ‌လေ။ စီချွမ်းငရုတ်ကောင်းရဲ့ မွှေးရနံ့နဲ့ ပေါင်းစပ်ထာားတော့ တကယ်ကို အရသာရှိတယ်

 

ပြီးတော့ ဒီမုန်လာချဉ်ကလည်း အိမ်လုပ်အချဉ်ပါပဲ

 

 

 

 

အဲဒီလိုပါပဲရှင်။

 

 

 

ကျန်းရှီယွဲ့ မေးလိုက်သည်။ ဒီဆိုင်မှာ တခြားစားစရာ ဘာရသေးလဲ။ ကျွန်တော် ပြန်ဝယ်သွားချင်လို့။ ကျွန်တော့် ရဲဘော်ရဲဘက်တွေ အသားပူပူလေး မစားရတာ ကြာလှပြီ

 

 

 

ဟွာကျွင်း ခဏမျှတွေးလိုက်သည်။ ပေါက်စီတချို့တော့ ရှိသေးတယ်။ ဒါပေမဲ့ အများကြီးတော့ မဟုတ်ဘူး။ လူဘယ်နှယောက်စာလိုချင်တာလဲ

 

သုံးဆယ်ကျော်လောက်

 

 

 

ဟွာကျွင်းက ပေါက်စီနှင့် အသားပေါက်စီစုစုပေါင်း အလုံး (၃၀) ခန့် ရှိမည်ဟု ခန့်မှန်းလိုက်သည်။

 

 

 

 

ကျွန်တော် အားလုံးကို ယူလိုက်မယ်။ ကျေးဇူးတင်ပါတယ် သခင်မလေး

 

 

ဟွာကျွင်းသည် အခဲခံသေတ္တာထဲမှ သိမ်းဆည်းထားသော ရိုးရိုးပေါက်စီများနှင့် အသားပေါက်စီများကို ထုတ်ယူကာ မီးဖိုချောင်ထဲသို့ ဝင်၍ ပေါင်းအိုးထဲတွင် ဆယ့်ငါးမိနစ်ခန့် နွှေးပေးလိုက်သည်။

 

 

 

ခဏနေဦး၊ ကျွန်မ ပေါက်စီတွေ ပြန်နွှေးပေးမယ်

 

 

 

ထိုအချိန်တွင် မုဆိုး ဝူချင်း ရောက်လာသည်။

 

 

နတ်မိမယ်လေး သင့်နောက်လိုက်ဝူချင်းပါ

 

 

မုန့်ဆိုင်ထဲတွင် အခြားလူများ ရှိနေသည်ကို တွေ့လိုက်ရသောအခါ သူက ရုတ်တရက် ရပ်တန့်သွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလာသည်။ ဆိုင်... ဆိုင်ရှင် ကျွန်တော်... ကျွန်တော် ပူဇော်ဖို့ လာတာ... မဟုတ်ဘူး မဟုတ်ဘူး ကျွန်တော်...

 

 

 

ဟွာကျွင်းသည် သူ့ကို ကြည့်ကာ ရယ်မောမိသွားသည်။ ရှင်က မနေ့က လာစားတဲ့ မုဆိုး မဟုတ်လား။ ဒီနေ့တော့ နောက်ကျသွားပြီနော်။ အစားအသောက်တွေ အားလုံး ကုန်သွားပြီ။

 

 

 

မဟုတ်ဘူး။ ကျွန်တော် ဒီကို စားဖို့ လာတာမဟုတ်ဘူး။ ဒီနေ့ ရစ်ငှက်တစ်ကောင် ဖမ်းမိလာတယ်လေ။ နတ်သမီးလေးကို ပေးဖို့လာတာပါ

 

 

သူက ပြောပြောဆိုဆိုနှင့် ခေါင်းကို ငုံ့ကာ ရစ်ငှက်ကို ဟွာကျွင်းထံသို့ ကမ်းပေးလိုက်သည်။

 

 

 

ရစ်ငှက်၏ အမွှေးအတောင်များမှာ အရောင်အသွေး စုံလင်လှပြီး သာမန်ကြက်ထက် များစွာ ပို၍ ကြီးမားသည်။ ကံမကောင်းစွာဖြင့် ဟွာကျွင်းမှာ ထိုအရာကို မလက်ခံရဲပေ။ ခေတ်သစ်ကာလတွင်  ဘေးမဲ့ပေးထားသည့် တိရစ္ဆာန် ဖြစ်နေသည်။

 

 

 

 

မလိုဘူး။ မလိုဘူး။ ရှင်ပဲအဲ့တာကို ရောင်းလိုက်ပါ

 

 

 

နတ်သမီး... ရစ်ငှက်ကို မကြိုက်လို့လား။ ဘာ ကြိုက်တတ်လဲ။ ကျွန်တော် မနက်ဖြန် တခြားဟာ ရှာခဲ့ပေးမယ်လေ

 

 

 

မလိုပါဘူးရှင်။ ကျွန်မအတွက်က ကြေးပြားတွေ နဲ့တင် လုံလောက်ပါပြီ

 

 

ဟွာကျွင်းသည် ညစ်ပတ်ပေရေနေသည့် ဝူချင်းကို ကြည့်ကာ မေးလိုက်သည်။ ရှင် မစားရသေးဘူး မဟုတ်လား။ အသားလုံးတွေ စားချင်လား

 

 

 

ဝူချင်းက သူ့ခေါင်းနောက်ဘက်ကို ရှက်ကိုးရှက်ကန်း ပွတ်သပ်ကာ ရယ်မောလိုက်သည်။ စားလိုက်မယ်လေ

 

 

 

ဟွာကျွင်းသည် အသားလုံးငါး ချောင်းနှင့် ရေညှိနှစ် ချောင်းကို ယူလိုက်ပြီး အူဒုံဟင်းရည်ထဲသို့ အသင့်စား ခေါက်ဆွဲတစ်ထုပ် ထည့်ပေးလိုက်သည်။ သူမက ပြင်ဆင်ပေးပြီးချိန်တွင် ဝူချင်းမှာလည်း နေရာယူထားပါသည်။

 

 

 

ဝူချင်းသည် သူ့ရှေ့ရှိ အသားလုံးများကို ကြည့်လိုက်သည်။ အချို့မှာ အညိုရင့်ရောင်၊ အချို့မှာ ရွှေဝါရောင်နှင့် အချို့မှာ နို့နှစ်ရောင်များ ဖြစ်ကြသည်။

 

 

 

သူသည် ဟင်းရည်ကို ယခင်က မြည်းစမ်းဖူးသဖြင့် အရသာမှာ  မှတ်ဉာဏ်ထဲတွင် စွဲထင်နေသော်လည်း အသားလုံးများကိုမူ ယခုမှ ပထမဆုံးအကြိမ် စားဖူးခြင်း ဖြစ်သည်။

 

 

 

 

အမဲသားလုံးများမှာ အပြင်ဘက်တွင် မာကျောပြီး အတွင်း၌ ကျွတ်ဆတ်နေကာ ပုစွန်လုံးများမှာ လတ်ဆတ် မွှေးပျံ့ပြီး နူးညံ့လှသည်။ အရိုးနုအသားလုံးများမှာမူ တစ်ကိုက် ကိုက်လိုက်တိုင်း အရည်များ ထွက်လာပြီး ဝါးလိုက်တိုင်းတွင် အရသာရှိလှသည်။

 

 

 

ဝူချင်းက ပြုံးလိုက်ပြီး ဟွာကျွင်းကို ကြည့်ကာ ပြောလိုက်သည်။ အရသာရှိလိုက်တာ။ တကယ်ကို အရသာရှိတာပဲ

 

 

 

မော့ချွမ်သည် ထိုအသံကို ကြားသောအခါ လှည့်ကြည့်လိုက်သည်။ ကြည့်ရတာ ထွေထွေထူးထူး မရှိသလို ငါးချဉ်စပ်ဟင်းလောက်လည်း ဆွဲဆောင်မှု မရှိပေ။

 

 

 

 တကယ်ပဲ အဲဒီလောက် အရသာရှိပါ့မလားဟု တွေးမိသော်လည်း ဝူချင်းက လိမ်ညာနေပုံ မရပေ။

 

 

သူက အကျယ်ကြီး လှမ်းမေးလိုက်သည်။ အသားလုံးတွေ ဘယ်လောက် ကျန်သေးလဲ။ ကျန်တာ အကုန်လုံး ယူမယ်

 

 

 

ပေါက်စီများ နွှေးနေစဉ်အတွင်း မော့ချွမ်သည် စားစရာများ ထည့်ရန်အတွက် စခန်းသို့ ပြန်ပြေးသွားသည်။ ဟွာကျွင်းနှင့် ကျန်းရှီယွဲ့တို့ စကားပြောကြရာမှ ဤမုန့်ဆိုင်ကလေးသည် သူမကို လွန်ခဲ့သော နှစ်ပေါင်း (၈၀၀) ဆီသို့ ပို့ဆောင်ခဲ့ကြောင်းနှင့် သူမသည် တောင်ခြေတွင် ရှိနေကာ အနီးဆုံးမြို့သို့ သွားရန်မှာ တစ်နာရီခန့် လမ်းလျှောက်ရကြောင်း သိလိုက်ရသည်။

 

 

 

မြို့ထဲနှင့် နီးသလို လမ်းမကြီးပေါ်တွင် မရှိသောကြောင့် ပုံမှန်အားဖြင့် ဤနေရာတွင် မည်သူမျှ ရပ်နားလေ့ မရှိကြပေ။

 

 

 

ဆောင်းဦးပေါက် ကာလကတည်းက ယန်ဇီမြစ် အောက်ပိုင်းတွင် မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းခဲ့သဖြင့် နေရာအများအပြား ရေကြီးခဲ့သည်။ ကျန်းရှီယွဲ့နှင့် မော့ချွမ်တို့၏ တပ်ဖွဲ့မှာ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး ပစ္စည်းများ ပို့ဆောင်ရန် သွားခဲ့ကြပြီး မြို့တော်သို့အပြန်တွင် ဤမုန့်ဆိုင်ကို ဖြတ်သန်းသွားမိခြင်း ဖြစ်သည်။

 

 

 

အရေးကြီးကိစ္စဖြစ်သဖြင့် သူတို့၏ တပ်ဖွဲ့ငယ်လေးသည် နေ့မအားညမနား ခရီးနှင်ခဲ့ကြပြီး (၁၀) ရက်တာခရီးကို (၆)ရက်ဖြင့် သွားခဲ့ရပါသည်။ သူတို့သည် ပေါင်မုန့်ခြောက်များကိုသာ စားခဲ့ရပြီး  မြစ်ရေကိုသာ သောက်ခဲ့ကြရသည်။

 

 

 

ဝူချင်းက ပြောလိုက်သည်။ ကျန်းနန်မှာလည်း မိုးတွေ ဆက်တိုက် ရွာနေတယ်လို့ ကျွန်တော် ကြားမိတယ်။ အချို့နေရာတွေဆို မြစ်ကမ်းပါးတွေ ပြိုကျလို့ မြို့အတော်များများတောင် ရေကြီးနေပြီတဲ့

 

 

 

ကျန်းရှီယွဲ့ သက်ပြင်းချလိုက်သည်။ ဟုတ်တယ်။ သာမန်ပြည်သူတွေက ပိုပြီးတော့ အိုးမဲ့အိမ်မဲ့ ဖြစ်လာကြပြီ။ အစိုးရရဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကလည်း ရောက်တာ နှေးနေတယ်။ အထက်လူကြီးတွေက စိုးရိမ်နေကြလို့ ကျွန်တော်တို့ကို သီးသန့် လာပို့ခိုင်းတာပါ။ ဒါပေမဲ့ ဒီပစ္စည်းလေးတွေက ဘယ်လောက် ခံနိုင်မှာလဲ

 

 

 

 

ဟွာကျွင်းသည် သတင်းများထဲတွင် ရေကြီးရေလျှံမှုများကို မြင်ဖူးသည်။ ခေတ်မီနည်းပညာများ တိုးတက်နေသောခေတ်တွင်ပင် ရေလွှမ်းမိုးမှုကြောင့် လူအများအပြား သေဆုံးကြရသဖြင့် ရှေးခေတ်ကာလတွင်မူ ပြောနေရန်ပင် မလိုတော့ပေ။ ကယ်ဆယ်ရေး နှေးကွေးပြီး ထောက်ပံ့ရေး ပစ္စည်းများ ကန့်သတ်ချက် ရှိနေသဖြင့် ပြည်သူများမှာ အသက်ရှင်ကျန်ရစ်လျှင်တောင် မြေယာနှင့် အိုးအိမ်များ ဆုံးရှုံးပြီး ဒုက္ခသည်များ ဖြစ်သွားကြရှာသည်။

 

 

 

ဟွာကျွင်းလည်း ခေါင်းရမ်းလိုက်မိသည်။

 

စကားပြောနေကြစဉ် မော့ချွမ် ပြန်ရောက်လာသည်။

 

 

 

သူသည် အဖုံးကျိုးနေသော မြေအိုးတစ်လုံးနှင့် အရောင်ပင် ခွဲခြား၍ မရတော့သော အဝတ်အိတ်တစ်အိတ်ကို ယူလာသည်။

 

 

အူဒုံ(၂၅)ချောင်း ကျန်ရှိနေသဖြင့် ဟွာကျွင်းသည် ဝါးတုတ်များကို အကုန်ဆွဲထုတ်လိုက်ပြီး အသားလုံးများ၊ မုန်လာဥများနှင့် ရေညှိများကို အိုးထဲသို့ ထည့်လိုက်ကာ ကျန်ရှိသော ဟင်းရည်အားလုံးကို လောင်းထည့်ပေးလိုက်သည်။

 

 

မော့ချွမ်သည် အဝတ်အိတ်ကို ဖွင့်လိုက်ပြီး ပေါက်စီများကို အိတ်ထဲသို့ အကုန် ထိုးထည့်လိုက်သည်။

 

 

ထို့နောက် သူက ဟွာကျွင်းကို ကြည့်ကာ ပြုံးပြလိုက်သည်။ စစ်ဆင်ရေး ထွက်နေတဲ့အခါမှာ ဒီလောက် အသေးစိတ် ဂရုစိုက်နေစရာ မလိုပါဘူး

 

 

ရှေးခေတ်က လူတွေအတွက် ဝါးသေတ္တာ ဒါမှမဟုတ် သစ်သားသေတ္တာတွေ ပြင်ဆင်ထားဖို့ လိုမယ်ထင်တယ်။ ပြီးတော့ ပစ္စည်းထုပ်ဖို့အတွက်လည်း ဆီစိမ်စက္ကူတွေလည်း ပြင်ထားရမယ်

 

 ဟွာကျွင်း တွေးလိုက်သည်။ ဤအရာများကို ကြည့်ရသည်မှာ အလွန်ပင် မသန့်ရှင်းပေ။

 

 

 

သူတို့ စားသမျှနှင့် ဝယ်သွားသမျှကို တွက်ချက်ကြည့်လျှင် ကျန်းရှီယွဲ့၏ စားပွဲတွင် ငါးချဉ်စပ်ဟင်းတစ်အိုး၊ ထမင်းလေးပန်းကန်၊ ပေါက်စီ(၃၅)လုံး၊ အူဒုံ(၂၅) ချောင်းတို့ရှိသည်။

 

 

 

ဟွာကျွင်းက စုစုပေါင်းပမာဏကို မတွက်ချက်ရသေးမီမှာပင် သူက လက်ကာပြလိုက်ပြီး ငွေတုံးတစ်တုံး ပေးလာသည်။

 

 

 

မိန်းကလေး။ ခင်ဗျားဆိုင်က စားစရာတွေက တကယ့်ကို အရသာရှိပါတယ်။ ကျသင့်ငွေထက်ပိုတာကိုတော့ သိမ်းထားလိုက်ပါ ထို့နောက် သူနှင့် မော့ချွမ်တို့သည် ဝယ်ယူထားသော ပစ္စည်းများကို သယ်ဆောင်ကာ ထွက်ခွာသွားကြတော့သည်။

 

ယနေ့ဝင်ငွေ: ငွေနှစ်တုံးနှင့် ကြေးပြားဆယ်ငါးပြား