Ch 20
Viewers 702

20




ယန်ကျင်းမှာ သူသည်လော့ယန်တွင် နေထိုင်ကြောင်း၊ စစ်ဘက်ဆိုင်ရာ စာအုပ်များကိုသာ ဖတ်ကြောင်း၊ ယွီကျန်းလီထံမှ စစ်ဗျူဟာများသင်ယူရန် လိုက်လာခြင်းဖြစ်ပြီး သူသွားလေရာလိုက်ပါရမည်ဖြစ်ကြောင်း ရိုးရှင်းစွာပင်ပြန်လည်ဖြေကြားလိုက်၏။

နဉ်ရော့ယွီသည် ဤစကားများအားကြားလိုက်ရသောအခါ သဘောတကျရယ်မောလိုက်သည်။ အခြားသူများမှ ဘာရယ်တာလဲဟု မေးလာသောအခါပြန်မဖြေခဲ့ချေ။ လှုပ်မြင်းပေါ်သို့တက်ပြီးနောက် နဉ်ရော့ယွီသည် မကြာသေးမီ၌ သူနှစ်သက်စွာစားသုံးနေသော နို့သကြားလုံးကိုယူလာပေးရန် နို့ထိန်းအား တောင်းဆိုလိုက်သည်။ နို့ထိန်းမှာ တွန့်ဆုတ်စွာပြောလာ၏။



"သခင်ငယ်လေး ဒီနေ့စားပြီးပြီလေ" 



နဉ်ရော့ယွီ ခပ်တည်တည်ပင်ပြန်ပြောလိုက်သည်။ 



"သားစားမလို့ မဟုတ်ပါဘူး၊ ဧည့်သည်ကို ကျွေးမလို့ပါ"



နို့ထိန်းလည်း ချက်ချင်းသဘောတူလိုက်လေသည်။ နဉ်ယွမ်နင်မှပြောလိုက်၏။ 



"အပြင်ထွက်ယူစရာမလိုပါဘူး၊ ငါ့ခြံဝင်းထဲမှာ ရှိပါတယ်" 



ပါးနပ်သောအစေခံမလေးသည် နို့သကြားလုံးကိုယူဆောင်လာခဲ့ပြီးဖြစ်သည်။ နဉ်ရော့ယွီသေချာကြည့်လိုက်ရာ ထိုမိန်းကလေးမှာ အရင်ရက်ပိုင်း၌မတရားစွပ်စွဲခံခဲ့ရသော မုရှီဖြစ်နေကြောင်း တွေ့လိုက်ရလေ၏။

ယန်ကျင်းသည် ကလေးအစားအစာများကို သိပ်စိတ်မဝင်စားသော်လည်းယူလာပေးပြီးဖြစ်၍ တစ်လုံးကိုယူကာ ပါးစပ်ထဲထည့်လိုက်သည်။ သူ့အကြည့်သည် ခတ္တရပ်တန့်သွားပြီး မျက်လုံးထဲတွင်အံ့သြမှုအရိပ်အယောင်များ ပေါ်လာလေ၏။



နို့သကြားလုံးသည် အစပိုင်းတွင်အနည်းငယ်မာကျောသော်လည်း ဝါးလိုက်သောအခါ စေးပိုင်ပြီးပျော့ပျောင်းသွားကာ ပါးစပ်ထဲ၌ဖြည်းဖြည်းချင်း အရည်ပျော်ကျသွားလေသည်။ နို့အရသာနှင့်သကြားအရသာများရောစပ်နေသော ကြွယ်ဝပြီးဆန်းပြားသည့်အရသာကို ခံစားရစေ၏။ ဤသကြားလုံးသည် အနည်းငယ်စေးကပ်သော်လည်း ကိစ္စကြီးမဟုတ်ပေ။ အရသာကောင်းမွန်ပြီး စားပြီးသွားသည့်တိုင်အောင် ပါးစပ်ထဲတွင် နူးညံ့သောနို့အချိုအရသာလေး ကျန်ရစ်နေလေသည်။

ယန်ကျင်း အံ့သြစွာဖြင့်မေးလိုက်၏။ 



"ဒီနို့သကြားလုံးကို ဘယ်လိုလုပ်တာလဲ"



နို့ထိန်းမှာ နဉ်ရော့ယွီ၏တိုက်တွန်းမှုဖြင့် ဖြည်းညင်းစွာရှင်းပြလိုက်သည်။



"ပထမဆုံး နို့ကိုမီးအေးအေးနဲ့တည်ထားပြီး အိုးမကပ်အောင်ဇွန်းနဲ့ အဆက်မပြတ်မွှေပေးရပါတယ်၊ ပြီးရင် မုယောသကြားထည့်ပြီး ပျစ်လာတဲ့ထိ ချက်ရပါတယ်၊ နောက်တော့ထောပတ်ထည့်ပြီး ရေအေးထဲချလိုက်ရင် ချက်ချင်းခဲသွားတဲ့အနေအထား ရောက်တဲ့ထိ ဆက်ချက်ရပါတယ်"



ထို့နောက် သူမသည် မုယောသကြားနှင့် ထောပတ်ပြုလုပ်ပုံကိုပါ ဆက်ရှင်းပြလိုက်သည်။ နဉ်ရော့ယွီသည် လုံးဝန်းဖောင်းကားနေသော သူ့မေးစေ့လေးကို ဂုဏ်ယူစွာဖြင့်ပင့်လိုက်၏။ 



"ဒါက သားကိုယ်တိုင်စဉ်းစားထားတာ"



သူသည် စနစ်ကိုအားမကိုးဘဲ အစားအသောက်အတွက် အတွေးပေါင်းတစ်ထောင် အကြံဉာဏ်ပေါင်းတစ်သောင်းကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။ ဤအချိန်မှာတော့ သူသည် လုပ်ငန်းစဉ်ကို ရှုပ်ထွေးသည်ဟုလုံးဝ မခံစားရပေ။ ယန်ကျင်းသက်ပြင်းချလိုက်သည်။ 



"ဒီလုပ်ငန်းစဉ်က တကယ်ကိုပင်ပန်းခက်ခဲတာပဲ"



ရှည်လျားပြီး အချိန်ကုန်ရုံသာမက ငွေကြေး၊ ပစ္စည်းနှင့် လူအင်အားကိုလည်း အများအပြားအသုံးပြုရလေသည်။ အကယ်၍ နဉ်ရော့ယွီကဲ့သို့ ဂုဏ်သရေရှိမိသားစုမှသာမဟုတ်ပါက တတ်နိုင်မည်မဟုတ်လောက်ပေ။ သာမန်ကလေးများအတွက်မူ ဂျုံဖြင့်ပြုလုပ်သော သကြားလုံးစားချင်သည်ဟုပူဆာရုံဖြင့်ပင် မိဘများ၏ရိုက်နှက်ခြင်းကိုခံရနိုင်ပေသည်။ သူသည် ခက်ခဲသောအချိန်များကို ဖြတ်သန်းခဲ့ရသဖြင့် ဤအရာများကိုနားလည်လေ၏။ သို့သော် သူသည်ထိုအကြောင်းများကို ထုတ်ဖော်ပြောဆိုခြင်းဖြင့် ပျော်ရွှင်စရာအငွေ့အသက်ကို မဖျက်ဆီးလိုချေ။ နဉ်ရော့ယွီသည် သူ့လက်ဖောင်းဖောင်းလေးကို လှုပ်မြင်းခေါင်းပေါ်တင်လိုက်ပြီး ခေါင်းလေးစောင်းကာ ပြောလိုက်သည်။




"အားစိုက်ရတာက တန်တယ်လေ၊ ပြီးတော့သူတို့လည်း အများကြီးသင်ယူခဲ့ရတယ်"



သူသည်ငယ်ရွယ်သေးသဖြင့် စကားမပြောမီ သေချာစဉ်းစားရ၏။ သို့မဟုတ်ပါက စကားသံမပီသဘဲ ဖြစ်သွားတတ်လေသည်။ ထို့နောက် သူသည် နို့ထိန်းနှင့်အခြားသူများထံ ညွှန်ပြလိုက်၏။




"သားက သူတို့ကိုတခြားလူတွေဆီ ပြန်သင်ပေးဖို့တောင် ခွင့်ပြုထားတယ်"




ယန်ကျင်းသည် မျက်ခုံးပင့်လိုက်ပြီး မျက်လွှာအနည်းငယ်ချကာ သူ့ပေါင်လောက်ပင်မမြင့်သော ကလေးငယ်တစ်ဦးအား ပထမဆုံးအကြိမ်အဖြစ် တည့်တည့်ကြည့်လိုက်မိသည်။ နဉ်ရော့ယွီ ဆက်ပြောလာ၏။ 




"နို့သကြားလုံးကို ချမ်းသာတဲ့လူတွေဆီရောင်းရင် ဘယ်လောက်ရမယ်ထင်လဲ"



နဉ်ယွမ်နင်နေရခက်သွားပြီး ညီလေး၏ပါးဖောင်းဖောင်းလေးများကို ဆွဲလိုက်သည်။ 




"မင်းက ဘာလို့ အမြဲဒီလိုစီးပွားရေးကိစ္စတွေ ပြောနေရတာလဲ"




သို့သော် ယန်ကျင်းမှာမူ လေးလေးနက်နက်ဖြင့်ပြောလာလေသည်။ 




"သူတို့ကငွေအများကြီးပေးပြီး ဝယ်ကြမှာပါ၊ ပိုက်ဆံကို နှမြောကြမှာ မဟုတ်ဘူး၊ ဒါကြောင့် ဘယ်လောက်ပဲအားစိုက်ရပါစေ နို့သကြားလုံးရောင်းရတာ အမြတ်ကျန်ပါတယ်"



နဉ်ရော့ယွီ သူ့ထံ *မင်းကအလားအလာရှိတဲ့ ကောင်လေးပဲ * ဟူသောအကြည့်ဖြင့် ကြည့်လိုက်လေသည်။ နဉ်ယွမ်နင်သည် လူကြီးတစ်ယောက်နှင့် ကလေးတစ်ယောက် ဤမျှကောင်းမွန်စွာ စကားပြောဆိုနိုင်သည်ကိုတွေ့ရသဖြင့် အံ့သြသွားသော်လည်း အနည်းငယ်မနာလိုဖြစ်သွားမိ၏။ သူဝင်ပြောလိုက်သည်။ 




"ကျုံးဆန်းနယ်စားက စစ်ဗျူဟာကျွမ်းကျင်တယ်လို့ကြားတယ်၊ ကျွန်တော်လည်း စစ်ဘက်ဆိုင်ရာ စာအုပ်တွေဖတ်ရတာနှစ်သက်တော့ စစ်မြေပုံကိုသုံးပြီး စစ်ပွဲတိုက်သလိုမျိုး စမ်းသပ်ကြည့်လို့ရမလား၊ ကျွန်တော်လည်း ပညာတစ်ခု၊ နှစ်ခုလောက်သင်ယူချင်ပါတယ်"



"ရတာပေါ့" 



ယန်ကျင်း ပြုံးလျက်ပင်ပြန်ဖြေသည်။




"ကျွန်တော်က မိသားစုရဲ့ပဉ္စမမြောက် သားဆိုတော့ ယန်ဝူလန်လို့ခေါ်လို့ရပါတယ်"



သူ၏ကျုံးဆန်းနယ်စားဘွဲ့မှာ အမည်ခံသက်သက်သာဖြစ်ပြီး ကိုယ်ပိုင်နယ်မြေပင်မရှိချေ။ လူများမှထိုဘွဲ့ကိုထပ်ခါတလဲလဲ ပြောဆိုနေခြင်းအား သူမလိုလားပေ။ ၎င်းမှာသူတစ်ပါးလှောင်ပြောင်စရာသာ ဖြစ်စေလိမ့်မည်။ နဉ်ယွမ်နင်လည်း ပြန်ပြောလိုက်၏။ 



"ကျွန်တော်တို့က အသက်ချင်းသိပ်မကွာပါဘူး၊  အဲ့တော့နောက်ဆိုရင် ကျွန်တော့်ကို နဉ်တလန်လို့ခေါ်နိုင်ပါတယ်၊ ကျွန်တော့်ညီလေးကိုတော့ သူ့ငယ်နာမည် အားရှီးလို့ခေါ်ပေါ့"



ယန်ကျင်းပြုံးပြီး ချက်ချင်းသဘောတူလိုက်သည်။ 



"တလန် ဖိတ်ခေါ်ပါတယ်"



နဉ်ယွမ်နင်၏အစေခံတွမ့်ဆွေ့သည်လည်း လျင်မြန်ဖြတ်လတ်သူဖြစ်ပေသည်။ သူသည် စစ်မြေပုံကိုအလျင်အမြန်ယူဆောင်လာပြီး ဟေးချီချန်လော့ထျန်းကျိုးစားပွဲပေါ်၌ ဖြန့်ခင်းလိုက်လေသည်။ ထို့နောက် သူတို့နှစ်ဦးသည် အပြန်အလှန်စစ်တိုက်ခြင်းကို စတင်လိုက်ကြတော့၏။