6
နားမထောင်ပြန်လျှင်လည်း နောက်ဆက်တွဲ မည်သို့ဖြစ်သွားမည်ကို သိချင်စိတ် တဖွားဖွားပေါ်နေ၏။ နားထောင်လိုက်ပြန်လျှင်လည်း အစ်ကိုကြီး၏လှည့်ကွက်ထဲ မိသွားသကဲ့သို့ ခံစားရလေသည်။
ကောင်းမွန်သော အကျင့်စရိုက်များ၊ ဗဟုသုတအစအနများသည် မထင်မှတ်ဘဲ ဦးနှောက်ထဲသို့ စီးဝင်လာတော့၏။ တကယ့်ကို ထူးဆန်းလွန်းလှပေ၏။
နဉ်ရော့ယွီသည် သူ့အစ်ကိုကြီးအား မျက်လုံးဝိုင်းကြီးများဖြင့် စိုက်ကြည့်နေမိသည်။ ငါးတန်း ခြောက်တန်းအရွယ်ခန့်သာရှိသေးမည့် ကောင်လေးသည် အဘယ်ကြောင့် ဤမျှပါးနပ်နေရသနည်း။
နဉ်ယန်နင်မှာမူ သူ့ညီလေးမှ တောက်ပပျော်ရွှင်နေသောမျက်လုံးလေးများဖြင့် သူ့အား ကြည့်နေသည်ကို မြင်သောအခါ အရာရာတိုင်းသည် အံ့သြဖွယ်ကောင်းနေသည်ဟု ခံစားရပြီး ညီလေးအပေါ် ပို၍ပင်ချစ်ခင်မြတ်နိုးမိသွားလေသည်။
သူသည် ကလေးများကို သိပ်မနှစ်သက်လှချေ။ ငိုကြွေးခြင်း၊ ဂျီကျခြင်းများသည် အလွန်စိတ်အနှောင့်အယှက် ဖြစ်စရာကောင်းပြီး နားငြီးလှပေ၏။ ကလေးများဆိုသည်မှာ မိုးပေါ်ထိအသံရောက်အောင် အော်ဟစ်ငိုကြွေးပြီးမှအငိုရပ်ကြမည့်ပုံမျိုး ဖြစ်ရာ သူကဲ့သို့ အေးဆေးတည်ငြိမ်စွာနေတတ်သူအတွက်မူ သည်းမခံနိုင်စရာပင် ဖြစ်သည်။ သာမန်အချိန်များတွင် ကလေးများနှင့် ထိတွေ့ဆက်ဆံစရာမလိုသည်ကိုပင် သူကျေးဇူးတင်နေမိ၏။
သို့သော် သူ့ညီလေးမှာမူ မတူကွဲပြားနေသည်။ သွေးသားရင်းချာဖြစ်နေခြင်းကို ထားလိုက်ဦး ညီလေးသည် အမြဲလိမ္မာပြီး ငြိမ်သက်နေတတ်၏။ အကြောင်းမဲ့ငိုလေ့မရှိသကဲ့သို့ အစ်ကိုကြီးပြောဆိုသည်ကိုလည်း အမြဲတမ်းအာရုံစိုက်နားထောင်တတ်ပေသည်။ တစ်ခါတစ်ရံတွင် ကလေးသံတတွတ်တွတ်ဖြင့်ပင် ပြန်ပြောတတ်သေးရာ မချစ်ခင်ဘဲ မည်သို့နေနိုင်ပါမည်နည်း။
သံယောဇဉ်ဟူသည် တဖြည်းဖြည်းတိုးပွားလာတတ်သည်ဖြစ်ရာ အချိန်ကြာလာသည်နှင့်အမျှ နဉ်ယန်နင်သည် မိဘများကို ဂါရဝပြုချိန်၌ ညီလေးနှင့်သွားတွေ့ပြီး စကားပြောချင်လာရာ မိခင်ဖြစ်သူပင်သတိမပေးရတော့ဘဲ ကိုယ်တိုင်စတင်ပြောဆိုလာတတ်သည်။
ရှည်လျားသော နွေရာသီနေ့ရက်များတွင် နဉ်ရော့ယွီနိုးလာပြီး မနက်စာစားပြီးသည်နှင့် မိဘများမှာ အလှည့်ကျလာရောက်ကြည့်ရှုကြ၏။ ထို့နောက် သူ့အစ်ကိုကြီးမှာ တာဝန်လဲပေးသကဲ့သို့ အခန်းထဲသို့ ရောက်ရှိလာတတ်သည်။ သူသည် တစ်နာရီခန့်ထိုင်နေတတ်၏။ နဉ်ယန်နင်သည် လက်ထဲမှ ဝါးစာလိပ်ကို တစ်ချက်ကြည့်လိုက်ရုံဖြင့် အတွင်းရှိ အကြောင်းအရာများကို အလွတ်ပြန်ပြောပြနိုင်လေသည်။ အစေခံများပင် ပါးစပ်အဟောင်းသားဖြင့် ငေးမော နားထောင်ရသည့်ထိ ဆွဲဆောင်မှုရှိပေ၏။
နဉ်ရော့ယွီတစ်ယောက်တည်းသာ အသက်မဲ့သောမျက်လုံးများဖြင့် ငေးကြည့်နေမိရှာသည်။ နဉ်ယန်နင်၌မြင်သမျှ မှတ်မိနိုင်စွမ်းရှိသည်မှာ သေချာ၏။ သူ့အစ်ကိုကြီးကမှ တကယ့်ပါရမီရှင်အစစ် ဖြစ်ပေသည်။ မိဘများမှာ သူ့အကြောင်းသူတစ်ပါးပြောသည်ကို နားထောင်ရသည်အား နှစ်သက်သော်လည်း မငိုယိုတတ်ခြင်းလောက်ဖြင့် မအံ့သြကြသည်မှာလည်း မဆန်းတော့ချေ။
ဤမျှတန်ဖိုးရှိသော ကျောက်မျက်ရတနာကြီးရှေ့တွင်ရှိနေမှတော့ သူကဲ့သို့ခေါင်းမာသော ကျောက်တုံးလေးကို မည်သူကစိတ်ဝင်စားပါမည်နည်း။
ဘေးတွင် အစ်ကိုကြီးလည်ချောင်းမခြောက်စေရန် ပျားရည်တစ်ခွက်ချထားပေးလေသည်။ မိဘများမှာလည်း ဤအရာကို ညီအစ်ကိုမေတ္တာ၏ ပြယုဂ်အဖြစ် သဘောထားပြီး နဉ်ယန်နင်အား နဉ်ရော့ယွီ အတွက် ပုံပြင်များကို စိတ်ကြိုက်ဖတ်ပြခွင့် ပြုထားကြ၏။ နောက်ပိုင်းတွင် နဉ်ရော့ယွီဖခင်၏ ကိုယ်လုပ်တော်သည် သခင်မကို လာရောက်ဂါရဝပြုရင်း ဤမြင်ကွင်းကိုတွေ့ရှိသွားလေသည်။
ထို့ကြောင့် သူမသည် သမီးဖြစ်သူကိုလည်း စာပေလောကထဲ ဝင်ရောက်စေချင်ပါသည်ဟုဆိုကာ သတိကြီးကြီးထားလျက် ခွင့်တောင်းလာရှာ၏။ ထိုမိန်းကလေးသည် လိမ္မာရေးခြားရှိပြီး အနေအထိုင် တည်ငြိမ်သည်။ အမြဲတစေ ကိုယ့်အဆောင်၌သာနေထိုင်ပြီး မည်သည့်အခါမှပြဿနာမရှာတတ်ပေ။ သခင်မသည်လည်း ပြဿနာရှာတတ်သူမဟုတ်ရာ သူမ၏တောင်းဆိုမှုကို လက်ခံလိုက်လေသည်။
ထိုသို့ဖြင့် နဉ်ရော့ယွီအခန်းငယ်လေးထဲတွင် ငါးနှစ် ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦးထပ်မံရောက်ရှိလာပြန်၏။ သူမသည် လှပပြီးနူးညံ့သော်လည်း အစ်ကိုကြီးကဲ့သို့ပင် ချူချာလှသည်။ အသားအရေမှာဖြူဖတ်ဖြူလျော် နှုတ်ခမ်းများသည်လည်း အရောင်မရှိသကဲ့သို့ဖြစ်နေပြီး ဆံပင်နှင့်မျက်ခုံးများသည်လည်း ဝါဖျော့ဖျော့ဖြစ်နေရှာ၏။ ထိုမိန်းကလေးသည် လူကြောက်တတ်သည့်အကျင့်ရှိသည်။ အခန်းထဲရောက်သည်နှင့် အစ်ကိုကြီးနဉ်ယန်နင်ကို နှုတ်ဆက်ပြီးနောက် မောင်လေးကို နှုတ်ဆက်သည်။ ထို့နောက်တွင်မူ မည်သည့်စကားမှ ထပ်မပြောရဲဘဲထောင့်တစ်နေရာ၌သာ တိတ်ဆိတ်စွာနေလေတော့၏။
တစ်ခါတစ်ရံ နဉ်ရော့ယွီသည် သူမရှိနေသည်ကိုပင် မေ့လျော့သွားတတ်သည်။ သို့သော် နဉ်ယန်နင်ပြန်ခါနီးလျှင် သူမသည် အစ်ကိုကြီးကိုနှုတ်ဆက်ပြီးသည်နှင့် ပုခက်ထဲမှ နဉ်ရော့ယွီကိုပါ ချက်ချင်းနှုတ်ဆက်လေ့ရှိ၏။ အမှားအယွင်းတစ်စက်မှအဖြစ်မခံချေ။ သူမမိခင်ကဲ့သို့ပင် သတိကြီးခြင်းမှာ အရိုးထဲစွဲနေပုံရသည်။
သူတို့နှစ်ဦးတစ်ယောက်ပြီးတစ်ယောက် ပြန်သွားကြပြီဆိုမှ အစေခံမလေးတစ်ဦးမှာ အဝတ်ရုပ်လေးဖြင့် နဉ်ရော့ယွီအား လာရောက်ချော့မြှူလေ၏။ သူကလည်း သဘောတကျဖြင့်ကစားနေလိုက်တော့သည်။ ကစားပြီးလျှင် သူ၏ဇီဝကိစ္စ အထွေထွေကို ရှင်းလင်းရ၏။ ထို့နောက် တစ်နာရီခွဲခန့်အိပ်စက်ပြီး ပြန်နိုးလာတတ်သည်။
ဤအချိန်ဆိုလျှင် အိမ်တော်ထဲရှိလူတိုင်း အလုပ်ရှုပ်နေကြပြီပင်။ ဖခင်ဖြစ်သူမှာ ရုံးတော်သို့သွားကာ တရားစီရင်ရေးကိစ္စရပ်များ စစ်ဆေးသလို လက်အောက်ငယ်သားများ စကားနားထောင်မှုရှိမရှိကိုလည်း သွားရောက်ကြည့်ရှုလေ့ရှိသည်။ မိခင်ဖြစ်သူမှာမူ အိမ်မှုကိစ္စများကို စီမံခန့်ခွဲရ၏။ အသစ်ဝယ်ယူထားသော အထည်အလိပ်များနှင့် ခေတ်အမှီဆုံးအဝတ်အစားများ ချုပ်လုပ်ရန် စီစဉ်ခြင်း၊ အစေခံများကို ဆုံးမခြင်း၊ အိမ်တော်၏ဝင်ငွေထွက်ငွေ စာရင်းများကို စစ်ဆေးခြင်းတို့ ပြုလုပ်နေရလေသည်။
အစ်ကိုကြီးမှာမူ အိမ်မှငှားရမ်းပေးထားသော ဆရာနှင့် စာသင်ကြားနေရပြီး၊ အစ်မဖြစ်သူမှာလည်း မလိုအပ်ဘဲ သခင်မကြီး၏အဆောင်ဘက်သို့ လာမရှုပ်ရဲချေ။ ထို့ကြောင့် ကလေးပေါက်စနဉ်ရော့ယွီ တစ်ယောက်တည်းသာ ကျန်ရစ်ခဲ့ရသည်။
သူမည်သို့အသာထိုင်နေနိုင်ပါမည်နည်း။
သူသည် ချက်ချင်းပင်ပြတင်းပေါက်ထံ လက်ညှိုးထိုးပြပြီး အပြင်ထွက်လိုကြောင်း ပြသလိုက်သည်။
ရာသီဥတုသာယာနေခြင်းနှင့် နဉ်ရော့ယွီမှကျန်းမာသန်စွမ်းခြင်းတို့ကြောင့် နို့ထိန်းလည်း ကလေးကိုအိမ်ထဲ၌သာ ပိတ်လှောင်မထားသင့်ဟုတွေးပြီး ခြံဝင်းအတွင်းလမ်းလျှောက်ထွက်ရန် အကြံပြုလေ၏။ ဤသည်မှာ မွေးကတည်းမှ နဉ်ရော့ယွီလေး အိမ်ပြင်ထွက်ရသော ပထမဆုံးအကြိမ် ဖြစ်ပေသည်။ သုံးရက်မြောက်ဂုဏ်ပြုပွဲ၌ပင် ဧည့်သည်များကို ခေတ္တမျှပြပြီးသည်နှင့် ချက်ချင်းပြန်ခေါ်ဆောင်လာခဲ့ခြင်းဖြစ်ရာ အပြင်ထွက်သည်ဟု မဆိုနိုင်ချေ။
ထို့ကြောင့် သူဝမ်းသာလွန်း၍ ကခုန်ချင်စိတ်ပင် ပေါက်သွားလေသည်။ အိမ်မကြီးထဲမှ အပြင်သို့ခြေချလိုက်သည်နှင့် သူ့မျက်လုံးများသည် ပြင်ပကမ္ဘာဆီမှမခွာနိုင်အောင် ဖြစ်နေတော့သည်။ သူ ကံကောင်းပေ၏။ ယခုအချိန်သည် နွေရာသီဖြစ်ရာ စိမ်းလန်းစိုပြေပြီး ငှက်သံလေးများကြားနေရသည်။ နွေဦးရာသီလောက် အရောင်အသွေးမစုံလင်သော်လည်း ဆောင်းရာသီနှင့် ဆောင်းဦးရာသီကဲ့သို့ ခြောက်သွေ့မနေဘဲ သူ့အလှနှင့်သူ ရှိနေလေ၏။
ဤခြံဝင်းသည် သူ့မိခင်တစ်ဦးတည်းပိုင်ဆိုင်သောနေရာဖြစ်သည်။ သူ့အစ်ကိုကြီးနှင့် ဖခင်တို့သည် ကိုယ်ပိုင်ခြံဝင်းများဖြင့် သီးသန့်နေထိုင်ကြသကဲ့သို့ ကိုယ်လုပ်တော်နှင့် သမီးဖြစ်သူတို့သည်လည်း သီးခြားခြံဝင်းတစ်ခု၌ နေထိုင်ကြလေ၏။ ဤအချက်ကိုကြည့်ရှုလျှင် မိသားစုသည် မည်မျှချမ်းသာကြွယ်ဝကြောင်း သိသာထင်ရှားလှပေသည်။
ကြည့်လိုက်ပါဦး ဤခြံဝင်းကြီးသည် မည်မျှကျယ်ဝန်းလိုက်ပါသနည်း။ အလယ်တွင် ပန်းခင်းများရှိပြီး အမည်မသိရသောပန်းမျိုးစုံကို စိုက်ပျိုးထားလေသည်။ ပန်းရနံ့များသည် လေထဲတွင်သင်းပျံ့နေတော့၏။ ပျားများနှင့် လိပ်ပြာများ ဝဲပျံနေသည်ကိုမူ မတွေ့ရချေ။ ရှိလျှင်လည်း သခင်များကို အနှောင့်အယှက်ဖြစ်မည်စိုး၍ အစေခံများမှမောင်းထုတ်လိုက်ကြပြီဟု ထင်ရသည်။
ဤသည်မှာ မည်သို့ဖြစ်နိုင်ပါမည်နည်း။ ဝတ်မှုန်ကူးပေးမည့် ပျားလေးများမရှိဘဲ လှပသောပန်းလေးများမှာ ပွင့်လန်းလာနိုင်မည်မဟုတ်ပေ။
ကံဆိုးသည်မှာ ကလေးသံလေးဖြင့် သူတတွတ်တွတ်ပြောဆိုသည်ကို မည်သူမှနားမလည်ကြသဖြင့် သူ့ဘာသာသူသာ တစ်ယောက်တည်း သဘောကျနေရရှာလေသည်။ ပန်းခင်းဘေးတွင် ကျောက်စားပွဲနှင့် ထိုင်ခုံများရှိနေ၏။ အစေခံမလေးမှာ သူ့ကို ထိုနေရာ၌ထိုင်စေလိုက်၏။ ခြံဝင်းထဲ၌ သစ်သားစင်္ကြံလျှောက်လမ်းလေးတစ်ခု ဖောက်လုပ်ထားပြီး အပြင်ဘက်တွင် ခုံဖိနပ်များ ချွတ်ထားလေသည်။ အိမ်ထဲ၌မူလူအများစုသည် ပိုးသားခြေအိတ်များဝတ်ဆင်ပြီး လျှောက်လှမ်းကြလေ့ရှိ၏။
နဉ်ရော့ယွီ ဟိုဟိုဒီဒီလှည့်ပတ်ကြည့်ရှုလိုက်ရာ ခြံဝင်းတစ်ဖက်တွင် ဝါးရုံတောတစ်ခုရှိနေသည်ကို တွေ့လိုက်ရသည်။ အလွန်သေသပ်လှပသော ခရမ်းရောင်ဝါးရုံတောလေးပင် ဖြစ်ချေ၏။ သူ့မိခင်အကြိုက်သည် တစ်ကယ့်ကို ထိပ်တန်းပင်ဖြစ်ပေသည်။ ခြံဝင်းတစ်ခုလုံး၏အပြင်အဆင်သည် ဇိမ်ကျပြီးကျက်သရေရှိလှပေ၏။ အသေးစိတ် အချက်အလက်များတွင်ပင် ခမ်းနားထည်ဝါမှုနှင့်ဂုဏ်ရှိန်များ ဖုံးကွယ်ထားပြီး မိသားစု၏အာဏာစက်ကို ဖော်ပြနေသကဲ့သို့ ရှိချေသည်။
သူတို့သွားလေရာ၌ အစေခံ နောက်လိုက်များ အမြဲပါရှိသကဲ့သို့ စားသောက်ဖွယ်ရာများသည်လည်း အမြဲတစေပြည့်စုံကောင်းမွန်နေတတ်၏။ တစ်ကယ့်ကို ချမ်းသာကြွယ်ဝသော မိသားစုပင်ဖြစ်ပေသည်။ ဤကဲ့သို့သော မိသားစု၌ပြန်လည်မွေးဖွားလာရခြင်းသည် အတိတ်ဘဝမှ ဆယ်စုနှစ်ကျော်စာကြိုးစားခဲ့ရပြီး သုံးနှစ်လုံးလုံး ပင်ပင်ပန်းပန်းအလုပ်လုပ်ခဲ့ရသည့် သူ့ပင်ပန်းဆင်းရဲမှုများအတွက် လျော်ကြေးပေးခြင်းဖြစ်ကောင်းဖြစ်နိုင်ပေ၏။
ဤတစ်ဘဝတွင်မူ သူ့အလှည့်သို့ရောက်ရှိလာပြီဖြစ်သည်။