10
သူမ ဒေါသတကြီးအော်ဟစ်လိုက်၏။
"အဒေါ်ကျောက် ရှင်တော်တော်သတ္တိကောင်းပါလား၊သခင်လေးအိမ်က ပစ္စည်းကိုခိုးရဲတယ်ပေါ့လေ"
"ဘာတွေလာပြောနေတာလဲ ကောင်မစုတ်လေး၊ငါယူတယ်သာပြောနေတာ ဘယ်သူမြင်လို့လဲ ဘယ်သူသက်သေပြနိုင်လဲ၊ငါ့ကို မဟုတ်မတရားလာမစွပ်စွဲနဲ့"
အဒေါ်ကျောက် ခဏလောက်ထိတ်လန့်သွားသော်လည်း မုရှီတစ်ယောက်တည်းဖြစ်နေသည်ကိုမြင်သောအခါ ပြန်လည်ငြိမ်သက်သွားလေသည်။ ကောင်မလေးခမျာ ဒေါသကြောင့်မျက်နှာနီရဲနေပြီး ဤမျှအရှက်မရှိသည့်လူမျိုးကို တစ်ခါမှမကြုံဖူးပုံရ၏။ သူမလက်ချောင်းလေးများပင် တုန်ရီနေရှာသည်။
"ရှင် ရှင် ကျွန်မမျက်စိနဲ့ တပ်အပ်မြင်လိုက်တာနော်"
အဒေါ်ကျောက် မျက်ခုံးပင့်ကာ မထီမဲ့မြင်ဟန်ဖြင့်ပြောဆိုလိုက်သည်။
"နင့်မှာ သက်သေရှိလို့လား"
မုရှီဒေါသထွက်နေသော်လည်း ဤသို့ ကျိုးကြောင်းဆီလျော်မှုမရှိသည့် အဒေါ်ကျောက်ကို မည်သို့ငြင်းရမည်မှန်းမသိတော့ချေ။ မျက်နှာနီနီဖြင့်သာ စိုက်ကြည့်ပြီး ဘာမှပြန်မပြောနိုင်ဖြစ်နေရရှာသည်။ အဒေါ်ကျောက်မျက်နှာထား ပျော့ပျောင်းသွားပြီး သူမကိုချော့မော့ပြောဆိုလာ၏။
"ဒီနေ့ကိစ္စကို နင်ဘာမှမပြောဘဲနေမယ်ဆိုရင် နောက်ကျ ငါအကျိုးအမြတ်ရရင် နင့်ကို သေချာပေါက်ခွဲပေးပါ့မယ်၊နင်လဲ သခင်လေးအကြောင်းချည်းပဲ တွေးမနေစမ်းပါနဲ့၊ကိုယ့်အကြောင်းလဲ တွေးဦးမှပေါ့၊နင့်အမေက နေမကောင်းဘူးဆိုတော့ ပိုက်ဆံလိုတယ်မလား၊ဆုကြေးနည်းနည်းပါးပါးလောက် မလိုချင်ဘူးလား"
မုရှီသည် အထိနာသွားသော်လည်း ခေါင်းမာမာဖြင့်ပြန်ပြောလေသည်။
"သခင်ကြီးက ကျွန်မတို့အစေခံတွေအပေါ် ကောင်းမွန်ပါတယ်၊ရှင်ဒီလိုအခွင့်ကောင်းယူတာကို ဘယ်လိုလုပ်ခွင့်ပြုမှာလဲ၊ဒါ့အပြင် သခင်လေးက အကဲခတ်တော်တယ်၊ရှင်လုပ်ထားတဲ့ ညစ်ညစ်ပတ်ပတ်ကိစ္စတွေကို သူသိနေမလားဆိုတာ ဘယ်သူပြောနိုင်မှာလဲ"
ချိုသာစွာပြောဆိုမှုအရာမထင်သည်ကို မြင်သောအခါ အဒေါ်ကျောက်မျက်နှာထား မည်းမှောင်သွားပြီး အတင်းအကြပ်ဖိအားပေးလာတော့၏။
"ဟမ့် နင်ကပြောစကားနားမထောင်မှတော့ ခံပေရော့ပဲ၊သွားလေ ပြဿနာသွားရှာချေ၊နောက်ဆုံး ဘယ်သူဒုက္ခရောက်မလဲကြည့်ကြတာပေါ့၊နင်ဆိုတာ သခင်လေးရဲ့ခြံဝင်းထဲကို ရောက်တာမကြာသေးတဲ့ အစေခံမလေးပဲရှိသေးတာ၊နင့်စကားက ဘယ်လောက်အလေးချိန်စီးမှာမလို့လဲ၊သခင်လေးနဲ့ သခင်မကိုမတွေ့ရခင်မှာတင် အိမ်တော်ထိန်းက နင့်ကိုမောင်းထုတ်လိုက်မှာ စိုးရိမ်ရတယ်၊ငါက သခင်လေးကို နို့တိုက်ကျွေးခဲ့တဲ့ကျေးဇူးရှိတာကြောင့် နင်က ငါ့သားနဲ့လက်ထပ်ဖို့ပဲထိုက်တန်တယ်"
သူမသည် မျက်စောင်းထိုးလျက် ထိုကောင်မလေးထံ ဝေဖန်လှောင်ပြောင်သည့် အကြည့်ဖြင့်ကြည့်ကာ လှည့်ထွက်သွားလေသည်။ မုရှီတစ်ယောက်တည်းသာ ထိုနေရာတွင်ကျန်ရစ်ခဲ့ပြီး ဒေါသကြောင့်တုန်ရီနေရှာ၏။ သူမမျက်လုံးများကို မှိတ်လိုက်ရာ မျက်ရည်တစ်စက်သည် ပါးပြင်ပေါ်သို့စီးကျလာလေသည်။ အဒေါ်ကျောက်ပြောသည့်စကားများ မှန်ကန်နေကြောင်း သိနေသောကြောင့်သာ သူမဒေါသပိုထွက်မိခြင်းပင်။ သံယောဇဉ်အရကြည့်လျှင် သခင်လေးကို ဆယ်နှစ်ကျော်ပြုစုခဲ့သည့် နို့ထိန်းသည် သဘာဝကျကျပို၍နီးစပ်ပေမည်။
ယုတ္တိကျကျတွေးကြည့်လျှင် သူမ၌ ခိုင်လုံသော သက်သေအထောက်အထားမရှိချေ။ သူမသည် အလောတကြီးဝင်သွားခဲ့သဖြင့် အဒေါ်ကျောက်လုပ်ရပ်ကို အခြားသူများမသိရှိကြပေ။ တိုင်တန်းလျှင်လည်း သူမပင်ပြန်၍ စွပ်စွဲခံရနိုင်သည်။ ထို့ပြင် သခင်မသည် နို့ထိန်းအား မကြာမကြာဆိုသလို ဆုလာဘ်များချီးမြှင့်လေ့ရှိပြီး သခင်လေးမွေးဖွားစဉ်၌ဖျားနာခဲ့ရာ နို့ထိန်းသည်သာ ဆေးတိုက်နို့တိုက်ပြုစုခဲ့သဖြင့် သက်သာခဲ့ရ၏။ နို့ထိန်းမှာမိခင်သဖွယ် ဖြစ်၍လေးစားရမည်ဟု ပြောဖူးလေသည်။ ဤသည်မှာ ချမ်းသာသောမိသားစုများ၏ ထုံးတမ်းစဉ်လာဖြစ်၍ သူမလိုက်နာရပေမည်။
မုရှီအနေဖြင့် ထိုကိစ္စကိုလက်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ချေ။
သို့သော် သူမသဘောထားပျော့ပျောင်းလိုက်ချိန်မှာပင် အဒေါ်ကျောက်မှာပြဿနာထပ်ရှာပြန်လေသည်။ သူမနှင့်ခင်မင်ရင်းနှီးသော အစေခံမလေး၏စကားကိုကြားလိုက်ရသောအခါ မုရှီစိုးရိမ်တကြီးဖြင့်မတ်တပ်ထရပ်လိုက်မိသည်။
"နင် ဘာပြောလိုက်တယ်"
အစေခံမလေးမှာ သူမထံသနားသည့်အကြည့်ဖြင့် ကြည့်လာ၏။
"အဒေါ်ကျောက်က အိမ်တော်ထိန်းဆီမှာ နင့်ရဲ့မွေးနေ့သက္ကရာဇ်ကိုမေးနေပြီ၊မကြာခင် နင့်ဆီကိုအောင်သွယ်လွှတ်မယ်လို့လဲ ပြောနေတယ်၊ပြီးတော့ သခင်မဆီမှာလဲ နင်တို့နှစ်ယောက်ကို လက်ထပ်ပေးဖို့သွားလျှောက်တင်တော့မယ်တဲ့"
အဒေါ်ကျောက်၏သားမှာ လူကောင်းမဟုတ်ကြောင်း အစေခံများအားလုံးသိထားကြသည်။ သူသည်အသုံးမကျသူဖြစ်ပြီး လောင်းကစားလုပ်ခြင်း၊ အရက်သောက်ခြင်းနှင့် မိန်းမလိုက်စားခြင်းတို့ကိုသာ ဝါသနာပါသူဖြစ်ကြောင်းကြားသိထားကြ၏။ မုန်းစရာအကောင်းဆုံးအချက်မှာ တစ်ခါက အဒေါ်ကျောက်အိမ်ပြန်ရောက်လာစဉ် မျက်နှာတွင်ဒဏ်ရာဒဏ်ချက်များပါလာပြီး ရိုက်နှက်ခံထားရကြောင်း သိသာသော်လည်း မည်သူ့ကိုမှဝင်မပါခိုင်းခဲ့ခြင်းပင်။ မျက်စိပါသူတိုင်း ဤသည်မှာ သူမသားလက်ချက်မှန်း သိနိုင်ပေသည်။
ယခုတစ်ကြိမ် စီရင်စုအုပ်ချုပ်ရေးမှူး ကွမ်ဖျင်သို့ရာထူးလက်ခံရန် လာရောက်ရာတွင် သူမသည် သားဖြစ်သူကိုပါခေါ်ဆောင်လာပြီး နောက်ဖေးဝင်းရှိဆိုင်ရှင်များနှင့် ရောနှောနေထိုင်စေခဲ့၏။ သို့သော်မကြာသေးမီ၌ သူသည်ငြိမ်ငြိမ်မနေဘဲ ပြည့်တန်ဆာအိမ်များနှင့် လောင်းကစားဝိုင်းများကို မကြာခဏသွားလာနေပုံရလေသည်။ မုရှီရင်ထဲ ထိတ်ကနဲဖြစ်သွားရ၏။ အဒေါ်ကျောက်သည် ထိုကဲ့သို့ယုတ်မာသောနည်းလမ်းဖြင့် သူမကိုထိန်းချုပ်ရန်ကြိုးစားသဖြင့် အလွန်တရာမုန်းတီးသွားမိတော့သည်။
သို့သော် အစေခံတစ်ယောက်အနေဖြင့် သူမ၌အိမ်ထောင်ရေးကိစ္စကို ငြင်းပိုင်ခွင့်မရှိသလို အကူအညီတောင်းခံရန် လူလဲမရှိချေ။ သခင်လေးသည် ပုံမှန်အားဖြင့် ဤကဲ့သို့ကိစ္စများကို စိတ်မဝင်စားသလို ဤမျှ သေးငယ်သောကိစ္စအတွက် သခင်မထံလည်း မည်သို့သွားရောက်တိုင်ပင်ရပါမည်နည်း။ ပြောလိုက်လျှင်ပင် သူမအားစိတ်မတည်ငြိမ်တတ်သော မိန်းကလေးဟုထင်မှတ်ကာ သခင်လေး၏ခြံဝင်းအတွင်းမှ မောင်းထုတ်ခံရနိုင်လေသည်။ ထိုသို့ဆိုလျှင် သူမမိခင် ရောဂါဝေဒနာအတွက် မည်သို့ လုပ်ရပါမည်နည်း။
မုရှီမျက်နှာပေါ်တွင် မျက်ရည်များစီးကျလာလေသည်။ သူမသတိမထားမိလိုက်ခင်မှာပင် ကြာကန်နံဘေးသို့ရောက်ရှိနေပြီဖြစ်၏။ လူသူကင်းမဲ့သည်ကိုမြင်သောအခါ သူမသည် မျက်နှာကိုအုပ်လျက် ရှိုက်ကြီးတငင် ငိုကြွေးမိတော့သည်။
"မင်း ငို ဘာလို့ ငိုနေတာလဲ"
ရုတ်တရက် မပီကလာ ကလေးသံလေးတစ်သံသည် သူမနားထဲသို့ဝင်လာပြီး သူမ၏မှိုင်တွေနေသောအသိစိတ်ကို လှုပ်နှိုးလိုက်လေသည်။