7
ရှောင်လင်းသည် အစပိုင်းတွင်နားမလည်နိုင်စွာဖြင့် ခေါင်းကုတ်လိုက်သော်လည်း နောက်ပိုင်းတွင် တစ်ဖက်လူ ဘာတွေးနေသည်ကို သဘောပေါက်သွားကာ အပင်တစ်မျိုး၏အမည်ကို စိတ်ထဲမှချက်ချင်းကျိန်ဆဲလိုက်ပြီး ထိုသူ့ကို ခေါင်မိုးပေါ်ရောက်အောင်ကန်ပစ်ချင်စိတ် ပေါက်သွားခဲ့သည်။
မင်း ဘာပေါက်ကရတွေပြောနေတာလဲ။ မင်း ရူးနေတာလား။
လင်းဝမ်ယဲ့၏အံ့အားသင့်နေသော အမူအရာကိုမြင်သောအခါ လင်းရှန်သည် သူ့ခန့်မှန်းချက်ကိုယုံကြည်သွားပြီး လေးနက်ဟန်ဖြင့်သက်ပြင်းချလိုက်သည်။
"လက်လျှော့လိုက်တော့၊ မင်းအပေါ်ငါ ဘာမကောင်းတဲ့ ရည်ရွယ်ချက်မှမရှိပါဘူး"
လင်းဝမ်ယဲ့ ကြက်သီးထသွားပြီးမဆဲဘဲ မနေနိုင်တော့ချေ။
"ထွက်သွားစမ်းပါ၊ မင်းဘာသာအလကား အတွေးလွန်နေတာ"
လင်းရှန် မေးလိုက်သည်။
"တကယ်လား"
လင်းဝမ်ယဲ့ ပြန်ဖြေလိုက်သည်။
"တကယ်ပေါ့"
လင်းရှန် ထပ်မေးလိုက်သည်။
"တကယ် ခံစားချက်မရှိတာသေချာလား"
လင်းဝမ်ယဲ့ ပြန်ဖြေလိုက်သည်။
"လုံးဝ ခံစားချက်မရှိဘူး၊ မင်းအပေါ်ငါ့မှာ ဘာမကောင်းတဲ့ရည်ရွယ်ချက်မှမရှိဘူး"
တစ်ယောက်ကိုတစ်ယောက် ခေတ္တမျှ စိုက်ကြည့်ပြီးနောက် လင်းရှန်သည် အားပါးတရပြုံးလိုက်ပြီး သူ့ကိုယုံကြည်ကြောင်းပြသသည့်အနေဖြင့် သူ့ပခုံးကို ပုတ်လိုက်သည်။ နှစ်ယောက်စလုံး သက်ပြင်းချနိုင်သွားကြ၏။ ချွေးသံတရွဲရွဲဖြစ်နေဆဲဖြစ်သော လင်းဝမ်ယဲ့သည် စကားလမ်းကြောင်းပြောင်းရန် မစောင့်နိုင်တော့ဘဲ ကွန်ပျူတာစခရင်ပေါ်ရှိ ဂိမ်းအင်တာဖေ့စ်ဆီသို့ လှည့်ကြည့်ကာပျင်းရိဟန်ဖြင့်သမ်းဝေလိုက်သည်။
"ထပ်ဆော့ဦးမလား၊ ငါ နည်းနည်းဗိုက်ဆာလာပြီ၊ ခေါက်ဆွဲခြောက်တော့မစားချင်ဘူး"
"အိုကေ၊ ငါမင်းကို အပြင်မှာတစ်ခုခုလိုက်ကျွေးမယ်"
အချိန်အကြာကြီးဂိမ်းဆော့ခြင်းမှာ ပင်ပန်းစေနိုင်ပြီး လင်းရှန်သည်လည်း ထပ်ဆော့ရန် သိပ်စိတ်မဝင်စားတော့ပေ။ သူသည်အင်္ကျီကိုယူကာ ဆိုဖာပေါ်မှ မတ်တပ်ရပ်လိုက်သည်။ လင်းဝမ်ယဲ့ အမြန်တုံ့ပြန်လိုက်ပြီး သူ့နောက်မှနေ နောက်လိုက်ငယ်လေးတစ်ယောက်လို သွက်လက်စွာ မတ်တပ်ရပ်လိုက်၏။ သူတို့နှစ်ယောက် အပြင်ထွက်လာသောအခါ ငွေရှင်းကောင်တာနှင့် အင်တာနက်ကဖေးမန်နေဂျာတို့မှာ အဆိုင်းပြောင်းသွားကြပြီဖြစ်သည်။ သို့သော် လူတိုင်းမှာ လင်းရှန်ကိုနှုတ်ဆက်ကြပြီး သူ့ကိုကောင်းကောင်းသိကြောင်း ထင်ရှားလှ၏။ သူ့ဖခင်တွင် အမှန်တကယ်ပင် အဆက်အသွယ်အချို့ရှိနေကြောင်း လင်းဝမ်ယဲ့ နောက်ဆုံးတွင် သဘောပေါက်သွားသည်။ ဤအကြောင်းကိုတွေးမိရင်း လူတစ်ယောက်ကို ရုတ်တရက်သတိရသွားခဲ့၏။
သူ့ဖခင်ရဲ့ငယ်သူငယ်ချင်း
သူတို့ပထမဆုံးတွေ့ဆုံချိန်တွင် အလွန်တရာစိတ်လှုပ်ရှားနေခဲ့ပြီး နောက်ပိုင်းတွင်လည်း သူ့အာရုံစိုက်မှုမှာ အခြားအရာများဆီသို့ ရောက်သွားသဖြင့် လင်းဝမ်ယဲ့သည် လင်းရှန်ကို မေးရန် အခွင့်အရေးမရခဲ့ပေ။ သူတို့မကြာခင် ပြန်တွေ့ရနိုင်သည်ဟု တွေးမိသောအခါ လင်းဝမ်ယဲ့နှလုံးခုန်သံများ ထိန်းမရအောင် မြန်ဆန်လာပြီး ကြင်နာယုယသောအပြုံးတစ်ခုမှာ သူ့မျက်လုံးများတွင် အလိုလိုပေါ်လာခဲ့သည်။ သို့သော် လင်းရှန်မှာ အလွန်မြန်မြန်ဆန်ဆန် လမ်းလျှောက်သွား၏။ စက္ကန့်အနည်းငယ်မျှ သူမှင်တက်နေစဉ်အတွင်း တစ်ဖက်လူမှာ အင်တာနက်ကဖေးထဲမှ ထွက်သွားနှင့်ပြီဖြစ်သည်။
သူ့အားမျက်ခြည်ပြတ်သွားမည်စိုး၍ လင်းဝမ်ယဲ့ အမြန်ပြေးလိုက်သွားသည်။
မှန်တံခါးကို တွန်းဖွင့်လိုက်သောအခါ ညအချိန်ရောက်နေပြီဖြစ်ကြောင်း သူတွေ့လိုက်ရပြီး အေးစက်သောလေထုထဲတွင် သူ့ထွက်သက်မှာချက်ချင်းပင် မြူခိုးများအဖြစ် ပြောင်းလဲသွား၏။ လင်းဝမ်ယဲ့သည် ပခုံးတွန့်ကာ သူ့အင်္ကျီဇစ်ကို အဆုံးထိဆွဲတင်လိုက်ပြီး လမ်းမီးတိုင်အောက်တွင်ခေါင်းငုံ့ကာ ဆေးလိပ်သောက်နေသော သူ့ဖခင်ကို ချက်ချင်းမြင်လိုက်ရသည်။ လင်းရှန်၏ဆံပင်များကို အညိုဖျော့ရောင်ဆိုးထားပြီး မီးရောင်ကြောင့် ရွှေရောင်အလင်းများ ပေါ်လွင်နေကာ သူ့မျက်ခုံးနှင့်မျက်လုံးများကိုအရိပ်များမှ ဖုံးကွယ်ထားသည်။ မီတာအနည်းငယ်အကွာမှကြည့်လျှင် သူ့နှုတ်ခမ်းနှင့် မေးစေ့ကိုသာမြင်ရပေ၏။ တစ်ခဏမျှ ဤအထီးကျန်ဆန်သောမြင်ကွင်းမှာ အသက်သုံးဆယ်ကျော်အရွယ် သူ့ဖခင်အပေါ် သူ့မှတ်ဉာဏ်များနှင့်ထပ်တူကျသွားခဲ့သည်။ လင်းဝမ်ယဲ့သည် စက္ကန့်အနည်းငယ်မျှရပ်တန့်နေပြီးနောက် အနီးသို့လျှောက်သွားကာ သူ့ဖခင်ပါးစပ်မှ ဆေးလိပ်ကိုယူလိုက်ပြီး မီးတိုင်တွင်ဖိကာ မီးငြှိမ်းလိုက်ပြီး အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်၏။
"ဟေ့ မင်း ဘာလုပ်တာလဲ၊ နှစ်ဖွာပဲ သောက်ရသေးတာကို အလကားဖြုန်းပစ်မလို့လား"
လင်းရှန်သည် အမှိုက်ပုံးထံ ကြောင်တောင်တောင် စိုက်ကြည့်ရင်း အလွန်တရာနှမြောသွားခဲ့သည်။
"ဆေးလိပ်လျှော့သောက်"
လင်းဝမ်ယဲ့ ငြင်းပယ်ခွင့်မပေးသော ပြတ်သားသည့်လေသံဖြင့် ပြောလိုက်ပြီး မကျေနပ်သဖြင့် မျက်မှောင်ကြုတ်ထားလိုက်သည်။
"မင်း ဘယ်လိုသေသွားလဲဆိုတာသိသေးရဲ့လား"
လင်းရှန်လည်း ထိုနည်းတူပင်ဒေါသထွက်သွားသည်။
"အေး အဆုတ်ကင်ဆာနဲ့လေ၊ မင်းသာ ငါ့ဆေးလိပ်ကို နောက်တစ်ခါထပ်ပစ်ရင် မင်းကိုငါထိုးမိလိမ့်မယ်"
လင်းဝမ်ယဲ့ သူ့ကိုစိုက်ကြည့်ကာပြောလိုက်သည်။
"မင်းမှာ သေနိုင်တဲ့နည်းတွေအများကြီးရှိတယ်၊ မင်းရဲ့အကျင့်ဆိုးတွေအားလုံးကို စောစောဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် ငါဖျောက်ပေးမယ်"
လင်းရှန်သည် ဒေါသမထွက်တော့ဘဲ စိတ်ပျက်လက်ပျက်ဟန်ဖြင့် ရယ်မောလိုက်ပြီး လှည့်ထွက်သွားလိုက်သည်။
"ငါ့အဖေအရင်းတောင် ငါ့ကိုမထိန်းချုပ်နိုင်တာ၊ မင်းက အခုငါ့ကို လာထိန်းချုပ်ဖို့ ကြိုးစားနေတယ်"
"ဒါကို ပေါ့ပေါ့တန်တန်သဘောမထားနဲ့"
လင်းဝမ်ယဲ့ သူ့နောက်သို့လိုက်သွားပြီး ထပ်ခါတလဲလဲ ဆူပူနေခဲ့သည်။
"မင်းကငယ်သေးလို့ဆိုပြီး လုပ်ချင်ရာလုပ်လို့မရဘူး၊ မင်းခန္ဓာကိုယ်က မင်းဟာပဲ၊ မင်းသာအဲဒါကို ဖျက်ဆီးပစ်လိုက်ရင် နောက်ပိုင်းပိုက်ဆံဘယ်လောက်ရှိရှိ ကုလို့မရတော့ဘူး၊ ပြီးတော့ နောင်တရချိန်နှောင်းသွားလိမ့်မယ်၊ ဆေးရုံတွေမှာ ဘယ်လိုဆေးမျိုး မရောင်းဘူးလဲဆိုတာသိလား၊ နောင်တမဲ့ဆေးလေ"
[T-N/ မှားတယ် အသည်းကွဲရင်ပျောက်တဲ့ဆေး]
လင်းရှန် ရုတ်တရက်ရပ်တန့်သွားပြီး လင်းဝမ်ယဲ့ထံ အချိန်အတော်ကြာစိုက်ကြည့်နေပြီးနောက်မှ ဇဝေဇဝါဖြစ်သွားခဲ့သည်။
"အသက်က ဒီလောက်ငယ်သေးတာကို အဖေတစ်ယောက်လို အတော်လေးကို ဆုံးမတတ်နေပါလား"
လင်းဝမ်ယဲ့ နောက်မှကပ်လိုက်လာပြီး အကျိုးအကြောင်းပြကာ ရှင်းပြရန် ကြိုးစားနေခဲ့သည်။
"ငါက မင်းကောင်းဖို့အတွက်လုပ်နေတာလေ၊ ဘာလို့ ငါကမင်းကိုပဲဂရုစိုက်ပြီး တခြားလူတွေကို လျစ်လျူရှုထားရတာလဲ၊ အဲဒါ ငါမင်းကို ဂရုစိုက်လို့ မဟုတ်ဘူးလား၊ အခုတော့ ငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်တယ်လို့ မင်းကထင်နေတယ်၊ ဒါပေမဲ့ ငါ့စကားကိုနားမထောင်ရင် တစ်နေ့ကျ မင်းနောင်တရလိမ့်မယ်၊ နေပါဦး မင်းအခုဒါကဘာသဘောလဲ....."
သူ့စကားမဆုံးမီ လင်းဝမ်ယဲ့ရပ်တန့်သွားပြီး လမ်းဘေးတွင်နားမလည်နိုင်ဟန်ဖြင့် ရပ်နေခဲ့သည်။ လင်းရှန်သည် လမ်းဆုံရှိအစပ်ဟော့ပေါ့နှင့် အကင်များရောင်းသော လမ်းဘေးဈေးဆိုင်လေးရှိခွေးခြေခုံလေးပေါ်တွင် ဝင်ထိုင်လိုက်၏။ လင်းဝမ်ယဲ့ ဒေါသတကြီးဖြင့် ပြောလိုက်သည်။
"ငါတို့ အပြင်မှာ သွားစားမယ်လို့ ပြောထားတာ မဟုတ်ဘူးလား"
"ငါမင်းကို ကောင်းကောင်းမွန်မွန်ကျွေးမလို့ပါပဲ"
လင်းရှန်သည် စက္ကူပန်းကန်လုံးလေးတစ်လုံးနှင့် တစ်ခါသုံးတူများကို လှမ်းယူလိုက်ပြီး သူ့ကိုတောင်လှည့်မကြည့်ဘဲ ပြောလိုက်သည်။
"ဒါပေမဲ့ မင်းကငါ့ကိုစိတ်အနှောင့်အယှက်ဖြစ်အောင်လုပ်လို့ ငါ အဆင့်လျှော့ပြီး ဒါပဲကျွေးဖို့ဆုံးဖြတ်လိုက်တာ၊ စားရင်စား မစားရင်ထွက်သွား"
လင်းဝမ်ယဲ့ ထိုင်ချလိုက်ပြီးပြောလိုက်သည်။
"စားမယ်"
သူ တစ်နေကုန်သိပ်မစားရသေးပေ။ သူ့အသက်အရွယ်တွင် ကြီးထွားဖွံ့ဖြိုးဆဲဖြစ်ရာ အသားညှပ်ပေါင်မုန့်တစ်လုံးနှင့် ခေါက်ဆွဲခြောက်တစ်ပန်းကန်မှာ မလုံလောက်ပေ။ လင်းဝမ်ယဲ့သည် လမ်းဘေးဆိုင်တွင် တစ်ခါမှမစားဖူးခဲ့ချေ။
အခြားအရာများကို ဘေးဖယ်ထားလျှင်တောင် လမ်းဆုံတွင်အသွားအလာရှိသော ကားများမှထွက်လာသည့် မီးခိုးငွေ့များကိုကြည့်ရုံဖြင့် အခြေအနေမှာ မည်မျှသန့်ရှင်းမှုမရှိကြောင်း သိနိုင်ပေသည်။ သို့သော် လင်းရှန်မှဤနေရာကို ရွေးချယ်ရသည့် အကြောင်းရင်းများရှိနေ၏။
ဤအကင်ဆိုင်၏တည်နေရာမှာ အကောင်းဆုံးမဟုတ်သော်လည်း ဖောက်သည်များကို ဆွဲဆောင်ရန် လိုအပ်မှုကိုထည့်တွက်ပါက နားလည်ပေးနိုင်ပေသည်။ ပိုင်ရှင်များမှာ ဆံပင်ဖြူနေသော သက်ကြီးရွယ်အိုနှစ်ဦးဖြစ်သည်။ သူတို့အစားအသောက်လှည်းလေးမှာ အလွန်သန့်ရှင်းနေပြီး အသုံးအဆောင်အားလုံးမှာ တစ်ခါသုံးများပင်။ အဘွားအိုမှာ အလွန်တရာသဘောကောင်းလှသည်။ သူတို့ ထိုင်သည်ကိုမြင်သောအခါ ချက်ချင်း နှုတ်ဆက်ပြီး မီးကိုအနည်းငယ်မြှင့်ရင်း ကိုယ်ကိုအသာကိုင်းညွတ်လိုက်လေ၏။
အသားလုံးနှင့် ဟင်းသီးဟင်းရွက် အမျိုးမျိုးကို တုတ်ထိုးကာ ကြီးမားသောစတုဂံပုံဗန်းကြီးနှစ်ခုပေါ်တွင် သပ်သပ်ရပ်ရပ်စီထားသည်။ အိုဒန်နှင့်ဆင်တူပြီး နှစ်ဖက်စလုံးတွင် အတူတူပင်ပါဝင်၏။ ငရုတ်ဆီပါသောဘက်မှ ထောပတ်ဟော့ပေါ့အနံ့ထွက်နေသည်။ အခြားတစ်ဖက်တွင်ဟင်းရည်ကြည်ရှိပြီး မစပ်ပေ။ လင်းဝမ်ယဲ့သည် ဤအရာကိုတစ်ခါမှမစားဖူးသဖြင့် အချိန်အတော်ကြာသိချင်စိတ်ဖြင့် အကဲခတ်ပြီးနောက် လင်းရှန်ကိုအတုခိုးကာ သူစိတ်ဝင်စားသောအကင်များကို လှမ်းယူလိုက်သည်။ သူသည် စက္ကူပန်းကန်လုံးကိုအကြိမ်အနည်းငယ်မှုတ်ပြီး တစ်ကိုက်ကိုက်လိုက်ရာ အံ့သြစရာကောင်းလောက်အောင် အရသာရှိနေခဲ့၏။
"အဲဒီလိုမစားရဘူး"