Ch 4
Viewers 707

4





ကံကောင်းသည်မှာ လေးလသားအရွယ်ရောက်သည်ထိ သူ့ခန္ဓာကိုယ်လေးမှာ သန်စွမ်းနေဆဲဖြစ်ပြီး နို့သာသောက်ရပေသိ စားကောင်းသောက်ကောင်းရှိနေပါသည်။



ယခုဆိုလျှင် နဉ်ရော့ယွီမှာကိုယ်လုံးလှိမ့်သည့်နေရာ၌ အံ့မခန်းခွန်အားများဖြင့်ပြည့်ဝနေပြီပင်။ တံတွေးဖြင့်ပူဖောင်းမှုတ်ခြင်းအပြင် ကုတင်တစ်ဖက်မှ အခြားတစ်ဖက်သို့ တနေကုန်လှိမ့်နေတတ်ပြီး လုံးဝဒုက္ခရောက်သည်ဟုမထင်ပါပေ။



Sign-in စနစ်ခမျာသာ လုံးဝစိတ်ကုန်ပြီး မောပန်းနေရရှာတော့သည်။ စနစ်နှင့် ချိတ်ဆက်ထားသော အိမ်ရှင်သည် ၎င်း၏ ဆိုလိုရင်းကို နားမလည်ဘဲနေမည်မဟုတ်ပေ။ သို့မဟုတ်ပါက နေ့စဉ်မပျက်မကွက် Sign in ဝင်ပြီး လုပ်ရပ်တိုင်းကို မှန်ကန်အောင် မည်သို့ပြုလုပ်နိုင်ပါမည်နည်း။ မွေးကင်းစကလေးတစ်ဦးမှာ ဤမျှထိ လုပ်ဆောင်နိုင်ပါမည်လော။



ကံဆိုးသည်မှာ လူ့ဆန္ဒဟူသည် ဝတ္ထုပစ္စည်းဖြင့် လွှမ်းမိုး၍မရစတမ်းဆိုသကဲ့သို့ပင်......



အိမ်ရှင်အား တာဝန်အမြန်ပြီးမြောက်အောင်ဆောင်ရွက်ရန် တိုက်တွန်းလိုက်တိုင်း တစ်ဖက်လူမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားကာ သူ့စကားများကို လုံးဝလျစ်လျူရှုထားတတ်လေသည်။



တာဝန်ပြီးမြောက်လျှင်ရရှိမည့် ဆုလက်ဆောင်များကလည်း သူ့ကိုမဆွဲဆောင်နိုင်ချေ။ အိမ်ရှင်မှာ ငယ်ရွယ်လွန်းသဖြင့် စတိုးဆိုင်မှာ ပိတ်ထားဆဲဖြစ်ပြီး အမှတ်များမှာလည်း အသုံးမဝင်သကဲ့သို့ ဖြစ်နေရာ လမ်းတစ်ဝက်၌ပင် သောင်တင်နေရတော့သည်။ ဤအချက်သည် အနိုင်မခံ အရှုံးမပေးတတ်သော Sign-in စနစ်အား အလွန်ပင် စိတ်အလိုမကျဖြစ်စေလေ၏။ မည်သည့် အိမ်ရှင်ကမှ သူ့မက်လုံးပေးမှုကိုမငြင်းဆန်နိုင်ဟု သူယုံကြည်ထားခဲ့သည်ပင်။



နဉ်ရော့ယွီသည် ခေါင်းထဲရှိအလုပ်ကြိုးစားလွန်းသော စနစ်ကို ယင်ကောင်တစ်ကောင်ကဲ့သို့ သဘောထားလိုက်လေသည်။ သူ အိပ်စက်ချိန်တွင် အလိုအလျောက်ပိတ်ထားလိုက်၏။ တစ်ကယ့်ကို လူသားဆန်ပြီးစာနာတတ်သော လုပ်ရပ်ပင်ဖြစ်ချေသည်။

တဖြည်းဖြည်းနှင့် သူသည် ခေါင်းထဲရှိ စနစ်တည်ရှိမှုကို ယဉ်ပါးလာပြီး ထိုအသံသေးသေးလေးများကို အလိုလိုလျစ်လျူရှုတတ်လာတော့၏။



မနက်ခင်းနိုးထလာလျှင် ဦးစွာအစာစားသည်။ ထို့နောက် အစေခံမှသူ့ကိုပွေ့ချီကာ မိခင်ထံသို့ခေါ်ဆောင်သွားလေ့ရှိ၏။

သူ့ဖခင်မှာ အလုပ်သိပ်မလုပ်ဘဲ အေးဆေးနေတတ်သော အရာရှိတစ်ဦးဖြစ်ပေသည်။ တာဝန်အများစုကို စီရင်စုတရားသူကြီး၊ စာရေးနှင့် မှတ်တမ်းအရာရှိများထံသာ လွှဲပြောင်းထားတတ်၏။ သူ့တာဝန်ကို လုံးဝ ပစ်ပယ်ထားခြင်း မဟုတ်သော်လည်း လက်အောက်ငယ်သားများ၏ ကိစ္စရပ်များကိုမူ များစွာဝင်ရောက်စွက်ဖက်လေ့ မရှိပေ။



ဂုဏ်သရေရှိမိသားစုများ၏ စကားဖြင့်ဆိုရလျှင် ၎င်းကိုစင်ကြယ်သော စကားဝိုင်းဟု ခေါ်ဆိုကြသည်။ လောကီအရေးကိစ္စများကို ရှောင်ရှားလျက် သူတစ်ပါး၏လေးစားမှုကို ရယူခြင်းဖြစ်၏။ နေ့စဉ်ရက်ဆက် သာမန်အလုပ်များကိုသာ စီမံခန့်ခွဲနေပါက ပညာရှင်ဆန်သော အသွင်အပြင်ပျက်စီးကာ အလှောင်ခံရပေလိမ့်မည်။ လက်တွေ့ကျလွန်းလျှင် လေးနက်သောစိတ်ဝင်စားမှုများ ပျောက်ဆုံးတတ်သည်ဟု ဆိုကြသည်ပင်။



နဉ်ရော့ယွီ : ???



သူသည် ဤခေတ်သို့ရောက်ရှိလာရာတွင် အတိတ်ဘဝမှ မှတ်ဉာဏ်များပါလာသည်ဟု ဆိုသော်လည်း ဝေဝါးနေဆဲပင်။ သူ မှတ်မိသည်မှာ အရင်ဘဝ၌ သူမည်သူဖြစ်ကြောင်းနှင့် မည်သို့ဆိုးဆိုးရွားရွား သေဆုံးခဲ့ရကြောင်းသာဖြစ်၏။ အလုပ်ပိ၍ သေဆုံးခဲ့ရသူဖြစ်ရာ နာကြည်းချက်များဖြင့်ပြည့်နှက်နေသော ထိုမှတ်ဉာဏ်မှာ ကွက်ကွက်ကွင်းကွင်းရှိနေပေသည်။ မည်သည့် ရုံးဝန်ထမ်းကမှ ၎င်းကိုမေ့ပျောက်နိုင်မည် မဟုတ်ချေ။



ကျန်ရှိသော မှတ်ဉာဏ်အပိုင်းအစများမှာမူ မသဲကွဲလှပေ။ ထို့ပြင် မွေးကင်းစကလေး၏ဦးနှောက်မှာ အများအပြားမှတ်သားထားနိုင်စွမ်း မရှိချေ။ တစ်စက္ကန့်ခန့်အတွေးတစ်ခု ပေါ်လာပြီး နောက်တစ်စက္ကန့်တွင် မေ့သွားတတ်ခြင်းမှာ ပုံမှန်ကိစ္စသာဖြစ်၏။



သို့သော် သူကဲ့သို့မေ့တတ်သူပင်လျှင် ရုပ်လွန်သဘောတရားအကြောင်း ပြောဆိုကာ အချိန်ဖြုန်းနေခြင်းသည် ကောင်းသောကိစ္စမဟုတ်မှန်း သိရှိပေသည်။ ပြည်သူကိုအကျိုးမပြုသော အရာရှိသည် အိမ်ပြန်၍ ကန်စွန်းဥရောင်းစားခြင်းကသာ ပို၍ကောင်းမွန်ပေလိမ့်မည်။ အရေးကြီးသော ရာထူးရယူထားသည့် အရာရှိကြီးများသာ လက်တွေ့အလုပ်မလုပ်ပါက အောက်ခြေလူတန်းစားများမှာ ပုန်ကန်ခြင်းမပြုကြဘဲ မည်သို့နေနိုင်မည်နည်း။ တိုင်းပြည်သည်လည်း မည်သို့တိုးတက်လာပါမည်နည်း။ အတွင်းမှနေ၍ ပုပ်သိုးဆွေးမြေ့သွားရုံသာ ရှိတော့မည်။



သို့သော် နဉ်ရော့ယွီ၏ဦးနှောက်သေးသေးလေးမှာ ခေတ္တမျှသာတွေးတောပူပန်နိုင်လိုက်၏။ သူ့အာရုံမှာ ရှေ့တွင်ရှိနေသော ငှက်ပုံစံဘီးတပ်အရုပ်ဆီသို့ ရောက်ရှိသွားသောကြောင့်ပင်။ သူကဲ့သို့ ကလေးပေါက်စလေးမှ တိုင်းရေးပြည်ရာအကြောင်းများကို တွေးတောနေ၍လည်း မည်သည့်အရာမှ ထူးခြားလာမည်မဟုတ်ပေ။ ပျော်စရာကောင်းသော ကလေးဘဝကို ခံစားလိုက်ခြင်းကသာ ပို၍ကောင်းမွန်ပေဦးမည်။

နဉ်ယွမ် ရယ်မောလျက် ပြောလာသည်။



"ကြည့်စမ်းပါဦး အားရှီးက အဲ့အရုပ်ကိုစိုက်ကြည့်နေလိုက်တာ"



ဇနီးသည်မှာ သူ့ကိုမျက်စောင်းထိုးကာဆိုလာ၏။ 



"ရှင် စမနေပါနဲ့၊အဲ့ဒါက တစ်နှစ်သား နှစ်နှစ်သားလောက်မှစီးလို့ရမှာပါ၊နောက်ကျရင် အားရှီးက အဲဒါစီးချင်တယ်ဆိုပြီး ပူဆာလာရင် ရှင့်ကိုအလွတ်ပေးမှာမဟုတ်ဘူးနော်"



နဉ်ရော့ယွီမျက်လုံးများသည် ကြေးဖြင့်ပြုလုပ်ထားသော ဂျိုးငှက်ပုံစံအရုပ်ဆီမှ ခွာနိုင်ခြင်းမရှိအောင် ဖြစ်နေရှာသည်။ အရုပ်၏ဘေးတစ်ဖက်တစ်ချက်တွင် ဘီးများပါရှိပြီး ရင်ဘတ်၌ကြိုးဆွဲရန် ကွင်းဝိုင်းဝိုင်းလေးပါရှိသည်။ ကလေးများမှာ ငှက်ကျောကုန်းပေါ်တွင်ထိုင်လျက် လူကြီးများမှာရှေ့မှနေ၍ ဆွဲပေးရသောအရုပ်မျိုးဖြစ်ပေ၏။



၎င်းမှာ နောက်ခေတ်များတွင် ပေါ်လာသည့် နှစ်ဘီး၊ သုံးဘီး၊ လေးဘီးတပ်စကူတာများနှင့် ဆင်တူလှသည်။ ကလေးများသည် ခြေထောက်ဖြင့်ကန်၍ လျှောက်နိုင်သလို လူကြီးများဆွဲပေး၍လည်းရပေ၏။

နဉ်ယွမ် သဘောမတူသကဲ့သို့ ခေါင်းခါလိုက်သည်။ 



"ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ကိုယ်တို့ အားရှီးက လိမ္မာပါတယ်"



စကားဆုံးသည်နှင့် ချက်ချင်းပင် သူ့သားအငယ်ဆုံးမှစကူတာကို လက်ညှိုးထိုးပြပြီး အစေခံလက်ထဲမှ လွတ်ထွက်လုနီးပါး ဝကစ်ကစ်ကိုယ်လုံးလေးကို ကော့ပျံကာရှေ့တိုးရန် ကြိုးစားနေသည်ကိုမြင်လိုက်ရတော့သည်။



နဉ်ယွမ် : "......"



ဒီကောင်ဆိုးလေးက‌တော့


သူသည် သဘောတကျရယ်မောလိုက်ပြီး ဇနီးသည်၏မျက်စောင်းအောက်မှာပင် အစေခံအား အရုပ်ယူသွားရန် အမြန်အမိန့်ပေးလိုက်ရသည်။ သူ့သားအငယ်ဆုံးမှာ ဤမျှထိ ဆိုးသွမ်းပြီး ဖခင်ဖြစ်သူမျက်နှာကိုပင် ဖြတ်ရိုက်ရဲလိမ့်မည်ဟု ထင်မထားခဲ့ချေ။ နဉ်ရော့ယွီသည် ဤဘဝကိုရောက်ရှိလာပြီဖြစ်သလို ဤမျှမြင့်မြတ်သော အဆောင်အယောင်များဖြင့် နေထိုင်ရသည်ဖြစ်ရာ တစ်ခါတစ်ရံကိုယ့်စိတ်ကြိုက်နေသင့်ပါ၏။ 



အမြဲတစေလိမ္မာနေပါက ကိုယ့်ကိုယ်ကိုယ် နှိပ်စက်ရာကျရောက်နေပေလိမ့်မည်။

Sign-in စနစ်မှ သူ့ကိုဒေါသထွက်နေသည်မှတစ်ပါး စီရင်စုအုပ်ချုပ်ရေးမှူးနှင့် ဇနီးသည်တို့ကမူ သားအငယ်ဆုံးလေးသည် ပြီးပြည့်စုံသည်ဟု ယူဆထားကြ၏။ သူတို့သားလေးလောက် ချစ်စရာကောင်းသည့် ကလေးမရှိဟု ထင်မှတ်နေကြတော့သည်။



သို့သော် သူတို့ပျော်ရွှင်မှုမှာ ကြာရှည်မခံလိုက်ချေ။ မကြာမီမှာပင် သားအကြီးဆုံးနဉ်ယန်နင်ထံမှ အစေခံတစ်ဦး ရောက်ရှိလာပြီး သားကြီးမှာနေမကောင်းထပ်ဖြစ်နေကြောင်း သတင်းလာပို့လေတော့သည်။