Ch 8
Viewers 698

8





"မေမေ ကြည့်ပါဦး၊အားရှီးက အမြဲပျင်းနေတာ၊သားက သူ့အစ်ကိုကြီးအနေနဲ့ နောင်တစ်ချိန် မိသားစုကိုစောင့်ရှောက်နိုင်အောင် စာပိုကြိုးစားရမယ်နဲ့တူတယ်" 



နဉ်ယန်နင် စနောက်လိုက်သည်။ အုပ်ချုပ်ရေးမှူးကတော်လည်း နဉ်ရော့ယွီကို ရင်ခွင်ထဲဆွဲသွင်းပြီး နှာခေါင်းလုံးလုံးလေးကို တို့ထိလိုက်၏။ 



"ကဲ ကဲ သားကို ဘယ်သူကပျင်းခွင့်ပေးမှာလဲ၊သားအစ်ကိုကြီးက မွေးကတည်းက ကျန်းမာရေးသိပ်မကောင်းရှာဘူး၊ဘယ်လိုလုပ် အရာရာတိုင်း သူ့အပေါ် မှီခိုလို့ရမှာလဲ၊သားလဲ နောက်ကျရင်ကိုယ့်ကိုကိုယ် ကောင်းကောင်းပြုစုပျိုးထောင်ပြီး အစ်ကိုကြီးကို ကာကွယ်ပေးရမှာပေါ့"



အုပ်ချုပ်ရေးမှူးကတော်မှာ ကလေးကိုအကြောင်းပြုပြီး ခုနကတင်းမာနေသော အခြေအနေကို လျှော့ချလိုက်သည်။ အခုတော့ သားကြီးမှာ မိဘရင်ခွင်မှနေ ခွဲခွာပြီး ခရီးဝေးသွားကာ မိသားစုကျောင်း၌ စာသင်ရမည်ကို အရင်လောက်ဝန်မလေးတော့ဘဲ လက်ခံနိုင်လာပြီပင်။ သို့သော်မိခင်ဖြစ်နေ၍ သားကြီးခရီးဝေးသွားရမည်ကို စိတ်ပူနေဆဲပင်။ သူမမျက်မှောင်ကြုံ့ပြီး တိုးတိုးလေးပြောလိုက်၏။



"သားအဖေက အခုယိုကျိုးက ကွမ်ဖျင်စီရင်စုမှာတာဝန်ထမ်းဆောင်နေတာ၊အဲ့နေရာက အမေတို့မိသားစုတွေနေတဲ့ ကျီကျိုးနဲ့ နယ်မြေချင်းထိစပ်နေပေမယ့် မိသားစုရှိတဲ့ လီဆူစီရင်စုကတော့ တောင်ဘက်ပိုကျတယ်၊ယွီကျိုးနဲ့တောင် နယ်မြေချင်း ထိစပ်လုနီးပါးပဲ၊ခရီးက တစ်ကယ်ဝေးလွန်းတယ်"



ထို့ပြင် သားအငယ်ဆုံးကိုမွေးသည့်နှစ်၌ နန်းတွင်းမှာငြိမ်းချမ်းမှုသိပ်မရှိလှပေ။ ယခုမှ ငြိမ်သက်သွားရုံရှိသေးသော်လည်း လမ်း၌ဓားပြများနှင့်တွေ့မည်ကို သူမစိုးရိမ်မိသည်။ ဤလောကကြီးတွင် လူအချင်းချင်းစားသုံးကြသည့်ဘေးမှာ မိုးမြေမှလူကိုဝါးမြိုသည့်ဘေးထက်(လူတွေလုပ်တဲ့ဘေးဒုက္ခက သဘာဝဘေးဒုက္ခထက် ပိုဆိုးတယ်) ပိုအန္တရာယ်များလေ၏။ နဉ်ယန်နင် အသာနှစ်သိမ့်ပေးလိုက်သည်။ 



"မေမေ ဒါကိုစိတ်မပူပါနဲ့၊နှစ်သစ်ကူးပြီး နွေဦးအစရောက်မှ ကျီကျိုးကိုသွားမှာပါ၊ဖေဖေက စစ်သည်တွေထည့်ပေးမယ့်အပြင် အဘိုးတို့ဘက်ကလဲ စီစဉ်ပေးမှာမလို့ ခရီးဝေးသွားရရင်တောင် ဘာမှမဖြစ်ပါဘူး"



ဤသည်မှာ သူ၏ပထမဆုံးခရီးဝေးသွားခြင်းမဟုတ်ပေ။ မိဘများနှင့်အတူ ကွမ်ဖျင်စီရင်စုသို့ အဝေးကြီးမှနေလာခဲ့ဖူးသည်။ လမ်း၌လူမိုက်များနှင့်မတွေ့အောင်၊ဓားပြရန်မှကင်းဝေးအောင် ရှောင်ရှားနိုင်မည်ဟု သူယုံကြည်ချက်ရှိ၏။ အုပ်ချုပ်ရေးမှူးကတော် ခေါင်းသာငြိမ့်ပြလိုက်ရတော့သည်။ 



"အဲဒါကောင်းပါတယ်၊ဟိုရောက်ရင် လူကြီးတွေကို အဖေနဲ့အမေကိုယ်စားဂါရဝပြုကြောင်းပြောပေးပါ၊ထုံးတမ်းစဉ်လာ ဝတ္တရားတွေကိုလဲ မေ့မထားနဲ့ဦး၊ဒါပေမယ့် သားက ကိုယ့်ကိုကိုယ်ပဲအမြဲပထမဦးစားပေးရမယ်နော်၊သားရဲ့ကျန်းမာရေးက အရေးကြီးဆုံးပဲ၊စာကြိုးစားလွန်းလို့ ကျန်းမာရေးထိခိုက်တာမျိုး မဖြစ်စေနဲ့၊အဲ့လိုဆို အရှုံးပေါ်လိမ့်မယ်"



နဉ်ယန်နင် သဘောတူလိုက်သည်။ နဉ်ရော့ယွီလည်း ကျေနပ်သွား၏။ ဒီလိုလေးက အရမ်းကောင်းပါတယ်။ သူ့အမေက သားသမီးကိုချစ်ပေမယ့် အရမ်းကြီးဖိအားမပေးဘူး။ နောက်ကျရင် သူ့ကိုကြီးကျယ်တဲ့အရာတွေလုပ်ဖို့တို့ မိသားစုဂုဏ်ဆောင်ဖို့ဘာညာနဲ့ အတင်းအကြပ်ခိုင်းလာမှာမဟုတ်တော့ဘူးလေ။



မိသားစုကျောင်းအကြောင်းပြောရမည်ဆိုလျှင် နဉ်မိသားစု၏ဆွေစဉ်မျိုးဆက်အကြောင်း ထည့်ပြောရလိမ့်မည်။



ယခင်ကတော့ အုပ်ချုပ်ရေးမှူးကတော်မှာ ကလေးငယ်သေးသည်ဆိုပြီး သိပ်မပြောပြခဲ့ပေ။ နဉ်ယန်နင်လည်း ငယ်ဘဝမှပြောခဲ့သည့်အကြောင်းကို မမှတ်မိမည်အားစိုးရိမ်သောကြောင့် ယခုမှသာ အစအဆုံးပြန်ပြောပြရတော့သည်။ လီဆူမြို့ရှိ နဉ်မိသားစုဆိုသည်မှာ ဤဒေသတစ်ဝိုက်၌ အဆင့်မြင့်အထက်တန်းစားမိသားစုကြီးဖြစ်၏။ *နွေဦးနှင့်ဆောင်းဦးခေတ်* နှင့် *စစ်မက်ဖြစ်ပွားရာခေတ်* များထိပြန်အစအနကောက်မည်ဆိုလျှင် သူတို့မျိုးနွယ်မှာ ချီနိုင်ငံအုပ်စိုးသူ၏ သားအကြီးဆုံးမှဆင်းသက်လာကြခြင်းပင်။ နောက်ပိုင်းတွင် နဉ်မျိုးနွယ်မှာ သူတို့၏ကြွယ်ဝချမ်းသာမှုနှင့်အတူ အဆက်အသွယ်များအားအသုံးချပြီး လီဆူတွင်အခြေချကာထွန်းကားလာခဲ့သည်။ မိသားစုခွဲများမှနေ အဆင့်မြင့်အရာရှိများနှင့် ကျော်ကြားသည့်ပုဂ္ဂိုလ်များပေါ်ထွက်လာခဲ့၏။



မင်းဆက်နှစ်ဆက်စာပြန်ကြည့်မည်ဆိုလျှင် နဉ်မျိုးနွယ်၌ ဝန်ကြီးချုပ်အများကြီးမွေးထုတ်ပေးနိုင်ခဲ့သည်။ သို့သော်ထိုခေတ်များ၌ ဝန်ကြီးချုပ်လုပ်ရသည်မှာ အန္တရာယ်များလွန်းလှ၏။ အများစုမှာ ဆိုးဆိုးရွားရွားဇာတ်သိမ်းခဲ့ရသည်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာမျိုး၊ ဒါမှမဟုတ် ဧကရာဇ်မှအတင်းအကြပ် သတ်သေခိုင်းသည်မျိုးကြုံခဲ့ရ၏။



ထို့နောက် အရင်မင်းဆက်ရောက်လာပြန်သည်။ ထိုမင်းဆက်သည်လည်း သက်တမ်းတိုလှ၏။ ဧကရာဇ်သုံးပါး လေးပါးလောက်သာစိုးစံလိုက်ရပြီး အာဏာသိမ်းခံလိုက်ရသည်။ ထိုကဲ့သို့တိုတောင်းသည့်ကာလအတွင်းမှာပင် နဉ်မျိုးနွယ်ဝင်များမှာ ဝန်ကြီး၊စစ်သေနာပတိစသည့် ရာထူးကြီးများရယူနိုင်ခဲ့၏။ ဒုတိယနှင့်တတိယမင်းဆက်ခေတ်များ၌ဆိုလျှင် တချို့မျိုးနွယ်ဝင်များမှာ အလုပ်သမားဝန်ကြီးအဆင့်ထိတက်လှမ်းနိုင်ခဲ့ပြီး ဧကရာဇ်ပြီး ဒုတိယအကြီးဆုံးနေရာကိုရယူကာ ဒေသတွင်းကြီးမားသော ဂုဏ်ရှိန်နှင့်ဩဇာအာဏာကို ပိုင်ဆိုင်ခဲ့ကြသည်။




မိသားစုဝင်များမှာ မည်သည့်အချိန်တွင် သေသေသပ်သပ်လှလှပပဖြင့် အနားယူရမည်အား အလွန်ကျွမ်းကျင်ကြ၏။ တခါတလေ မိသားစုကြီးတစ်ခုလုံးကို ကာကွယ်ဖို့အတွက် လူနည်းစုကိုစွန့်လွှတ်ဖို့ဝန်မလေးကြပေ။ ထို့ကြောင့်သာ မင်းဆက်များ၏နောက်ဆုံးနှစ်တစ်လျှောက် ဖြတ်ကျော်နိုင်ခဲ့ပြီး သူတို့၏ဂုဏ်ရှိန်နှင့်ဂုဏ်သတင်းကိုထိန်းသိမ်းထားနိုင်ခဲ့သည်ပင်။ နန်းတွင်း၌ တာဝန်ထမ်းဆောင်နေသူများမှာ အရင်မင်းဆက်အပေါ်သစ္စာရှိခဲ့ကြ၍သာ မိသားစုတစ်ခုလုံး ဘေးကင်းခဲ့ရခြင်းဖြစ်သည်။



နဉ်မိသားစုတွင် ခိုင်မာသည့်ယဉ်ကျေးမှုအမွေအနှစ်များရှိ၏။ မျိုးဆက်တိုင်းတွင်ရှေးဟောင်းကျမ်းစာများ၊ စာပေ၊ လက်ရေးလှနှင့် ဥပဒေရေးရာများ၌ ထူးချွန်သည့်ပညာရှင်များပေါ်ထွက်ခဲ့သည်။ သူတို့၏ကြီးမားလှသော စာကြည့်တိုက်ကြီးကသာ မိသားစုကိုမျိုးဆက်ပေါင်းများစွာတိုင်အောင် ရပ်တည်နိုင်စေပြီး အရာရှိရာထူးများရယူနိုင်စေသည့် အခြေခံအုတ်မြစ်ဖြစ်ခဲ့လေ၏။



အုပ်ချုပ်ရေးမှူးကတော်မှ ဘေးဘီဝဲယာကိုကြည့်လိုက်သော် နဉ်ယန်နင်တစ်ယောက်သာ ဂရုတစိုက်နှင့်လေးလေးစားစားနားထောင်နေရုံမက နဉ်ရော့ယွီပါ မျက်လုံးဝိုင်းဝိုင်းကြီးများနှင့် စိတ်ဝင်တစားနားထောင်နေသည်ကို တွေ့လိုက်ရသည်။ သူမမှာ နဉ်ရော့ယွီလေးနားထောင်ရသည်အားပျင်းပြီး အိပ်ပျော်နေလောက်ပြီလို့ထင်ခဲ့မိ၏။ အုပ်ချုပ်ရေးမှူးကတော်မှ သားအငယ်ဆုံးကို စနောက်ရန်ပြင်လိုက်စဉ်မှာပင် သူမခင်ပွန်း၏ ပေါ့ပေါ့ပါးပါးရယ်သံသြသြကြီး ထွက်ပေါ်လာတော့သည်။



"မင်းတို့သားအမိတွေ ဒီမှာထိုင်နေကြတာပဲ၊ဘာတွေ တိုးတိုးတိတ်တိတ်ပြောနေကြတာလဲ"



နေမင်းထံမော့ကြည့်လိုက်ပြီး ဤလူအလုပ်လစ်လာမှန်း သူမသိလိုက်သည်။ နဉ်ယွမ်မှာ နဉ်ရော့ယွီဆီတန်းသွားပြီး ထင်းရှူးစေ့တစ်ဆုပ်ကို သူ့ရှေ့၌ယမ်းပြကာ စနောက်လိုက်၏။ သို့သော်ကံဆိုးစွာဖြင့် အေးစက်စက်တုံ့ပြန်မှုကိုသာရလိုက်ပါသည်။ နဉ်ရော့ယွီမှာ သူ့ကိုဂရုမစိုက်ပါပေ။

သူလည်း စိတ်ပျက်လက်ပျက်ဖြင့်ထိုင်ချလိုက်ရတော့၏။ ထိုအခါမှ အုပ်ချုပ်ရေးမှူးကတော်လည်း သူ့ထံပြောပြလိုက်သည်။



"ကျွန်မတို့ယွင်စစ်ကို မိသားစုကျောင်းဆီအပ်မယ့်အကြောင်း ပြောနေကြတာပါ၊လာမယ့်နှစ်ကျရင် ကျီကျိုးကလီဆူစီရင်စုကို သွားရတော့မယ်လေ"



နဉ်ယွမ် ခဏတာမျှတိတ်ဆိတ်သွားပြီးနောက် သူ့သားထံဂရုတစိုက်မှာကြားလိုက်သည်။



"သားရေ မိသားစုကိစ္စတွေကိုသိပ်စိတ်ပူမနေပါနဲ့၊အဖေက သားရဲ့လူကြီးတွေနဲ့ စာအဆက်အသွယ်ရှိပါတယ်၊လူကြီးချင်းအဆက်အသွယ် မပြတ်စေရပါဘူး၊သားက စာကိုပဲအာရုံစိုက်နော်၊မိသားစုနယ်မြေမှာ အဖေ့ရဲ့သစ္စာရှိအစေခံချွေ့ရှိတယ်၊ဟိုရောက်ရင် သူ့ကိုသာသွားရှာလိုက်"



သူ့အဖေအိုကြီးမှာ သန်စွမ်းတက်ကြွနေဆဲမို့ သားကြီးအနေဖြင့် မိသားစုတာဝန်အား ပခုံးထမ်းတင်ရန် မလိုအပ်သေးပေ။ နဉ်ယန်နင်လည်း ချက်ချင်းသဘောတူလိုက်၏။