Chapter 17
ချင်းချိန်၏ကိုယ်ကို ချည်ထားသောကြိုးသည် ပြတ်သွားတာကြောင့် သူ တစ်ခုခုဖြစ်နေမှန်း သိလိုက်ကြသည်။
"ငါ..ငါတို့ဘာလုပ်ကြမလဲ"
ဒီရှေးဟောင်းသင်္ချိုင်းကြီးထဲကို ပထမဆုံးစဝင်လာကတည်းက အားလုံး၏ ရင်ထဲတွင် တင်းကျပ်နေကြပေမဲ့ ယခုအခါ သေခြင်းတရားကို ဆုပ်ကိုင်ထားသလိုမျိုး ခံစားနေကြရပြီပင်။ ရှေ့ရှိ မဲမှောင်နေသော လမ်းကြီးကို ကြည့်ကာ သူတို့အားလုံး ရှေ့ဆက်သွားဖို့ ချီတုံချတုံဖြစ်နေကြ၏။
ချင်းချိန် ဘာတွေဖြစ်နေလဲ မသိချင်၊ သူ့ကို မကယ်ချင်ကြခြင်းတော့ မဟုတ်ပေ။ ဒါက လူ့သဘာဝပင်။
လူတစ်ယောက်က ကိုယ့်ရှေ့တွင် အသက်သေစေနိုင်သော အန္တရာယ်မျိုး ရှိနေပြီဆိုရင် ကိုယ်ကျင့်သိက္ခာထပ် ကိုယ့်အသက်ကိုပဲ ကယ်ကြသည်။ ထိုသည်မှာ လူ့သဘာဝပင်။ လူတို့သည် အသက်အန္တရာယ်ရှိနိုင်သော အခြေအနေတစ်ခုဖြင့် ကြုံတွေ့ကြရပြီး မိမိ၏ ကိုယ်ကျင့်သိက္ခာနှင့် အသက်၊ နှစ်ခုမှ တစ်ခုကို ရွေးချယ်ကြရမည် ဆိုပါက။ မိမိ၏ အသက်အန္တရာယ်ကြားထဲမှ ကိုယ်ကျင့်သိက္ခာကို ရွေးချယ်ခဲ့ကြသော သူတို့သည် သူရဲကောင်းများ ဖြစ်လာခဲ့ကြသည်။ ထိုသို့ သူရဲကောင်းဖြစ်လာသူများသည့် အရေအတွက်သည်လည်း အလွန်ပင် နည်းပါးလေသည်။ ထိုသူရဲကောင်းများက သူတို့သည် သူရဲကောင်း ဖြစ်လာလိမ့်မည်ဟု ကိုယ်တိုင်ကပင် ထင်မှတ်မထားခဲ့ကြပေ။
"ဒီဂူဗိမာန်ကြီးက တစ်ခုခုမှားနေပြီထင်တယ်"
ကျန်းကျွင်းသည် နဖူးက ချွေးစက်တွေကို သုတ်လိုက်ပြီး အားလုံးကို တခါတည်း ထွက်သွားစေချင်မိသည်။ သို့သော်လည်း ချင်းချိန်က ဒီလိုဏ်ဂူထဲမှာ တစ်ယောက်တည်း ရှိနေသေးမှာကို တွေးမိပြန်သည်။
သူ တစ်ခုခုဖြစ်သွားပြီး အသက်ရှင်နေသေးလျှင်၊ လာကယ်မည့်လူကို စောင့်နေသေးလျှင် သူတို့သာ ထွက်သွားခဲ့ပါက ချင်းချိန်ကို မရည်ရွယ်ဘဲ သတ်မိသလို ဖြစ်သွားလိမ့်မည်။
"ငါတို့ ရဲအရင်ခေါ်တာ ကောင်းမယ်"
မျက်စိမျက်နှာပျက်နေပြီ ဖြစ်သော ထန်ကျားမင်က ဤသို့ဆိုသည်။ သူ့အသံတောင် မပျောက်သေး နံရံတစ်ဖက်ကနေ အသံကျယ်ကြီး ကြားလိုက်ရ၏။
"ဘုန်း ဘုန်း ဘုန်း"
ကြီးမားသော အရာကြီးတစ်ခု မြေကြီးပေါ် ဒရွက်တိုက် ဆွဲနေသော အသံလိုပင်။
ဒါကိုမြင်တော့ ယာယီအလုပ်သမားခေါင်းဆောင်က ထအော်လေသည်။
"သေလိုက်ပါတော့။ ဒါက သင်္ချိုင်းကြီးရဲ့ မိစ္ဆာတံခါးကြီးပါလို့ ပြောခဲ့သားပဲ။ ပိုက်ဆံလိုတာကြောင့်သာ မဟုတ်ရင် ဒီလိုနေရာထိ အသက်စွန့်လာမှာမဟုတ်ဘူး။ သွားကြမယ်။ ဒီသင်္ချိုင်းကြီးက အချိန်မရွေး ပြိုကျလာနိုင်တယ်"
"ဒါက..."
ဟယ်ရှင်းက တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေလေသည်။
"မင်းဘာလုပ်နေတာလဲ။ သေချင်လို့လား"
ထွက်သွားရမလား၊ မသွားရဘူးလား ဗျာများနေကြတဲ့ သုတေသီတွေကို ကြည့်ကာ ထိုလူက အော်လိုက်ပြန်သည်။
"စာအုပ်တွေ အများကြီးဖတ်ထားတယ်ဆိုပြီး ဘာများသုံးစားရလို့လဲ။ ကိုယ့်အသက်ကိုတောင် မနှမြောကြတာပဲ။ လာ သွားကြမယ်"
ထိုသို့ပြောပြီးနောက် အလုပ်သမားတွေကို ဦးဆောင်ပြီး ခေါ်ထုတ်သွားတော့သည်။
နောက်မှာ မထွက်သွားဘဲ ကျန်နေခဲ့တဲ့ လူအနည်းငယ်ကို ကြည့်ကာ ဟယ်ရှင်းတစ်ယောက် ဒေါသဖြစ်စွာဖြင့်
"ဒီလိုအခြေအနေမျိုးမှာက ငါတို့ဒီနေရာကနေ ထွက်သွားတာ ပိုကောင်းတယ်။ ငါတို့ ရှေ့ဆက်သွားမယ်ဆို သေမလား ရှင်မလား မသေချာဘူး"
နံရံနောက်က ထွက်လာသော အသံကို အာရုံစိုက်နေတဲ့ ဝူဟိုင်မှာတော့ တစ်ဖက်အသံက ရပ်သွားတာကြောင့် မျက်မှောင်ကြုတ်ကာ သက်ပြင်းချလိုက်သည်။
"ထွက်သွားချင်တဲ့သူရှိရင် ဟယ်ရှင်း နောက်ကနေ လိုက်သွားကြ။ ဒီနေရာကြီးက ငါတို့ ကြာကြာနေလို့ မကောင်းဘူး"
ခဏရပ်ပြီးနောက် ဆက်ပြောသည်။
"ငါကတော့ နံရံတစ်ဖက်ကို သွားပြီး ချင်းချိန်ကို သွားရှာကြည့်ဦးမယ်"
ထို့နောက် ဝူဟိုင်က နံရံပေါ်တက်ကာ သစ်လှေကားပေါ်က ပြန်မဆင်းခင် ဓာတ်မီးကို ယူလိုက်ပြီး ပြောသည်။
"အကြာကြီးနေလို့မှ ငါပြန်ရောက်မလာရင် မင်းတို့ ရဲခေါ်လိုက်ကြတော့"
ကျန်းဖိန်လို့ခေါ်တဲ့ လက်ထောက်ရဲမှူး လာသွားတုန်းက သူဟာ သင်္ချိုင်းထဲဝင်ခွင့်ကို ပိတ်မည်ဟု ပြောခဲ့တာကို ပြန်ပြောပြလိုက်သည်။ ထိုအချိန်ကသာ လီကော်ရှန်းက သူ့မိတ်ဆွေတွေကို အကူအညီမတောင်းခဲ့လျှင် ရှေးဟောင်းသုတေသီတစ်ဖွဲ့လုံး၏ ပူးပေါင်းအာမခံချက်ကြောင့်သာ မဟုတ်ရင် သင်္ချိုင်းကြီးကို ပိတ်ချလိုက်မှာဖြစ်သည်။
ဒါပေမဲ့ ကျန်းဖိန်ဘက်က လက်လျှော့လိုက်လျှင်တောင် အခွင့်အရေးပြန်ရရင် ပိတ်ချဖို့ ကြိုးစားဦးမှာဖြစ်သည်။
"နောက်ထပ် မတော်တဆမှုသာ ထပ်ဖြစ်ရင် ဆယ်စုနှစ်လောက် ကြိုးစားလာတဲ့ သုတေသနရလဒ်တွေက ရေစုန်မျောပြီး သင်္ချိုင်းထဲကို ဝင်ခွင့်ရတော့မှာမဟုတ်ဘူး"
ဒီစကားတွေက ကျန်းဖိန်ရဲ့ တိတိကျကျကို ပြောခဲ့သည့်စကားတွေပင်။
သူတို့သာ ချင်းချိန်ကို ဒီတိုင်းချန်ထားခဲ့လို့ ချင်းချိန် သေသွားခဲ့လျှင် သင်္ချိုင်းကြီးက ပိတ်ချခံရမှာဖြစ်သည်။ ဒီလိုသာဖြစ်သွားရင် သူတို့ဘဝတစ်လျှောက်လုံး သင်္ချိုင်းကြီး၏ လျို့ဝှက်ချက်တွေကို သိရတော့မည် မဟုတ်ချေ။ ဝူဟိုင်က သူဒီနှစ်တွေထဲ သေရမယ်ဆိုရင်တောင် ဘာမှမသိရဘဲနှင့်တော့ မသေချင်ပေ။
ရှေ့ဆက်သွားလို့ သေမယ်ဆိုရင်တောင် ဆက်သွားပြီး အဲဒီသေခြင်းတရားကို မျက်မြင်ကိုယ်တွေ့ ကြည့်ချင်သည်။
"ခဏလေး။ ငါလဲ မင်းနဲ့ လိုက်မယ်"
"ငါလဲ လိုက်မယ်"
ပြောတဲ့သူတွေမှာ ကျန်းကျွင်းနဲ့ ထန်ကျားမင်တို့ ဖြစ်သည်။ တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်း ဖလှယ်လိုက်ပြီးနောက် ဓာတ်မီးကိုကိုင်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ဝူဟိုင် နောက်ကနေ ဆိတ်သုဉ်းနေသည့် လိုဏ်ခေါင်းကြီးထဲ ဝင်လာလိုက်ကြသည်။
...
စုကျင်မော့သည်တော့ သူ့ရှေ့က ဆံပင်တိုတိုနှင့်လူကို အတော်လေးစိတ်ဝင်စားနေသည်။
ယခင်တစ်ခေါက်တုန်းက ဂူဖောက်သူခိုးများ၏ မကျွတ်မလွတ်သေးသည့် ဝိညာဉ်များက သင်္ချိုင်းအပြင်ဘက်တွင် အော်ဟစ်နေကြပြီး သူအိပ်နေတာကို လာနှောင့်ယှက်နေသည်။ ထို့ကြောင့်ပဲ ကိုယ်တိုင်ကိုယ်ကျ ထွက်လာရပြီး အရုပ်ဆိုးသော နှစ်ကောင်ကို ပါးစပ်ပေါက် ပိတ်ပေးပြီးနောက် ရှေ့က လူနှင့် သူ့အဖော်တွေကို ဓါးဖြင့် သုတ်သင်ဖို့ လုပ်ခဲ့သည်။ သို့သော် သူ့ဓားက ထိုသူအား မသတ်နိုင်ခဲ့ချေ။
သူ သေခဲ့တာဖြင့် နှစ်တွေကြာနေခဲ့ပြီး နောက်ဆုံးတစ်ယောက် ပြောခဲ့သလို နှစ်ထောင်ချီလောက် ကြာနေပြီဆိုရင် သူ ဒီနှစ်ထောင်ချီအတွင်း နှစ်ခါသာ နိုးလာခဲ့ဖူးသည်။ ပထမဆုံးတစ်ကြိမ်မှာ အယောက်တစ်ရာလောက်ရှိသော ဂူဖောက်သူခိုးတွေ သူ့ဂူဗိမာန်ကြီးကို လာဖောက်ထွင်းတုန်းကပင်။ ဒုတိယတစ်ကြိမ် သူ နိုးလာတော့ ဒီလူ့ကို မြင်လေသည်။
နှစ်ပေါင်း ထောင်ချီကြာမြင့်လာတော့ သူ့ခန္ဓာကိုယ်ဟာ ပုတ်ဆွေးသွားတာကြာပြီးဖြစ်ပြီး လူပြန်ဝင်စားလို့ မရတော့သော ဝိညာဉ်သာ သူ့မှာ ကျန်ခဲ့သည်။ ဟမ့် သူ့ကိုမြှုပ်ခဲ့တဲ့ သူကိုပဲ ကျေးဇူးတင်ရမလားပဲ.. မဟုတ်လို့ကတော့..
တစ်ခုခုကို မှတ်မိသွားတာကြောင့် စုကျင်မော့က မျက်လွှာချကာ သူ့ကို ကြည့်လိုက်သည်။ သူ့ရှေ့က လူဟာ သူ့ကိုမြင်နိုင်တဲ့ ပထမဆုံးလူဖြစ်ပြီး သူ့ဓားနှင့် မဖြတ်နိုင်တဲ့ တစ်ဦးတည်းသော ဝိညာဉ်ဖြစ်သည်။
စုကျင်မော့က နှုတ်ခမ်းကော့တက်လာပြီး သူ့၏ မက်မွန်ပွင့် မျက်လုံးတွေမှာလည်း စိတ်ဝင်စားမှုကအပြည့်။
'ဒါကြီးက.. တကယ်ပဲ ဘာများပါလိမ့်'
ဝူဟိုင်နှင့် ကျန်းကျွင်းတို့မှာ ချင်းချိန်ကို ထရန် ကူပေးနေပေမဲ့ ချင်းချိန်မှာတော့ ကြက်သေသေနေဆဲဖြစ်သည်။
သူ့ရှေ့ကလူ.. သူ့ရှေ့ကလူ... သူ... သူက
"ငါတို့ မြန်မြန်သွားရမယ်။ ကျောက်တံခါးက ပိတ်တော့မှာ"
အသံကျယ်ကြီး မြည်လာပြန်သည်။ ကျောက်တံခါးကြီး ဘာအကြောင်းမှ မရှိဘဲ သူ့အလိုလို ရွေ့နေတာမြင်တော့ ထန်ကျားမင် တစ်ကိုယ်လုံး ဇောချွေးတွေ ပြန်လာတော့၏။
"ငါတို့ အခုမသွားရင် နောက်ကျသွားလိမ့်မယ်"
အကျယ်ကြီး အော်ကာ ထန်ကျားမင်က သုံးယောက်လုံးကို တွန်းပြီး မြေအောက်နန်းတော်ကြီးထဲက ပြေးထွက်သွားတော့၏။
ကျန်းကျွင်းနှင့် ဝူဟိုင်ကတော့ ချင်းချိန်တစ်ယောက် ဘယ်သူမှမရှိသော နေရာကွက်လပ်ကြီးကို ကြည့်ကာ ဘေးပတ်ဝန်းကျင်မှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာတောင် မတုံ့ပြန်တာ တွေ့လိုက်ရသည်။ ထို့ကြောင့် လက်ထဲက ဓာတ်မီးတွေကို လွှတ်ပစ်ကာ ချင်းချိန်ကို မြေအောက်နန်းတော်ကြီးထဲက အသည်းအသန် ဆွဲထုတ်သွားရတော့၏။
စကျင်ကျောက်တံခါးကြီး မြေပြင်ပေါ်ကျလာတော့ အသံကျယ်ကြီး ထွက်လာသည်မှာ တောင်ကြီးတစ်ခုလုံး တုန်လှုပ်သွားသလိုတောင် ထင်ရသည်။ သတိပြန်ဝင်လာသော ချင်းချိန်လည်း မြေအောက်နန်းတော်က ထွက်သွားရန် လုပ်နေကြသော ကျန်းကျွင်းနှင့် ဝူဟိုင်တို့ နောက်ကနေ လိုက်သည်။ သူ ထွက်လိုက်ပြီးတာနှင့် စကျင်ကျောက်တံခါးကြီးဟာ ဝုန်းခနဲ ပိတ်ကျသွားပြီး ဖုန်တွေ ထလာတော့၏။
"ဒီကနေ ထွက်သွားကြရအောင်ကွာ။ ဒီရှေးဟောင်းသင်္ချိုင်းကြီးက သာမန်မဟုတ်ဘူး။ အခု ထွက်သွားပြီးတော့ ဘေးကင်းတော့မှပဲ ဒီအကြောင်း ဆက်ပြောကြတာပေါ့"
ချင်းချိန်က အသက်ပုံမှန်ပြန်ရှူကာ ခေါင်းညိတ်ပြလိုက်သည်။
"ငါတို့ဒီမှာ ကြာကြာနေလို့မရတာတော့ အမှန်ပဲ။ ပြီးတော့"
ချင်းချိန်က သူ့နာရီကိုကြည့်ကာ
"ခြောက်နာရီလဲ ထိုးနေပြီ။ ဒီမှာ ဆက်နေရင် မကောင်းတာ တစ်ခုခု ဖြစ်မှာစိုးလို့"
နွေလလယ်လောက် ရောက်နေသော်လည်း ဂူဗိမာန်ထဲ တူးဝင်ရန် လက်ရှည်များ ဝတ်ထားကြသည့် လူလေးယောက်မှာ လိုဏ်ဂူထဲက လွတ်မြောက်လာတာနှင့် ခိုက်ခိုက်တုန်နေတော့သည်။
သူတို့အပြင်ရောက်တော့ မိုးရွာနေပြီး မိုးကြောင့်ပဲ တောင်ကြီးတစ်ခုလုံး မြူတွေဖုံးလွှမ်းသွားတော့သည်။ တောင်အဆင်းလမ်းမှာ ချောပြီး ရွှံ့ထူနေကာ ထူအုပ်နေသည့် ပေါင်းပင်တွေ နွယ်ပင်တွေ ရှိတာကြောင့်ပဲ လမ်းလျှောက်သောအခါ ခေါင်းငုံ့၍ အောက်ကြည့်လျှောက်နေရသည်။ ပြီးတော့ ချင်းချိန်က သူတို့လေးယောက်ထဲတွင် အရပ်ရှည်ဆုံး ဖြစ်တာကြောင့် သူပဲ ပိုသတိထားနေရ၏။
"ကြိုးပြတ်သွားတာကို မင်းက ဘာလို့ မသိရတာလဲ"
သူတို့ စီနီယာဖြစ်တဲ့ ထန်ကျားမင်မှာ ရွဲ့ပြီးမေးလိုက်သည်။
"ဘယ်လောက် အန္တရာယ်များမှန်း မင်း သိနေရက်သားနဲ့ ဂရုပိုစိုက်သင့်တယ် မဟုတ်လား။ ဒါ မင်းအသက်နဲ့ ဆိုင်တယ်။ သတိကို အဆ ၁၀၀၀၀ လောက် မြဲနေအောင် ထားရင်တောင် မလွန်ဘူး"
"ဟုတ်တယ်။ စကားမစပ် ချင်းချိန်၊ မင်းအထဲမှာ တစ်ခုခုတွေ့ခဲ့သေးလား"
ချင်းချိန်က သရဲမြင်နိုင်တာသိတာကြောင့် ကျန်းကျွင်းက မနေနိုင်ဘဲ မေးလိုက်သည်။
"တောင်းပန်ပါတယ်။ မင်းတို့အားလုံး စိတ်ပူရအောင်လုပ်မိလို့"
သူ့အတွက် အသက်စွန့်ပြီး ဝင်လာခဲ့ကြတဲ့ အစ်ကိုထန်၊ ဝူဟိုင်နဲ့ ကျန်းကျွင်းတို့ကြောင့်သာ မဟုတ်ရင် ခုချိန် သူ မြေအောက်နန်းတော်ကြီးထဲမှာပဲ ရှိနေဦးမည်။
ခုဏက တွေ့ခဲ့လူကိုတော့ ထည့်မပြောခဲ့ပေ။ ဂူဖောက်သူခိုးတွေ ဖောက်ခဲ့သော ဥမင်ထဲက သရဲများ အကြောင်းတောင် မပြောခဲ့ချေ။ မြေအောက်နန်းတော်အကြောင်း ပြန်တွေးမိတော့ ချင်းချိန်မှာ အံ့ဩမိရပြန်၏။ ဘာလို့ဆို အမှောင်ထုကြီးစိုးနေသော ဗိမာန်ထဲတွင် ကိုယ်ယောင်ကိုယ်ဝါ တောက်ပနေသည့် ထိုအမျိုးသား၏ ပြုံးသယောင်ယောင် မျက်နှာကိုပဲ တွေးနေမိနေလို့ပင်။
ထိုလူဟာ ဧကရာဇ်တစ်ပါးလို ဝတ်ဆင်ထားပြီး စုကျင်မော့လို့ အမည်ရှိပုံရသည်။
ထိုဝိညာဉ်က သူ့ကိုသတ်ချင်ရင် ပုရွက်ဆိတ်လေး သတ်တာထက်တောင် လွယ်ကူနေမှာ သူသိသည်။
ဒါပေမဲ့ သူ့ကို ဘာမှမလုပ်ဘဲ ဘာလို့လွှတ်ပေးလိုက်ရတာလဲ...။
ချင်းချိန်တစ်ယောက် စိတ်ထဲမတင်မကျ ဖြစ်နေပေမဲ့ ဘာကြောင့် ဖြစ်နေမိမှန်းမသိပေ။
ကျောင်းဝင်းထဲရှိ အဆောင်ဆီ ပြန်ရောက်တော့မှပဲ ချင်းချိန် သဘောပေါက်သွားတော့၏။