Ch 4
Viewers 737

Chapter 4


စိမ်းညိုရောင် ခပ်မြင့်မြင့်သစ်ပင်များက သူတို့၏ လက်တံမဲမဲများကို ဖြန့်ကြပ်ထားကြသည်မှာ တောင်တစ်ခုလုံးကို ဖုံးအုပ်ထားနိုင်တော့မည့်အလား အုပ်ဆိုင်းနေလေသည်။ 


ဤတောအုပ်သည် တိတ်ဆိတ်လွန်းနေပြီး တိမ်တိုက်များက လရောင်ကို ကာဆီးထားသဖြင့် တစ်လောကလုံးက မှောင်နှင့်မည်းမည်း ဖြစ်နေ၏။ လေတိုက်သံ နှင့် ပုစဉ်းရင်ကွဲတို့၏ အသံများကလည်း ပျောက်ကွယ်နေကာ လေထဲတွင် ပြင်းထန်သော သွေးနံ့သာ ကျန်ရှိလေသည်။  တစ်ချက်တစ်ချက် ထအော်တတ်သော ညဥ့်ဌက်တို့က မျက်လုံးပြူးကြီးများဖြင့် သစ်တောကြီး၏ မှောင်ရိပ်များကြားကို တိတ်တဆိတ် ကြည့်ရှုနေကြလေသည်။


ချင်းချိန်သည် တောအုပ်အတွင်း စမ်းတဝါးဝါးဖြင့် ပြေးနေခဲ့ပြီး သူ့နောက်မှ အုပ်ကျလာနေသော အမှောင်ထုကို ရှောင်ရှားရန် ကြိုးစားသည်။ လင်းဟုန်ရှင်းနှင့်အတူ ဒီနေရာကို လာခဲ့ခြင်းဖြစ်သည်ကို သူ့ခေါင်းထဲ ပြတ်တောင်း ပြတ်တောင်းနှင့် ပေါ်လာတတ်သော်လည်း ဒီကို လာခဲ့သလဲဆိုသည့် အကြောင်းကိုတော့ ဘယ်လိုမှ စဥ်းစားလို့ မရတော့ချေ။


"လင်းဟုန်ရှင်း” 


သူသည် လင်းဟုန်ရှင်း၏ နာမည်ကို အတတ်နိုင်ဆုံး ကျယ်ကျယ်အော်သော်လည်း သူ့ပဲ့တင်သံများကိုသာ ကြားနေရသည်။


တောအုပ်အတွင်း ဂရုတစိုက် လျှောက်ရင်း သူ့နောက်မှ ရုတ်တရက် ထူးဆန်းသော အသံတစ်ခု ထွက်ပေါ်လာပြီး ချင်းချိန်ဟာ အလိုလို နောက်သို့ လှည့်ကြည့်လိုက်မိသည်။


သူ ပထမဆုံး သတိထားမိတာက ပုပ်ပွနေသည့် အလောင်းတစ်လောင်း၊ ပါးစပ်မှာ သွေးတွေ ပေကျံနေသည့်မျက်နှာဖြင့် မျက်လုံးစိမ်းစိမ်းကြီးတွေမှာ ပြူးထွက်နေပြီး ပုပ်သိုးနေတဲ့ အနံ့ဆိုးတွေ ထွက်နေ၏။ ဤမြင်ကွင်းသည် ချင်းချိန်၏ ဦးရေပြားကို ထုံကျင်သွားစေပြီး အသံတစ်သံမှ မထွက်ဘဲ ထွက်ပြေးရတော့သည်။


ပြေးရတာ ပင်ပန်းနေပေမဲ့ ဒီတောအုပ်ထဲက မရုန်းထွက်နိုင်သေးချေ။


သူ့ခြေထောက်များသည် အားနည်းနေသော်လည်း ချင်းချိန်သည် ယခု ရပ်လိုက်လျှင် ဤနေရာမှ ထွက်သွားရန် လမ်းတစ်လမ်းသာ ရှိတော့သည်ကို သိသောကြောင့် မရပ်ရဲပေ။


သူ ဘယ်လောက် ကြာကြာ ပြေးနေမှန်းမသိပေမဲ့ နောက်ဆုံးမှာတော့ ချင်းချိန်ဟာ သူ့ခန္ဓာကိုယ်အား မရှိတော့ဘဲ ပြိုကျလာတဲ့အခါ သူ့နောက်လိုက်နေတဲ့ ပုပ်ပွနေတဲ့ အလောင်းဟာ ပြေးလာပြီး သူ့ကို လည်ပင်းကို ညှစ်လေတော့သည်။


ချင်းချိန်သည် ပုပ်ပွနေသော အလောင်းကို ခြေထောက်ဖြင့် အစွမ်းကုန်ကန်ပေမဲ့လည်း ဘယ်လောက်ကန်ကန် အသုံးမဝင်ပေ။


အသက်ရှူ ကျပ်တဲ့ဝေဒနာကြောင့် ချင်းချိန်ဟာ အသက်ရှင်အောင် မနည်း ရုန်းကန်နေရသည်။


သူ့စိတ်ထဲမှာတော့ ချင်းချိန်က 


‘တစ်ယောက်ယောက်၊ ငါ့ကို ကူညီပါ’ 


သူ့ပါးစပ်ကို ကျယ်ကျယ်ဖွင့်ထားသော်လည်း ချင်းချိန်သည် တစ်ချက်မှ အသံမထွက်နိုင်ပေ။ သူ့လက်သည် မြေပြင်ပေါ်သို့ လဲကျသွားသည်နှင့်အမျှ ခွန်အားများ ဆုံးရှုံးလာက အသက်ရှင်ဖို့ တောင့်ခံမထားနိုင်တော့ပေ။ မသေခင် နောက်ဆုံး အကူအညီတောင်းသလိုပင် ဖြစ်သည်။


ထိုအချိန် ချင်းချိန်က သူသေချာပေါက် သေတော့မယ်လို့ တွေးလိုက်သည်။  သို့သော် အလင်းရောင်တစ်ခုဟာ ထူထပ်သော ညကောင်းကင်ကို ဖြတ်၍ ရုတ်တရက် ကျရောက်လာကာ ချင်းချိန်၏ မျက်ဆံ အိမ်ထဲသို့ ဝင်ရောက်လာသည်။ 


ထို့နောက် ပုပ်ပွနေသော အလောင်းဟာ အဝေးသို့ လွှင့်ထွက်သွားခဲ့သည်။


လွတ်မြောက်သွားတော့ ချင်းချိန်သည် ဒူးထောက်လျက် မြေပြင်ပေါ်တွင် လေးဖက်ထောက်ကာ အသက်ပြင်းပြင်း ရှူလိုက်သည်။


“အရည်အချင်းမရှိတဲ့သူပဲ”


သူ့ ခေါင်းထက်မှ ထွက်ပေါ်လာသော အသံသည် ချင်းချိန်ကို ခဏတာ ထိတ်လန့်စေခဲ့သည်။  အသံပိုင်ရှင်ကို ကြည့်ရန် မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သော်လည်း သူ မြင်လိုက်ရသောအရာမှာ အဝါရောင် တောက်တောက်ကြီး ဖြစ်၏။


ထို့နောက် ချင်းချိန်က သူ့ခေါင်းကို မော့ပြီး ကြည့်ဖို့ လုပ်ပေမဲ့ ကြည့်လို့မရပေ။


သူ့ ခေါင်းထက်က အသံက ထပ်ထွက်လာကာ သူ့ကို ရွဲ့စောင်းပြီး လှောင်ပြောင်နေသည်။


"ဒီလို ‌တစ္ဆေလေးကိုများ"


သူပြောပြီးသောအခါတွင် တိမ်မည်းများသည် ကောင်းကင်မှ တဖြည်းဖြည်း ပျောက်ကွယ်လာပြီး လရောင်သည် တဖြည်းဖြည်း တောက်ပလာကာ ထိုအဝါရောင်အ၀တ်အစားများကို အလင်းရောင်က ထိုးကျလာသည်။ ရုတ်တရက် ချင်းချိန်က သူ့ခန္ဓာကိုယ် ပိုသက်တောင့်သက်သာ ဖြစ်လာသည့်အတွက် သူ ခေါင်းကို ဖြည်းညှင်းစွာ မော့လိုက်သည်။ သို့သော် ထိုလူ၏ခါးတွင် ချိတ်ဆွဲထားသော အဖြူရောင်ကျောက်စိမ်းဆွဲသီးကို မြင်လိုက်ရသည့်အခိုက်တွင် သူ မေ့လဲသွားသည်။


သူ သတိမလွတ်ခင်မှာ ချင်းချိန်က ဒီကျောက်စိမ်းဆွဲသီးကို သူအရင်က မြင်ဖူးတယ်လို့ တွေးမိလိုက်သည်...။


လှသည်၊ တကယ်လှသည်။ ထိုဆွဲသီးမှာ စာလုံးသုံးလုံး ရေးထိုးထားသည်။


“…..ကျင်…..”


ဆေးရုံ ခုတင်ကို စောင့်နေတဲ့ ထန်လီဟွာက သူ့သား အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ရုတ်တရက် ကြားလိုက်ရပြီး အံ့သြစွာနဲ့ မျက်ရည်တွေကို သုတ်လိုက်ကာ 


"သား သားလေး။ နောက်ဆုံးတော့ သားနိုးလာပြီပေါ့။ အမေဘယ်လောက် ကြောက်သွားလဲသိလား"


သူ့အမေ၏ခေါ်သံကို သူကြားလိုက်ရတာကြောင့် ချင်းချိန်က ပင်ပန်းနေသော မျက်လုံးများ ကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။


 “

 “

ချင်းချိန်သည် မျက်လုံးများ ပွင့်လာသည်ကို မြင်သောအခါ ထန်လီဟွာသည် ‌မျက်ရည်များ လိမ့်ဆင်းလာကာ လူခေါ်ဘဲလ်ကို နှိပ်၍ တာဝန်ကျနေသော ဆရာဝန်ကို ခေါ်လိုက်သည်။  သူ့တစ်ကိုယ်လုံး စိတ်လှုပ်ရှား တုန်လှုပ်နေချိန်တွင် ဖုန်းကိုယူကာ ချင်းလုံ၏နံပါတ်ကို ခေါ်လိုက်သည်။ 


"ကျွန်မတို့သားလေး နိုးလာပါပြီ။ ချင်းလုံ ကျွန်မတို့သားလေး နောက်ဆုံးတော့ နိုးလာပြီ” 


ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပျော်ရွှင်မှုတွေ ရောထွေးနေတဲ့ ထန်လီဟွာက ဖုန်းကို လှမ်းအော်လိုက်သည်။


ချင်းချိန်သည် အိပ်ယာမှထကာ အလွန်မူးဝေနေပြီး ဘာမှ မမှတ်မိတော့ပေ။ သူ့မှာ အခြေအနေကောင်းပြီး ပြင်းထန်တဲ့ နောက်ဆက်တွဲ ဒဏ်ရာတွေ မရှိကြောင်း သေချာစေဖို့ ဆရာဝန်က စစ်ဆေးပြီးနောက်မှာတော့ သူဟာ တဖြည်းဖြည်း သတိပြန်လည်လာပြီး အဲဒီညက အဖြစ်အပျက်တွေကို မှတ်မိလာခဲ့သည်။


'ဒါဆို ငါ အသက်ရှင်ခဲ့တာပဲ... ‘

 

ကုတင်ပေါ်တွင် လဲလျောင်းနေသော ချင်းချိန်သည် ထိုအချိန် လှုပ်ရှားရန် ခွန်အားမရှိပေ။ သို့တိုင် သူ့အား နှစ်သိမ့်ချင်စိတ်ဖြင့် ထန်လီဟွာ၏လက်ကို ကိုင်ထားပြီး 


“အမေ၊ ကျွန်တော်သက်သာနေပါပြီ။ ပြီးတော့ ရက်ပိုင်းလောက်ပဲ အနားယူပြီးရင် ပိုကောင်းလာမယ်လို့ ဆရာဝန်က ပြောခဲ့တယ် မဟုတ်လား”


ချင်းချိန်၏လက်ကို ပတ်တီးနှင့် ပတ်ထားတာမလို့ ထန်လီဟွာက အားဖြင့် မကိုင်ရဲဘဲ လက်နှင့် တတ်နိုင်သမျှ ညင်သာစွာ အုပ်ထားသည်။ ခေါင်းကို ငုံ့ထားရင်း ပါးပြင်ပေါ်သို့ မျက်ရည်များ စီးကျလာပေမဲ့ ဘာစကားမှ မပြောပေ။


သူ့အမေ ဝမ်းနည်းနေတာ မြင်တော့ ချင်းချိန်၏ ရင်ထဲ စူးခနဲဖြစ်သွားပြီး သူ့ကို နှစ်သိမ့်ပေးဖို့ တကယ်ကို ခက်ခက်ခဲခဲ ကြိုးစားရသည်။ အဲဒီနောက် ချုပ်တီးထားသော မျက်ရည်တွေကြောင့် မျက်လုံးများလည်း နီရဲလာလေသည်။


ယခုအချိန်တွင် သူ့သားစိတ်မကောင်းဖြစ်ရင် မကောင်းကြောင်း သိလိုက်သဖြင့် ထန်လီဟွာက ပြုံးကာ မျက်ရည်များကို သုတ်လိုက်သည်။ သူက 


"အမေ အရမ်းပျော်‌တယ်။ သား သတိလစ်နေတာ နှစ်ရက်သုံးရက်ရှိပြီ ပြီးတော့"


သို့သော် ထိုစကားများပြောလာသောအခါ ပါးပြင်ပေါ်ကျလာသော မျက်ရည်များကို မထိန်းနိုင်ဘဲ တစ်ဖန်ပြန်ငိုတော့သည်။


ချင်းချိန်သည် ခန္ဓာကိုယ်တွင် ပြင်းထန်သော ဒဏ်ရာများ မရရှိခဲ့ဘဲ အိပ်ရာမှ နိုးလာပြီးနောက် နောက်ထပ် နှစ်ရက်သာ အနားယူခဲ့ရသည်။  လွန်ခဲ့တဲ့ နှစ်ရက်လောက်က ဘာကြောင့် သတိလစ်မေ့မြောနေသလဲဆို တာကိုတော့ ဆရာဝန်များပင် မခန့်မှန်းနိုင်ပေ။


လွန်ခဲ့သည့်ရက်ပိုင်းက သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ သူဘယ်လိုနေလဲ ကြည့်ဖို့ ဆေးရုံသို့ လာခဲ့ကြသည်။  ပါမောက္ခ လီကော်ရှန်းကတောင် သူ့ကို လာတွေ့၏။  ရုတ်တရက် မူးလဲပြီးနောက်ပိုင်း တောင်ပေါ်မှာ ဖြစ်ပျက်ခဲ့တာကို မကြာသေးခင်ကမှ ပြန်မှတ်မိတာဖြစ်သည်။


"အဲဒီည ရဲတွေရောက်လာတော့ မနက်သုံးနာရီတောင် ထိုးနေပြီ။ ပထမဆုံးတွေ့လိုက်ရတာက လင်းဟုန်ရှင်းက သွေးအိုင်ထဲမှာ လဲနေပြီး အသက်ငင်နေပြီ။ နောက်တော့ မင်းနဲ့ ကျန်းပေါ်ကို ဥမင်ထဲမှာ တွေ့ခဲ့တာ။ ကျန်းပေါ်က သေနေပြီးတော့ မင်းက သတိလစ်နေခဲ့တာ"


ကျန်းကျွင်း၏ စကားကို နားထောင်ပြီးတော့ ချင်းချိန်က ခဏလောက် တွေးနေပြီး မေးလိုက်သည်။


"လင်းဟုန်ရှင်း အခုဘယ်လိုနေလဲ"


"သူက စိုးရိမ်ရတဲ့ အခြေအနေပဲ။ သူ့ခေါင်းမှာ ဘာလို့ အပေါက်ကြီး ပေါက်နေတာလဲဆိုတာ ဆရာဝန်တွေ မသိသေးဘူး။ သူတို့ကတော့ သူသေမှာကို အချိန်ဆွဲထားလို့ပဲ ရတယ်လို့ပြောတယ်။ မနက်ဖြန်ကျရင် သူ့မိသားစုက ဆေးကုဖို့အတွက် သူ့ကို ပေကျင်း ခေါ်သွားတော့မှာ"


ထိုအကြောင်းကိုပြောရင်း ကျန်းကျွင်းက ရုတ်တရက် မျက်မှောင်ကြုတ်ကာ


"မင်းဘာတွေ လုပ်ခဲ့တာလဲ။ လူသတ်ခဲ့တာလား။ ရဲတွေကတော့ ဘာတွေဖြစ်ခဲ့လဲဆိုတာ အဖြေရှာမရဘူးတဲ့"


ကျန်းကျွင်းက စိတ်ပျက်လက်ပျက် သက်ပြင်းချကာ ဆက်ပြောသည်။


"မင်းသိလား။ ကျန်းပေါ်ရဲ့မိသားစုနဲ့ လင်းဟုန်ရှင်းရဲ့ မိသားစုကတော့ အရူးမီးဝိုင်းပဲ။ တစ်ယောက်က သေတယ် တစ်ယောက်က ဒဏ်ရာအပြင်းအထန်ရတယ်။ သူတို့က နေ့တိုင်းရဲစခန်းလာပြီး ဖြေရှင်းချက် တောင်းနေကြတာ။ တကယ်က..."

 

ထို့နောက် ကျန်းကျွင်းက ချင်းချိန်၏မျက်နှာကို တချက်ကြည့်ကာ တုံ့ဆိုင်းသွားပြီး


"သူတို့က မင်းလုပ်တာလို့ ထင်နေကြတယ်"


ချင်းချိန်ကတော့ ကျန်းကျွင်းပြောတာကို မအံ့ဩတော့ပေ။ ဒီအချက်ကို သူ တွေးထားခဲ့ပြီးပြီပင်။ ရဲတွေကလည်း သူ့ဇာတ်လမ်းကို ယုံမည်မဟုတ်သလို ကျန်းပေါ်နဲ့ လင်းဟုန်ရှင်း၏ မိသားစုမှာလည်း သူပြောတာ ယုံမည် မဟုတ်ချေ။ သုံးယောက်ထဲတွင် သူတစ်ယောက်တည်း အကောင်းတိုင်း ရှိနေသေးတာလေ။ ဘယ်သူမှ သံသယမဝင်ဘဲ နေမည်လဲ။ ဒါက ပုံမှန် တုံ့ပြန်မှုတစ်ခုသာ။


ခဏလောက် စဉ်းစားပြီးနောက် ချင်းချိန်က မျက်လုံးမှိတ်ကာ မေးလိုက်သည်။


"ရဲတွေက ဘာပြောလဲ"


"ရဲတွေကလား..သက်သေမရှိဘဲနဲ့တော့ မင်းကို ထောင်မချနိုင်ဘူးတဲ့လေ"


ပိုသင့်တော်တဲ့ စကားလုံး ရှာကြည့်ပေမဲ့လည်း ကျန်းကျွင်းတစ်ယောက် ဘာတစ်ခုမှ မစဉ်းစားမိတာကြောင့် စိတ်ပျက်လက်ပျက်ဖြင့် သက်ပြင်းချလိုက်သည်။


"ပြီးတော့ ကျန်းပေါ်သေတာက ထူးဆန်းတယ်။ သူ့ခန္ဓာကိုယ်မှာ ဒဏ်ရာဒဏ်ချက် တစ်ခုလေးတောင် မရှိဘဲ သေတဲ့ အကြောင်းအရင်းကိုလဲ ခွဲစိတ်ကြည့်လို့ မရခဲ့ဘူး။ အသက်ရှူကြပ်ပြီး သေပုံရပေမဲ့လဲ အတည် မပြုနိုင်သေးဘူး။ ပြီးတော့ သူ့လက်ထဲမှာလဲ ကြေးမုံတစ်ချက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားခဲ့တယ်တဲ့"


"ကြေးမုံဟုတ်လား"


ထိုနေ့ည ကျန်းပေါ်ကို လိုက်ရှာတုန်းက သူ့ကို ရှာတွေ့တဲ့အခြေအနေကြောင့်ရယ် နောက်ဆက်ဖြစ်တဲ့ ကိစ္စတွေကြောင့် ရယ်ကြောင့် ကျန်းပေါ်ကို စစ်ကြည့်ဖို့ အ‌ချိန်မရလိုက်ပေ။ 


'ဒါဆို သူက လက်ထဲမှာ မှန်ကိုင်ထားခဲ့တာလား'


"အဲတာ ကြေးမုံ အစစ်ကြီးကွ။ အလောင်းထဲ ထည့်မြှုပ်တတ်တဲ့ ကြေးမုံ နဲ့တူတယ်..."


ကျန်းကျွင်း၏ စကားတွေကြောင့် ချင်းချိန် ရင်လေးသွားသည်။ တကယ်က ထိုကြေးမုံဟာ ဘာအတွက်သုံးလဲ သူသိသည်။ ဟိုးအရင်က လူတွေဟာ မကောင်းစိတ်များသည့် သရဲတစ္ဆေတွေ၏ ဝိညာဉ်ကို တည်ငြိမ်စေဖို့အတွက် ကြေးမုံကို သုံးကြတာ ဖြစ်သည်။


ဒီလို ထူးဆန်းတဲ့ အခြေအနေနဲ့သာ မကြုံခဲ့ဖူးဆိုပါက ချင်းချိန်သည် ထိုကြေးမုံအကြောင်း သိပ်တွေးမိမည် မဟုတ်ချေ။ အခု ကြုံခဲ့တော့ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာ ထိုကြေးမုံနှင့် သက်ဆိုင်နေမလားဟု တွေးမိနေ၏။ 


'ကျန်းပေါ်က အဲဒီကြေးမုံကို တူးမိတယ်ဆိုရင် တစ်ခုခုကိုများ လွှတ်ပေးမိသလို ဖြစ်ခဲ့တာလား'


'အဲအပြင်..'


'အဲဒီ ကျောက်စိမ်းဆွဲပြား..'


ထန်လီဟွာ ပြောသည်က ချင်းချိန်ဟာ လက်သီးတွေကို တင်းတင်းဆုပ်ထားတာကြောင့် ဆရာဝန်တွေတောင် လက်ပြန်ဆန့်ပေးလို့ မရခဲ့ဟု ဆိုသည်။ နောက်ဆုံး‌တွင် ပတ်တီးဖြင့်သာ ပတ်ခဲ့ရသည်။ သို့သော် ချင်းချိန် နိုးလာတော့ ကျောက်စိမ်းဆွဲပြားက သူ့လက်ထဲတွင် ရှိနေခဲ့သည်။


ချင်းချိန် စိတ်နှင့် လူနဲ့မကပ်တာ မြင်တော့ ကျန်းကျွင်းက


"လင်းဟုန်ရှင်းရဲ့ခေါင်းမှာ ဒဏ်ရာ နှစ်ချက်ရှိတယ်။ ဒါပေမဲ့ တစ်ချက်က သေစေလောက်တဲ့ ဒဏ်ရာမဟုတ်ဘူး။ မင်းတို့သုံးယောက်လုံးမှာ ဖြစ်ပျက်သွားခဲ့တာတွေက ထူးဆန်းနေတယ်။ ပြီးတော့ အားလုံးကလဲ မင်းနိုးလာပြီး အခြေအနေကို ရှင်းပြစေချင်နေတာ။ အဲတော့ အားလုံးက ဘာတွေ ဖြစ်ခဲ့လဲဆိုတာ နားလည်ပေးကြမှာပါ"


ချင်းချိန် မျက်နှာ သိပ်မကောင်းနေတော့ ကျန်းကျွင်းလဲ ရင်လေးလာလေသည်။


"အခုတော့ မင်းနားလိုက်ဦး။ ဒီအကြောင်းပြောဖို့ အဆင်ပြေတဲ့အထိ စောင့်လိုက်"


သို့သော် ချင်းချိန်သည် ကျန်းကျွင်းကို ဘာမှ မရှင်းပြခဲ့သော်လည်း ထိုညမှာ ဖြစ်ပျက်ခဲ့တာကို မကြာခင်မှာ လူတွေသိလာတော့မည်ပင်။


ဘာလို့ဆို ရဲတွေက ချင်းချိန်ကို လာရှာခဲ့ကြလို့ပင်။