20
"ကပ္ပတိန်ယန် နောက်ထပ် Jungler အသစ်တစ်ယောက်ရှာဖို့ အချိန်ရအောင် အရင်ဆုံး ယာယီဝင်ကစားပေးဖို့ကတော့ ဖြစ်နိုင်ပါတယ်၊ ဒါပေမဲ့ ဆုကြေးငွေက ထိပ်ဆုံးသုံးသင်းအတွက်ပဲလား၊ ငါအဲဒီလောက်ကြာအောင်မစောင့်နိုင်ဘူး၊ ငါ့မှာ အဲ့လောက် အချိန်လည်းမရှိဘူး"
လင်းရှန်သည် အံ့သြတကြီးပြောလိုက်၏။
"မင်း ရူးနေလား၊ အသင်းထဲဝင်ပြီး သူတို့နဲ့အတူ ပရိုလိဂ်ကိုဝင်ပြိုင်လိုက်လေ၊ အလားအလာက အရမ်းကောင်းတယ်၊ ငါ့ကိုယုံစမ်းပါ"
"အလားအလာကောင်းတယ်ဆိုတာ ငါသိပါတယ်"
လင်းဝမ်ယဲ့သက်ပြင်းချလိုက်သည်။
"ဒါပေမဲ့ ငါပရိုကစားသမားမဖြစ်ချင်ဘူး"
သူ့ကိုအကျိုးအပြစ်များ ခွဲခြမ်းစိတ်ဖြာပြရန်နှင့် အကြံပေးရန်အတွက် လင်းရှန်သည် သူ့တူများကိုပင်ယာယီချထားလိုက်လေသည်။
"ဘာလို့ မဖြစ်ချင်ရတာလဲ၊ မင်းမှာ အခြေခံရှိတယ်၊ ယန်အော့စန်းနဲ့သေချာလေ့ကျင့်ရင် မင်းသေချာပေါက် ပိုတော်လာမှာပဲ၊ သူကနေစရာနဲ့ စားစရာပေးမှာဆိုတော့ မင်းရဲ့အနာဂတ် အလုပ်အကိုင်ပြဿနာကိုပါ သွယ်ဝိုက်ပြီးဖြေရှင်းပေးရာရောက်တယ်လေ၊ ဒါကနှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ အခြေအနေပဲ၊ ပြီးတော့ မင်းကဂိမ်းဆော့ရတာ ကြိုက်တယ်မလား"
လင်းဝမ်ယဲ့ ဤအချက်များအားလုံးကို နားလည်ထားပေသည်။ သူ့လက်ရှိအခြေအနေနှင့် နောက်ခံအရ ဤလမ်းကြောင်းမှာ ယုတ္တိအရှိဆုံးရွေးချယ်မှုပင်ဖြစ်လေသည်။ သို့သော် သေချာစဉ်းစားပြီးနောက် လင်းဝမ်ယဲ့ ခေါင်းကိုပြတ်သားစွာခါရမ်းလိုက်၏။
"ငါ ဂိမ်းဆော့ရတာကိုကြိုက်တယ်၊ ဒါပေမဲ့ ငါပရိုကစားသမား မလုပ်ချင်ဘူး"
လင်းရှန်သည် နားမလည်နိုင်ဘဲ ဇဝေဇဝါဖြင့် မေးလိုက်သည်။
"ဘာလို့လဲ"
"ဘာလို့လဲဆိုတော့ ငါရည်းစားထားဖို့လိုသေးတယ်လေ"
လင်းဝမ်ယဲ့ ရိုးရိုးသားသားပြောလိုက်သည်။
"ပရိုကစားသမားလုပ်နေရင် ရည်းစားထားဖို့ အချိန်မရှိတော့ဘူး"
လင်းရှန် ဆွံ့အသွားရသည်။ ဤအကြောင်းပြချက်ကို သူတစ်ခါမှမမျှော်လင့်ထားခဲ့ပေ။ မမျှော်လင့်ထားသော်လည်း လုံးဝယုတ္တိရှိနေပြန်သည်။ သူသည် အချိန်အတော်ကြာအောင် မှင်တက်နေပြီးနောက် သတိပြန်ဝင်လာကာ ခံစားချက်ပေါင်းစုံဖြင့် သက်ပြင်းချလိုက်မိသည်။ လင်းဝမ်ယဲ့ပခုံးကို ခပ်ပြင်းပြင်း ပုတ်ကာ လေးနက်စွာဖြင့်ပြောလိုက်၏။
"ဓားသိုင်းကျမ်းရဲ့ ပထမဆုံးစာမျက်နှာမှာရေးထားတာက ကိုယ့်ချစ်သူကို အရင်သတ်ပါတဲ့၊ အချစ်ထဲကျသွားတဲ့ Jungler တစ်ယောက်က သူ့ရဲ့ Jungleဓားကိုတောင် သေချာကိုင်နိုင်မှာမဟုတ်ဘူး"
လင်းဝမ်ယဲ့ ပြင်းပြင်းထန်ထန်ခေါင်းခါလိုက်၏။
"ငါက အချစ်ရူးလေးလေ၊ ငါ့ချစ်သူကို သတ်ရမယ့်အစား သေလိုက်တာကမှပိုကောင်းဦးမယ်"
လင်းရှန် အတော်လေးနားမလည်နိုင်ဖြစ်သွားပြီး ပြောလိုက်၏။
"မင်းက တကယ်ကြီးလိုကိုပြောနေတာပဲ၊ မင်းက ချစ်သူကိုဘယ်ကရမှာလဲ"
လင်းဝမ်ယဲ့၏ပုန်ကန်လိုစိတ်များ ထကြွလာပြီး ပြတ်သားစွာပြန်ဖြေလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါကရည်းစားထားမှာ၊ ငါ အချိန်ပေးဖို့လိုတယ်၊ ငါ့မှာပိုကြီးမားတဲ့ ရည်မှန်းချက်တွေ ရှိတယ်၊ ပရိုလိဂ်ကငါ့ရဲ့ ကံကြမ္မာမဟုတ်ဘူး"
"အေးပါကွာ အွန်လိုင်းအချစ်ဇာတ်လမ်းကနေ ယွမ်ရှစ်သောင်းလောက် အလိမ်မခံရဖို့ပဲမျှော်လင့်ပါတယ်"
သူ နှမြောမိသော်လည်း လင်းရှန်သည် သူ့ဆုံးဖြတ်ချက်ကို လေးစားရုံသာတတ်နိုင်ပြီး ထပ်ပြောရန်ပျင်းရိသွားခဲ့လေသည်။ သူသည် တူကိုပြန်ကောက်ကိုင်ကာ ဆက်စားရင်း သူ့အဆက်အသွယ်စာရင်းကိုကြည့်ရန် ဖုန်းထုတ်လိုက်၏။
"ဒါဆို နောက်ပွဲအတွက် Junglerနေရာမှာ ယာယီဝင်ကစားပေးဖို့ ယန်အော့စန်းဆီမှာ ငါမင်းကို ထောက်ခံပေးမယ်၊ သူက သေချာပေါက် မင်းကိုလူချင်းတွေ့ပြီး အကဲဖြတ်လိမ့်မယ်၊ ဒါပေမဲ့ မင်းရဲ့ ကျွမ်းကျင်မှုနဲ့ဆိုရင် ပြဿနာရှိမှာ မဟုတ်ပါဘူး၊ ပိုက်ဆံကိစ္စက လွယ်ပါတယ်၊ မင်းရဲ့အခြေအနေကို ငါသူ့ကို ပြောပြလိုက်မယ်၊ သူမင်းကို ပိုက်ဆံပေးလိမ့်မယ်"
ယန်အော့စန်း၏ဖုန်းနံပါတ်ကို ရှာတွေ့ပြီးနောက် လင်းရှန်သည် စပီကာဖွင့်ကာ ဖုန်းခေါ်လိုက်လေသည်။ မမျှော်လင့်ဘဲ ဖုန်းဝင်သွားသည်နှင့်တစ်ပြိုင်နက် သီးသန့်ခန်းအပြင်ဘက်မှ ဖုန်းမြည်သံကိုသူတို့ ကြားလိုက်ရသည်။ ခပ်သွက်သွက် ခြေသံများနှင့်အတူ သီးသန့်ခန်း၏လိုက်ကာ ပွင့်သွားခဲ့၏။ မျှော်လင့်ထားသည့်အတိုင်းပင် ၎င်းမှာလင်းဝမ်ယဲ့အတွက် ရင်းနှီးနေသော မျက်နှာတစ်ခုဖြစ်နေခဲ့ပေသည်။
အနာဂတ်၏ အသင်းမန်နေဂျာဖြစ်ပြီး ယခုလက်ရှိ အော့မိုရီအင်တာနက်ကဖေး၏ပိုင်ရှင်ဖြစ်သော ယန်အော့စန်းပင် ဖြစ်၏။ ယန်အော့စန်းသည် လင်းရှန်ထက်နှစ်နှစ်ကြီးပြီး လင်းဝမ်ယဲ့အတွက်မူ သူသည် သေချာပေါက်လူကြီးတစ်ယောက်ဖြစ်ပေသည်။ ခေါင်းဆောင်တစ်ယောက်ဖြစ်လာရန် ကျင့်သားရနေသောကြောင့်ဖြစ်ကောင်းဖြစ်မည်။ လင်းဝမ်ယဲ့၏မှတ်ဉာဏ်ထဲတွင် သူသည် ပြတ်သားပြီး လုပ်ရည်ကိုင်ရည်ရှိကာ သူ့ကစားသမားများအားလုံးမှ ကြောက်ရွံ့ရသူအဖြစ်မှတ်မိနေခဲ့သည်။ မထင်မှတ်ဘဲ ယန်အော့စန်းမှာ ငယ်ရွယ်စဉ်၌ အတော်လေးချောမောနေခဲ့၏။ သူ့ပစ်မှတ်ကို ရှာတွေ့သွားပြီးနောက် ယန်အော့စန်းသည် တံခါးကိုမှီကာ လက်ပိုက်ပြီး ခေါင်းစောင်းထားရင်း သူ့မျက်နှာပေါ်တွင် လူလည်ကျသည့်အပြုံးတစ်ခုပေါ်နေခဲ့လေသည်။
"ဘယ်သူ့ကို လုပ်အားခပေးရမှာလဲ၊ ငါမရှိတဲ့ ရက်အနည်းငယ်အတွင်းမှာ တစ်ယောက်ယောက်က သူဌေးကတော်လိုဟန်ဆောင်ပြီး ငါ့အတွက်လူလာစုဆောင်းပေးနေပါလား"
လင်းရှန်သည် ထမင်းချိုင့်ကိုကိုင်ထားရင်း သူ့ထံမော့ကြည့်ကာ ရယ်မောပြီး ဆဲဆိုလိုက်သည်။
"သွားစမ်းပါကွာ မင်းဘယ်တုန်းက ပြန်ရောက်တာလဲ"
"အခုလေးတင်ပဲ"
ယန်အော့စန်း ဖုန်းချလိုက်ပြီး အိတ်ကပ်ထဲထည့်လိုက်ကာ သူ့အကြည့်မှာ လင်းဝမ်ယဲ့ဆီသို့ အမြန်ရောက်သွားခဲ့သည်။
"ဒါကရော ဘယ်သူလဲ"
လင်းရှန် ပေါ့ပေါ့ပါးပါးပြန်ဖြေလိုက်၏။
"ငါ့သားလေ"
ယန်အော့စန်း ဒေါသထွက်ဟန်ဖြင့်မေးလိုက်သည်။
"ငါ ရက်နည်းနည်းလောက်မရှိတာနဲ့ မင်းမှာ သားတစ်ယောက်တောင်ရနေပြီလား၊ ဘယ်သူနဲ့ ရတာလဲ"
လင်းရှန်သည် တူဖြင့်ထမင်းများကို ပါးစပ်ထဲသို့ အမြန်သွင်းရင်းကြွားလုံးထုတ်လိုက်လေသည်။
"ခန့်မှန်းကြည့်လေ"
ထိုစကားကြားသောအခါ ယန်အော့စန်းသည်လည်း လင်းဝမ်ယဲ့ဆီသို့အကြည့်လွှဲလိုက်ပြီး စိတ်ဝင်တစားဖြင့် ကလေးအားချော့သလိုလေသံဖြင့် မေးလိုက်၏။
"ကလေးလေး မင်းရဲ့အခြားမိဘတစ်ယောက်က ဘယ်သူလဲ"
လင်းရှန်နှင့် ယန်အော့စန်းတို့၏စကားများထဲမှ မပွင့်တပွင့်နောက်ပြောင်နေမှုများကို မည်သူမဆိုကြားနိုင်ပေသည်။ လင်းဝမ်ယဲ့သည် လုံးဝကိုဇဝေဇဝါဖြစ်သွားပြီး စိတ်ပျက်လက်ပျက်ဖြင့်ခေါင်းကုတ်လိုက်၏။ စကားဝိုင်းမှာ သူ့ဆီသို့ ရောက်လာကြောင်း သဘောပေါက်သွားသဖြင့် သူသည် ထိုလူနှစ်ယောက်ကြားတွင် ဟိုဘက်ဒီဘက်အကြိမ်ကြိမ်ကြည့်လိုက်ပြီးနောက် အကြည့်များမှာ ယန်အော့စန်းနောက်ကျောဘက်၌ ရပ်တန့်သွားပြီး ရုတ်တရက်လက်ညှိုးထိုးပြလိုက်သည်။
"သူပဲ"
လင်းရှန်နှင့် ယန်အော့စန်းတို့ တစ်ပြိုင်နက်တည်း လှည့်ကြည့်လိုက်ရာ လုချန်ရွှမ်၏အေးစက်စက်အကြည့်များနှင့် ဆုံတွေ့သွားခဲ့လေတော့သည်။