Ch 18
Viewers 704

18





အတွင်းခန်းသို့ဝင်ပြီးနောက် ယွီကျန်းလီက နဉ်ရော့ယွီ၏သံသယကို ဖြေရှင်းပေးလာသည်။



"ကြည့်ပါဦး ကျွန်တော်လောနေတာနဲ့ မိတ်ဆက်ပေးဖို့တောင် မေ့သွားတယ်" 



ယွီကျန်းလီက ဘေးမှလူငယ်ကိုဆွဲခေါ်ပြီး အသာပြောလိုက်သည်။ 



"ဒါ နန်းတွင်းက ဗိုလ်ချုပ်ကျုံးလန်ပါ၊ မနှစ်ကမှ ကျုံးဆန်းနယ်စားဘွဲ့ပေးအပ်ခံထားရတာလေ၊ အသက်၁၅နှစ်ပဲရှိသေးပေမယ့် အရမ်းတော်တယ်"



ထိုလူငယ်ကရှေ့တိုးပြီး ဂါရဝပြုလာသည်။ 



"ကျွန်တော့်နာမည် ယန်ကျင်းပါ၊ လော့ကျိုးနယ် ယန် မိသားစုကပါ၊ အုပ်ချုပ်ရေးမှူးကတော်ကို ဂါရဝပြုပါတယ်"



ယွီလိရှို့သည်လည်း ပြန်ဂါရဝပြုလိုက်သော်လည်း သူမမျက်နှာမှာခေတ္တမျှ တင်းမာသွားသည်။ သို့သော် သူမ၏ကောင်းမွန်သောပြုစုပျိုးထောင်ခံရမှုတို့ကြောင့် မျက်နှာထားကို လျင်မြန်စွာပြန်လည်ထိန်းညှိနိုင်လိုက်၏။ ယွီကျန်းလီ ဆက်ပြောလာသည်။ 



"ကျွန်တော်တို့ ယွီမိသားစု‌ဆီဘုရင်ခံက အားကျင်းကို စစ်ရေးဗျူဟာ သင်ပေးဖို့အပ်ထားတာလေ၊ အဲ့ဒါကြောင့် ယုံကျိုးကနေယိုကျိုးထိခေါ်လာခဲ့တာ၊ အခုလောကကြီးက အေးချမ်းနေတော့ သူ့ကိုယုံကျိုးမှာပဲ အမြဲထားရင် စစ်ရေးလေ့ကျင့်ဖို့မကောင်းဘူးလေ"



ယွီလိရှို့ ခေါင်းညိတ်လိုက်သည်။ 



"ထားပါတော့ မောင်လေးလဲဒီလောက်ဝေးဝေး လာရတာပင်ပန်းရောပေါ့"



ယွီကျန်းလီ ကလေးများဘက်သို့လှည့်ကာပြောလိုက်သည်။ 



"မင်းတို့အတွက် လူကြီးတွေစကားပြောနေတာ ပျင်းစရာကောင်းလိမ့်မယ်၊ ငါက မင်းတို့ဦးလေးလေ သူစိမ်းမှမဟုတ်တာ၊ ငါ့ကိုအဖော်လုပ်ပေးစရာမလိုပါဘူး၊ ကိုယ့်ခြံဝင်းကိုယ်ပြန်ပြီး သွားဆော့ကြချေ၊ ယွင်စစ် အားကျင်းကိုပါ ခေါ်သွားလိုက်လေ၊ လူငယ်ချင်းစကားပြောရတာပိုအဆင်ပြေမှာပါ"



လူကြီးနှစ်ယောက်သည် ကလေးများမကြားသင့်သော လျှို့ဝှက်စကားများ ပြောဆိုရန်စီစဉ်နေကြပြီး သူတို့ကိုအရင်ရှင်းထုတ်ချင်နေမှန်း နဉ်ရော့ယွီရိပ်မိလိုက်သည်။ ထိုအခါ သူသည်ထိုအဓိပ္ပာယ်မရှိသောစကားများကို နားမထောင်နိုင်တော့သဖြင့် အစ်ကိုကြီး၏အဝတ်စကိုဆွဲကာ အော်ပြောလိုက်တော့၏။ 



"အစ်ကိုကြီး သားမြင်းစီးချင်တယ်"



နဉ်ယွမ်နင်သည် သူ့ရင်ခွင်ထဲမှ အလေးတုံးငယ်လေးကို ပွေ့ချီကာပြောလိုက်၏။ 



"ကောင်းပြီလေ အစ်ကိုကြီးက မင်းကို မြင်းစီးဖို့လိုက်ပို့ပေးမယ်" 




ယန်ကျင်းသည် သူပွေ့ချီရန်ခက်ခဲနေသည်ကိုမြင်သောအခါ လှမ်းပြောလိုက်၏။



"ကျွန်တော် ချီပေးပါ့မယ်"



နဉ်ယွမ်နင်တွေဝေနေစဉ်မှာပင် နဉ်ရော့ယွီသည် သူ့အစ်ကိုမပင်ပန်းစေရန် အဝတ်ထူထူများဖြင့်ချည်တုတ်ခံထားရသလိုဖြစ်နေသော သူ့လက်ဖောင်းဖောင်းလေးနှစ်ဖက်အား ဆန့်တန်းပေးလိုက်လေသည်။ ယန်ကျင်းသည် ကလေးကိုလှမ်းချီလိုက်ပြီး လက်ထဲ၌အလေးချိန်,ချိန်ဆကြည့်ရာ အတော်ပင်လေးလံကြောင်း သိလိုက်ရ၏။ တကယ့်ကိုကျစ်လျစ်သော ကောင်လေးပင်ဖြစ်ချေသည်။


.........


မှိန်ဖျော့ဖျော့ အလင်းရောင်သည် ပြတင်းပေါက်ဇကာကွက်များမှတစ်ဆင့်ဖြာကျလာပြီး စိမ်းပြာရောင်ကြွေခွက်ကို အလင်းပေးထားလေသည်။ သွယ်သွယ်လျလျလက်တစ်ဖက်သည် လက်ဖက်ရည်မြှုပ်များကိုခွက်အဖုံးဖြင့် ညင်သာစွာဖယ်ရှားလိုက်ပြီးနောက် လက်တစ်ဖက်ဖြင့် ခွက်ကိုမကာ လက်ဖက်ရည်ကို သောက်သုံးလိုက်လေ၏။ ထိုအချိန်၌ အခန်းထဲရှိ အခြားလူတစ်ဦးသည်လည်း လက်ဖက်ရည်ကို တိတ်ဆိတ်စွာသာ သောက်သုံးနေလေသည်။ အချိန်အတော်ကြာပြီးနောက်မှ ယွီလိရှို့အသာမေးလာ၏။ 



"ပြောစမ်းပါဦး တကယ်တမ်းဘာတွေ ဖြစ်ခဲ့တာလဲ၊ မောင်လေးက ဘာလို့အဲ့ယန်မျိုးနွယ်ကို အိမ်ခေါ်လာပြီး သူတို့နဲ့ပတ်သက်နေရတာလဲ"



ယန်ဆိုသည်မှာ လက်ရှိတော်ဝင်မိသားစု၏မျိုးရိုးအမည် ဖြစ်ပေသည်။ သို့သော် ဤဂုဏ်သရေရှိ မိသားစုဝင်များသည် တော်ဝင်မိသားစုအကြောင်း ပြောဆိုရာတွင် ရိုသေလေးစားမှုသိပ်မရှိကြကြောင်း ထင်ရှားလှပေ၏။ အဘယ်ကြောင့်ဆိုသော် လက်ရှိကမ္ဘာကြီးကို ဧကရာဇ်နှင့် ဂုဏ်သရေရှိမိသားစုကြီးများ ပူးတွဲအုပ်ချုပ်နေရသည့်အပြင် လက်ရှိဧကရာဇ်နန်းတက်လာပုံမှာလည်း တရားဝင်မှုမရှိခြင်းကြောင့်လည်းဖြစ်ပေသည်။ သူသည် မူလ၌မြင်းထိန်းတစ်ဦးသာဖြစ်ပြီး ထိုကဲ့သို့နိမ့်ပါးသောနောက်ခံရှိသဖြင့် ဂုဏ်သရေရှိမိသားစုများ၏ အထင်သေးခြင်းကိုခံရသည်မှာ သဘာဝပင်ဖြစ်ချေ၏။ ယွီကျန်းလီ ခါးသက်သက်ပြုံးလိုက်လေသည်။ 



"ဒီကိစ္စကပြောရရင် ဇာတ်လမ်းရှည်ပါတယ်"



ပြီးခဲ့သော နွေဦးရာသီ၌နန်းတက်စ ဧကရာဇ်ငယ်သည် မိခင်ဘက်မှ ဆွေမျိုးများ၏ထိန်းချုပ်မှုအောက်မှ အာဏာပြန်လည်ရယူရန်အတွက် ဝံပုလွေကို အိမ်ထဲသို့ဖိတ်ခေါ်မိခဲ့လေသည်။ သူသည် တရားရုံးတော်မှ အကျင့်ပျက်အရာရှိများကို ရှင်းလင်းရန်၊ မယ်တော်ကြီးကို ကွပ်မျက်ရန်နှင့် ဧကရာဇ်၏ယောက်ဖတော်ကို သတ်ဖြတ်ရန်အတွက် သူ့ဦးလေးကိုမြို့တော်သို့ လာရောက်စေခဲ့၏။ ဝံပုလွေကဲ့သို့ ရည်မှန်းချက်ကြီးမားသော သူ့ဦးလေးသည်ဘုရင်ခံပင် ဖြစ်လာလိမ့်မည်ဟု မည်သူမှထင်မှတ်ထားပါမည်နည်း။




အာဏာသည် လူတစ်ဦးထံမှ အခြားတစ်ဦးထံသို့ ပြောင်းလဲရောက်ရှိသွားရုံသာရှိပြီး ဆယ်ကျော်သက်ဧကရာဇ်ငယ်မှာမူ မည်သည့်အကျိုးကျေးဇူးကိုမှ ခံစားလိုက်ရခြင်းမရှိပေ။ ပေးလာသော အကြောင်းပြချက်မှာလည်း အသင့်ရှိနေလေသည်။ ဧကရာဇ်သည် ငယ်ရွယ်သေးပြီး အရာရာကိုနားမလည်သေးသဖြင့် တိုင်းပြည်ရေးရာများကိုစီမံခန့်ခွဲရာတွင် အခြားသူများအကူအညီ လိုအပ်သည်ဟူ၍ပင်။ ဧကရာဇ် အရွယ်ရောက်လာပါက ဘုရင်ခံမှ အာဏာပြန်လည်လွှဲပြောင်းပေးမည်ဟုဆိုလာ၏။




ယွီလိရှို့သည် စိတ်ထဲ၌ပင် မဲ့ပြုံး,ပြုံးလိုက်မိသည်။ ဤစကားသည် သုံးနှစ်သားအရွယ်ကလေးကို လိမ်ညာရန်လောက်သာ ကောင်းမွန်ပေလိမ့်မည်။ အာဏာ၏အရသာကို မြည်းစမ်းပြီးပါက မည်သူသည်အခြားသူတစ်ဦးထံ လိုလိုလားလားဖြင့်ပြန်လည်ပေးအပ်ချင်ပါမည်နည်း။ ထိုအချိန်ရောက်လျှင် ဘုရင်ခံမှ ရာထူးဆင်းလိုလျှင်ပင် သူ့နောက်လိုက်များနှင့် ဧကရာဇ်ငယ်တို့မှာ သူ့ကိုလွယ်လွယ်ကူကူလွှတ်ပေးကြမည် မဟုတ်ပေ။ လူတိုင်းမှာဤအချက်ကို သိရှိကြသော်လည်း မည်သူကမှထုတ်ဖော်ပြောဆိုခြင်းမပြုကြချေ။ 




ဧကရာဇ်ငယ်သည် နာကြည်းခံပြင်းနေမည်လောဟု သူမတွေးတောမိလေသည်။ သူသည် အမှန်တကယ်ပင် အရာရာကို နားမလည်သောလူမိုက်တစ်ဦးသာဖြစ်ချေသည်။ ထို့နောက် သူမ တည်ငြိမ်စွာပင်မေးလိုက်လေ၏။




"ဒီကိစ္စတွေအားလုံးမှာ အစ်မတို့ယွီမိသားစုက ဘယ်အခန်းကဏ္ဍကနေ ပါဝင်နေတာလဲ" 



ယွီကျန်းလီသည် သူ့လက်ဖက်ရည်ခွက်ကို ပြန်ချထားလိုက်သည်။




"တခြားသူတွေနဲ့ သိပ်မကွာခြားလှပါဘူး၊ ကျွန်တော်တို့က နောက်ဆုတ်ပြီး ထိုင်ကြည့်နေရုံကလွဲလို့ တခြားဘယ်အရာမှာမှဝင်မပါဘူးလေ၊ ကျွန်တော်တို့က စစ်ဘက်ဆိုင်ရာမိသားစုမျိုးရိုးကနေ ဆင်းသက်လာလို့များ လက်ရှိဘုရင်ခံက မျက်စိကျနေတာလားတော့ မသိပါဘူး၊ သူ့မွေးစားသားကို လွှတ်လိုက်တာက မျက်နှာလိုမျက်နှာရ ပြုလုပ်ဖို့နဲ့ ဝန်ထုတ်ဝန်ပိုးတစ်ခုကို ဖယ်ရှားပစ်ဖို့ပါပဲ"




ဤအကြောင်းကိုတွေးမိပြီး သူသက်ပြင်းချလိုက်မိသည်။ ဤအာဏာစက်ဝန်း လေပွေမုန်တိုင်းထဲတွင် မည်သူသည် ထိခိုက်မှုမရှိဘဲ လွတ်ကင်းနိုင်ပါမည်နည်း။ ရုပ်လွန်သဘောတရားများကို ဆွေးနွေးပြီး လောကီအရေးကိစ္စများကို ရှောင်ရှားလိုပါသည်ဟု ပြောဆိုနေကြသော ဝမ်မိသားစုဝင်များပင်လျှင် တိတ်တဆိတ် ကြံစည်လုပ်ဆောင်နေကြသည်ပင်။ ယွီလိရှို့ပြောလာ၏။ 




"အိုး ဘာလို့ဒီလိုပြောရတာလဲ၊ အဲ့လူငယ်ရဲ့ နောက်ခံအကြောင်းအရာမှာ တစ်ခုခုမှားယွင်းနေလို့လား"