အပိုင်း ၁၁၉
Viewers 28k

🐍Chapter 119



နောက်ထပ်အချိန်များ တစ်ရွေ့ရွေ့ ကုန်ဆုံးပြီးနောက် မြွေပေါက်လေးများ ပတ်ဝန်းကျင်နှင့် နေသားကျလာကာ သူတို့မွေးတုန်းကထက် ဖျတ်လတ်တက်ကြွ လာကြချိန်တွင် မော့လောင်တနှင့် ယင်ရှောင်ရှောင်းလည်း ကလေးများကိုခေါ်ပြီး ခရီးထွက်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအစီအစဥ်ကို ယင်ရှောင်ရှောင်းကိုယ်တိုင် အကြံပြုခဲ့ခြင်း ဖြစ်သည်။ ကိုယ်ဝန်ဆောင်သည့် အချိန်တည်းက ယခုအထိ ဂူကြီးထဲတွင် ခြောက်လလောက် အောင်းနေခဲ့ရသည်။ ထို့နောက် ဥများကို နောက်ထပ်သုံးလလောက် ဝပ်ရပြန်သည်။ ယင်ရှောင်ရှောင်းက ဥမဝပ်ရသော်လည်း မော့လောင်တက ဥဝပ်နေရသောကြောင့် သူတစ်ကောင်တည်း အပြင်ထွက်ပြီး လမ်းသလားနေဖို့ကလည်း မဖြစ်ပေ။ ထို့ကြောင့် ယခုမူ မြွေကလေးများအားလုံး အောင်အောင်မြင်မြင် အကောင်ပေါက်လာကြသလို ကျန်းကျန်းမာမာလည်း ရှိနေကြသည်။ သို့ဖြစ်ရာ ယင်ရှောင်ရှောင်းလည်း အပြင်သွားရန် ဆုံးဖြတ်လိုက်သည်။မြွေပေါက်လေးများကလည်း အိမ်တွင် မနေခဲ့ချင်ဘဲ အပြင်လိုက်ထွက်ချင်ကြသည်။ သူတို့၏ ပထမဆုံး ခရီးစဥ်မှာ ဂူသင်္ချိုင်းဟောင်းကြီးဆီသို့ ဖြစ်သည်။ ဂူသင်္ချိုင်းဟောင်းသို့ အလည်အပတ်သွားရသည့် ပထမအချက်မှာ သူတို့နေသည့်နေရာနှင့် နီးသောကြောင့် ဖြစ်သည်။ ဒုတိယအချက်မှာ ကျိကျောက် ရောက်လာပြီးတည်းက နှစ်ဦးနှစ်ဘက် တဖြေးဖြေး အဆက်အသွယ် သိပ်မရှိတော့သော်လည်း ရှောင်ရှောင်းနှင့် ကျိခန်းတို့၏ ကောင်းမွန်လှသော ခင်မင်ရင်းနှီးမှုတို့ကြောင့် ဖြစ်သည်။ တတိယအချက်မှာ ချောက်ကမ်းပါးအောက်သို့ မရောက်ဖြစ်သည်မှာ ကိုးလလောက်ပင် ရှိနေပြီ ဖြစ်သလို မင်ရှဲကလည်း ရတနာများကို အစာကြေနေလောက်ပြီ ဖြစ်သည်။ ထို့ကြောင့် သူလည်း ဤအခွင့်အရေးကို အသုံးချပြီး မင်ရှဲအတွက် ရတနာများ ထပ်ယူသွားချင်မိသေးသည်။

မြွေပေါက်လေးများကို သူနှင့်အတူ ခေါ်သွားခြင်းက ထုတ်ဖော်ကြွားဝါခြင်း အရိပ်အယောင်များ ပါဝင်နေသည်ကို ယင်ရှောင်ရှောင်း ဝန်ခံမည် မဟုတ်ပေ။ မော့လောင်တက ယင်ရှောင်ရှောင်း၏ အကြောင်းပြချက်တစ်ချို့ကို သိသည့်တိုင် ဘာမှမပြောဘဲ နားလည်သဘောပေါက်သည့်ဟန်ဖြင့် သူလုပ်သမျှကို သဘောတူပေးသည်။ ထို့နောက်မြွေ ပေါက်ကိုးကောင်ကို လှည့်ကြည့်ရင်း ဤတောင်ပေါ်တွင် ရှင်သန်နေထိုင်ရမည့် မြွေတစ်ကောင်၏ ဘဝပုံစံကို မြန်မြန်အသားကျသွားလျှင် သူတို့အတွက် ကောင်းမည်ဟု မော့လောင်တ တွေးလိုက်မိသည်။ သူနှင့် အရူးပေါက်လေးက မြွေပေါက်လေးများကို တစ်သက်လုံး ပြုစုစောင့်ရှောက်နိုင်မည် မဟုတ်ပေ။ သိပ်မဝေးတော့သော အနာဂတ်အတွက် သူတို့ကိုယ်သူတို့ စောင့်ရှောက်တတ်အောင် သင်ယူရပေမည်။

မြွေပေါက်လေးများကို အလွန်ချစ်ခင်မြတ်နိုးနေခြင်းက မော့လောင်တအတွက် သိပ်ပြီး လက်တွေ့မဆန်သလို ခံစားရစေသည်။ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့က ယင်ရှောင်ရှောင်းအား တုန်နေအောင်ချစ်ခြင်းမှာ မြွေပွေးများအကြား သာမာန်မဟုတ်သော အရာတစ်ခုဖြစ်သည်။ ယင်ရှောင်ရှောင်းက မြွေပွေးတစ်ကောင်၏ မှတ်ဉာဏ်အမွေ မပါလာသည့်အပြင် ထူးခြားသည့် ဖြစ်တည်မှုတစ်ခု ဖြစ်သောကြောင့် မြွေအများစုက သူတို့ကိုယ်သူတို့ မသိလိုက်ဘဲ ရှောင်ရှောင်းနှင့် ရင်းနှီးချင်လာကြသည်။ မြွေပွေးများကမူ သဘာဝအားဖြင့် အေးစက်ကာ သိပ်မရင်းနှီးသော ဆက်ဆံရေးမျိုးရှိကြပြီး ၎င်းတို့၏ ဘဝလက်တွဲဖော်ကိုသာ အရင်းနှီးဆုံး ဆက်ဆံရေးအနေနှင့် မှတ်ယူကြသည်။ ကလေးအကျင့်စရိုက်လေးရှိသည့် ယင်ရှောင်ရှောင်းကမူ ထိုမြွေပေါက်လေးများနှင့် အတူဆော့ကစားပေးနိုင်သော်လည်း ဂရုစိုက်တာဝန်ယူမှုနှင့် စိုးရိမ်ပူပန်မှုတို့မှာ မော့လောင်တ တစ်ဝက်လောက်ပင် မရှိချေ။

ရလဒ်အနေနှင့် ထိုမြွေပေါက်ကိုးကောင်၏ အနာဂတ်မှာ အတော်လေး ရှင်းလင်းပါသည်။ မကြာမီ သူတို့ဖေဖေနှင့် ပါပါးကို စွန့်ခွာသွားကြရမည် ဖြစ်သည်။ ထိုသို့စွန့်ခွာခြင်းက မြွေပွေးများ၏ အလေ့အထတစ်ခု ဖြစ်သော်လည်း မြွေပေါက်ကိုးကောင်အတွက်မူ အနည်းငယ် စောကောင်းစောနိုင်သည်။

မော့လောင်တက အရှေ့မှ ဦးဆောင်သွားပြီး ယင်ရှောင်ရှောင်းက အနောက်မှလိုက်သည်။ မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့၏ နောက်တွင် မြွေပေါက်လေးကိုးကောင် လိုက်ပါလာသည်။ ဤတစ်ခေါက်တွင်မူ ဂူသင်္ချိုင်းဟောင်းက အလွန်နီးသောကြောင့် ယင်ရှောင်ရှောင်းက မော့လောင်တကို ရစ်ပတ်မှီတွယ်ကာ လိုက်မပါလာဘဲ သူ့ဘာသာသူ သွားသည်။ ယင်ရှောင်ရှောင်းကလည်း ကလေးများရှေ့တွင် မော့လောင်တ ကျောနောက် မှီတွယ်လိုက်ပါရမည်ကို ရှက်နေမှန်း မော့လောင်တ ရိပ်မိသည်။ ထို့ကြောင့် သူမကျေမနပ် ဖြစ်သွားသော်လည်း ရှောင်ရှောင်းကို သူ့အပေါ် မမှီတွယ်စေဘဲ ထိန်းထိန်းသိမ်းသိမ်း နေလိုက်သည်။

"ကျိခန်းရေ...ကျိခန်း"

ဂူသင်္ချိုင်းဟောင်းသို့ ရောက်သောအခါ ယင်ရှောင်ရှောင်းက ကလေးများကို မော့လောင်တနှင့် ချန်ထားခဲ့ပြီး သူက အရှေ့မှ ခပ်သွက်သွက်သွားသည်။ ကျိခန်းနာမည်ကို တစ်ကြော်ကြော်အော်ခေါ်နေသည့် သူ့အသံကလည်း စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။

ယင်ရှောင်ရှောင်း အော်ခေါ်နေရင်း ကျိခန်းက သူ့ရှေ့တွင် ရောက်ချလာသည်။ တစ်ပြိုင်နက်တည်းတွင် ကျိကျောက်ကပါ အနောက်မှ လိုက်လာသည်။

ကျိခန်းက ယင်ရှောင်ရှောင်း စကားပြောလာမည်ကို စောင့်မနေပေ။ သူ့အကြည့်များက ယင်ရှောင်ရှောင်းဘေးသို့ တရွေ့ရွေ့ ချဥ်းကပ်လာနေသော မြွေငယ်များဆီသို့ တန်းရောက်သွားသည်။ ရုတ်တရက် တစ်လက်လက်တောက်လာသော မျက်ဝန်းများနှင့်အတူ မြွေပေါက်လေးများနှင့် မျက်နှာချင်းဆိုင်ရန် ကိုယ်ကိုငုံ့လိုက်သည်။ 

"ဝိုး...ချစ်ဖို့ကောင်းတဲ့မြွေပေါက်လေးတွေပဲ...ရှောင်ရှောင်းရဲ့ကလေးတွေလား"

ယင်ရှောင်ရှောင်း ဒေါသကြောင့် အံကိုတင်းတင်းကြိတ်လိုက်မိသည်။ ကျိခန်းက လွန်ကိုလွန်လွန်းသည်။ သူရောက်လာတာတောင်မှ "အဆင်ပြေနေရဲ့လား" "ဘာကြောင့်လာမလည်တာလဲ" စသဖြင့် တစ်ခွန်းမှ မမေးဘဲ မြွေပေါက်များအကြောင်းကို အရင်ဆုံး လာမေးနေသည်။ ရှောင်ရှောင်းလည်း အလွန်ဒေါသထွက်မိသောကြောင့် သူ့မေးခွန်းကို ပြန်မဖြေဘဲ နေလိုက်သည်။

မော့လောင်တက ယင်ရှောင်ရှောင်းအစား ဝင်ဖြေပေးသည်။ 

"သူတို့လေးတွေက...ကျွန်တော်နဲ့ ရှောင်ရှောင်းရဲ့ ကလေးတွေပါ"

ထို့နောက် မြွေပေါက်လေးများကို ကျိခန်းနှင့် မိတ်ဆက်ပေးလိုက်သည်။ မြွေပေါက်အားလုံး၏ နာမည်များကို နားထောင်ပြီးနောက် ကျိခန်းက အတော်လေး စိတ်ကျေနပ်နေပုံရသည်။ ကျိခန်း၏နောက်တွင် ရပ်နေသည့် ကျိကျောက်ကမူ ဂရုမစိုက်သည့်ဟန်နှင့် မျက်နှာသေဖြင့် ကြည့်နေသည်။ သို့သော် "ပိုင်ကျားဟေး" ဟူသည့် အမည်ကို ကြားလိုက်ရသောအခါ ရေသေလို တည်ငြိမ်နေသော သူ့မျက်နှာအမူအရာက မဆိုစလောက်လေး ပြောင်းလဲသွားခဲ့သည်။

သို့သော် ကျိကျောက်က ဘာမှဝင်မပြောပေ။ တစ်ခဏမျှ အကြာတွင် သူ့မျက်နှာထားက ပြန်ပြီး တည်ငြိမ်သွားသည်။ မြွေပေါက်လေးများနှင့် စနောက်ပျော်ရွှင်နေသည့် ကျိခန်းကမူ ထိုအခြင်းအရာကို သတိမထားမိလိုက်ချေ။

မြွေပေါက်လေးများတွင် မှတ်ဉာဏ်အမွေ ရှိသောကြောင့် ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်နှင့် သူတို့ဘယ်ရောက်နေမှန်း တန်းသိသည်။ ကျိခန်းနှင့် တရင်းတနှီးနေရန်လည်း မတွန့်ဆုတ်သောကြောင့် ကျိခန်းမှာ ထိုအကောင်ပေါက်လေးများကို ပိုပြီးသဘောကျသွားတော့သည်။

သူတို့ဘေးတွင်မူ ယင်ရှောင်ရှောင်းက ကျိခန်းတစ်ယောက် မကြားချင်ယောင် မဆောင်နိုင်တော့လောက်အောင် တဗျစ်ဗျစ်တောက်တောက် ရွတ်နေသည်။ ကျိခန်းလည်း မနေသာတော့သည့်အဆုံး တစ်ဘက်သို့လှည့်ကာ မျက်ခုံးတစ်ဖက်ပင့်ရင်း ယင်ရှောင်ရှောင်းအား မေးလိုက်သည်။ 

"ရှောင်ရှောင်း...ကလေးတွေကိုမနာလိုဖြစ်နေတာလား"

ယင်ရှောင်ရှောင်းက "ဟမ့်" ဟုသာ အသံပြုသည်။

ကျိခန်းလည်း ရယ်မောရင်း ယင်ရှောင်ရှောင်း၏ ခေါင်းကို ခပ်ဖွဖွ ပုတ်ပေးလိုက်သည်။ ထို့နောက် ကလေးတစ်ယောက်ကို ကလူမြှူနေသလို ပြောလိုက်သည်။ 

"အင်း...တကယ်တော့ငါကရှောင်ရှောင်းကိုအချစ်ဆုံးပါ"

မြွေပေါက်လေးများက ကလေးဆန်လွန်းနေသည့် သူတို့ပါပါး၏ပုံစံကို မမြင်ချင်သည့်နှယ် တစ်ဖက်သို့ ခေါင်းလှည့်သွားကြသည်။

မော့လောင်တက ရှောင်ရှောင်း၏ ခေါင်းပေါ်တွင် လက်တင်ထားသည့် ကျိခန်းကို ဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေသည်။

ထို့အပြင် ကျိခန်းက ရှောင်ရှောင်းကို သူ့အချစ်ဆုံးဟု ပြောလိုက်ချိန်တွင် ကျိကျောက်၏ မျက်နှာကလည်း အတော်လေး ပျက်ယွင်းသွားသည်။

မော့လောင်တနှင့် ကျိကျောက်တို့ တစ်ယောက်ကိုတစ်ယောက် လှမ်းကြည့်ပြီး အပြန်အလှန် နားလည်သွားကြသည်။

မော့လောင်တက အရင်ဆုံး စကားစလိုက်သည်။ 

"ရှောင်ရှောင်း...ကိုယ်တို့သွားသင့်ပြီ...ချောက်ကမ်းပါးအောက်ခြေကိုလည်းဆင်းချင်သေးတယ်ဆို"

ထိုအခါ ကျိကျောက်ကလည်း ဝင်ပြောသည်။ 

"အဲဒါဆိုရင်...ကလေးတွေနဲ့ဆိုတော့ဂရုစိုက်ပြီးသွားနော်"

ထို့နောက် ကျိခန်းဘက်သို့လှည့်ကာ ပြောပြန်သည်။ 

"ကိုကို... ကျွန်တော် ကိုကို့ကို ပြောစရာတစ်ခုရှိတာ... အခုမှ ရုတ်တရက်ကြီး မှတ်မိလာလို့"

သူ့အသံက နူးညံ့ညင်သာလွန်းသဖြင့် တစ္ဆေတစ်ကောင်ဖြစ်သည့် ကျိခန်းပင်လျှင် အနည်းငယ် တုန်ရီလှိုက်မောသွားသည်။

စကားပြောလို့ ပြီးသောအခါ ကျိကျောက်က ရွှေငွေအချို့ကို ယူထုတ်လာပြီး မော့လောင်တက ကောက်သိမ်းလိုက်သည်။ ယင်ရှောင်ရှောင်းနှင့် ကျိခန်းတို့ ထပ်ပြီး အတွန့်မတက်နိုင်အောင် သူတို့နှစ်ယောက်က ပိတ်ပြောသည်။ ကျိကျောက်က ကျိခန်းအား ဂူသင်္ချိုင်းဟောင်းထဲသို့ ဆွဲသွင်းပြီး မော့လောင်တက ယင်ရှောင်ရှောင်းကို အပြင်ဘက်သို့ ဆွဲခေါ်သွားသည်။ မြွေပေါက်ကိုးကောင်လည်း တစ်ကောင်နှင့်တစ်ကောင် နဝေတိမ်တောင်ကြည့်ရင်း မော့လောင်တနှင့် ယင်ရှောင်ရှောင်းတို့နောက်သို့ လိုက်သွားရသည်။

ဂူသင်္ချိုင်းဟောင်းနှင့် ခပ်ဝေးဝေး တစ်နေရာသို့ရောက်မှ မော့လောင်တက ယင်ရှောင်ရှောင်းကို လွှတ်ပေးသည်။ သူ့မျက်နှာအမူအရာက အနည်းငယ် မှုန်သုန်နေပြီး လေးနက်တည်ကြည်သော လေသံဖြင့် ယင်ရှောင်ရှောင်းကို ပြောလာသည်။ 

"အပေါ်တက်"

ယင်ရှောင်ရှောင်း ကြောင်တောင်တောင် ဖြစ်သွားသည်။ အတူရှိလာသည့် အချိန်က နှစ်ပေါင်းနှစ်ဆယ်ခန့် ရှိနေပြီဖြစ်သောကြောင့် မော့လောင်တ စိတ်ဆိုးနေမှန်း ယင်ရှောင်ရှောင်း ချက်ချင်းတန်းသိသည်။ ဒါပေမဲ့... တဟေးတန်က ဘာကြောင့် စိတ်ဆိုးနေတာပါလိမ့်။ ဤတစ်ခေါက်တွင်တော့ ယင်ရှောင်ရှောင်း မော့လောင်တ၏ စကားကို နားမထောင်ဘဲ မနေရဲတော့ချေ။ အနောက်မှ လိုက်လာသည့် မြွေပေါက်လေးများကို တစ်ချက်လှမ်းကြည့်ပြီး နာခံစွာဖြင့် မော့လောင်တ၏ ကျောပေါ်သို့ တက်လိုက်သည်။

မြွေပေါက်လေးများ : "........"

မော့လောင်တက ရွှေငွေရတနာများကို သူ့အမြီးသုံးပြီး မြွေပေါက်လေးများဆီ ပစ်ပေးကာ တစ်ချက်လှမ်းကြည့်ပြီး ပြောလိုက်သည်။ 

"အနောက်ကနေ...ထပ်ကြပ်မကွာလိုက်ခဲ့ကြ"

ထို့နောက် မြွေပေါက်လေးများကို အာရုံမစိုက်တော့ဘဲ သူ့သာမာန်အရှိန်အတိုင်း ချောက်ကမ်းပါးအောက်သို့ ဆင်းသွားလေသည်။

မြွေပေါက်ငယ်လေးများထဲတွင် မော့မြွေများက မော့လောင်တကို အမီလိုက်ဖို့ သိပ်ပြီး အားမထုတ်ရပေ။ သို့သော် ယင်မြွေများကမူ အမီလိုက်နိုင်ဖို့ အတော်ခဲယဥ်းနေသည်။ ယင်မြွေများက မော့မြွေများထက် အဆင့်နိမ့်သောကြောင့် လျင်မြန်မှုအရှိန်ကလည်း များစွာနှေးကွေးသည်။ ထိုမြွေငယ်များကြားတွင် ညီအစ်ကိုသံယောဇဥ် ရှိနေသေး၍သာ ကံကောင်းတော့သည်။ အမီလိုက်ဖို့ ခက်ခက်ခဲခဲ ကြိုးစားနေရသော ယင်မြွေများကို မော့မြွေများက ကူညီချင်နေသည်။

ထိုမြွေပေါက်ကိုးကောင်ထဲတွင် အငယ်ဆုံးလေးက အထူးခြားဆုံးဖြစ်သည်။ ယင်မြွေများက ခက်ခက်ခဲခဲ အမီလိုက်နေရသလို မော့မြွေများကလည်း အနည်းနှင့်အများ အားသုံးနေရခိုက် ကိုးကောင်မြောက်မြွေပေါက်လေးက လမ်းလျှောက်ထွက်နေသကဲ့သို့ ပေါ့ပေါ့ပါးပါးပင်။ ထို့ကြောင့် အခြားမြွေငယ်များက ထိုအငယ်ဆုံးကို မနာလို အားကျနေကြသည်။ ရွှေငွေအများစုကိုလည်း သူ့ပါးစပ်နှင့် အမြီးကိုသုံးပြီး ရစ်ခွေကာ သယ်ထားခြင်းဖြစ်သည်။

အရှေ့မှ ဦးဆောင်ပြီး သွားနေသောကြောင့် အနောက်မှာ ဘာတွေဖြစ်ပျက်နေမှန်း မော့လောင်တ မသိပေ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်ထွက်သလို သွားနေသည့် အငယ်ဆုံးလေးကို မြင်လိုက်ရခိုက်တွင်မူ ဘာမှမပြောသော်လည်း တွေးတွေးဆဆ ဖြစ်သွားသည့် အမူအရာတစ်ချို့က သူ့မျက်နှာပေါ်တွင် ဖြစ်တည်လာသည်။

ဒီကနေ့ ချောက်ကမ်းပါးအောက်ခြေသို့ ရောက်ရန် သူတို့အလောတကြီး ဖြစ်မနေပေ။ မော့လောင်တနှင့် ယင်ရှောင်ရှောင်း ကိုယ်တိုင်လည်း ဖိအားသိပ်မရှိသောကြောင့် မှောင်ရီစပျိုးလာချိန်တွင် ခရီးတစ်ထောက်နားရန် နေရာတစ်နေရာ ရှာရတော့သည်။

မြွေပေါက်ငယ်လေးများ အတွက်မူ ဒီလောက်ဝေးဝေး ခရီးထွက်ဖူးသည်မှာ ပထမဆုံးအကြိမ် ဖြစ်သည်။ ခြေကုန်လက်ပန်း ကျရုံသာမက ဗိုက်ပါဆာနေပြီ ဖြစ်သည်။ ယင်ရှောင်ရှောင်းကမူ ဗိုက်မဆာလျှင်တောင် ဒီအချိန်ဆိုလျှင် အဆာပြေလေးတော့ စားချင်သည်။ ထို့အပြင် ယင်ရှောင်ရှောင်းစားသည့် ပမာဏက ကိုယ်ဝန်ဆောင်တုန်းကလောက် မများတော့သော်လည်း အရင်ကထက်တော့ အတော်လေး များနေသေးသည်။ ထို့ကြောင့် မော့လောင်တလည်း အစာရှာရန် ပြင်ရတော့သည်။

ညတာရှည်လာသည်နှင့်အမျှ တိရစ္ဆာန်အတော်များများက လှုပ်ရှားလာကြပြီ ဖြစ်သည်။ အချို့ကလည်း သူတို့နေထိုင်ရာ ဂူ သို့မဟုတ် အသိုက်သို့ ပြန်လာကြသလို အချို့ကလည်း အုပ်စုဖွဲ့လျက် တစ်ညတာကို အတူကုန်ဆုံးကြသည်။ အပြင်ဘက်တွင် မော့လောင်တက သူ့ဝမ်းစာအတွက် အရင်ရှာဖွေပြီး ဗိုက်ပြည့်သည်အထိ စားလိုက်သည်။ ထို့နောက်မှ ယင်ရှောင်ရှောင်းနှင့် ကလေးများအတွက် အစာရှာပေးသည်။ ကျွေးရမည့် ပါးစပ်ပေါက် များလာသောကြောင့် ကြွက်ခေါင်းနှစ်ဒါဇင်လောက် ဖမ်းဖို့က မော့လောင်တအတွက် မဖြစ်နိုင်တော့ချေ။ ထို့ကြောင့် တိရစ္ဆာန်ကြီးကြီး တစ်ကောင်ကိုသာ ရှာရတော့သည်။

မော့လောင်တက ဤနယ်မြေနှင့် သိပ်ပြီးမရင်းနှီးလှပေ။ အချိန်အတော်ကြာကြာ ရှာပြီးမှ သစ်ပင်ထက်ရှိ ကျားသစ်တစ်ကောင်ကို တွေ့လိုက်ရသည်။ ကျားသစ်ကို ဖမ်းပြီးနောက် သူ့မိသားစုအတွက် ညစာလုံလောက်ပြီဟု ယူဆလျက် မော့လောင်တ အမြန်ပြန်လာခဲ့သည်။

ညစာစားပြီးနောက် မြွေငယ်လေးများက အိပ်ဖို့ပြင်ကြသည်။ သို့သော် မြွေငယ်လေးများ အိပ်ပျော်သွားပြီးနောက် မော့လောက်တ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် ယင်ရှောင်ရှောင်းကို တိတ်တခိုး ဆွဲထုတ်လိုက်သည်။

ယင်ရှောင်ရှောင်းက သေနေခြင်းမဟုတ်ဘဲ အိပ်ပျော်နေခြင်းသာ ဖြစ်သည်။ ယင်ရှောင်ရှောင်း နိုးလာချိန်တွင် မော့လောင်တက ခပ်ဝေးဝေးသို့ မဆွဲသွားသေးပေ။ တစ်ရေးနိုး အိပ်မှုံစုံမွှား မျက်လုံးများဖြင့် သူ့ကိုဆွဲခေါ်နေသည့် မော့လောင်တကို ဇဝေဇဝါ ကြည့်ရင်း မေးလာသည်။ 

"ဘာတွေဖြစ်နေတာလဲ"

မော့လောင်တက နှုတ်ခမ်းကို တင်းတင်းစေ့လျက် စကားတစ်ခွန်းမှ မဆိုဘဲ သူ့ကိုဆက်ဆွဲသွားသည်။

အပြင်ဘက်သို့ ရောက်သောအခါ မော့လောင်တက သူ့ကျောပေါ်တက်ရန် ယင်ရှောင်ရှောင်းအား ညွှန်ပြလာသည်။ ယင်ရှောင်ရှောင်း ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း ဘာမှတော့မမေးချေ။ မော့လောင်တက သူ့ကို ထိခိုက်နာကျင်အောင် လုပ်မှာမှ မဟုတ်ဘဲ။

သူအမဲလိုက်နေစဥ်အတွင်း တွေ့ခဲ့ရသည့် ဂူတစ်ဂူဆီသို့ မော့လောင်တ အမြန်လျှောတိုက်သွားနေမိသည်။ ဂူဆီရောက်မှ ယင်ရှောင်ရှောင်းကို သူ့ကိုယ်ပေါ်မှ ဆင်းစေသည်။

"ဘာဖြစ်လို့လဲ"

ယင်ရှောင်ရှောင်း သမ်းဝေရင်း အိပ်ငိုက်လွန်း၍ နောက်ပြန်လှန်ပြီး မလဲကျရအောင် မနည်းထိန်းနေရသည်။

မော့လောင်တက ယင်ရှောင်ရှောင်းကို တစ်ခဏမျှ တိတ်တဆိတ်စိုက်ကြည့်ပြီး ရုတ်တရက် ပြောလာသည်။ 

"ကိုယ်တို့ အတူမနေရတာတောင် အတော်ကြာနေပြီနော်"

သူ၏အသံက သြရှကာ ခပ်အက်အက်ဖြစ်နေသည်။

အိပ်ချင်မူးတူး ဖြစ်နေသည့် ယင်ရှောင်ရှောင်းမှာ အစပိုင်းတွင် ချက်ချင်းမတုံ့ပြန်သော်လည်း မော့လောင်တ ဆိုလိုသည်ကို သဘောပေါက်သွားပြီးနောက် သူ့မျက်နှာတစ်ခုလုံး နီစွေးသွားတော့သည်။ 

"ဟင်...ဒါ...ဒါပေမဲ့..ဒါကအပြင်ဘက်ကြီးလေ...ပြီးတော့ကလေးတွေကလည်းဒီမှာရှိနေတာ...နေပါဦး"

မော့လောင်တက ဘာမှထပ်မပြောသော်လည်း သူ့အပြုအမူများကမူ ယင်ရှောင်ရှောင်း၏ စကားနှင့် ဆန့်ကျင်နေသည်။ မော့လောင်တက ယင်ရှောင်ရှောင်းကို သိမ်းဖက်လိုက်ပြီး သူ့နှုတ်ခမ်းအား အကြမ်းပတမ်း နမ်းတော့သည်။ ယင်ရှောင်ရှောင်း၏ လျှာကိုလည်း တိတိကျကျ ဆွဲစုပ်ယူလိုက်သည်။

ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါပြီး အားနည်းလာသည်။ မော့လောင်တသာ မပွေ့ထားလျှင် ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်မှာ ပျော့ခွေကျသွားလောက်သည်။

မော့လောင်တ၏ အမြီးက ယင်ရှောင်ရှောင်း၏ ခန္ဓာကိုယ်ကို အကြိမ်ကြိမ်ပွတ်သပ်နေသည်မှာ ရေခဲတမျှ အေးစက်လှသော အသားအရေက ပူနွေးသော အသားအရေကို လာထိသည့်နှယ်။ ထိုအထိအတွေ့ကို ယင်ရှောင်ရှောင်း အလွန်သာယာနေမိသည်။ ယင်ရှောင်ရှောင်း ကိုယ်တိုင်လည်း တဖြေးဖြေးနှင့် ရမ္မက်ထဲတွင် ပျော်ဝင်လာသည်။

သူတို့နှစ်ကောင်သား ချစ်တင်းမနှောရသည်မှာ အတော့်ကို ကြာနေပြီဖြစ်သည်။ သာမာန်အားဖြင့်ဆိုလျှင် မော့လောင်တက သူ့ကို ညင်ညင်သာသာ ဆက်ဆံသော်လည်း ဒီနေရာမှာတော့ သူ့ကို ညှာတာပေးမည် မဟုတ်သလို သူလည်းခံနိုင်ရည်ရှိမည် မဟုတ်ချေ။ သို့သော် မော့လောင်တ ကျောပေါ်တွင် တစ်နေကုန်လှဲနေရမည့် အဖြစ်ကို စဥ်းစားရင်း ယင်ရှောင်ရှောင်း သာယာမှုထဲတွင် လက်ပစ်ကူးနေမိသည်.....

နောက်တစ်နေ့မနက် အစောပိုင်းတွင် မြွေငယ်များ တစ်ကောင်ပြီးတစ်ကောင် နိုးလာကြသော်လည်း သူတို့ဖေဖေနှင့် ပါပါးကို ရှာမတွေ့ကြပေ။ သူတို့ဇဝေဇဝါဖြစ်နေတုန်း အိပ်ပျော်နေသည့် ပါပါးကို ကျောပိုးရင်း ဝင်လာသော ဖေဖေ့ကို တွေ့လိုက်ရသည်။ နိုးနေကြသော မြွေငယ်များကို မြင်သောအခါ မော့လောင်တက အေးအေးဆေးဆေး ပြောလိုက်သည်။ 

"သွားကြစို့"

ဤတစ်ခေါက်တွင် မော့လောင်တက ဖြေးဖြေးလေးသွားသောကြောင့် မြွေငယ်များလည်း အမှီလိုက်နိုင်ကြသည်။ အကြောင်းရင်းမှာ မြွေငယ်လေးများကို သနားသောကြောင့် မဟုတ်ဘဲ အိပ်မောကျနေသည့် ယင်ရှောင်ရှောင်းကို အနှောင့်အယှက် မဖြစ်စေလိုသောကြောင့် ဖြေးဖြေးလေး သွားနေခြင်းဖြစ်သည်။

[မြွေပေါက်လေးများနှင့်translator be like :ဘဝကြီးကတရားကျစရာကောင်းလိုက်တာ ]